မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမျိုးသမီးတွေကို ယေဟောဝါ ဆက်ဆံသလို ဆက်ဆံနေသလား

အမျိုးသမီးတွေကို ယေဟောဝါ ဆက်ဆံသလို ဆက်ဆံနေသလား

ယုံကြည်ခြင်း ခိုင်မာတဲ့ ညီအစ်မများစွာနဲ့ တွဲအမှုဆောင်ခွင့် ကျွန်တော်တို့ ညီအစ်ကိုတွေ ရထားကြတယ်။ a သစ္စာရှိပြီး အလုပ်ကြိုးစားတဲ့ ညီအစ်မတစ်ယောက်ချင်းစီကို ချစ်ခင်မြတ်နိုးကြတယ်။ ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မစုံလင်လို့ အဲဒီလို ဆက်ဆံဖို့ မလွယ်တဲ့အချိန်တွေ ရှိနိုင်တယ်။ ညီအစ်ကိုတချို့မှာ နောက်ထပ် အခက်အခဲ ရှိတယ်။

ယဉ်ကျေးမှုတချို့မှာ အမျိုးသမီးတွေကို အမျိုးသားတွေ နှိမ်ကြတယ်။ ဘိုလီးဗီးယားနိုင်ငံက တိုက်နယ်ကြီးကြပ်မှူး ညီအစ်ကို ဟန့်စ် ဒီလို ပြောတယ်– “အမျိုးသားတချို့က ယောက်ျားဝါဒ ကြီးစိုးတဲ့ နောက်ခံကနေ ကြီးပြင်းလာလို့ အမျိုးသမီးတွေထက် ပိုသာတယ်ဆိုတဲ့ သဘောထား အမြစ်စွဲနေတယ်။” ထိုင်ဝမ်နိုင်ငံက အကြီးအကဲ ညီအစ်ကို ရှန်ဇီယန်လည်း ဒီလို ပြောတယ်– “ကျွန်တော်တို့ဒေသမှာ အမျိုးသမီးတွေကို စီးပွားရေးကိစ္စ ဝင်စွက်ခွင့် မပြုဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ အကြံကို အမျိုးသားတစ်ယောက် တင်ပြမိရင်တောင် အလုပ်ဖော်တွေ နှာခေါင်းရှုံ့တတ်ကြတယ်။” တချို့ကျတော့ အမျိုးသမီးတွေကို ပါးပါးလေး နှိမ်ကြတယ်။ သိက္ခာချတဲ့ ပြက်လုံးတွေ ပြောတာလိုမျိုးပေါ့။

ဒါပေမဲ့ ကြီးပြင်းလာတဲ့ ယဉ်ကျေးမှု လောင်းရိပ်အောက်ကနေ ရုန်းထွက်နိုင်ပါတယ်။ အမျိုးသမီးထက် အမျိုးသား ပိုသာတယ်ဆိုတဲ့ သဘောထား ဖျောက်နိုင်ပါတယ်။ (ဧ. ၄:၂၂-၂၄) ယေဟောဝါကို အတုယူခြင်းအားဖြင့်ပါ။ အမျိုးသမီးတွေကို ယေဟောဝါ ဘယ်လို ဆက်ဆံသလဲ။ ယေဟောဝါ ဆက်ဆံသလို ညီအစ်ကိုတွေ ဘယ်လို ဆက်ဆံနိုင်သလဲ။ ညီအစ်မတွေကို လေးလေးစားစား ဆက်ဆံရာမှာ အကြီးအကဲတွေ ဘယ်လို စံနမူနာ ပြနိုင်သလဲ။

အမျိုးသမီးတွေကို ယေဟောဝါ ဘယ်လို ဆက်ဆံသလဲ

အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေဟောဝါ အကောင်းဆုံး စံနမူနာ ပြတယ်။ အကြင်နာမေတ္တာ ကြီးမားတဲ့ ဖခင် ဖြစ်လို့ သားသမီးအားလုံးကို ချစ်တယ်။ (ယော. ၃:၁၆) သစ္စာရှိ ညီအစ်မတွေဟာ ဘုရားအတွက် အဖိုးတန် သမီးလေးတွေ။ သူတို့ကို ယေဟောဝါ ဘယ်လို ဂုဏ်တင်သလဲ။

မျက်နှာမလိုက်တမ်း ဆက်ဆံတယ်။ အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ မိမိပုံသဏ္ဌာန်အတိုင်း ယေဟောဝါ ဖန်ဆင်းထားတယ်။ (က. ၁:၂၇) အမျိုးသားတွေကို အမျိုးသမီးတွေထက် ဉာဏ်ရည်၊ စွမ်းရည် သာအောင် ဖန်ဆင်းမထားဘူး။ မျက်နှာသာ ပိုမပေးဘူး။ (၂ ရာ. ၁၉:၇) ကျမ်းစာ အမှန်တရား သဘောပေါက်နိုင်စွမ်း၊ ဘုရားအရည်အသွေးတွေ အတုယူနိုင်စွမ်း ညီတူ ပေးထားတယ်။ မိမိကို ယုံကြည်တဲ့ အမျိုးသား/သမီးတွေကို တန်းတူ တန်ဖိုးထားတယ်။ ပရဒိသု ကမ္ဘာမြေမှာ ထာဝစဉ် အသက်ရှင်မယ့်အထဲ၊ ကောင်းကင်မှာ ဘုရင်၊ ပုရောဟိတ်အဖြစ် အမှုဆောင်မယ့်အထဲ အမျိုးသားရော အမျိုးသမီးပါ ပါတယ်။ (၂ ပေ. ၁:၁) အမျိုးသမီးတွေကို ယေဟောဝါ ခွဲခြားမဆက်ဆံတာ ရှင်းနေပါတယ်။

နားထောင်ပေးတယ်။ အမျိုးသမီးတွေရဲ့ ခံစားချက်၊ အခက်အခဲကို ယေဟောဝါ ဂရုစိုက်တယ်။ ဥပမာ၊ ရာခေလ၊ ဟန္နတို့ ဆုတောင်းတာကို နားထောင်တယ်။ ဖြေပေးတယ်။ (က. ၃၀:၂၂။ ၁ ရှ. ၁:၁၀၊ ၁၁၊ ၁၉၊ ၂၀) အမျိုးသမီးတွေစကား နားထောင်တဲ့ အမျိုးသားတွေအကြောင်း ထည့်ရေးဖို့ ကျမ်းရေးသူတွေကို လမ်းညွှန်တယ်။ ဥပမာ၊ ဇနီးဖြစ်သူ စာရာရဲ့ စကား နားထောင်ဖို့ ယေဟောဝါ လမ်းညွှန်တာကို အာဗြဟံ လိုက်နာတယ်။ (က. ၂၁:၁၂-၁၄) အဘိဂဲလရဲ့ စကား ဘုရင် ဒါဝိဒ် နားထောင်တယ်။ ဒီလို လာပြောဖို့ အဘိဂဲလကို ယေဟောဝါ လွှတ်လိုက်တယ်လို့တောင် ခံစားရတယ်။ (၁ ရှ. ၂၅:၃၂-၃၅) ကောင်းကင်ဘုံစံ ဖခင်ကို အပြည့်အဝ အတုယူတဲ့ ယေရှုလည်း မိခင် မာရိစကား နားထောင်တယ်။ (ယော. ၂:၃-၁၀) နားထောင်ပေးခြင်းအားဖြင့် အမျိုးသမီးတွေကို ယေဟောဝါ ဂုဏ်တင်စေချင်ကြောင်း ဒီမှတ်တမ်းတွေက ဖော်ပြတယ်။

တာဝန်ပေးတယ်။ ဥပမာ၊ ကမ္ဘာတစ်ခုလုံးကို ဝိုင်းဝန်းထိန်းသိမ်းဖို့ ဧဝကို ယေဟောဝါ တာဝန်ပေးတယ်။ (က. ၁:၂၈) ခင်ပွန်း အာဒံထက် ဧဝ ပိုနိမ့်ကျတယ်လို့ မမြင်ကြောင်း၊ ခင်ပွန်းနဲ့ တွဲဖက်ညီသူ ဖြစ်မယ်လို့ မြင်ကြောင်း ပြလိုက်တာပဲ။ ဒါ့အပြင် တရားသူကြီး၊ ဘုရင် အပါအဝင် မိမိလူမျိုးကို အကြံဉာဏ်ကောင်း ပေးဖို့ ပရောဖက်မ ဒေဗောရနဲ့ ဟုလဒကို တာဝန်ပေးတယ်။ (သူကြီး. ၄:၄-၉။ ၂ ဘု. ၂၂:၁၄-၂၀) ဒီနေ့လည်း အလိုတော် ထမ်းဆောင်ဖို့ ခရစ်ယာန် အမျိုးသမီးတွေကို တာဝန်ပေးထားတယ်။ သစ္စာရှိ ညီအစ်မတွေဟာ ကြေညာသူ၊ ရှေ့ဆောင်၊ သာသနာပြုအဖြစ် အမှုဆောင်ကြတယ်။ နိုင်ငံတော်ခန်းမ၊ ဌာနခွဲ အဆောက်အအုံ ဒီဇိုင်းဆွဲ၊ ဆောက်လုပ်၊ ပြုပြင်ထိန်းသိမ်းရာမှာ ဝိုင်းကူညီကြတယ်။ ဗေသလမှာ၊ ဘာသာပြန်ရုံးခွဲမှာ အမှုဆောင်ကြတယ်။ အလိုတော် ပြီးမြောက်ဖို့ ယေဟောဝါ သုံးနေတဲ့ အမျိုးသမီး တပ်ကြီးပါပဲ။ (ဆာ. ၆၈:၁၁) အမျိုးသမီးတွေ အစွမ်းအစ မရှိဘူး၊ ဘောင်မဝင်ဘူးလို့ ယေဟောဝါ မမြင်တာ ရှင်းနေပါတယ်။

ညီအစ်မတွေကို ယေဟောဝါ ဆက်ဆံသလို ညီအစ်ကိုတွေ ဘယ်လို ဆက်ဆံနိုင်သလဲ

ညီအစ်ကိုတို့၊ ညီအစ်မတွေကို ယေဟောဝါ ဆက်ဆံသလို ဆက်ဆံနေရဲ့လားဆိုတာ သိဖို့ ကိုယ့်သဘောထား၊ လုပ်ရပ်တွေကို ရိုးရိုးသားသား စစ်ဆေးရမယ်။ ဓာတ်မှန်ရိုက်စက် အကူအညီနဲ့ လူတစ်ယောက်ရဲ့ နှလုံးအခြေအနေ သိနိုင်သလိုပဲ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး သဘောထားမှန် ရှိရဲ့လားဆိုတာ မိတ်ဆွေကောင်း၊ ကျမ်းစာ အကူအညီနဲ့ စစ်ဆေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

မိတ်ဆွေကောင်းတွေကို မေးပါ။ (ပညာ. ၁၈:၁၇) “ညီအစ်မတွေကို ကျွန်တော် ဆက်ဆံပုံနဲ့ပတ်သက်ပြီး ဘယ်လို မြင်သလဲ။ လေးစားတယ်လို့ သူတို့ ခံစားရရဲ့လား။ ကျွန်တော့်ဘက်က ပြင်ရမှာတွေ ရှိသလား” ဆိုပြီး စိတ်ချရတဲ့၊ ကြင်နာတဲ့၊ အကျိုးသင့်အကြောင်းသင့် ရှိတဲ့ မိတ်ဆွေကို မေးကြည့်ပါ။ ပြင်ရမှာတွေ ထောက်ပြလာရင် စိတ်မဆိုးပါနဲ့။ လိုလိုလားလား ပြင်ပါ။

ကျမ်းစာ လေ့လာပါ။ ညီအစ်မတွေကို ကောင်းကောင်း ဆက်ဆံရဲ့လားဆိုတာ သိနိုင်တဲ့ အကောင်းဆုံး နည်းကတော့ ကျမ်းစာ သုံးပြီး ကိုယ့်သဘောထား၊ လုပ်ရပ်တွေကို ဆန်းစစ်တာပဲ။ (ဟီ. ၄:၁၂) ကျမ်းစာ လေ့လာတဲ့အခါ အမျိုးသမီးတွေကို ကောင်းကောင်း ဆက်ဆံသူ၊ မဆက်ဆံသူ အမျိုးသားတွေအကြောင်း သိရတယ်။ သူတို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်ပါ။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ကိုယ့်အမြင် မှားနေတာကို ကာဖို့ ကျမ်းပိုဒ်တစ်ပိုဒ်တည်းကို လိုရာ မဆွဲမိဖို့တော့ သတိထားပါ။ ကျမ်းပိုဒ် တော်တော်များများ ထည့်သုံးသပ်ပါ။ ဒါမှ ဘုရားအမြင်ကို နားလည်မယ်။ ဥပမာ၊ ဇနီးတွေဟာ ‘ကွဲလွယ်တဲ့ အိုးလို အားနွဲ့လို့ သူတို့ကို ဂုဏ်တင်ပါ’ လို့ ၁ ပေတရု ၃:၇ မှာ ဆိုထားတယ်။ b အမျိုးသားထက် အမျိုးသမီး ဉာဏ်ရည်၊ စွမ်းရည် နိမ့်တယ်လို့ ဆိုလိုသလား။ မဆိုလိုဘူး။ ဂလာတိ ၃:၂၆-၂၉ မှာ ပါတဲ့ ပေတရုရဲ့ စကားတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ကောင်းကင်မှာ ယေရှုနဲ့အတူ တွဲဖက် အုပ်ချုပ်ဖို့ အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ ယေဟောဝါ ရွေးချယ်တယ်လို့ ဖော်ပြထားတယ်။ ကျမ်းစာ လေ့လာမယ်၊ အမျိုးသမီးတွေအပေါ် ဆက်ဆံပုံနဲ့ပတ်သက်ပြီး မိတ်ဆွေကောင်းတွေရဲ့ အမြင်ကို မေးကြည့်မယ်ဆိုရင် ညီအစ်မတွေကို ဂုဏ်တင်တတ်လာမယ်။

ညီအစ်မတွေကို လေးစားကြောင်း အကြီးအကဲတွေ ဘယ်လို ပြသလဲ

မေတ္တာ ပြည့်ဝတဲ့ အကြီးအကဲတွေရဲ့ စံနမူနာ အတုယူခြင်းအားဖြင့်လည်း ညီအစ်မတွေကို ညီအစ်ကိုတွေ လေးလေးစားစား ဆက်ဆံတတ်လာနိုင်တယ်။ အကြီးအကဲတွေ ဘယ်လို စံနမူနာ ပြနေကြသလဲ။ နည်းတချို့ သုံးသပ်ကြည့်ပါ။

ချီးမွမ်းပေးကြတယ်။ တမန်တော် ပေါလုဟာ အကြီးအကဲတွေ အတုယူဖို့ သိပ်ကောင်းတဲ့ စံနမူနာပဲ။ ရောမ အသင်းတော်ဆီ ရေးတဲ့ စာမှာ ညီအစ်မ အများကြီးကို ချီးမွမ်းထားတယ်။ (ရော. ၁၆:၁၂) ပေါလုရဲ့ စာကို အသင်းတော်မှာ ဖတ်ပြချိန် အဲဒီညီအစ်မတွေ ဘယ်လောက် ဝမ်းသာမလဲ မြင်ယောင်ကြည့်ပါ။ ဒီနေ့လည်း အရည်အသွေးကောင်း ရှိတဲ့၊ ယေဟောဝါအတွက် ပေးဆက်နေတဲ့ ညီအစ်မတွေကို အကြီးအကဲတွေ ချီးမွမ်းပေးကြတယ်။ လေးစားတန်ဖိုးထားတယ်လို့ ညီအစ်မတွေ ခံစားကြရတယ်။ အကြီးအကဲတွေရဲ့ အားပေးစကားဟာ ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုနိုင်ဖို့ ညီအစ်မတွေ လိုနေတာ ကွက်တိ ဖြစ်နိုင်တယ်။—ပညာ. ၁၅:၂၃

ချီးမွမ်းပေးပါ

ညီအစ်မတွေကို အကြီးအကဲတွေ စိတ်ရင်းမှန်နဲ့ သတ်သတ်မှတ်မှတ် ချီးမွမ်းကြတယ်။ ဘာကြောင့်လဲ။ “‘တော်လိုက်တာ’ လို့ ညီအစ်ကိုတွေ ချီးမွမ်းတဲ့အခါ ပျော်တယ်။ ဒါပေမဲ့ အစည်းအဝေးမှာ ကလေးတွေ ငြိမ်ငြိမ် ထိုင်အောင် သင်ပေးထားလို့၊ အစည်းအဝေး တက်ဖို့ ကျမ်းစာသင်သားကို သွားခေါ်ပေးလို့ စသဖြင့် သတ်သတ်မှတ်မှတ် ခေါင်းစဉ်တပ်ပြီး ချီးမွမ်းပေးရင် ပိုအားရှိတယ်” လို့ ညီအစ်မ ဂျက်စီကာ ပြောတယ်။ အကြီးအကဲတွေ သတ်သတ်မှတ်မှတ် ချီးမွမ်းပေးတဲ့အခါ တန်ဖိုးထားတယ်၊ အသင်းတော်မှာ လိုအပ်တယ်လို့ ညီအစ်မတွေ ခံစားကြရတယ်။

နားထောင်ပေးကြတယ်။ နှိမ့်ချမှု ရှိတဲ့ အကြီးအကဲဟာ ကိုယ့်ဆီမှာပဲ အကြံကောင်း ရှိတာ မဟုတ်မှန်း အသိအမှတ်ပြုတယ်။ ညီအစ်မတွေကို အကြံတောင်းတယ်။ အကြံပေးတာ သေသေချာချာ နားထောင်တယ်။ ဒီလို လုပ်တာက ညီအစ်မတွေကို အားရှိစေသလို အကြီးအကဲတွေကိုလည်း အကျိုးရစေတယ်။ ဘာကြောင့်လဲ။ “ညီအစ်မတွေ ပေးတဲ့ အကြံကြောင့် အလုပ် ပိုတွင်တတ်တာ သတိထားမိတယ်။ တစ်ခါတလေ ညီအစ်မတွေက ညီအစ်ကို အများစုထက် လုပ်သက် ပိုရင့်နေကြတာ” လို့ ဗေသလမှာ အမှုဆောင်နေတဲ့ အကြီးအကဲ ညီအစ်ကို ဂယ်ရာဒို ပြောတယ်။ အသင်းတော်မှာ ညီအစ်မများစွာ ရှေ့ဆောင် လုပ်ကြတယ်။ ဒါကြောင့် ရပ်ကွက်အကြောင်း သူတို့ အများကြီး သိကြတယ်။ “ညီအစ်မတွေမှာ အဖွဲ့အစည်း လိုအပ်တဲ့ အရည်အသွေး၊ အတတ်ပညာ၊ အတွေ့အကြုံ ဒီလောက် ရှိတာ။ သူတို့ရဲ့ အကူအညီ ယူကြပါ” လို့ အကြီးအကဲ ညီအစ်ကို ဘရိုင်ယန် ပြောတယ်။

နားထောင်ပေးပါ

ဉာဏ်ပညာ ရှိတဲ့ အကြီးအကဲဟာ ညီအစ်မတွေ ပေးတဲ့ အကြံ ဘေးမချိတ်ဘူး။ ဘာကြောင့်လဲ။ “ကိစ္စတစ်ခုလုံးကို ခြုံကြည့်တတ်ဖို့၊ တခြားသူတွေဘက်က တွေးပေးတတ်ဖို့ ညီအစ်မတွေ ပေးတဲ့ အကြံ၊ ညီအစ်မတွေရဲ့ အတွေ့အကြုံက ကူညီပေးတယ်” လို့ အကြီးအကဲ ညီအစ်ကို အက်ဒဝေါ့ ပြောတယ်။ (ပညာ. ၁:၅) အကြံပေးတဲ့အတိုင်း မလုပ်ဖြစ်ရင်တောင် အကြံပေးလို့၊ သိတာတွေ ဝေမျှပေးလို့ ကျေးဇူးတင်နိုင်တယ်။

လေ့ကျင့်ပေးကြတယ်။ ပိုင်းခြားသိမြင်မှု ရှိတဲ့ အကြီးအကဲဟာ အခွင့်အရေး ရှာပြီး ညီအစ်မတွေကို လေ့ကျင့်ပေးတယ်။ ဥပမာ၊ နှစ်ခြင်းခံပြီးသား ညီအစ်ကို မရှိချိန် လယ်ကွင်း စုဆုံမှု ကိုင်တတ်အောင် သင်ပေးတယ်။ အဖွဲ့အစည်း ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းတွေမှာ ကူညီပေးနိုင်အောင် စက်ကိရိယာတွေ ဘယ်လို သုံးရမလဲ လေ့ကျင့်ပေးတယ်။ ဗေသလမှာဆိုရင်လည်း ပြုပြင်ထိန်းသိမ်းရေး၊ ဝယ်ခြမ်းရေး၊ စာရင်းအင်း၊ ကွန်ပျူတာ ပရိုဂရမ်ပိုင်း စသဖြင့် အမျိုးမျိုး လုပ်တတ်အောင် ကြီးကြပ်မှူးတွေ လေ့ကျင့်ပေးထားတယ်။ ဒါက ညီအစ်မတွေ လုပ်ရည်ကိုင်ရည် ရှိတယ်ဆိုတာ အသိအမှတ်ပြုကြောင်း၊ ယုံကြည်စိတ်ချကြောင်း ပြတာပဲ။

လေ့ကျင့်ပေးပါ

ညီအစ်မတွေကို အကြီးအကဲတွေ လေ့ကျင့်ပေးထားလို့ တခြားသူတွေ အကျိုးရကြတယ်။ ဥပမာ၊ ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး လေ့ကျင့်မှု ရထားတဲ့ ညီအစ်မတချို့ဟာ သဘာဝဘေးသင့်သူတွေကို အိမ်ပြန်ဆောက်ပေးကြတယ်။ အများရှေ့ သက်သေခံခြင်းနဲ့ပတ်သက်ပြီး လေ့ကျင့်မှု ရထားတဲ့ ညီအစ်မတွေကျတော့ တခြားညီအစ်မတွေကို တစ်ဆင့် ပြန်လေ့ကျင့်ပေးကြတယ်။ လေ့ကျင့်ပေးတဲ့ အကြီးအကဲတွေနဲ့ပတ်သက်ပြီး ညီအစ်မတွေ ဘယ်လို ခံစားရသလဲ။ “နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှာ လုပ်တုန်းက ကျွန်မကို ကြီးကြပ်မှူး ညီအစ်ကို အချိန်ယူ လေ့ကျင့်ပေးတယ်။ ကျွန်မ လုပ်တာတွေ သတိထားမိတယ်။ ချီးကျူးပေးတယ်။ ကိုယ့်ကို တန်ဖိုးထားပါလား၊ ယုံကြည်စိတ်ချပါလားလို့ ခံစားရတယ်။ ညီအစ်ကိုနဲ့ တွဲလုပ်ခွင့် ရလို့ ပျော်လိုက်တာ” ဆိုပြီး ညီအစ်မ ဂျနီဖာ ပြောပြတယ်။

ညီအစ်မတွေကို ကိုယ့်အစ်မလို၊ နှမလို ဆက်ဆံခြင်းရဲ့ အကျိုး

သစ္စာရှိ ညီအစ်မတွေကို ယေဟောဝါ ချစ်သလို ကျွန်တော်တို့လည်း ချစ်တယ်။ မိခင်လို၊ အစ်မလို၊ နှမလို သဘောထားတယ်။ (၁ တိ. ၅:၁၊ ၂) သူတို့နဲ့ ပခုံးချင်းယှဉ် အမှုဆောင်ခွင့် ရလို့ ဂုဏ်ယူတယ်။ ချစ်ပေး၊ ဂရုစိုက်ပေးမှန်း သူတို့ ခံစားမိရင် ကျွန်တော်တို့ ဝမ်းသာတယ်။ “ကျွန်မကို စိတ်ဓာတ်ခွန်အား ပေးတဲ့ ညီအစ်ကိုတွေ အဖွဲ့အစည်းမှာ အပြည့်ပဲ။ ဒီအဖွဲ့အစည်းဝင် ဖြစ်ခွင့် ပေးလို့ ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်” လို့ ညီအစ်မ ဗနက်ဆာ ပြောတယ်။ “ယေဟောဝါကော အဖွဲ့အစည်းပါ အမျိုးသမီးတွေကို တန်ဖိုးထားပေးလို့၊ အမျိုးသမီးတွေရဲ့ ခံစားချက်ကို အလေးထားပေးလို့ ကျေးဇူးတင်တယ်။ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ အဖွဲ့အစည်းဝင် ဖြစ်ခွင့်ကို ပိုတန်ဖိုးထားလာမိတယ်” လို့ ထိုင်ဝမ်နိုင်ငံက ညီအစ်မ ပြောတယ်။

အမျိုးသမီးတွေကို မိမိ မြင်သလို၊ ဆက်ဆံသလို သစ္စာရှိ ညီအစ်ကိုတွေ မြင်လို့၊ ဆက်ဆံလို့ ယေဟောဝါ ဘယ်လောက် ဝမ်းသာလိုက်မလဲ။ (ပညာ. ၂၇:၁၁) “လောကမှာတော့ အမျိုးသမီးတွေကို တော်တော့်ကို မလေးစားကြဘူး။ ဒါကြောင့် အမျိုးသမီးတွေ နိုင်ငံတော်ခန်းမ လာတဲ့အခါ လောကမှာ မရတဲ့ ခံစားမှုမျိုး ရစေချင်တယ်” လို့ စကော့တလန်နိုင်ငံက အကြီးအကဲ ညီအစ်ကို ဘင်ဂျမင် ပြောတယ်။ ညီအစ်မတွေ ဆက်ဆံခံသင့်တဲ့အတိုင်း လေးလေးစားစား၊ မေတ္တာနဲ့ ဆက်ဆံခြင်းအားဖြင့် ယေဟောဝါကို အတတ်နိုင်ဆုံး အတုယူကြရအောင်။—ရော. ၁၂:၁၀

a ဒီဆောင်ပါးမှာ “ညီအစ်မ” ဆိုတဲ့ အသုံးအနှုန်းဟာ မွေးချင်းတွေကို မဟုတ်ဘဲ ခရစ်ယာန် ညီအစ်မတွေကို ဆိုလိုတယ်။

b “ကွဲလွယ်တဲ့အိုး” နဲ့ပတ်သက်ပြီး ထပ်ဆင့် ရှင်းပြချက်အတွက် ၂၀၀၆၊ မေ ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “‘အားနည်းသောတန်ဆာ’ ၏ တန်ဖိုး” ဆောင်းပါး၊ ၂၀၀၅၊ မတ် ၁ ကင်းမျှော်စင် မှာ ပါတဲ့ “အိမ်ထောင်သည် မောင်နှံများအတွက် ပညာရှိ လမ်းညွှန်ချက်” ဆောင်းပါးကို ကြည့်ပါ။