လေ့လာရန် ဆောင်းပါး ၅

သီချင်း ၉ ငါတို့ဘုရား ယေဟောဝါအားချီးမွမ်းကြ

“မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး”

“မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး”

“‘မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး’ လို့ ဘုရားသခင် ပြောထားတာပဲ။”ဟီ. ၁၃:၅

အာရုံစိုက်ရာ

ဘိသိက်ခံ ခရစ်ယာန် အကြွင်းအကျန်အားလုံး ကောင်းကင် ရောက်သွားတဲ့အခါ မြေကြီးပေါ်က ဘုရားကျေးကျွန်တွေ ပစ်ထားခံရမှာ မဟုတ်ဘူး။

၁။ ဘိသိက်ခံအားလုံး ဘယ်အချိန် ကောင်းကင် ရောက်နေမလဲ။

 ‘ဘိသိက်ခံအားလုံး ဘယ်အချိန် ကောင်းကင် ရောက်နေမလဲ’ ဆိုပြီး လွန်ခဲ့တဲ့ နှစ်များစွာက ဘုရားကျေးကျွန်တွေ တွေးမိကြတယ်။ အာမဂေဒုန်စစ်ပွဲအပြီး အချိန်အတန်ကြာအထိ မြေကြီး ပရဒိသုမှာ ဘိသိက်ခံတချို့ ဆက်ရှိနိုင်တယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ မြေကြီးပေါ် ရှိနေဆဲ ဘိသိက်ခံအားလုံး အာမဂေဒုန် မစခင် ကောင်းကင်ကို စုသိမ်းခံရမယ်ဆိုတာ ၂၀၁၃၊ ဇူလိုင် ၁၅ ကင်းမျှော်စင် မှာ သိခဲ့ကြရတယ်။—မ. ၂၄:၃၁

၂။ ဘာမေးခွန်း ပေါ်လာသလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

မြေကြီးပေါ်မှာ ယေဟောဝါကို သစ္စာရှိရှိ ကိုးကွယ်နေတဲ့ ခရစ်တော်ရဲ့ “တခြားသိုးတွေ” “ကြီးစွာသောဒုက္ခ” အတွင်း ဘာဖြစ်မလဲဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ (ယော. ၁၀:၁၆။ မ. ၂၄:၂၁) ချစ်ရတဲ့ ဘိသိက်ခံ ညီအစ်ကို/မတွေ ကောင်းကင် ရောက်သွားရင် တခြားသိုးတွေ ဘာလုပ်လို့ လုပ်ရမှန်း မသိ ကျန်နေခဲ့မှာကို တချို့ စိတ်ပူမိနိုင်တယ်။ ကျမ်းမှတ်တမ်းနှစ်ခုကြောင့် စိတ်ပူကြတာ။ ဘယ်ကျမ်းမှတ်တမ်းတွေလဲ၊ ဘာကြောင့် စိတ်ပူစရာ မလိုသလဲ ဆွေးနွေးကြမယ်။

ဖြစ်မလာမယ့် အရာတွေ

၃-၄။ တချို့ ဘာစိတ်ပူမိနိုင်သလဲ။ ဘာကြောင့်လဲ။

ဦးဆောင်လမ်းပြမယ့် အုပ်ချုပ်ရေး အဖွဲ့ဝင် ဘိသိက်ခံ ညီအစ်ကိုတွေ မရှိတော့ရင် တခြားသိုးတွေ အမှန်တရားကနေ လမ်းလွဲသွားမှာ တချို့ စိတ်ပူမိနိုင်တယ်။ ကျမ်းမှတ်တမ်းတချို့ကြောင့် အဲဒီလို စိတ်ပူကြတာ။ မှတ်တမ်းနှစ်ခု စဉ်းစားကြည့်ပါ။ ပထမ၊ ယောရှဆိုတဲ့ ကလေးလေးကို သစ္စာရှိ ပုရောဟိတ်မင်း ယောယဒနဲ့ ဇနီး ယောရှေဘ ကာကွယ်ပေးခဲ့တယ်။ သစ္စာရှိ မင်းကောင်းတစ်ပါး ဖြစ်လာဖို့ ပျိုးထောင်ပေးခဲ့တယ်။ သက်ကြီး ယောယဒ အသက်ရှင်နေချိန် တစ်လျှောက်လုံး ယောရှ မှန်ရာ လုပ်တယ်။ ယောယဒ ကွယ်လွန်ပြီးနောက်မှာတော့ ယောရှ ဆိုးလာတယ်။ မှူးမတ်ဆိုးတွေစကား နားယောင်ပြီး ယေဟောဝါကို ကျောခိုင်းသွားတယ်။—၂ ရာ. ၂၄:၂၊ ၁၅-၁၉

နောက်မှတ်တမ်းကတော့ အေဒီ ဒုတိယရာစု ခရစ်ယာန်တွေအကြောင်းပါ။ ယောဟန်ဟာ တမန်တော်တွေထဲမှာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်တယ်။ ယေဟောဝါအပေါ် ဆက်သစ္စာရှိဖို့ ခရစ်ယာန်များစွာကို ကူညီပေးတယ်။ (၃ ယော. ၄) သွန်သင်ချက်အမှားတွေ၊ အကျင့်အကြံအမှားတွေ အသင်းတော်ထဲ စိမ့်ဝင်မလာဖို့ သစ္စာရှိ တခြားတမန်တော်တွေလိုပဲ ကြိုးစားတိုက်ထုတ်တယ်။ (၁ ယော. ၂:၁၈။ ၂ သက်. ၂:၇) ယောဟန် ဆုံးပြီးနောက်မှာတော့ တော်တော်များများ အယူဖောက်ပြန်လာတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ အသင်းတော်ကို အယူဖောက်ပြန်မှု လှိုက်စားလာတယ်။

၅။ ကျမ်းမှတ်တမ်းနှစ်ခုကြောင့် ဘယ်လို ကောက်ချက် မချသင့်သလဲ။

ဘိသိက်ခံတွေ ကောင်းကင် ရောက်သွားတဲ့အခါ ခရစ်တော်ရဲ့ တခြားသိုးတွေလည်း ယောရှလို အမှန်တရားကနေ လမ်းလွဲသွားမယ်၊ အေဒီ ဒုတိယရာစု ခရစ်ယာန်များစွာလို အယူဖောက်ပြန်သွားမယ်ဆိုပြီး ဒီကျမ်းမှတ်တမ်းနှစ်ခုကြောင့် ကောက်ချက် ချသင့်သလား။ လုံးဝ မချသင့်ဘူး။ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွားရင်တောင် ဘုရားကို တခြားသိုးတွေ နည်းမှန်လမ်းကျ ဆက်ဝတ်ပြုကြမယ်၊ ဘုရား ဆက်ဂရုစိုက်မယ်ဆိုတာ စိတ်ချနိုင်တယ်။ ဘာကြောင့်လဲ။

စင်ကြယ်တဲ့ ဝတ်ပြုရေး တိမ်ကောသွားမှာ မဟုတ်

၆။ ဘယ်ခေတ်သုံးခေတ်အကြောင်း သုံးသပ်ကြမလဲ။

စင်ကြယ်တဲ့ ဝတ်ပြုရေး တိမ်ကောသွားမှာ မဟုတ်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။ ကျွန်တော်တို့ခေတ်ဟာ ရှေးအစ္စရေးခေတ်နဲ့ကော အေဒီ ဒုတိယရာစုခေတ်နဲ့ပါ ကွာတယ်လို့ ကျမ်းစာမှာ ဖော်ပြထားလို့ပါ။ ဒါကြောင့် ခေတ်သုံးခေတ်အကြောင်း အသေးစိတ် သုံးသပ်ကြရအောင်။ (၁) ရှေးအစ္စရေးခေတ်၊ (၂) တမန်တော်တွေ သေဆုံးပြီးနောက်ခေတ်၊ (၃) “အရာအားလုံးကို နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးမယ့် အချိန်” လို့ ခေါ်တဲ့ ကျွန်တော်တို့ခေတ်။—တ. ၃:၂၁

၇။ အစ္စရေးတွေ၊ ဘုရင်တွေ လမ်းမှား လိုက်တဲ့အခါ သစ္စာရှိသူတွေ ဘာကြောင့် စိတ်ဓာတ်ကျမသွားသလဲ။

ရှေးအစ္စရေးခေတ်။ “ကျွန်တော် သေဆုံးပြီးနောက်မှာ ခင်ဗျားတို့က မိုက်မိုက်မဲမဲ ပြုမူပြီး မှာထားတဲ့ လမ်းစဉ်ကနေ လွဲသွားမယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိတယ်” လို့ မောရှေ မသေဆုံးခင်လေးမှာ အစ္စရေးတွေကို ပြောတယ်။ (တရား. ၃၁:၂၉) ပုန်ကန်ရင် ပြည်နှင်ခံရမယ်လို့လည်း သတိပေးတယ်။ (တရား. ၂၈:၃၅၊ ၃၆) အဲဒီစကားတွေအတိုင်း တကယ် ဖြစ်လာတယ်။ ရာစုနှစ်တွေတစ်လျှောက် ဘုရင်များစွာ လမ်းမှား လိုက်ကြတယ်။ ဘုရားလူမျိုးကို လမ်းလွဲစေကြတယ်။ ဒါကြောင့် ဆိုးညစ်တဲ့ အစ္စရေးတွေကို ယေဟောဝါ အပြစ်ပေးလိုက်တယ်။ အစ္စရေးမင်းဆက် ဖြတ်လိုက်တယ်။ (ယေဇ. ၂၁:၂၅-၂၇) သစ္စာရှိ အစ္စရေးတွေကတော့ ဘုရား ပြောတဲ့အတိုင်း တကယ် ဖြစ်လာလို့ အားတက်လာကြတယ်။—ဟေရှာ. ၅၅:၁၀၊ ၁၁

၈။ အေဒီ ဒုတိယရာစုမှာ ခရစ်ယာန် အသင်းတော်ကို အယူဖောက်ပြန်မှု လှိုက်စားလာတာ အံ့ဩသင့်သလား။ ရှင်းပြပါ။

တမန်တော်တွေ သေဆုံးပြီးနောက်ခေတ်။ အေဒီ ဒုတိယရာစုမှာ ခရစ်ယာန် အသင်းတော်ကို အယူဖောက်ပြန်မှု လှိုက်စားလာတာ အံ့ဩသင့်သလား။ မအံ့ဩသင့်ဘူး။ ယေရှု ကြိုပြောပြီးသားပဲ။ (မ. ၇:၂၁-၂၃။ ၁၃:၂၄-၃၀၊ ၃၆-၄၃) မိမိတို့ခေတ် အေဒီ ပထမရာစုမှာ ယေရှု ပြောသလို အယူဖောက်ပြန်သူတွေ စပေါ်နေပြီလို့ တမန်တော် ပေါလု၊ ပေတရု၊ ယောဟန်တို့ ပြောကြတယ်။ (၂ သက်. ၂:၃၊ ၇။ ၂ ပေ. ၂:၁-၃၊ ၁၇-၁၉။ ၁ ယော. ၂:၁၈) အေဒီ ဒုတိယရာစုမှာတော့ ခရစ်ယာန် အသင်းတော်ကို အယူဖောက်ပြန်မှု လှိုက်စားလာတယ်။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ရဲ့ အဓိက အစိတ်အပိုင်း ဖြစ်လာတယ်။ ယေရှု ကြိုပြောသလို တကယ် ဖြစ်လာတာပဲ။

၉။ ကျွန်တော်တို့ခေတ်ဟာ ရှေးအစ္စရေးခေတ်၊ အေဒီ ဒုတိယရာစုခေတ်နဲ့ ဘယ်လို ကွာသလဲ။

“အရာအားလုံးကို နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးမယ့် အချိန်။” ကျွန်တော်တို့ခေတ်ဟာ ရှေးအစ္စရေးခေတ်နဲ့ကော အယူဖောက်ပြန်မှု ခြေကုပ်ရသွားတဲ့ အေဒီ ဒုတိယရာစုခေတ်နဲ့ပါ ကွာတယ်။ ကျွန်တော်တို့ခေတ်ကာလကို ဘယ်လို ခေါ်သလဲ။ “နောက်ဆုံးကာလ” လို့ ချက်ချင်း စဉ်းစားမိမယ်။ (၂ တိ. ၃:၁) ဒါပေမဲ့ နောက်ဆုံးကာလနဲ့ တစ်ချိန်တည်းမှာ စပြီး နောက်ဆုံးကာလထက် ပိုရှည်ကြာမယ့် အချိန်ကာလအကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ “အရာအားလုံးကို နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးမယ့် အချိန်” လို့ ခေါ်တယ်။ (တ. ၃:၂၁) ၁၉၁၄ မှာ စတယ်။ လူတွေ စုံလင်လာအောင်၊ ကမ္ဘာမြေ ပရဒိသု ဖြစ်လာအောင် မေရှိယ နိုင်ငံတော် လုပ်ပေးပြီးချိန်မှာ ဆုံးမယ်။ ဘာတွေကို နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးခဲ့ပြီလဲ။ ကောင်းကင်မှာ ယေရှုကို နန်းထိုင်စေခြင်းအားဖြင့် သစ္စာရှိ ဘုရင် ဒါဝိဒ်ရဲ့ မင်းဆက်ကို ယေဟောဝါ ပြန်ပေါ်လာစေတယ်။ အုပ်ချုပ်ရေးပိုင်းကိုပဲ နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးတာ မဟုတ်ဘူး။ သိပ်မကြာခင်မှာ စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်ထွန်းကားလာတယ်။ (ဟေရှာ. ၂:၂-၄။ ယေဇ. ၁၁:၁၇-၂၀) ပြန်ထွန်းကားပြီးသား စင်ကြယ်တဲ့ ဝတ်ပြုရေး တိမ်ကောသွားဦးမလား။

၁၀။ (က) ကျွန်တော်တို့ခေတ် စင်ကြယ်တဲ့ ဝတ်ပြုရေးနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာကြိုဟောသလဲ။ (ဟေရှာယ ၅၄:၁၇) (ခ) အဲဒီကြိုဟောချက်တွေက ဘာကြောင့် နှစ်သိမ့်မှု ဖြစ်စေသလဲ။

၁၀ ဟေရှာယ ၅၄:၁၇ ကို ဖတ်ပါ။ “မင်းကို တိုက်ခိုက်ဖို့ လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး” ဆိုတဲ့ ကြိုဟောချက် ဒီနေ့ ပြည့်စုံနေတယ်။ “မင်းရဲ့ သားသမီးအားလုံး ယေဟောဝါ သွန်သင်ပေးတာကို ခံရလိမ့်မယ်။ ငြိမ်သက်ခြင်းကောင်းချီးကို သူတို့ အလျှံပယ် ခံစားရလိမ့်မယ်။ မင်းဟာ ဖြောင့်မတ်ခြင်းတရားမှာ တည်မြဲနေလိမ့်မယ်။ . . . ဘာကိုမှ ကြောက်ရမှာ မဟုတ်ဘူး။ ကြောက်စရာအကြောင်း လုံးဝ ရှိမှာ မဟုတ်ဘူး။ ကြောက်လန့်စရာတွေ မင်းအနား ရောက်လာမှာ မဟုတ်ဘူး” ဆိုတဲ့ ကျမ်းစကားလည်း ပြည့်စုံနေတယ်။ (ဟေရှာ. ၅၄:၁၃၊ ၁၄) ယေဟောဝါလူမျိုးရဲ့ ပညာပေးလုပ်ငန်းကို “ဒီလောကစနစ်ရဲ့ ဘုရား” စာတန်တောင် မတားနိုင်ဘူး။ (၂ ကော. ၄:၄) စင်ကြယ်တဲ့ ဝတ်ပြုရေး ထွန်းကားနေပြီ။ နောက်တစ်ခါ တိမ်ကောသွားမှာ မဟုတ်ဘူး။ ထာဝစဉ် အညွန့် တလူလူ ဖြစ်နေမှာ။ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး။

ဖြစ်လာမယ့် အရာတွေ

၁၁။ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွားတဲ့အခါ လူအုပ်ကြီး ပစ်ထားခံရမှာ မဟုတ်ကြောင်း ဘာက စိတ်ချစေသလဲ။

၁၁ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွားတဲ့အခါ ဘာဖြစ်မလဲ။ ယေရှုဟာ ကျွန်တော်တို့ရဲ့ သိုးထိန်း၊ ခရစ်ယာန် အသင်းတော်ရဲ့ ဦးခေါင်းဆိုတာ သတိရပါ။ “ခင်ဗျားတို့မှာ ခရစ်တော်ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်” လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ (မ. ၂၃:၁၀) နန်းထိုင် ဘုရင် တာဝန်ကျေပါလိမ့်မယ်။ ခရစ်တော်ကိုယ်တိုင် ဦးဆောင်လမ်းပြနေတာမို့ မြေကြီးပေါ်က နောက်လိုက်တွေ ကြောက်စရာအကြောင်း လုံးဝ မရှိဘူး။ အဲဒီအချိန် ခရစ်တော် ဘယ်လို ဦးဆောင်လမ်းပြမလဲ အသေးစိတ်တော့ မသိဘူး။ ဒါပေမဲ့ နှစ်သိမ့်မှု ဖြစ်စေနိုင်တဲ့ ကျမ်းမှတ်တမ်းတချို့ သုံးသပ်ကြည့်ရအောင်။

၁၂။ (က) မောရှေ သေဆုံးပြီးနောက် လူမျိုးတော်ကို ယေဟောဝါ ဘယ်လို ဂရုစိုက်သလဲ။ (ခ) ဧလိယ တာဝန် ပြောင်းသွားပြီးနောက် လူမျိုးတော်ကို ယေဟောဝါ ဘယ်လို ဂရုစိုက်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၂ အစ္စရေးလူမျိုး ကတိထားရာပြည် မဝင်ခင်လေးမှာ မောရှေ ဆုံးသွားတယ်။ အစ္စရေးတွေ ဘာဖြစ်သွားသလဲ။ သစ္စာရှိ မောရှေ မရှိတော့တာနဲ့ပဲ ပစ်ထားခံလိုက်ရသလား။ မခံရဘူး။ သူတို့ သစ္စာရှိနေသရွေ့ ယေဟောဝါ ထောက်မတယ်။ သူတို့ကို ဦးဆောင်မယ့် တာဝန် ယောရှုကို လွှဲပေးဖို့ မောရှေ မသေဆုံးခင် ယေဟောဝါ ညွှန်ကြားတယ်။ အဲဒီအချိန်မှာ ယောရှုကို မောရှေ လေ့ကျင့်ပေးထားတာ နှစ်ဆယ်ချီနေပြီ။ (ထွ. ၃၃:၁၁။ တရား. ၃၄:၉) ဒါ့အပြင် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသဖြင့် အရည်အချင်းရှိ ခေါင်းဆောင် အများကြီး ရှိတယ်။ (တရား. ၁:၁၅) ဘုရားလူမျိုး ပစ်ထားမခံရဘူး။ ဧလိယအကြောင်းလည်း စဉ်းစားကြည့်ပါ။ စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ ဘုရားလူမျိုးကို နှစ်ဆယ်ချီ ရှေ့ကနေ ဦးဆောင်တယ်။ ဒါပေမဲ့ ယုဒပြည် တောင်ပိုင်းမှာ ယေဟောဝါ ပြောင်းအမှုဆောင်ခိုင်းတယ်။ (၂ ဘု. ၂:၁။ ၂ ရာ. ၂၁:၁၂) အစ္စရေး ဆယ်နွယ်နိုင်ငံက သစ္စာရှိသူတွေ ပစ်ထားခံလိုက်ရသလား။ မခံရဘူး။ ဧလိရှဲကို ဧလိယ နှစ်နဲ့ချီ လေ့ကျင့်ပေးထားတယ်။ နောက်ကနေ လိုက်ပြီး ပညာသင်ထားတဲ့ “ပရောဖက်” တွေလည်း ရှိတယ်။ (၂ ဘု. ၂:၇) ဘုရားလူမျိုးကို ဒီသစ္စာရှိ အမျိုးသားတွေ ဆက်ကူညီပေးကြတယ်။ မိမိရည်ရွယ်ချက်ကို ယေဟောဝါ ဆက်ပြည့်စုံစေတယ်။ သစ္စာရှိ ဝတ်ပြုသူတွေကို ဆက်ဂရုစိုက်တယ်။

တာဝန် ဆက်ခံမယ့်သူ အသီးသီးကို မောရှေ (ဘယ်ဘက် ရုပ်ပုံ) နဲ့ ဧလိယ (ညာဘက် ရုပ်ပုံ) လေ့ကျင့်ပေးနေ (စာပိုဒ် ၁၂ ကို ကြည့်ပါ)


၁၃။ ဟီဘရူး ၁၃:၅ မှာ ယေဟောဝါ ဘာကတိပေးထားသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ နောက်ဆုံးဘိသိက်ခံ ကောင်းကင် ရောက်သွားတဲ့အခါကော ဘာဖြစ်လာမယ်လို့ ထင်သလဲ။ မြေကြီးပေါ်က ကျေးကျွန်တွေကို ယေဟောဝါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူးလို့ ကျမ်းစာမှာ အာမခံထားတယ်။ (ဟီဘရူး ၁၃:၅ ကို ဖတ်ပါ။) မောရှေ၊ ဧလိယတို့လိုပဲ ဒီနေ့အချိန်မှာ ဘုရားလူမျိုးကို ဦးဆောင်နေတဲ့ ဘိသိက်ခံ ခရစ်ယာန် အုပ်စုလေးဟာ လေ့ကျင့်ပေးခြင်းရဲ့ အရေးကြီးမှုကို သဘောပေါက်တယ်။ ဒါကြောင့် တခြားသိုးထဲက အမျိုးသားတွေကို လေ့ကျင့်ပေးနေတာ နှစ်ချီနေပြီ။ အကြီးအကဲ၊ နယ်လှည့်ကြီးကြပ်မှူး၊ ဌာနခွဲ ကော်မတီဝင်၊ ဗေသလ ကြီးကြပ်မှူး၊ သာသနာပြုတွေ၊ တခြားသူတွေကို လေ့ကျင့်ဖို့ သင်တန်း အများကြီး စီစဉ်ပေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီ အသီးသီးရဲ့ အကူတွေကို လက်ထပ် သင်ကြားပေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီ အကူတွေဟာ တာဝန်ကြီးတွေ သစ္စာရှိရှိ ထမ်းဆောင်နေကြတယ်။ ခရစ်တော်ရဲ့ သိုးတွေကို ဆက်စောင့်ရှောက်ပေးဖို့ ကောင်းကောင်း လေ့ကျင့်ခံထားကြရတာပဲ။

အကူတွေကို အုပ်ချုပ်ရေးအဖွဲ့ လေ့ကျင့်ပေးနေ။ ကမ္ဘာတစ်ဝန်းက အကြီးအကဲ၊ နယ်လှည့်ကြီးကြပ်မှူး၊ ဌာနခွဲ ကော်မတီဝင်၊ ဗေသလ ကြီးကြပ်မှူး၊ သာသနာပြုတွေကို လေ့ကျင့်ဖို့ သင်တန်းတွေ စီစဉ်ပေးနေ (စာပိုဒ် ၁၃ ကို ကြည့်ပါ)


၁၄။ ဆွေးနွေးခဲ့သမျှ အနှစ်ချုပ် ပြောပြပါ။

၁၄ ဆွေးနွေးခဲ့သမျှ အနှစ်ချုပ်က ဘာလဲ။ ကြီးစွာသောဒုက္ခ အဆုံးပိုင်းမှာ နောက်ဆုံးဘိသိက်ခံ ကောင်းကင် ရောက်သွားတဲ့အခါ မြေကြီးပေါ်က ဘုရားကျေးကျွန်တွေ ဘုရားကို သစ္စာရှိရှိ ဆက်ဝတ်ပြုနေကြမယ်။ ယေရှုခရစ် ဦးဆောင်နေတဲ့အတွက် အိုးနင်းခွက်နင်း ဖြစ်နေကြမှာ မဟုတ်ဘူး။ မာဂေါဂပြည်က ဂေါဂမင်းလို့ ခေါ်တဲ့ နိုင်ငံပေါင်းစုံ မဟာမိတ် တိုက်ခိုက်တာတော့ ခံရမှာပေါ့။ (ယေဇ. ၃၈:၁၈-၂၀) ဒါပေမဲ့ အဲဒီတိုက်ခိုက်မှု တိုမယ်၊ အရေးနိမ့်မယ်။ ယေဟောဝါကို လူမျိုးတော် ဆက်ဝတ်မပြုအောင် နှောင့်ယှက်နိုင်မှာ မဟုတ်ဘူး။ မိမိလူမျိုးကို ဘုရား သေချာပေါက် ကယ်မယ်။ တခြားသိုးအဝင် “လူအုပ်ကြီး” “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာ” တာကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ (ဗျာ. ၇:၉၊ ၁၄) ဘေးကင်းကြမယ်ဆိုတဲ့ သဘောပါပဲ။

၁၅-၁၆။ ဗျာဒိတ် ၁၇:၁၄ အရ အာမဂေဒုန်စစ်ပွဲမှာ ခရစ်တော်ရဲ့ ဘိသိက်ခံတွေ ဘာလုပ်ကြမလဲ။ ဘာကြောင့် အားရှိစရာကောင်းသလဲ။

၁၅ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွားပြီးနောက် ဘာလုပ်ကြမလဲလို့ တချို့ စဉ်းစားမိမယ်။ ကျမ်းစာမှာ တိုက်ရိုက် အဖြေပေးထားတယ်။ လောကအစိုးရတွေ “သိုးသငယ်နဲ့ စစ်တိုက်လိမ့်မယ်။” ဒါပေမဲ့ “သိုးသငယ်ဟာ . . . သူတို့ကို အောင်မြင်လိမ့်မယ်။” သိုးသငယ်ကို ဘယ်သူတွေ ကူညီမလဲ။ “ခေါ်ယူရွေးချယ်ခံရတဲ့ သစ္စာရှိသူတွေ” ပါ။ (ဗျာဒိတ် ၁၇:၁၄ ကို ဖတ်ပါ။) အဲဒါ ဘယ်သူတွေလဲ။ ရှင်ပြန်ထမြောက်သွားတဲ့ ဘိသိက်ခံတွေ။ ဒီတော့ ကြီးစွာသောဒုက္ခ အဆုံးပိုင်းမှာ နောက်ဆုံး ဘိသိက်ခံ ကောင်းကင်ကို စုသိမ်းခံရပြီးနောက် ဘိသိက်ခံတွေ ဦးဆုံး ရမယ့် တာဝန်က စစ်တိုက်ဖို့ပါ။ သိပ်ထူးခြားတဲ့ တာဝန်ပဲ။ ဘိသိက်ခံတချို့ဟာ ယေဟောဝါသက်သေ ဖြစ်မလာခင်က ထိုးမယ် ကြိတ်မယ်ဆိုသူတွေ။ တချို့ဆိုရင် စစ်သားတွေ။ ခရစ်ယာန်စစ် ဖြစ်လာတော့ ငြိမ်သက်ခြင်းလမ်းမှာ လျှောက်ကြတယ်။ (ဂလ. ၅:၂၂။ ၂ သက်. ၃:၁၆) တိုက်ချင်ခိုက်ချင်စိတ် ဖျောက်လိုက်ကြတယ်။ ကောင်းကင်ကို ရှင်ပြန်ထမြောက်ပြီးနောက်မှာတော့ ဘုရားရန်သူတွေကို အပြီးသတ် တိုက်မယ့် စစ်ပွဲမှာ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့အတူ တိုက်ပွဲဝင်ကြရမယ်။

၁၆ စဉ်းစားကြည့်ပါ–မြေကြီးပေါ်မှာတုန်းက ဘိသိက်ခံ ခရစ်ယာန်တချို့ဆိုရင် အသက်ကြီးကြီး၊ တုန်ချည့်တုန်ချည့်တွေ။ ဒါပေမဲ့ ကောင်းကင်ကို ရှင်ပြန်ထမြောက်ပြီးတာနဲ့ မသေနိုင်တဲ့ တန်ခိုးကြီး နာမ်ဝိညာဉ်သားတွေ ဖြစ်လာကြမယ်။ ဘုရင် ယေရှုခရစ်နဲ့အတူ တိုက်ပွဲဝင်ကြမယ်။ အာမဂေဒုန်စစ်ပွဲ ပြီးသွားရင် လူတွေ စုံလင်လာအောင် ကူညီပေးကြမယ်။ ချစ်ရတဲ့ ညီအစ်ကို/မတွေကို မြေကြီးပေါ်မှာတုန်းက မစုံလင်တဲ့ လူသားတွေအဖြစ် ကူညီပေးနိုင်ခဲ့တာထက် အများကြီး ပိုကူညီပေးနိုင်ကြမယ်။

၁၇။ အာမဂေဒုန်စစ်ပွဲအတွင်း ဘုရားကျေးကျွန်အားလုံး ဘေးကင်းမယ်ဆိုတာ ဘယ်လို သိရသလဲ။

၁၇ သင်ဟာ တခြားသိုးအဝင်ဆိုရင် အာမဂေဒုန်စစ်ပွဲ စတဲ့အခါ ဘာလုပ်ရမလဲ။ ယေဟောဝါကို ယုံကြည်ကိုးစားပါ။ ညွှန်ကြားချက် လိုက်နာပါ။ ညွှန်ကြားချက်ထဲမှာ ဘာပါနိုင်သလဲ။ “အတွင်းခန်းတွေထဲ ဝင်သွားပြီး တံခါးပိတ်ထားကြ။ ငါ့အမျက် ပြေသွားချိန်အထိ ခဏလေး ပုန်းရှောင်နေကြပါ” လို့ ကျမ်းစာမှာ ဆိုတယ်။ (ဟေရှာ. ၂၆:၂၀) ကောင်းကင်၊ မြေကြီးပေါ်က သစ္စာရှိ ဘုရားကျေးကျွန်အားလုံး အဲဒီအချိန်မှာ ဘေးကင်းကြမယ်။ “အစိုးရအာဏာဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်လာမယ့်အရာဖြစ်စေ . . . ဘုရားသခင် ပြတဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်မှန်း” တမန်တော် ပေါလု ယုံသလို တထစ်ချ ယုံနိုင်တယ်။ (ရော. ၈:၃၈၊ ၃၉) သင့်ကို ယေဟောဝါ ချစ်တယ်၊ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူးဆိုတာ အမြဲ သတိရပါ။

သင် ဘယ်လို ဖြေမလဲ

  • နောက်ဆုံးဘိသိက်ခံ ခရစ်ယာန် ကောင်းကင် ရောက်သွားတဲ့အခါ ဘာဖြစ်မှာ မဟုတ်သလဲ။

  • နောက်ဆုံးဘိသိက်ခံ ခရစ်ယာန် ကောင်းကင် ရောက်သွားတဲ့အခါ စင်ကြယ်တဲ့ ဝတ်ပြုရေး တိမ်ကောသွားမှာ မဟုတ်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။

  • နောက်ဆုံးဘိသိက်ခံ ခရစ်ယာန် ကောင်းကင် ရောက်သွားတဲ့အခါ လူမျိုးတော်ကို ယေဟောဝါ ဂရုစိုက်မယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

သီချင်း ၄၉ ယေဟောဝါသည် ငါတို့ခိုလှုံရာ