မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၅

ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုခွင့်ကို တန်ဖိုးထားပါ

ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုခွင့်ကို တန်ဖိုးထားပါ

‘ကောင်းကင်၊ မြေကြီး ဖန်ဆင်းတဲ့အရှင်ကို ကိုးကွယ်ကြပါ။’—ဗျာ. ၁၄:၇

သီချင်း ၉၃ အစည်းအဝေးတွေကို ကောင်းချီးပေးပါ

အကြိုသုံးသပ်ချက် a

၁။ ကောင်းကင်တမန် ဘာပြောသလဲ။ ကျွန်တော်တို့ ဘယ်လို ခံစားသင့်သလဲ။

 ကောင်းကင်တမန် တစ်ခုခု လာပြောတယ်ဆိုရင် နားထောင်မလား။ ဒီနေ့၊ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့ လူတွေ၊ လူစုတွေကို” ကောင်းကင်တမန်တစ်ပါး ပြောနေတယ်။ ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး ဘုန်းတော်ကို ချီးမွမ်းကြဖို့၊ ကောင်းကင်၊ မြေကြီး ဖန်ဆင်းတဲ့အရှင်ကို ကိုးကွယ်ကြဖို့’ ပါ။ (ဗျာ. ၁၄:၆၊ ၇) ယေဟောဝါဟာ လူတိုင်း ဝတ်ပြုကိုးကွယ်သင့်တဲ့ တစ်ဆူတည်းသော ဘုရားစစ် ဘုရားမှန် ဖြစ်တယ်။ ဒီလိုဘုရားမျိုးကို ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုခွင့် ရတာ ကျေးဇူးတင်စရာပဲ။

၂။ ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်ဆိုတာ ဘာလဲ။ (“ ပုံဆောင် ဗိမာန်တော်ဟာ ဘာမဟုတ်ဘူးလဲ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

ပုံဆောင် ဗိမာန်တော်ဆိုတာ ဘာလဲ။ အသေးစိတ် ဘယ်မှာ ရှင်းပြထားသလဲ။ ပုံဆောင် ဗိမာန်တော်ဆိုတာ ပကတိ အဆောက်အအုံ မဟုတ်ဘူး။ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး ဘုရား နှစ်သက်လက်ခံတဲ့ နည်းနဲ့ ဝတ်ပြုနိုင်အောင် ပြင်ဆင်ပေးထားတဲ့ အစီအစဉ်ပါ။ ယုဒပြည်က ပထမရာစု ဟီဘရူး ခရစ်ယာန်တွေဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု ဒီအကြောင်း ရှင်းပြထားတယ်။ b

၃-၄။ ယုဒပြည်က ဟီဘရူး ခရစ်ယာန်တွေနဲ့ပတ်သက်ပြီး ပေါလု ဘာစိုးရိမ်သလဲ။ ဘယ်လို ကူညီပေးသလဲ။

ယုဒပြည်က ဟီဘရူး ခရစ်ယာန်တွေဆီ ပေါလု ဘာကြောင့် စာရေးသလဲ။ အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်နိုင်တယ်။ ပထမ၊ အားပေးချင်လို့။ ခရစ်ယာန် အများစုဟာ ဂျူးဘာသာကနေ ပြောင်းလာကြတာ။ ခရစ်ယာန် ဖြစ်သွားလို့ဆိုပြီး ဂျူးဘာသာရေး ခေါင်းဆောင်တွေ သရော်နိုင်တယ်။ ဘာကြောင့်လဲ။ ခရစ်ယာန်တွေမှာ သွားဝတ်ပြုစရာ ဗိမာန်တော် မရှိဘူး။ ပူဇော်သက္ကာ ဆက်သဖို့ ပလ္လင် မရှိဘူး။ ဆက်သပေးမယ့် ပုရောဟိတ် မရှိဘူး။ ဒါကြောင့် စိတ်အားငယ်လာနိုင်တယ်။ ယုံကြည်ခြင်း အားနည်းလာနိုင်တယ်။ (ဟီ. ၂:၁။ ၃:၁၂၊ ၁၄) ဂျူးဘာသာထဲ ပြန်ဝင်ဖို့တောင် တချို့ စဉ်းစားနိုင်တယ်။

ဒုတိယ၊ ‘အစာမာ’ နဲ့ တူတဲ့ ကျမ်းစာ သွန်သင်ချက် အသစ်တွေ၊ နက်နဲတဲ့ ကျမ်းစာ သွန်သင်ချက်တွေ နားလည်ဖို့ ဟီဘရူး ခရစ်ယာန်တွေ မကြိုးစားကြတာကို ထောက်ပြချင်လို့။ (ဟီ. ၅:၁၁-၁၄) တချို့ဆိုရင် မောရှေပညတ် လိုက်နာနေကြတုန်းပဲ။ ပညတ်တရား တောင်းဆိုတဲ့ ပူဇော်သက္ကာတွေက အပြစ်ကို အကုန်အစင် ချေဖျက်မပေးနိုင်လို့ ပညတ်တရား “ဖယ်ရှားခံခဲ့ရ” တဲ့အကြောင်း ပေါလု ရှင်းပြတယ်။ အဲဒီနောက် နက်နဲတဲ့ ကျမ်းစာ အမှန်တရားတချို့ သင်ပေးတယ်။ ယေရှုရဲ့ ပူဇော်သက္ကာကို အခြေခံတဲ့ “သာလွန်တဲ့ မျှော်လင့်ချက်” အကြောင်း ပြန်သတိပေးတယ်။ အဲဒီပူဇော်သက္ကာကမှ ဘုရားနဲ့ တကယ် “ရင်းနှီးလာ” စေမှာ။—ဟီ. ၇:၁၈၊ ၁၉

၅။ ဟီဘရူးကျမ်းကနေ ဘာအကြောင်း နားလည်ဖို့ လိုသလဲ။ ဘာကြောင့်လဲ။

ဂျူးဝတ်ပြုမှု ပုံစံထက် ခရစ်ယာန် ဝတ်ပြုမှု ပုံစံ ဘာကြောင့် ပိုသာကြောင်း ဟီဘရူး ခရစ်ယာန်တွေကို ပေါလု ဆက်ရှင်းပြတယ်။ ဂျူးဝတ်ပြုမှု ပုံစံဟာ “နောင်လာမယ့် အရာတွေရဲ့ အရိပ်ပဲ။ ကိုယ်ထည် အစစ်အမှန်ကတော့ ခရစ်တော် ဖြစ်တယ်။” (ကော. ၂:၁၇) အရိပ်ဆိုတာ အကောင်အထည် ဘာပုံစံ ရှိသလဲ ရေးတေးတေး မြင်နေရတာ။ အကောင်အထည် မဟုတ်ဘူး။ အဲဒီလိုပဲ ဂျူးဝတ်ပြုမှု ပုံစံဟာ အရိပ် ဖြစ်တယ်။ ပိုထင်ရှားပီပြင်တဲ့ ဝတ်ပြုမှု ပုံစံ လာဦးမယ်။ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ယေဟောဝါ ပြင်ဆင်ပေးတဲ့ အစီအစဉ်ကို နားလည်ရမယ်။ ဒါမှ ဘုရား နှစ်သက်လက်ခံတဲ့ နည်းနဲ့ ဝတ်ပြုနိုင်မှာ။ “အရိပ်” (ဂျူးဝတ်ပြုမှု ပုံစံ) နဲ့ “ကိုယ်ထည် အစစ်အမှန်” (ခရစ်ယာန် ဝတ်ပြုမှု ပုံစံ) အကြောင်း ဟီဘရူးကျမ်းမှာ ရှင်းပြထားတာ လေ့လာကြရအောင်။ ပုံဆောင် ဗိမာန်တော်အကြောင်း၊ ကျွန်တော်တို့နဲ့ ဘယ်လို သက်ဆိုင်ကြောင်း ပိုသိလာမယ်။

တဲတော်

၆။ တဲတော်ကို ဘယ်လို သုံးကြသလဲ။

အရိပ်။ ဘီစီ ၁၅၁၂ မှာ မောရှေ ဆောက်တဲ့ တဲတော်ကို အခြေခံပြီး ပေါလု ရှင်းပြတယ်။ (“အရိပ်—ကိုယ်ထည် အစစ်အမှန်” ဇယားကို ကြည့်ပါ။) “တွေ့ဆုံရာတဲတော်” မှာ အစ္စရေးတွေ စုဝေးဝတ်ပြုကြတယ်။ ပူဇော်သက္ကာတွေ ဆက်သကြတယ်။ (ထွ. ၂၉:၄၃-၄၆) တောထဲမှာ တစ်နေရာပြီး တစ်နေရာ ပြောင်းတိုင်း တဲတော်ကို သယ်သွားကြတယ်။ ဂျေရုဆလင်မြို့မှာ ဗိမာန်တော် အတည်တကျ ရှိမလာခင်အထိ အနှစ် ၅၀၀ နီးပါး သုံးကြတယ်။ (ထွ. ၂၅:၈၊ ၉။ တော. ၉:၂၂) တဲတော်ဟာ ခရစ်ယာန်တွေအတွက် ရှိလာမယ့် ပိုကောင်းတဲ့ အရာကို ကိုယ်စားပြုတယ်။

၇။ ပုံဆောင် ဗိမာန်တော် ဘယ်အချိန်မှာ စရှိလာသလဲ။

ကိုယ်ထည် အစစ်အမှန်။ တဲတော်ဟာ “ကောင်းကင်နဲ့ဆိုင်တဲ့ အရာတွေရဲ့ အရိပ်” ဖြစ်တယ်။ ယေဟောဝါရဲ့ ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်ကို ကိုယ်စားပြုတယ်။ “အဲဒီတဲတော်ဟာ လက်ရှိအချိန်အတွက် ပုံဥပမာပဲ” လို့ ပေါလု ပြောတယ်။ (ဟီ. ၈:၅။ ၉:၉) ဒါကြောင့် ဟီဘရူး ခရစ်ယာန်တွေဆီ စာရေးတဲ့ အချိန်မှာ ပုံဆောင် ဗိမာန်တော် ရှိနေပြီ။ အေဒီ ၂၉ မှာ စရှိလာတာ။ အဲဒီနှစ်မှာ ယေရှု နှစ်ခြင်းခံတယ်။ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတယ်။ ပုံဆောင် ဗိမာန်တော်မှာ “မဟာပုရောဟိတ်မင်း” အဖြစ် စအမှုဆောင်တယ်။ cဟီ. ၄:၁၄။ တ. ၁၀:၃၇၊ ၃၈

ပုရောဟိတ်မင်း

၈-၉။ ဟီဘရူး ၇:၂၃-၂၇ အရ အစ္စရေး ပုရောဟိတ်မင်းတွေနဲ့ မဟာပုရောဟိတ်မင်း ယေရှုခရစ် သိသိသာသာ ကွာသွားတာ ဘာလဲ။

အရိပ်။ ပုရောဟိတ်မင်းဟာ ဘုရားရှေ့မှာ လူအများကိုယ်စား ဆောင်ရွက်ပေးရသူ ဖြစ်တယ်။ တဲတော် ဆက်ကပ်အပ်နှံချိန်မှာ ဦးဆုံး အစ္စရေး ပုရောဟိတ်မင်းအဖြစ် အာရုန်ကို ယေဟောဝါ ခန့်တယ်။ ဒါပေမဲ့ “ပုရောဟိတ်တွေက သေဆုံးသွားတဲ့အတွက် ပုရောဟိတ်တာဝန်ကို ဆက်ထမ်းဆောင်လို့ မရဘူး။ နောက်တစ်ယောက်က သူ့တာဝန်ကို ဆက်ခံပြီး အမှုဆောင်ရတယ်” လို့ ပေါလု ပြောတယ်။ d (ဟီဘရူး ၇:၂၃-၂၇ ကို ဖတ်ပါ။) ဒါ့အပြင် မစုံလင်ကြလို့ ကိုယ်တိုင်ရဲ့ အပြစ်အတွက်လည်း ပူဇော်သက္ကာ ဆက်သကြရတယ်။ အစ္စရေး ပုရောဟိတ်မင်းတွေနဲ့ မဟာပုရောဟိတ်မင်း ယေရှုခရစ် သိသိသာသာ ကွာသွားတာ အဲဒါပဲ။

ကိုယ်ထည် အစစ်အမှန်။ ပုရောဟိတ်မင်း ယေရှုခရစ်ဟာ ‘လူတွေ မဆောက်ဘဲ ယေဟောဝါ တည်ဆောက်တဲ့ စစ်မှန်တဲ့ တဲတော်မှာ အမှုဆောင်နေတယ်။’ (ဟီ. ၈:၁၊ ၂) “ထာဝစဉ် အသက်ရှင်နေတဲ့အတွက် သူ့ရဲ့ ပုရောဟိတ်တာဝန်ကို ဆက်ခံမယ့်သူ မလိုဘူး” လို့ ပေါလု ရှင်းပြတယ်။ “အညစ်အကြေး ကင်းစင်သူ၊ အပြစ်သားတွေနဲ့ လုံးဝ မတူတဲ့သူ” ဖြစ်လို့ အစ္စရေး ပုရောဟိတ်မင်းတွေလို ကိုယ်တိုင်ရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာကို နေ့စဉ် ဆက်သစရာ မလိုဘူး။ ဂျူးဝတ်ပြုမှု ပုံစံနဲ့ ခရစ်ယာန် ဝတ်ပြုမှု ပုံစံမှာ ပါတဲ့ ပူဇော်ရာပလ္လင်၊ ပူဇော်သက္ကာတွေ ဘာကွာသလဲ လေ့လာကြရအောင်။

ပူဇော်ရာပလ္လင်နဲ့ ပူဇော်သက္ကာ

၁၀။ ကြေးနီပူဇော်ရာပလ္လင်မှာ ပူဇော်သက္ကာတွေ မပြတ် ဆက်သရတာက ဘာကို ပြနေသလဲ။

၁၀ အရိပ်။ တဲတော်ဝင်ပေါက် အပြင်ဘက်မှာ တိရစ္ဆာန် ပူဇော်သက္ကာ ဆက်သဖို့ ကြေးနီ ပူဇော်ရာပလ္လင် ရှိတယ်။ (ထွ. ၂၇:၁၊ ၂။ ၄၀:၂၉) ဒါပေမဲ့ အဲဒီပူဇော်သက္ကာတွေက အပြစ်ကို အကုန်အစင် ချေဖျက်မပေးနိုင်ဘူး။ (ဟီ. ၁၀:၁-၄) တဲတော်မှာ တိရစ္ဆာန် ပူဇော်သက္ကာ မပြတ် ဆက်သနေရတာက အပြစ်တွေ အကုန်အစင် ချေဖျက်ပေးနိုင်တဲ့ ပူဇော်သက္ကာ လိုနေမှန်း ပြတယ်။

၁၁။ ဘယ်ပူဇော်ရာပလ္လင်မှာ ယေရှု ကိုယ့်ကိုယ်ကိုယ် ပူဇော်သလဲ။ (ဟီဘရူး ၁၀:၅-၇၊ ၁၀)

၁၁ ကိုယ်ထည် အစစ်အမှန်။ လူတွေအတွက် ရွေးဖိုး ပူဇော်သက္ကာအဖြစ် အသက်စွန့်ဖို့ မြေကြီးပေါ် ယေဟောဝါ စေလွှတ်လိုက်မှန်း ယေရှု သိတယ်။ (မ. ၂၀:၂၈) ဒါကြောင့် “အလိုတော်” အတိုင်း လုပ်ပါ့မယ်ဆိုပြီး နှစ်ခြင်းခံချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဆက်သတယ်။ (ယော. ၆:၃၈။ ဂလ. ၁:၄) ပကတိ ပူဇော်ရာပလ္လင်မှာ မဟုတ်ဘဲ ဘုရား “အလိုတော်” ဆိုတဲ့ ပုံဆောင် ပူဇော်ရာပလ္လင်မှာ ကိုယ့်အသက်ကို “တစ်ကြိမ်တည်းအပြီး” ပူဇော်တယ်။ မိမိကို ယုံကြည်သက်ဝင်သူတိုင်း အပြစ်တွေ အပြီးတိုင် ချေဖျက်ခံရဖို့ပါ။ (ဟီဘရူး ၁၀:၅-၇၊ ၁၀ ကို ဖတ်ပါ။) အခု၊ တဲတော် အတွင်းပိုင်းမှာ ရှိတဲ့အရာတွေ ဘာကို ကိုယ်စားပြုသလဲ လေ့လာကြရအောင်။

သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်း

၁၂။ သန့်ရှင်းရာအခန်းထဲ ဘယ်သူ ဝင်ခွင့် ရှိသလဲ။ အသန့်ရှင်းဆုံးအခန်းထဲ ဘယ်သူ ဝင်ခွင့် ရှိသလဲ။

၁၂ အရိပ်။ တဲတော်နဲ့ နောက်ပိုင်း၊ ဂျေရုဆလင်မြို့မှာ ဆောက်တဲ့ ဗိမာန်တော်တွေဟာ အတွင်းပိုင်း တော်တော် ဆင်တယ်။ “သန့်ရှင်းရာအခန်း” နဲ့ “အသန့်ရှင်းဆုံးအခန်း” ဆိုတဲ့ အခန်းနှစ်ခန်းကို ကန့်လန့်ကာနဲ့ ခြားထားတယ်။ (ဟီ. ၉:၂-၅။ ထွ. ၂၆:၃၁-၃၃) သန့်ရှင်းရာအခန်းမှာ ရွှေဆီမီးတိုင်၊ နံ့သာပေါင်း မီးရှို့ရာပလ္လင်နဲ့ ရှေ့တော်မုန့် စားပွဲ ရှိတယ်။ “ဘိသိက်ခံ ပုရောဟိတ်တွေ” ပဲ “ပုရောဟိတ်တာဝန် ထမ်းဆောင်” ဖို့ သန့်ရှင်းရာအခန်းထဲ ဝင်ခွင့် ရှိတယ်။ (တော. ၃:၃၊ ၇၊ ၁၀) အသန့်ရှင်းဆုံးအခန်းမှာ ရွှေချထားတဲ့ ပဋိညာဉ်သေတ္တာ ရှိတယ်။ ယေဟောဝါ ရောက်ရှိနေခြင်းကို ကိုယ်စားပြုတယ်။ (ထွ. ၂၅:၂၁၊ ၂၂) တစ်နှစ် တစ်ကြိမ် ကျရောက်တဲ့ အပြစ်ဖြေရာနေ့မှာ ပုရောဟိတ်မင်းပဲ ကန့်လန့်ကာ ဖြတ်ပြီး အသန့်ရှင်းဆုံးအခန်းထဲ ဝင်ခွင့် ရှိတယ်။ (ဝတ်. ၁၆:၂၊ ၁၇) ကိုယ်တိုင်နဲ့ အစ္စရေးတစ်မျိုးလုံးရဲ့ အပြစ်အတွက် အပြစ်ဖြေဖို့ တိရစ္ဆာန်သွေးကို ယူပြီး နှစ်တိုင်း ဝင်ရတယ်။ ဒါတွေ ဘာကို ကိုယ်စားပြုတယ်ဆိုတာ စွမ်းအားတော် သုံးပြီး ယေဟောဝါ ရှင်းပြတယ်။—ဟီ. ၉:၆-၈

၁၃။ သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်းက ဘာကို ကိုယ်စားပြုသလဲ။

၁၃ ကိုယ်ထည် အစစ်အမှန်။ အရေအတွက် ၁၄၄,၀၀၀ ကန့်သတ်ထားတဲ့ ခရစ်တော်နောက်လိုက်တွေဟာ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရပြီး ယေဟောဝါနဲ့ အထူးဆက်ဆံရေး ရှိလာကြတယ်။ ယေရှုနဲ့အတူ ကောင်းကင်မှာ ပုရောဟိတ်တွေအဖြစ် အမှုဆောင်ကြရမယ်။ (ဗျာ. ၁:၆။ ၁၄:၁) မြေကြီးပေါ်မှာ ရှိနေဆဲ ဖြစ်ပေမဲ့ ဘုရားသားတွေအဖြစ် မွေးစားခံရတဲ့ အခြေအနေကို တဲတော်ရဲ့ သန့်ရှင်းရာအခန်းက ကိုယ်စားပြုတယ်။ (ရော. ၈:၁၅-၁၇) ယေဟောဝါ စံမြန်းတဲ့ ကောင်းကင်ကို အသန့်ရှင်းဆုံးအခန်းက ကိုယ်စားပြုတယ်။ သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်းကို “ကန့်လန့်ကာ” ကာထားသလိုပဲ ကောင်းကင် သွားလို့ မရအောင် ယေရှုရဲ့ သွေးသား ကိုယ်ခန္ဓာက ကာဆီးထားတယ်။ လူတွေအတွက် ပူဇော်သက္ကာအဖြစ် သွေးသား ကိုယ်ခန္ဓာ စွန့်လိုက်တော့မှပဲ ပုံဆောင် ဗိမာန်တော်ရဲ့ မဟာပုရောဟိတ်မင်းအဖြစ် ကောင်းကင် သွားလို့ ရသွားတယ်။ ဘိသိက်ခံ ခရစ်ယာန်အားလုံး ကောင်းကင် တက်ဖို့ လမ်းပွင့်သွားတယ်။ ဘိသိက်ခံတွေလည်း ကောင်းကင် ဆုကျေးဇူး ရဖို့ သွေးသား ကိုယ်ခန္ဓာ စွန့်ရမယ်။ (ဟီ. ၁၀:၁၉၊ ၂၀။ ၁ ကော. ၁၅:၅၀) ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ပုံဆောင် ဗိမာန်တော်ရဲ့ အသန့်ရှင်းဆုံးအခန်းထဲ ဝင်သွားတယ်။ အဲဒီမှာ ဘိသိက်ခံအားလုံး ယေရှုနဲ့ သွားဆုံကြမယ်။

၁၄။ ဟီဘရူး ၉:၁၂၊ ၂၄-၂၆ အရ ပုံဆောင် ဗိမာန်တော် ဝတ်ပြုမှု အစီအစဉ်ဟာ ရှေးအစ္စရေး ဝတ်ပြုမှု အစီအစဉ်ထက် ဘာကြောင့် သာသလဲ။

၁၄ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ၊ ပုရောဟိတ်မင်းအဖြစ် တာဝန် ထမ်းဆောင်နေမှုဟာ စင်ကြယ်တဲ့ ဝတ်ပြုရေးအတွက် အခြေခံပဲ။ ဒီအစီအစဉ် ဘာကြောင့် ပိုသာကြောင်း ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်။ အစ္စရေး ပုရောဟိတ်မင်းဟာ တိရစ္ဆာန်သွေးကို ယူပြီး လူတွေ ဆောက်တဲ့ အသန့်ရှင်းဆုံးအခန်းထဲ ဝင်တယ်။ ယေရှုကတော့ အသန့်ရှင်းတကာ့ အသန့်ရှင်းဆုံး နေရာ ဖြစ်တဲ့ “ကောင်းကင်” ကို ဝင်တယ်။ ယေဟောဝါရှေ့ ရောက်တော့ စုံလင်တဲ့ လူသားအသက် တန်ဖိုးကို ဆက်သတယ်။ စုံလင်တဲ့ လူသားအသက် တန်ဖိုးဆိုတာ မြေကြီးပေါ်မှာ စုံလင်တဲ့ လူသားတစ်ယောက်အနေနဲ့ နေထိုင်ခွင့်ကို ဆိုလိုတယ်။ ကျွန်တော်တို့ရဲ့ “အပြစ်တွေကို ဖယ်ရှား” ဖို့ အဲဒီအခွင့်ကို ယေရှု စွန့်လွှတ်လိုက်တယ်။ (ဟီဘရူး ၉:၁၂၊ ၂၄-၂၆ ကို ဖတ်ပါ။) ယေရှုရဲ့ ရွေးဖိုးကြောင့် ကျွန်တော်တို့ အပြစ်တွေ အပြီးတိုင် ခွင့်လွှတ်ခံရတယ်။ ကောင်းကင် မျှော်လင့်ချက် ရှိသူ ဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသူ ဖြစ်စေ ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုနိုင်တယ်။ ဒီအကြောင်း ဆက်လေ့လာရအောင်။

ရင်ပြင်များ

၁၅။ တဲတော်ရင်ပြင်မှာ ဘယ်သူတွေ တာဝန် ထမ်းဆောင်ကြသလဲ။

၁၅ အရိပ်။ တဲတော်မှာ ဝင်းခတ်ထားတဲ့ ရင်ပြင်တစ်ခု ရှိတယ်။ အဲဒီမှာ ပုရောဟိတ်တွေ တာဝန် ထမ်းဆောင်ကြတယ်။ မီးရှို့ပူဇော်ရာတွေ ဆက်သဖို့ ကြေးနီပလ္လင်ကြီး ရှိတယ်။ မြင့်မြတ်တဲ့ ပုရောဟိတ်တာဝန် မထမ်းဆောင်ခင် ခြေလက်ဆေးဖို့ ကြေးနီအင်တုံ ရှိတယ်။ (ထွ. ၃၀:၁၇-၂၀။ ၄၀:၆-၈) နောက်ပိုင်း ဆောက်တဲ့ ဗိမာန်တော်တွေမှာတော့ အပြင်ရင်ပြင် ပါလာတယ်။ အဲဒီမှာ ပုရောဟိတ် မဟုတ်သူတွေ ယေဟောဝါကို လာဝတ်ပြုနိုင်ကြတယ်။

၁၆။ ပုံဆောင် ဗိမာန်တော် ရင်ပြင်တစ်ခုစီမှာ ဘယ်သူတွေ အမှုဆောင်ကြသလဲ။

၁၆ ကိုယ်ထည် အစစ်အမှန်။ တဲတော်နဲ့ ဗိမာန်တော်တွေမှာ သုံးတဲ့ ကြေးနီအင်တုံဟာ ကိုယ်ကျင့်တရားပိုင်း၊ ဘုရားရေးရာပိုင်း သန့်ရှင်းနေဖို့ ခရစ်ယာန် ယောက်တိုင်းအတွက် အရေးကြီး သတိပေးချက်ပါပဲ။ ဘိသိက်ခံ ခရစ်ယာန်တွေဟာ ယေရှုနဲ့အတူ ကောင်းကင်မှာ ပုရောဟိတ်အဖြစ် သွားအမှုမဆောင်ခင် မြေကြီးပေါ်မှာ သစ္စာရှိရှိ အမှုဆောင်ကြတယ်။ ပုံဆောင် ဗိမာန်တော် အတွင်းရင်ပြင်မှာ အမှုဆောင်ကြတာ။ ခရစ်တော်ရဲ့ ဘိသိက်ခံ ညီတွေကို သစ္စာရှိရှိ ထောက်မနေတဲ့ “လူအုပ်ကြီး” လည်း ‘ရာဇပလ္လင်ရှေ့မှာ ရပ်နေပြီး’ “ဗိမာန်တော်မှာ ဘုရားသခင်အတွက် နေ့ညမပြတ် အမှုဆောင်နေကြ” တယ်လို့ တမန်တော် ယောဟန် ပြောတယ်။ ဗိမာန်တော်ရဲ့ ဘယ်နေရာမှာလဲ။ အပြင်ရင်ပြင်မှာပါ။ (ဗျာ. ၇:၉၊ ၁၃-၁၅) ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်မှာ ယေဟောဝါကို ဝတ်ပြုခွင့် ရတာ ကျေးဇူးတင်စရာပါပဲ။

ယေဟောဝါကို ဝတ်ပြုခွင့်

၁၇။ ယေဟောဝါဆီ ဘယ်ပူဇော်သက္ကာတွေ ဆက်သခွင့် ရထားကြသလဲ။

၁၇ ခရစ်ယာန်ယောက်တိုင်း ကိုယ့်အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေ သုံးပြီး အမှုဆောင်ခြင်းအားဖြင့် ယေဟောဝါဆီ ပူဇော်သက္ကာတွေ ဆက်သခွင့် ရထားကြတယ်။ ‘ဘုရားသခင်ရဲ့ နာမည်ကို လူအများ သိအောင် နှုတ်နဲ့ [အမြဲ] ချီးမွမ်း’ နိုင်ကြတယ်။ “အဲဒီလိုချီးမွမ်းတာက ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သတာနဲ့ တူတယ်” လို့ ဟီဘရူး ခရစ်ယာန်တွေကို တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၁၃:၁၅) ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးခြင်းအားဖြင့် ယေဟောဝါကို ဝတ်ပြုရတဲ့ အခွင့်ထူးကို တန်ဖိုးထားကြောင်း ပြနိုင်တယ်။

၁၈။ ဟီဘရူး ၁၀:၂၂-၂၅ အရ လျစ်လျူမရှုသင့်တဲ့အရာ၊ မမေ့သင့်တဲ့အရာက ဘာတွေလဲ။

၁၈ ဟီဘရူး ၁၀:၂၂-၂၅ ကို ဖတ်ပါ။ ဟီဘရူး ခရစ်ယာန်တွေဆီ ရေးတဲ့ စာအဆုံးမှာ ကျွန်တော်တို့ လျစ်လျူမရှုသင့်တဲ့ ဝတ်ပြုမှု ကဏ္ဍအမျိုးမျိုးကို ပေါလု ဖော်ပြထားတယ်။ ဘုရားဆီ ဆုတောင်းတာ၊ ကိုယ့်မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ပြောပြတာ၊ အစည်းအဝေးမှာ အတူတူ စုဝေးတာ၊ “ဘုရားသခင်ရဲ့ နေ့ရက် နီးလာ” လို့ အချင်းချင်း အားပေးတာတွေ ပါတယ်။ ဗျာဒိတ်ကျမ်း အဆုံးမှာ “ဘုရားသခင်ကိုသာ ကိုးကွယ်ပါ” လို့ ကောင်းကင်တမန် ပြောတယ်။ လေးနက်စေချင်လို့ နှစ်ကြိမ်တောင် ပြောထားတာ။ (ဗျာ. ၁၉:၁၀။ ၂၂:၉) ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်အကြောင်း၊ ဒီဗိမာန်တော်မှာ ယေဟောဝါကို ဝတ်ပြုရတဲ့ အခွင့်ထူးအကြောင်း လေ့လာခဲ့တာတွေကို ဘယ်တော့မှ မမေ့ပါနဲ့။

သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

a ကျမ်းစာမှာ ပါတဲ့ နက်နဲတဲ့ သွန်သင်ချက်တစ်ခုကတော့ ယေဟောဝါရဲ့ ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်အကြောင်းပါ။ အဲဒီဗိမာန်တော်နဲ့ပတ်သက်ပြီး ဟီဘရူးကျမ်းမှာ ပါတဲ့ အသေးစိတ် အချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။ ဒီဆောင်းပါးကို လေ့လာတဲ့အခါ ယေဟောဝါကို ဝတ်ပြုခွင့်အတွက် ပိုကျေးဇူးတင်လေးမြတ်လာပါလိမ့်မယ်။

b ဟီဘရူးကျမ်းအကြောင်း အကျဉ်းချုပ် သိနိုင်ဖို့ ဟီဘရူးကျမ်း နိဒါန်း ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

c ခရစ်ယာန် ဂရိ ကျမ်းစောင်တွေထဲက ဟီဘရူးကျမ်းမှာပဲ ယေရှုကို ပုရောဟိတ်မင်းအဖြစ် ရည်ညွှန်းထားတယ်။

d ဂျေရုဆလင်မြို့ ဗိမာန်တော် ဖျက်ဆီးခံရတဲ့ အေဒီ ၇၀၊ အစ္စရေးပြည်မှာ ပုရောဟိတ်မင်း ၈၄ ယောက်အထိ ရှိနိုင်တယ်လို့ အကိုးအကား စာအုပ်တစ်အုပ်က ဖော်ပြတယ်။