လေ့လာရန် ဆောင်းပါး ၁

ယေဟောဝါကို ယုံကြည်ကိုးစားခြင်းအားဖြင့် ကြောက်စိတ်ကို အနိုင်ယူပါ

ယေဟောဝါကို ယုံကြည်ကိုးစားခြင်းအားဖြင့် ကြောက်စိတ်ကို အနိုင်ယူပါ

၂၀၂၄ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်– “ကြောက်စိတ် ဝင်လာတိုင်း ကိုယ်တော့်ကို ယုံကြည်ကိုးစားတယ်။”ဆာ. ၅၆:၃

အာရုံစိုက်ရာ

ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်ကိုးစားမှု တိုးစေခြင်းအားဖြင့် ကြောက်စိတ်ကို ဘယ်လို အနိုင်ယူနိုင်မလဲ လေ့လာပါ။

၁။ တစ်ခါတလေ ဘာကြောင့် ကြောက်စိတ် ဝင်မိနိုင်သလဲ။

 လူတိုင်း တစ်ချိန် မဟုတ် တစ်ချိန် ကြောက်စိတ် ဝင်တတ်ကြတယ်။ ကျမ်းစာ အမှန်တရား သိလာလို့ သေခြင်း၊ နတ်ဆိုး၊ အနာဂတ်ကို ကျွန်တော်တို့ မကြောက်ကြဘူး။ ဒါပေမဲ့ စစ်၊ ရာဇဝတ်မှု၊ ရောဂါ စတဲ့ “ကြောက်လန့်စရာ မြင်ကွင်းတွေ” ပြည့်နေတဲ့ ခေတ်မှာ အသက်ရှင်နေကြရတယ်။ (လု. ၂၁:၁၁) စစ်မှန်တဲ့ ဝတ်ပြုရေးကို ဆန့်ကျင်တဲ့ အာဏာပိုင်တွေ၊ မိသားစုဝင်တွေကို ကြောက်နေရနိုင်တယ်။ လက်ရှိ အခက်အခဲ ဒါမှမဟုတ် အနာဂတ်မှာ ကြုံလာရနိုင်တဲ့ အခက်အခဲကို မခံရပ်နိုင်မှာ တချို့ ကြောက်ကြတယ်။

၂။ ဂါသမြို့မှာ ရောက်နေတဲ့ ဒါဝိဒ်ရဲ့ အခြေအနေကို ပြောပြပါ။

ဒါဝိဒ်လည်း ကြောက်စိတ် ဝင်ချိန်တွေ ရှိတယ်။ ဥပမာ၊ ဘုရင် ရှောလု လိုက်သတ်လို့ ဖိလိတိပြည် ဂါသမြို့ကို ထွက်ပြေးလာတယ်။ ဖိလိတိလူ “အသောင်းသောင်း” ကို သတ်ပစ်နိုင်လို့ လူတွေ သီဆိုကခုန်ပြီး ချီးမြှောက်တာ ဒါဝိဒ် ဖြစ်မှန်း ဂါသမင်း အာခိတ် သိသွားတယ်။ ဒါနဲ့ အာခိတ် ဘာများ လုပ်မလဲဆိုပြီး ဒါဝိဒ် တွေးလေလေ “ကြောက်လေလေ ဖြစ်လာတယ်။” (၁ ရှ. ၂၁:၁၀-၁၂) ကြောက်စိတ်ကို ဘယ်လို အနိုင်ယူသလဲ။

၃။ ဆာလံ ၅၆:၁-၃၊ ၁၁ အရ ကြောက်စိတ်ကို ဒါဝိဒ် ဘယ်လို အနိုင်ယူသလဲ။

ဂါသမြို့မှာ ရှိနေချိန် ကြောက်စိတ် ဝင်လာမိကြောင်း ဆာလံ ၅၆ မှာ ဒါဝိဒ် ဖော်ပြတယ်။ ကြောက်စိတ်ကို ဘယ်လို အနိုင်ယူခဲ့ကြောင်းလည်း ဖော်ပြတယ်။ ဘယ်လို အနိုင်ယူသလဲ။ ကြောက်စိတ် ဝင်လာချိန်မှာ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းအားဖြင့်ပါ။ (ဆာလံ ၅၆:၁-၃၊ ၁၁ ကို ဖတ်ပါ။) ဒါဝိဒ် အားကိုးမမှားဘူး။ ယေဟောဝါ ကူညီပေးလို့ အကြံ ရသွားတယ်။ စိတ်မနှံ့သူလို ရူးချင်ဟန်ဆောင်ဖို့ပါ။ အကြံက ကြောင်တောင်တောင် နိုင်ပေမဲ့ အလုပ်ဖြစ်တယ်။ ဒါဝိဒ်ကို ကြည့်ပြီး အာခိတ် သတ်ချင်စိတ်ပါ ပျောက်သွားတယ်။ အရူးဆိုပြီး နန်းတော်ထဲက မောင်းထုတ်လိုက်လို့ ဒါဝိဒ် လွတ်သွားတယ်။—၁ ရှ. ၂၁:၁၃–၂၂:၁

၄။ ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်ကိုးစားမှု ဘယ်လို တိုးစေနိုင်သလဲ။ ဥပမာ ပေးပါ။

ကျွန်တော်တို့လည်း ယေဟောဝါကို ယုံကြည်ကိုးစားခြင်းအားဖြင့် ကြောက်စိတ်ကို အနိုင်ယူနိုင်တယ်။ ဒါဆိုရင် ကြောက်စိတ် ဝင်နေချိန်မှာ ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်ကိုးစားမှု ဘယ်လို တိုးစေနိုင်မလဲ။ ကိုယ့်မှာ ရောဂါ ရှိနေမှန်း သိလိုက်ရတယ် ဆိုပါစို့။ သိသိချင်း ကြောက်မိနိုင်တယ်။ ဒါနဲ့ ဆရာဝန် သွားပြတယ်။ ဒီလိုမျိုး ရောဂါ ရှိတဲ့ လူနာ အများကြီး အဲဒီဆရာဝန် ကုပေးဖူးတယ်။ ဘာကို စိတ်ပူမိတဲ့အကြောင်း ကိုယ် ပြောတာ ဂရုတစိုက် နားထောင်ပေးတယ်။ တခြားသူတွေကို ကုပေးတုန်းက အောင်မြင်ခဲ့တဲ့ နည်းနဲ့ ကုပေးမယ်လို့ ပြောတယ်။ တော်တော် ဂရုစိုက်ပေးတဲ့ ဆရာဝန်လို့ ခံစားလိုက်ရတယ်။ ဆရာဝန်ကို ယုံလို့ ကြောက်စိတ် လျော့လာတယ်။ အဲဒီလိုပဲ ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ပေးခဲ့တာတွေ၊ လုပ်ပေးနေတာတွေ၊ လုပ်ပေးမှာတွေကို စဉ်းစားလိုက်ရင် ယုံကြည်ကိုးစားမှု တိုးလာမယ်။ ဒါဝိဒ် အဲဒီလိုပဲ စဉ်းစားတယ်။ အခု၊ ဆာလံ ၅၆ မှာ ပါတဲ့ ဒါဝိဒ်ရဲ့ စကားတချို့ သုံးသပ်ကြမယ်။ ကိုယ်တိုင်လည်း ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်ကိုးစားမှု တိုးစေခြင်းအားဖြင့် ကြောက်စိတ်ကို ဘယ်လို အနိုင်ယူနိုင်ကြောင်း စဉ်းစားကြည့်ပါ။

ယေဟောဝါ လုပ်ပေးခဲ့တာတွေ

၅။ ကြောက်စိတ်ကို အနိုင်ယူဖို့ ဒါဝိဒ် ဘာတွေ စဉ်းစားသလဲ။ (ဆာလံ ၅၆:၁၂၊ ၁၃)

အသက် အန္တရာယ် ကြုံချိန်မှာ အရင်က ယေဟောဝါ လုပ်ပေးခဲ့တာတွေ ဒါဝိဒ် စဉ်းစားတယ်။ (ဆာလံ ၅၆:၁၂၊ ၁၃ ကို ဖတ်ပါ။) ဒါဝိဒ် အဲဒီလို စဉ်းစားနေကျပဲ။ ဥပမာ၊ ဖန်ဆင်းခြင်း လက်ရာတွေအကြောင်း စဉ်းစားတယ်။ ဒီလိုနဲ့ ယေဟောဝါ တန်ခိုးကြီးတယ်၊ လူတွေကို ဂရုစိုက်တယ်ဆိုတာ ပြန်သတိရလာတယ်။ (ဆာ. ၆၅:၆-၉) ဒါ့အပြင် တခြားသူတွေအတွက် ယေဟောဝါ လုပ်ပေးခဲ့တာတွေ စဉ်းစားတယ်။ (ဆာ. ၃၁:၁၉။ ၃၇:၂၅၊ ၂၆) အထူးသဖြင့်၊ မိမိအတွက် လုပ်ပေးခဲ့တာတွေ စဉ်းစားတယ်။ မွေးကတည်းက ဂရုစိုက်ခဲ့တာ၊ ဘေးကင်းလုံခြုံစေခဲ့တာ။ (ဆာ. ၂၂:၉၊ ၁၀) အဲဒီလို စဉ်းစားလို့ ယေဟောဝါကို ဒါဝိဒ် ပိုယုံကြည်ကိုးစားလာတယ်။

ယေဟောဝါ လုပ်ပေးခဲ့တာတွေ၊ လုပ်ပေးနေတာတွေ၊ လုပ်ပေးမှာတွေကို အာရုံစိုက်ခြင်းအားဖြင့် ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်ကိုးစားမှုကို ဒါဝိဒ် တိုးများစေ (စာပိုဒ် ၅၊ ၈၊ ၁၂ ကို ကြည့်ပါ) d


၆။ ကြောက်စိတ် ဝင်လာချိန်မှာ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ ဘာက ကူညီပေးမလဲ။

ကြောက်စိတ် ဝင်လာပြီဆိုရင် ‘ယေဟောဝါ ဘာတွေ လုပ်ပေးခဲ့သလဲ’ စဉ်းစားပါ။ ဖန်ဆင်းရာတွေအကြောင်း တွေးပါ။ ဥပမာ၊ ငှက်တွေ၊ ပန်းတွေကို “အာရုံစိုက်ကြည့်လိုက်ပါ။” ဘုရားပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းမခံရကြဘူး။ ဘုရားကို ဝတ်မပြုနိုင်ကြဘူး။ ဒါပေမဲ့ ဘုရား ဂရုစိုက်တယ်။ ဒါဆိုရင် ကျွန်တော်တို့ကို ဒီထက်မက ဂရုစိုက်မှာပဲ။ အဲဒီလို စဉ်းစားလိုက်တဲ့အခါ ဘုရားကို ပိုယုံကြည်ကိုးစားလာမယ်။ (မ. ၆:၂၅-၃၂) ဝတ်ပြုသူတွေအတွက် ယေဟောဝါ လုပ်ပေးတာတွေလည်း စဉ်းစားကြည့်ပါ။ ကျမ်းစာမှာ ပါတဲ့ ယုံကြည်ခြင်း စံနမူနာရှင်တစ်ယောက်အကြောင်း လေ့လာနိုင်တယ်။ ခေတ်သစ် ဘုရားကျေးကျွန်တစ်ယောက်ရဲ့ တွေ့ကြုံမှု ဖတ်နိုင်တယ်။ a သင့်ကိုကော ယေဟောဝါ ဘယ်လို ဂရုစိုက်ခဲ့သလဲ။ အမှန်တရားထဲ ဘယ်လို ဆွဲဆောင်ခဲ့သလဲ။ (ယော. ၆:၄၄) ဆုတောင်းချက်တွေ ဘယ်လို ဖြေပေးခဲ့သလဲ။ (၁ ယော. ၅:၁၄) ချစ်သားရဲ့ ပူဇော်သက္ကာကြောင့် နေ့တိုင်း သင် ဘယ်လို အကျိုးရနေသလဲ။—ဧ. ၁:၇။ ဟီ. ၄:၁၄-၁၆

ယေဟောဝါ လုပ်ပေးခဲ့တာတွေ၊ လုပ်ပေးနေတာတွေ၊ လုပ်ပေးမှာတွေကို အာရုံစိုက်ခြင်းအားဖြင့် ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်ကိုးစားမှုကို ကျွန်တော်တို့ တိုးများစေ (စာပိုဒ် ၆၊ ၉-၁၀၊ ၁၃-၁၄ ကို ကြည့်ပါ) e


၇။ ကြောက်စိတ်ကို အနိုင်ယူဖို့ ပရောဖက် ဒံယေလရဲ့ တွေ့ကြုံမှုက ဗနက်ဆာကို ဘယ်လို ကူညီပေးသလဲ။

ဟေတီနိုင်ငံက ညီအစ်မ ဗနက်ဆာ b ထိတ်လန့်စရာ အခြေအနေ ကြုံရတယ်။ အတူအိပ်ဖို့ လူတစ်ယောက် အတင်း ဆွယ်တယ်။ နေ့တိုင်း ဖုန်းဆက်တယ်။ စာပို့တယ်။ အပြတ် ငြင်းပေမဲ့ အဲဒီလူ ပိုဆိုးလာတယ်။ ခြိမ်းတောင် ခြိမ်းခြောက်လာတယ်။ “ကျွန်မ ကြောက်တယ်” လို့ ဗနက်ဆာ ပြောတယ်။ ကြောက်စိတ်ကို ဘယ်လို အနိုင်ယူသလဲ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုပ်နိုင်တာတွေ လုပ်တယ်။ အကြီးအကဲတစ်ယောက်ရဲ့ အကူအညီနဲ့ ရဲတိုင်လိုက်တယ်။ အတိတ်က ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ကာကွယ်သလဲ အာရုံစိုက်တယ်။ “ဦးဆုံး အတွေးထဲ ရောက်လာတာ ပရောဖက် ဒံယေလအကြောင်းပါ။ အပြစ် မရှိပေမဲ့ ခြင်္သေ့တွင်းထဲ ပစ်ချခံရတယ်။ ဒါပေမဲ့ ခြင်္သေ့တွေရဲ့ ပါးစပ်ကို ယေဟောဝါ ပိတ်ထားပေးတယ်။ ‘အခုလည်း ကျွန်မအကြောင်း အဲဒီလူ မတွေးမိအောင် သူ့အတွေးတံခါးကို ပိတ်ထားပေးပါ။ ကျွန်မဘက်က လုပ်နိုင်တာ ဘာမှ မရှိတော့လို့ပါ’ လို့ ဆုတောင်းတယ်။ ဆုလည်း တောင်းပြီးသွားကော လုံးဝ မကြောက်တော့ဘူး” လို့ ပြောတယ်။—ဒံ. ၆:၁၂-၂၂

ယေဟောဝါ လုပ်ပေးနေတာတွေ

၈။ ဒါဝိဒ် ဘာစိတ်ချသလဲ။ (ဆာလံ ၅၆:၈)

ဂါသမြို့မှာ ဒါဝိဒ် အသက် အန္တရာယ် ကြုံပေမဲ့ ကြောက်စိတ် မွှန်ပြီး ပျာမသွားဘူး။ အဲဒီအချိန်မှာ ယေဟောဝါ ဘာလုပ်ပေးနေသလဲ စဉ်းစားလိုက်တယ်။ ယေဟောဝါ လမ်းပြ၊ ကာကွယ်နေမှန်း၊ ကိုယ့်ခံစားချက်တွေကို နားလည်ပေးမှန်း ခံစားလိုက်ရတယ်။ (ဆာလံ ၅၆:၈ ကို ဖတ်ပါ။) ဒါ့အပြင် မိတ်ဆွေ ယောနသန်၊ ပုရောဟိတ်မင်း အဟိမလက်တို့ သစ္စာရှိရှိ ထောက်မကြတယ်။ လက်တွေ့ကျကျ ကူညီပေးကြတယ်။ (၁ ရှ. ၂၀:၄၁၊ ၄၂။ ၂၁:၆၊ ၈၊ ၉) ဘုရင် ရှောလုရဲ့ ပစ်မှတ် ဖြစ်နေပေမဲ့ ဒါဝိဒ် အသက်ဘေး လွတ်သွားတယ်။ မိမိ ဘာတွေ ကြုံနေရတယ်၊ ဘယ်လို ခံစားနေရတယ်ဆိုတာ ယေဟောဝါ ကောင်းကောင်း သိမှန်း စိတ်ချသွားတယ်။

၉။ ကျွန်တော်တို့ တစ်ယောက်ချင်းစီနဲ့ပတ်သက်ပြီး ယေဟောဝါ ဘာသိသလဲ။

အီဂျစ်ပြည်မှာ အစ္စရေးတွေ မတရား ခိုင်းစေခံရတာကို သာမက “သူတို့ ခံစားရတဲ့ ဝေဒနာတွေကို [ယေဟောဝါ] ကောင်းကောင်း သိတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ထွ. ၃:၇) မိမိ “ဒုက္ခရောက်နေတာကို” ရော “အကြီးအကျယ် သောကရောက်နေတာကို” ပါ ယေဟောဝါ မြင်တယ်လို့ ဒါဝိဒ် သီချင်း စပ်ဆိုတယ်။ (ဆာ. ၃၁:၇) မိမိလူမျိုး ကိုယ့်မိုက်ပြစ်နဲ့ကိုယ် ဒုက္ခရောက်တာတောင် ဘုရား “နာကျင်ခံစား” ရတယ်။ (ဟေရှာ. ၆၃:၉) သင် ထိတ်လန့်စရာ အခြေအနေ ကြုံတဲ့အခါလည်း ဘာကြုံနေရတယ်၊ ဘယ်လို ခံစားနေရတယ်ဆိုတာ ယေဟောဝါ သိကြောင်း၊ ကြောက်စိတ်ကို အနိုင်ယူနိုင်ဖို့ သိပ်ကူညီပေးချင်ကြောင်း သတိရပါ။

၁၀။ ယေဟောဝါ ဂရုစိုက်တယ်၊ ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်အောင် ကူညီပေးမယ်ဆိုတာ သင် ဘာကြောင့် စိတ်ချသလဲ။

၁၀ ထိတ်လန့်စရာ အခြေအနေ ကြုံနေချိန်မှာ ကိုယ့်ကို ဘုရား ဘယ်လို ကူညီနေသလဲ မြင်ဖို့ ခက်တယ်။ ဒါကြောင့် ဘုရား ဘယ်လို ကူညီနေသလဲ မြင်ဖို့ ဆုတောင်းပါ။ (၂ ဘု. ၆:၁၅-၁၇) အဲဒီနောက် ‘အသင်းတော် အစည်းအဝေးမှာ ကြားရတဲ့ ဟောပြောချက်၊ မှတ်ချက်ကြောင့် ငါ အားရှိသွားသလား။ စာစောင်တစ်စောင်၊ ဗီဒီယို၊ မူရင်းသီချင်းတစ်ပုဒ်ကြောင့် အားရှိသွားသလား။ အားရှိစရာ စကား၊ ကျမ်းပိုဒ်တစ်ပိုဒ် တစ်ယောက်ယောက် ပြောပြသလား’ လို့ စဉ်းစားကြည့်ပါ။ ညီအစ်ကို/မတွေ ပြတဲ့ မေတ္တာ၊ ကျမ်းစာကနေ ရတဲ့ အားပေးမှုကို တစ်ခါတလေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေနိုင်တယ်။ တကယ်တော့ ဒါတွေဟာ ယေဟောဝါဆီက ထူးခြားတဲ့ လက်ဆောင်မွန်တွေပါ။ (ဟေရှာ. ၆၅:၁၃။ မာ. ၁၀:၂၉၊ ၃၀) ကိုယ့်ကို ဘုရား ဂရုစိုက်တယ်၊ ဘုရားကို ယုံကြည်ကိုးစားနိုင်တယ်ဆိုတဲ့ အထောက်အထားတွေပါ။—ဟေရှာ. ၄၉:၁၄-၁၆

၁၁။ ကြောက်စိတ်ကို အနိုင်ယူဖို့ အိုင်ဒါကို ဘာက ကူညီပေးသလဲ။

၁၁ ခက်ခဲချိန်မှာ ယေဟောဝါ ဘယ်လို ထောက်မပေးသလဲဆိုတာ ဆီနီဂေါနိုင်ငံက ညီအစ်မ အိုင်ဒါ သတိထားမိတယ်။ သမီးကြီး ဖြစ်လို့ မိသားစုကို ထောက်ပံ့ဖို့ မိဘတွေ မျှော်လင့်တယ်။ ဒါပေမဲ့ အိုင်ဒါ ရှေ့ဆောင် လုပ်တော့ ဝင်ငွေ နည်းလာတယ်။ မိသားစုဝင်တွေ စိတ်ဆိုးပြီး ဝိုင်းအပြစ်တင်ကြတယ်။ “မိဘတွေကို မထောက်နိုင်မှာ၊ မိသားစုဝင်တွေ ငြိုငြင်မှာ ကြောက်မိတယ်။ ဒီလိုအခြေအနေ ဆိုက်တဲ့အထိ ခွင့်ပြုရသလားဆိုပြီး ယေဟောဝါကိုတောင် ကျွန်မ အပြစ်တင်မိတယ်” လို့ အိုင်ဒါ ပြောတယ်။ အဲဒီနောက် အစည်းအဝေးမှာ ဟောပြောချက်တစ်ခု ကြားရတယ်။ “ကျွန်မတို့ရဲ့ ဘယ်ပူပင်သောကကိုမဆို ယေဟောဝါ သိတယ်လို့ ဟောပြောသူ သတိပေးတယ်။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ အကြီးအကဲတွေ၊ တခြားသူတွေရဲ့ အကြံပေးစကားကြောင့် တဖြည်းဖြည်း ပြန်စိတ်ချလာတယ်။ ဘုရား ကူညီပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု အပြည့်နဲ့ ဆုပြန်တောင်းတယ်။ ဆုတောင်းချက်တွေကို ဘုရား ဖြေပေးတာ မြင်ရလို့ စိတ်အေးသွားတယ်” လို့ ပြောတယ်။ နောက်တော့ အလုပ်သစ် ရသွားလို့ ရှေ့ဆောင် ဆက်လုပ်နိုင်တယ်။ မိဘတွေကို ထောက်ပံ့နိုင်တယ်။ “ယေဟောဝါကို ကျွန်မ အပြည့်အဝ ယုံကြည်ကိုးစားတတ်လာပြီ။ အခုဆိုရင် ဆုတောင်းလိုက်တာနဲ့ ကြောက်စိတ်တွေ ပျောက်ကုန်ပြီ” လို့ ပြောတယ်။

ယေဟောဝါ လုပ်ပေးမှာတွေ

၁၂။ ဆာလံ ၅၆:၉ အရ ဒါဝိဒ် ဘာကို ယုံကြည်စိတ်ချသလဲ။

၁၂ ဆာလံ ၅၆:၉ ကို ဖတ်ပါ။ ကြောက်စိတ်ကို ဒါဝိဒ် အနိုင်ယူတဲ့ နောက်တစ်နည်းကို ဒီကျမ်းပိုဒ်မှာ ဖော်ပြထားတယ်။ အသက် အန္တရာယ် ကြုံနေရပေမဲ့ ယေဟောဝါ လုပ်ပေးမှာတွေ စဉ်းစားတာပါ။ အချိန်ကိုက် ယေဟောဝါ ကယ်တင်မယ်ဆိုတာ ဒါဝိဒ် သိတယ်။ မိမိဟာ နောက်တက်မယ့် အစ္စရေး ဘုရင်လို့ ပြောထားပြီးသားပဲ။ (၁ ရှ. ၁၆:၁၊ ၁၃) ယေဟောဝါ ဘာကတိ ပေးပေး ပြည့်စုံလာမယ်ဆိုတာ ဒါဝိဒ် စိတ်ချတယ်။

၁၃။ ယေဟောဝါနဲ့ပတ်သက်ပြီး ဘာစိတ်ချနိုင်သလဲ။

၁၃ သင့်ကိုကော ဘာတွေ လုပ်ပေးမယ်လို့ ယေဟောဝါ ကတိပေးထားသလဲ။ အခက်အခဲ မှန်သမျှကနေတော့ ကယ်တင်မပေးဘူး။ c ဒါပေမဲ့ ဒီလောကစနစ်မှာ ဘာအခက်အခဲပဲ ကြုံကြုံ ကမ္ဘာသစ်မှာ မကြုံစေရဘူး။ အခက်အခဲ မှန်သမျှ ဖယ်ရှားပေးမှာ ဖြစ်လို့ပဲ။ (ဟေရှာ. ၂၅:၇-၉) ဖန်ဆင်းရှင် ဖြစ်လို့ တန်ခိုးကြီးတယ်။ သေလွန်သူတွေကို ပြန်ထမြောက်ပေးနိုင်တယ်။ ရောဂါဝေဒနာတွေ ကုပေးနိုင်တယ်။ ဆန့်ကျင်သူအားလုံးကို ဖယ်ရှားပစ်နိုင်တယ်။—၁ ယော. ၄:၄

၁၄။ ဘာတွေ တွေးရမလဲ။

၁၄ ကြောက်စိတ် ဝင်လာပြီဆိုရင် အနာဂတ်မှာ ယေဟောဝါ လုပ်ပေးမှာတွေကို တွေးလိုက်ပါ။ စာတန် မရှိတော့မယ့်အချိန်၊ လူဆိုးတွေ ဖျက်ဆီးခံရလို့ လူကောင်းတွေပဲ ကျန်တော့မယ့်အချိန်၊ တစ်နေ့ထက် တစ်နေ့ ပိုစုံလင်လာမယ့်အချိန်အကြောင်း စဉ်းစားကြည့်ပါ။ အနာဂတ်အကြောင်း ဘယ်လို တွေးကြည့်နိုင်တယ်ဆိုတာ ၂၀၁၄ ခုနှစ် ခရိုင်အစည်းအဝေး သရုပ်ပြ တင်ဆက်မှုတစ်ခုမှာ ပါတယ်။ ၂ တိမောသေ ၃:၁-၅ သာ ပရဒိသုအကြောင်း ကြိုဟောထားတာဆိုရင် အခု ကျမ်းစာမှာ ဖတ်ရတာနဲ့ ဘယ်လို ကွာသွားမလဲဆိုပြီး တင်ဆက်မှုမှာ ပါတဲ့ မိသားစုလို တွေးနိုင်တယ်။ “ကမ္ဘာသစ် အသက်တာဟာ အလွန် ပျော်စရာကောင်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ တခြားသူတွေကို ချစ်တဲ့သူ၊ ဘုရားရေးရာကို တန်ဖိုးထားသူ၊ ကျိုးနွံသူ၊ နှိမ့်ချသူ၊ ဘုရားကို ချီးမွမ်းသူ၊ မိဘကို နာခံသူ၊ ကျေးဇူးသိတတ်သူ၊ သစ္စာရှိသူ၊ မိသားစုကို ချစ်ခင်တွယ်တာသူ၊ ညှိနှိုင်းရလွယ်သူ၊ တခြားသူအကြောင်း အကောင်းချည်း ပြောတတ်သူ၊ ချုပ်တည်းသူ၊ နူးညံ့သူ၊ ကောင်းမြတ်ရာကို နှစ်သက်သူ၊ ယုံကြည်စိတ်ချထိုက်သူ၊ အလျှော့ပေးလိုက်လျောတတ်သူ၊ အောက်ကျို့တတ်သူ၊ အပျော်အပါးကို မနှစ်သက်ဘဲ ဘုရားသခင်ကို ချစ်သူ၊ ဘုရားတရား ကြည်ညိုသူ ဖြစ်ကြလိမ့်မယ်။ အဲဒီလူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းပါ” လို့ ဖတ်ရမှာ။ ကမ္ဘာသစ် အသက်တာအကြောင်း မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေနဲ့ သင် ပြောဖြစ်သလား။

၁၅။ တန်ညာ ကြောက်ပေမဲ့ ကြောက်စိတ်ကို အနိုင်ယူဖို့ ဘာက ကူညီပေးသလဲ။

၁၅ မြောက်မက်ဆီဒိုးနီးယားနိုင်ငံက ညီအစ်မ တန်ညာဟာ အနာဂတ် ကောင်းချီးတွေ တွေးခြင်းအားဖြင့် ကြောက်စိတ်ကို အနိုင်ယူခဲ့တယ်။ ကျမ်းစာ လေ့လာလို့ဆိုပြီး မိဘတွေ အကြီးအကျယ် ဆန့်ကျင်ကြတယ်။ “ကျွန်မ တွေးကြောက်နေတာတချို့ တကယ် ကြုံရတယ်။ အစည်းအဝေး တက်တိုင်း အမေ ရိုက်တယ်။ ယေဟောဝါသက်သေ လုပ်ရင် သတ်ပစ်မယ်လို့ မိဘတွေ ကြိမ်းတယ်” လို့ ပြောတယ်။ နောက်တော့ အိမ်ကနေ နှင်ချခံရတယ်။ တန်ညာ ဘာလုပ်သလဲ။ “သမာဓိ စောင့်ထိန်းရင် တစ်သက်လုံး ပျော်ရမှာကို အာရုံစိုက်လိုက်တယ်။ ဒီလောကစနစ်မှာ ဆုံးရှုံးရသမျှအတွက် ကမ္ဘာသစ်မှာ ယေဟောဝါ ဆုချမှာ၊ ကြုံခဲ့ရသမျှ အဆိုးတွေ မေ့ပျောက်သွားမှာကိုလည်း စဉ်းစားတယ်” လို့ ပြောတယ်။ တန်ညာ တကယ် သမာဓိ စောင့်ထိန်းတယ်။ ယေဟောဝါ ကူညီပေးလို့ နေစရာ ရသွားတယ်။ အခုဆိုရင် သစ္စာရှိ ညီအစ်ကိုတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အချိန်ပြည့်လုပ်ငန်းမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်နေတယ်။

ယေဟောဝါကို ယုံကြည်ကိုးစားမှု တိုးနေအောင် အခု လုပ်ထားပါ

၁၆။ လုကာ ၂၁:၂၆-၂၈ မှာ ကြိုဟောထားတဲ့ မြင်ကွင်းတွေ မြင်ရတဲ့အခါ သတ္တိရှိနေဖို့ ဘာက ကူညီပေးမလဲ။

၁၆ ကြီးစွာသောဒုက္ခအတွင်း လူတွေ “ကြောက်လွန်းလို့ မေ့မြောသွားကြလိမ့်မယ်။” ဘုရားလူမျိုးကတော့ သတ္တိရှိရှိ မားမားမတ်မတ် ရပ်တည်နေမယ်။ (လုကာ ၂၁:၂၆-၂၈ ကို ဖတ်ပါ။) ဘာကြောင့်လဲ။ ယေဟောဝါကို ယုံကြည်ကိုးစားတတ်နေပြီမို့လို့ပါ။ ကြုံခဲ့ရတဲ့ အခက်အခဲတွေက ကြုံလာရမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ ကူညီပေးတယ်လို့ အစောပိုင်းမှာ ဖော်ပြတဲ့ တန်ညာ ပြောတယ်။ “ယေဟောဝါ ကယ်ထုတ်မပေးနိုင်တဲ့ အခက်အခဲဆိုတာ မရှိဘူး။ တစ်ခါတလေ ကိစ္စရပ်တွေကို တခြားသူတွေ ထိန်းချုပ်ထားပုံ ရတယ်။ ဒါပေမဲ့ ယေဟောဝါ တန်ခိုးပိုကြီးတယ်။ ဘယ်လောက် ခက်တဲ့ အခက်အခဲ ဖြစ်ဖြစ် တစ်ချိန်ချိန်မှာ အဆုံးတိုင်သွားလိမ့်မယ်” လို့ ပြောတယ်။

၁၇။ ၂၀၂၄ ခုနှစ် နှစ်ချုပ်ကျမ်းချက်က ကျွန်တော်တို့ကို ဘယ်လို ကူညီပေးမလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၁၇ ဒီနေ့ခေတ်မှာ ကြောက်နေ၊ လန့်နေရတာ ထမင်းစား၊ ရေသောက်လို ဖြစ်နေပြီ။ ဒါပေမဲ့ ကြောက်စိတ် မွှန်မသွားပါစေနဲ့။ “ကြောက်စိတ် ဝင်လာတိုင်း ကိုယ်တော့်ကို ယုံကြည်ကိုးစားတယ်” ဆိုတဲ့ ဒါဝိဒ်ရဲ့ ဆုတောင်းစကားဟာ ၂၀၂၄ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက် ဖြစ်တယ်။ (ဆာ. ၅၆:၃) ဒါဝိဒ်ဟာ “ကြောက်စိတ် မများများအောင် ကြောက်စရာတွေ၊ ပြဿနာတွေကို အာရုံမစိုက်ဘူး။ ကယ်နုတ်ရှင်ကို အာရုံစိုက်တယ်” လို့ ဒီကျမ်းပိုဒ်နဲ့ပတ်သက်ပြီး အကိုးအကားစာအုပ်တစ်အုပ်က ဆိုတယ်။ လာမယ့် လတွေ၊ အထူးသဖြင့်၊ ထိတ်လန့်စရာ အခြေအနေတွေ ကြုံရချိန်မှာ ဒီနှစ် နှစ်ချုပ်ကျမ်းချက်ကို စဉ်းစားပါ။ ယေဟောဝါ လုပ်ပေးခဲ့တာတွေ၊ လုပ်ပေးနေတာတွေ၊ လုပ်ပေးမှာတွေကို အချိန်ယူ တွေးပါ။ ဒါဆိုရင် “ဘုရားသခင်ကို ယုံကြည်ကိုးစားတဲ့အတွက် ဘာကိုမှ မကြောက်ဘူး” ဆိုပြီး ဒါဝိဒ်လို ပြောနိုင်ပါလိမ့်မယ်။—ဆာ. ၅၆:၄

သဘာဝဘေး ကြုံချိန်မှာ နှစ်ချုပ်ကျမ်းချက်ကို ညီအစ်မတစ်ယောက် တွေးတောဆင်ခြင်နေ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါ လုပ်ပေးခဲ့တာတွေ စဉ်းစားခြင်းအားဖြင့် ကြောက်စိတ်ကို ဘယ်လို အနိုင်ယူနိုင်သလဲ။

  • ယေဟောဝါ လုပ်ပေးနေတာတွေ စဉ်းစားခြင်းအားဖြင့် ကြောက်စိတ်ကို ဘယ်လို အနိုင်ယူနိုင်သလဲ။

  • ယေဟောဝါ လုပ်ပေးမှာတွေ စဉ်းစားခြင်းအားဖြင့် ကြောက်စိတ်ကို ဘယ်လို အနိုင်ယူနိုင်သလဲ။

a jw.org ရှာဖွေရန် အကွက်မှာ “သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ” ဒါမှမဟုတ် “တွေ့ကြုံမှုများ” လို့ ရိုက်ရင် ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ ဆောင်းပါးတွေ ထွက်လာမယ်။ JW Library Sign Language® app မှာဆိုရင် Media ကိုသွားပြီး သမ္မာကျမ်းစာ > ကျမ်းစာ အကြောင်းအရာများ နဲ့ လူတွေ့မေးမြန်းမှုများ၊ တွေ့ကြုံမှုများ > စမ်းသပ်မှုများ ခံရပ်ခြင်း ကိုကြည့်ပါ။

b အမည်လွှဲများ။

c ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်၊ အခန်း ၇၊ စာပိုဒ် ၁၃-၂၂ ကို ကြည့်ပါ။

d ပုံအညွှန်း– ဝက်ဝံတစ်ကောင် သတ်ပစ်ဖို့ မိမိကို ယေဟောဝါ ခွန်အား ပေးခဲ့တာ၊ အဟိမလက်ကတစ်ဆင့် လက်တွေ့ကျကျ ကူညီပေးနေတာ၊ ဘုရင် မြှောက်မှာကို ဒါဝိဒ် စဉ်းစားနေ။

e ပုံအညွှန်း– ဆေးလိပ် ဖြတ်နိုင်ဖို့ မိမိကို ယေဟောဝါ ကူညီပေးခဲ့တာ၊ ချစ်ရသူတွေ ပို့တဲ့ စာတွေကတစ်ဆင့် အားပေးနေတာ၊ ပရဒိသုမှာ ထာဝရအသက် ပေးမှာကို ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ညီအစ်ကို စဉ်းစားနေ။