လေ့လာရန် ဆောင်းပါး ၆

သီချင်း ၉ ငါတို့ဘုရား ယေဟောဝါအားချီးမွမ်းကြ

“ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းကြ”

“ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းကြ”

“ယေဟောဝါရဲ့ ကျွန်တို့၊ ဘုရားကို ချီးမွမ်းကြ။ ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းကြ။”ဆာ. ၁၁၃:၁

အာရုံစိုက်ရာ

အခွင့်အရေး ရတိုင်း ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမည်ကို ချီးမွမ်းဖို့ ဘာက လှုံ့ဆော်ပေးသလဲ။

၁-၂။ နာမည်ဖျက်ခံရတာနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစားရသလဲ။ ဥပမာ ပေးပါ။

 သိပ်ချစ်ရသူတစ်ယောက် ကိုယ့်ကို နာမည်ဖျက်တယ် ဆိုပါစို့။ မဟုတ်ကို အဟုတ် လုပ်ပြီး ပြောနေမှန်း ကိုယ်သိပေမဲ့ တချို့ ယုံသွားပြီ။ ပိုဆိုးတာက အဲဒီလူတွေပါ ဖောက်သည် ချနေလို့ တော်တော် ပျံ့နေပြီ။ သင် ဘယ်လို ခံစားရမလဲ။ နာမည်ကောင်း မပျက်ချင်သူ၊ တခြားသူတွေကို အညာမမိစေချင်သူမို့ စိတ်မကောင်းဖြစ်မိမှာပဲ။—ပညာ. ၂၂:၁

နာမည်ဖျက်ခံရချိန်မှာ ယေဟောဝါ ဘယ်လို ခံစားရမယ်ဆိုတာ ဒီဥပမာက သဘောပေါက်စေတယ်။ ဘုရားအကြောင်း ပထမ လူမိန်းမ ဧဝကို ဘုရားသားတစ်ပါး လိမ်ပြောတယ်။ ဧဝ ယုံသွားတယ်။ ခင်ပွန်း အာဒံနဲ့ ပေါင်းပြီး ဘုရားကို ပုန်ကန်တယ်။ ဒါကြောင့် လူအားလုံး အပြစ်သားတွေ ဖြစ်ပြီး သေကြရတယ်။ (က. ၃:၁-၆။ ရော. ၅:၁၂) သေခြင်း၊ စစ်၊ စိတ်ဆင်းရဲစရာတွေ အပါအဝင် ကမ္ဘာပေါ်က ပြဿနာအားလုံးဟာ ဧဒင်ဥယျာဉ်မှာ စာတန် ဖွလိုက်တဲ့ အလိမ်အညာစကားကြောင့် ပေါ်လာတာ။ အလိမ်အညာစကားကြောင့်၊ ပေါ်လာတဲ့ ပြဿနာတွေကြောင့် ယေဟောဝါ စိတ်ထိခိုက်တယ်။ ဒါပေမဲ့ အံကြိတ်ခံပြင်းမနေဘူး။ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်နေဆဲပဲ။—၁ တိ. ၁:၁၁

၃။ ကျွန်တော်တို့မှာ ဘာအခွင့်ထူး ရှိသလဲ။

ယေဟောဝါ နာမည်ဖျက်ခံရတာကို ဝိုင်းဖြေရှင်းဖို့ ကျွန်တော်တို့မှာ အခွင့်ထူး ရှိတယ်။ “ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်း” ခြင်းအားဖြင့်ပါ။ (ဆာ. ၁၁၃:၁) ယေဟောဝါအကြောင်း တခြားသူတွေကို အမှန်အတိုင်း ပြောပြခြင်းအားဖြင့် ချီးမွမ်းနိုင်တယ်။ သင် အဲဒီလို ချီးမွမ်းချင်သလား။ အားပါးတရ ချီးမွမ်းချင်စိတ် ပေါ်လာစေမယ့် အချက်သုံးချက် သုံးသပ်ကြည့်ရအောင်။

နာမတော် ချီးမွမ်းတဲ့အခါ ယေဟောဝါ ဝမ်းသာ

၄။ ကျွန်တော်တို့ ချီးမွမ်းတဲ့အခါ ယေဟောဝါ ဘာကြောင့် ဝမ်းသာသလဲ။ ဥပမာ ပေးပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

နာမတော် ချီးမွမ်းတဲ့အခါ ကောင်းကင်ဘုံစံ အဖ ဝမ်းသာတယ်။ (ဆာ. ၆၉:၃၀၊ ၃၁) မြှောက်ပေးရင် အားတက်သွားတဲ့၊ ကျေနပ်သွားတဲ့ အမြှောက်ကြိုက်တွေနဲ့ တူနေသလား။ မတူပါဘူး။ ဖခင်ကို သမီးငယ် ပြေးဖက်ပြီး “ဖေဖေက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ” လို့ ပြောတယ် ဆိုပါစို့။ ဖခင် ကျေနပ်ပီတိဖြစ်သွားတယ်။ ကလေးစကားကို ကြံဖန် ကျေနပ်နေတာလား။ အမြှောက်ကြိုက်တာလား။ မဟုတ်ဘူး။ မိမိကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း သမီးလေး ကိုယ့်စိတ်နဲ့ကိုယ် ပြလာလို့ ဝမ်းသာသွားတာ။ ချစ်တတ်တဲ့၊ ကျေးဇူးသိတတ်တဲ့ သမီးလေးမို့ ကောင်းစားမယ်ဆိုတာ စိတ်ချသွားတာ။ ကျွန်တော်တို့ ချီးမွမ်းတဲ့အခါ အကြီးမြတ်ဆုံး ဖခင် ယေဟောဝါ ဝမ်းသာတာလည်း ဒီအကြောင်းရင်းတွေကြောင့်ပဲ။

ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ကိုယ့်သားသမီး ပြတဲ့အခါ ဖခင် ဝမ်းသာသလို နာမတော်ကို ကျွန်တော်တို့ ချီးမွမ်းတဲ့အခါ ယေဟောဝါ ဝမ်းသာ (စာပိုဒ် ၄ ကို ကြည့်ပါ)


၅။ ယေဟောဝါကို ချီးမွမ်းတဲ့အခါ ဘယ်အလိမ်အညာကို ချေပရာ ရောက်သလဲ။

ကောင်းကင်ဘုံစံ အဖကို ချီးမွမ်းတာဟာ ကျွန်တော်တို့ တစ်ယောက်စီနဲ့ပတ်သက်နေတဲ့ စာတန့်အလိမ်အညာကို ချေပရာ ရောက်တယ်။ ဘယ်သူမှ အနစ်နာခံပြီး ဘုရားနာမည် မကာကွယ်ဘူး၊ ဘုရားကို သစ္စာမရှိဘူး၊ ကျောခိုင်းလို့ အကျိုးရှိမယ် ထင်ရင် ကျောခိုင်းမယ့်သူချည်းပဲလို့ စာတန် ပြောတယ်။ (ယောဘ ၁:၉-၁၁။ ၂:၄) စာတန် မှားကြောင်း သစ္စာရှိ ယောဘ သက်သေပြနိုင်ခဲ့တယ်။ ကျွန်တော်တို့ ယောက်တိုင်းလည်း ဘုရားအပေါ် သစ္စာရှိခြင်းအားဖြင့် ဘုရားနာမည် ကာကွယ်နိုင်တယ်။ ဘုရားစိတ် ရွှင်လန်းစေနိုင်တယ်။ (ပညာ. ၂၇:၁၁) ဒါ တကယ့် အခွင့်ထူးပဲ။

၆။ ဘုရင် ဒါဝိဒ်နဲ့ လေဝိအမျိုးသားတွေကို ဘယ်လို အတုယူနိုင်သလဲ။ (နေဟမိ ၉:၅)

ဘုရားကို ချစ်သူတွေဟာ ဘုရားနာမည်ကို စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းချင်ကြတယ်။ “ယေဟောဝါကို ချီးမွမ်းပါရစေ။ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို စိတ်ရော ကိုယ်ပါ ချီးမွမ်းပါရစေ” လို့ ဘုရင် ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၀၃:၁) နာမတော်ကို ချီးမွမ်းတာဟာ ယေဟောဝါကို ချီးမွမ်းတာ ဖြစ်ကြောင်း ဒါဝိဒ် သဘောပေါက်တယ်။ နာမတော် ကြားတာနဲ့ ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲ၊ ဘာအရည်အသွေးတွေ ရှိသလဲ၊ ဘာအံ့ဩစရာကောင်းတာတွေ လုပ်သလဲ တစ်တွဲတည်း ပါလာလို့ပဲ။ အဖဘုရားရဲ့ နာမည် သန့်ရှင်းမြင့်မြတ်တယ်လို့ ဒါဝိဒ် သဘောထားတယ်။ “စိတ်ရော ကိုယ်ပါ ချီးမွမ်း” ချင်တယ်။ လေဝိအမျိုးသားတွေလည်း ယေဟောဝါကို ချီးမွမ်းရာမှာ ဦးဆောင်ကြတယ်။ နာမတော် သန့်ရှင်းမြင့်မြတ်လွန်းလို့ ထိုက်သင့်သလောက် ချီးမွမ်းဂုဏ်တင်နိုင်မှာ မဟုတ်ကြောင်း နှိမ့်ချမှုရှိရှိ အသိအမှတ်ပြုကြတယ်။ (နေဟမိ ၉:၅ ကို ဖတ်ပါ။) နှိမ့်ချမှုရှိရှိ၊ စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းကြလို့ ယေဟောဝါ သိပ်ဝမ်းသာမှာပဲ။

၇။ အမှုဆောင်မှာ၊ နေ့စဉ် အသက်တာမှာ ယေဟောဝါကို ဘယ်လို ချီးမွမ်းနိုင်သလဲ။

ကျွန်တော်တို့လည်း ယေဟောဝါကို စိတ်ရွှင်လန်းစေနိုင်တယ်။ ယေဟောဝါကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ထင်ဟပ်တဲ့နည်းနဲ့ ပြောဆိုခြင်းအားဖြင့်ပါ။ အမှုဆောင်တဲ့အခါ ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်ဟာ ချစ်ဖခင် ယေဟောဝါကို လူတွေ ရင်းနှီးချင်လာအောင်၊ ကျွန်တော်တို့ မြင်သလို မြင်လာအောင် ကူညီပေးဖို့ ဖြစ်တယ်။ (ယာ. ၄:၈) ဒါကြောင့် ယေဟောဝါရဲ့ မေတ္တာ၊ တရားမျှတမှု၊ ဉာဏ်ပညာ၊ တန်ခိုး၊ တခြားအရည်အသွေးတွေအကြောင်း ကျမ်းစာ ဘယ်လို ဖော်ပြထားသလဲ ဝမ်းသာအားရ ပြောပြကြတယ်။ ယေဟောဝါကို ချီးမွမ်းချင်လို့၊ စိတ်ရွှင်လန်းစေချင်လို့ အတတ်နိုင်ဆုံး အတုယူကြတယ်။ (ဧ. ၅:၁) လောက,က လူတွေနဲ့ ကွဲထွက်နေလို့ လူတွေ သတိထားမိလာနိုင်တယ်။ အကြောင်းရင်း သိချင်လာနိုင်တယ်။ (မ. ၅:၁၄-၁၆) နေ့စဉ် အသက်တာမှာ လှုပ်ရှားသွားလာရင်း အခွင့်အရေး ရရင် ရသလို အကြောင်းရင်း ရှင်းပြနိုင်တယ်။ ရလဒ်အနေနဲ့ စိတ်ရင်းမှန်သူတွေ ဘုရားနဲ့ ရင်းနှီးချင်လာကြတယ်။ ဒီနည်းတွေနဲ့ ချီးမွမ်းတဲ့အခါ ယေဟောဝါ စိတ်ရွှင်လန်းတယ်။—၁ တိ. ၂:၃၊ ၄

နာမတော် ချီးမွမ်းတဲ့အခါ ယေရှု ဝမ်းသာ

၈။ နာမတော် ချီးမွမ်းရာမှာ ယေရှုဟာ ဘာကြောင့် အကောင်းဆုံး စံနမူနာရှင် ဖြစ်သလဲ။

ကောင်းကင်၊ မြေကြီးပေါ်မှာ အဖဘုရားအကြောင်း သားယေရှုလောက် ဂဃနဏ သိသူ မရှိဘူး။ (မ. ၁၁:၂၇) အဖဘုရားကို ယေရှု ချစ်တယ်။ နာမတော် ချီးမွမ်းရာမှာ စံနမူနာ ပြတယ်။ (ယော. ၁၄:၃၁) မသေဆုံးခင်ည ဆုတောင်းချိန်မှာ “အဖရဲ့ နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြပါပြီ” လို့ ပြောတယ်။ ဒါဟာ မြေကြီး အမှုဆောင်ချိန်အတွင်း ယေရှု လုပ်ခဲ့သမျှမှာ အရေးကြီးဆုံးပဲ။ (ယော. ၁၇:၂၆) ဘယ်နည်းနဲ့ အဖနာမည်ကို သိစေသလဲ။

၉။ ဘာဥပမာ သုံးပြီး အဖဘုရားအကြောင်း အကောင်းဆုံး နည်းနဲ့ ယေရှု ရှင်းပြသလဲ။

ဘုရားနာမည် ယေဟောဝါဆိုတာလောက်ပဲ ယေရှု မပြောဘူး။ ဘုရားနာမည် ဂျူးတွေ သိပြီးသားပဲ။ ဒါကြောင့် “အဖဘုရားအကြောင်း ရှင်းပြတယ်။” (ယော. ၁:၁၇၊ ၁၈) ဥပမာ၊ ယေဟောဝါဟာ ကရုဏာ ရှိပြီး သနားစာနာတတ်တယ်လို့ ဟီဘရူး ကျမ်းစောင်တွေမှာ ဖော်ပြတယ်။ (ထွ. ၃၄:၅-၇) ဒီအချက်ကို သားမိုက် ဥပမာ သုံးပြီး အကောင်းဆုံး နည်းနဲ့ ယေရှု ရှင်းပြတယ်။ သားဖြစ်သူ နောင်တရပြီး ပြန်လာတာကို ဖခင် “အဝေးကနေ လှမ်းမြင်တဲ့အခါ” ပြေးဖက်ကြောင်း၊ ခွင့်လွှတ်ကြောင်း ဖတ်ရတော့ ယေဟောဝါရဲ့ ကရုဏာ၊ သနားစာနာမှုကို ကျွန်တော်တို့ ကွက်ကွက်ကွင်းကွင်း သဘောပေါက်လာတယ်။ (လု. ၁၅:၁၁-၃၂) ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲဆိုတာ အကောင်းဆုံး နည်းနဲ့ ယေရှု ရှင်းပြလိုက်တာပဲ။

၁၀။ (က) အဖနာမည် ယေရှု သုံးကြောင်း၊ တခြားသူတွေကိုလည်း သုံးစေချင်ကြောင်း ဘယ်လို သိရသလဲ။ (မာကု ၅:၁၉) (ရုပ်ပုံကိုလည်း ကြည့်ပါ။) (ခ) ကျွန်တော်တို့ကို ယေရှု ဘာလုပ်စေချင်သလဲ။

၁၀ တခြားသူတွေကိုကော အဖနာမည် ယေရှု သုံးစေချင်သလား။ သုံးစေချင်တယ်။ ဘုရားနာမည် အသံထွက် ခေါ်တာ ရိုင်းတယ်လို့ အဲဒီခေတ်က ဘာသာရေး ခေါင်းဆောင်တချို့ ထင်ကြပေမဲ့ အဖနာမည် ယေရှု မသုံးဘဲ မနေဘူး။ ဂေရသနယ်က နတ်ဆိုးပူးသူကို ကုပေးချိန်အကြောင်း စဉ်းစားကြည့်ပါ။ လူတွေ ကြောက်လန့်လာပြီး အဲဒီနယ်ကနေ ထွက်သွားခိုင်းလို့ ယေရှု ထွက်သွားတယ်။ (မာ. ၅:၁၆၊ ၁၇) ဒါပေမဲ့ အဲဒီနယ်က လူတွေကို အဖနာမည် သိစေချင်တယ်။ ဒါကြောင့် ဝေဒနာ သက်သာသွားပုံအကြောင်း တခြားသူတွေကို ပြောပြဖို့ နတ်ဆိုးပူးဖူးသူကို မှာတယ်။ ပြောတဲ့အခါ ယေရှု လုပ်ပေးခဲ့တာတွေလို့ မပြောဘဲ ယေဟောဝါဘုရား လုပ်ပေးခဲ့တာတွေလို့ ပြောခိုင်းတယ်။ (မာကု ၅:၁၉ ကို ဖတ်ပါ။) a ဒီနေ့လည်း ကမ္ဘာတစ်ဝန်းမှာ အဖနာမည် သိအောင် လိုက်ပြောပြစေချင်တယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ကျွန်တော်တို့ လိုက်ပြောပြတဲ့အခါ ဘုရင် ယေရှု ဝမ်းသာတယ်။

ယေဟောဝါ လုပ်ပေးခဲ့တာတွေအကြောင်း လူတွေကို ပြောဖို့ နတ်ဆိုးပူးဖူးသူကို ယေရှု မှာ (စာပိုဒ် ၁၀ ကို ကြည့်ပါ)


၁၁။ ဘယ်လို ဆုတောင်းဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးသလဲ။ အဲဒီလို ဆုတောင်းဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ယေဇကျေလ ၃၆:၂၃)

၁၁ နာမည်ဖျက်ခံထားရတာကို ယေဟောဝါ ရှင်းချင်တယ်ဆိုတာ ယေရှု သိတယ်။ နာမတော် သန့်ရှင်းမြင့်မြတ်ရေးဟာ သက်ရှိတိုင်းနဲ့ ဆိုင်တဲ့ အရေးကြီးဆုံး ကိစ္စပဲ။ (ယေဇကျေလ ၃၆:၂၃ ကို ဖတ်ပါ။) ဒါကြောင့် “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” လို့ ဆုတောင်းဖို့ နောက်လိုက်တွေကို သင်ပေးတယ်။ (မ. ၆:၉) နာမတော် သန့်ရှင်းမြင့်မြတ်ဖို့ စကြဝဠာမှာ ယေရှုလောက် ကြိုးပမ်းသူ မရှိဘူး။ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို စော်ကားတာ၊ ဖျက်တာဟာ အဆိုးရွားဆုံး အပြစ်လို့ ခံယူထားတာ။ ဒါတောင် အဖမ်းခံရချိန်မှာ ဘယ်လို စွဲချက် တင်ခံရသလဲ။ ဘုရားကို စော်ကားပြောဆိုသူတဲ့။ အဲဒီလို စွဲချက် တင်ခံရမှာ၊ ဒီစွဲချက်နဲ့ ပြစ်ဒဏ် ပေးခံရမှာမို့ တော်တော် စိတ်ထိခိုက်မှာပဲ။ ဒါဟာ အဖမ်းမခံရခင် အချိန်နာရီတွေမှာ “မချိတင်ကဲ ခံစားရ” တဲ့ အဓိက အကြောင်းရင်း ဖြစ်နိုင်တယ်။—လု. ၂၂:၄၁-၄၄

၁၂။ အဖနာမည် ဖျက်ခံထားရတာကို အကောင်းဆုံး နည်းနဲ့ ယေရှု ဘယ်လို ရှင်းလိုက်သလဲ။

၁၂ နောက်ဆုံးအချိန်နာရီတွေမှာ စာတန် ဖိတိုက်ခိုက်တာကို ယေရှု ခံရတယ်။ (လု. ၂၂:၂-၄။ ၂၃:၃၃၊ ၃၄) ဒါပေမဲ့ အဆုံးစွန်ထိ အဖကို နာခံသူမို့ ရှက်စရာအကြောင်း မရှိမှန်း သိတယ်။ (ဟီ. ၁၂:၂) အဖနာမည် ဖျက်ခံထားရတာ ရှင်းနိုင်ဖို့ ကျိတ်မှိတ်ပြီး နှိပ်စက်ခံတယ်။ စော်ကားခံတယ်။ အသရေဖျက်ခံတယ်။ ယေရှု သမာဓိ ချိုးဖောက်အောင် လုပ်နိုင်မယ်လို့ အပိုင်တွက်ထားတဲ့ စာတန် ခွက်ခွက်လန် ရှုံးသွားတယ်။ စာတန်ဟာ အကြံပက်စက်တဲ့ မုသာကောင် ဖြစ်ကြောင်း၊ အပြင်းထန်ဆုံး စမ်းသပ်မှု ကြုံတာတောင် သမာဓိ စောင့်ထိန်းတဲ့ ကျေးကျွန်တွေ ယေဟောဝါမှာ ရှိကြောင်း ယေရှု သက်သေပြလိုက်လို့ပဲ။

၁၃။ နန်းထိုင် ဘုရင်ကို ဘယ်လို ဝမ်းသာစေနိုင်သလဲ။

၁၃ နန်းထိုင် ဘုရင်ကို သင် ဝမ်းသာစေချင်သလား။ ဝမ်းသာစေချင်ရင် ယေဟောဝါရဲ့ နာမည် ဆက်ချီးမွမ်းပါ။ ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲ တခြားသူတွေ သိအောင် ကူညီပေးပါ။ ဒါ ယေရှုခြေရာ နင်းနေတာပဲ။ (၁ ပေ. ၂:၂၁) ယေရှုလိုပဲ ယေဟောဝါစိတ် ရွှင်လန်းစေရာ ရောက်တယ်။ ရန်သူ စာတန်ဟာ အောက်တန်းကျတဲ့ မုသာကောင် ဖြစ်ကြောင်း သက်သေပြရာ ရောက်တယ်။

နာမတော် ချီးမွမ်းတဲ့အခါ တခြားသူတွေ ကယ်တင်ခြင်းရ

၁၄-၁၅။ ယေဟောဝါအကြောင်း လူတွေကို သင်ပေးတဲ့အခါ ဘာအံ့ဩစရာကောင်းတာတွေ မြင်လာရနိုင်သလဲ။

၁၄ နာမတော် ချီးမွမ်းတာဟာ တခြားသူတွေ ကယ်တင်ခြင်း ရအောင် ကူညီပေးနေတာပဲ။ ဘာကြောင့်လဲ။ “မယုံကြည်သူတွေရဲ့ ဉာဏ်မျက်စိကို” စာတန် “ကွယ်စေ” တယ်။ (၂ ကော. ၄:၄) ရလဒ်အနေနဲ့ ဘုရား မရှိဘူး၊ ဘုရားနဲ့ မရင်းနှီးနိုင်ဘူး၊ လူတွေကို ဘုရား ဂရုမစိုက်ဘူး၊ ရက်စက်တယ်၊ လူဆိုးတွေကို ထာဝစဉ် ညှဉ်းဆဲတယ်စတဲ့ စာတန့်အလိမ်အညာတွေကို လူတွေ ယုံသွားကြတယ်။ အလိမ်အညာအားလုံး ရည်ရွယ်တာ တစ်ခုတည်းပဲ။ ယေဟောဝါကို နာမည်ဖျက်ချင်လို့၊ ယေဟောဝါနဲ့ လူတွေ မရင်းနှီးစေချင်လို့ပဲ။ ဒါပေမဲ့ အဖဘုရားအကြောင်း လူတွေကို ကျွန်တော်တို့ အမှန်အတိုင်း သင်ပေးကြတယ်။ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ချီးမွမ်းကြတယ်။ ဒါက စာတန့်အကြံကို ပျက်စေတယ်။ လူတွေကို အကျိုးရစေတယ်။ ဘာအကျိုးလဲ။

၁၅ ကျမ်းစာ အမှန်တရားဟာ သိပ်အစွမ်းထက်တယ်။ ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲ လူတွေကို သင်ပေးတဲ့အခါ အံ့ဩစရာကောင်းတာ ကျွန်တော်တို့ မြင်လာရတယ်။ စာတန်ကြောင့် ဉာဏ်မျက်စိ ကွယ်နေသူတွေ ဉာဏ်မျက်စိ ပွင့်လာကြတယ်။ ချစ်ဖခင်ကို ကျွန်တော်တို့ မြင်သလို မြင်လာကြတယ်။ ဘုရားရဲ့ အတိုင်းအဆမဲ့ တန်ခိုးအကြောင်း သိပြီး အံ့ဩသွားကြတယ်။ (ဟေရှာ. ၄၀:၂၆) တရားမျှတတဲ့ ဘုရားကို ယုံကြည်ကိုးစားလာကြတယ်။ (တရား. ၃၂:၄) ဉာဏ်ပညာ ကြီးမားတဲ့ ဘုရားဆီကနေ အများကြီး သင်ယူကြရတယ်။ (ဟေရှာ. ၅၅:၉။ ရော. ၁၁:၃၃) ဘုရားဟာ ချစ်ခြင်းမေတ္တာ ဖြစ်မှန်း သိရလို့ နှစ်သိမ့်မှု ရကြတယ်။ (၁ ယော. ၄:၈) ဘုရားနဲ့ ရင်းနှီးလာတာနဲ့အမျှ ဘုရားသားသမီးအဖြစ် ထာဝစဉ် အသက်ရှင်ရမယ်ဆိုတဲ့ မျှော်လင့်ချက် သေချာလာကြတယ်။ ကောင်းကင်ဘုံစံ အဖနဲ့ လူတွေ ရင်းနှီးလာအောင် ကူညီပေးရတာ အခွင့်ထူးပါပဲ။ အဲဒီလို ကူညီပေးတဲ့အခါ ကျွန်တော်တို့ကို “လုပ်ဖော်ဆောင်ဖက်တွေ” လို့ ဘုရား သတ်မှတ်တယ်။—၁ ကော. ၃:၅၊

၁၆။ ဘုရားနာမည် သိလိုက်ရလို့ တချို့ ဘယ်လို ပြောင်းလဲသွားသလဲ။ တွေ့ကြုံမှု ပြောပြပါ။

၁၆ စစချင်းမှာတော့ ဘုရားနာမည် ယေဟောဝါဆိုတာလောက်ပဲ လူတွေကို သင်ပေးနိုင်မယ်။ ဒါပေမဲ့ ဘုရားနာမည် သိရုံနဲ့တင် စိတ်ရင်းမှန်သူတွေ ပြောင်းလဲလာနိုင်တယ်။ ဥပမာ၊ အလီယာ b လို့ ခေါ်တဲ့ မိန်းကလေးဟာ ခရစ်ယာန် မိသားစုမှာ ကြီးပြင်းလာသူ မဟုတ်ဘူး။ သူ ယုံကြည်သက်ဝင်တဲ့ ဘာသာတရားကို အားမရဘူး။ ဘုရားနဲ့ ရင်းနှီးတယ်လို့ မခံစားရဘူး။ သက်သေခံတွေနဲ့ ကျမ်းစာ လေ့လာပြီးနောက်မှာတော့ ဘုရားကို မိတ်ဆွေအဖြစ် မြင်လာတယ်။ ကျမ်းစာကနေ ဘုရားနာမည် ဖယ်ထုတ်ခံရတာ၊ သခင်လိုမျိုး ဘွဲ့တွေနဲ့ အစားထိုးခံရတာ သိတော့ လန့်သွားတယ်။ ယေဟောဝါရဲ့ နာမည် သိလိုက်ရလို့ ဘဝတစ်ဆစ်ချိုး ပြောင်းသွားတယ်။ “ကျွန်မ အခင်ရဆုံး မိတ်ဆွေမှာ နာမည် ရှိတယ်တဲ့။ ရင်ထဲ နွေးထွေးသွားလိုက်တာ။ ဘုရားနာမည် သိရတာ တကယ့် အခွင့်ထူးပဲ” လို့ ပြောတယ်။ ရှေးရိုးစွဲ ဂျူးအသိုင်းအဝိုင်းက ဂီတသမား စတိဗ်အကြောင်းလည်း စဉ်းစားကြည့်ပါ။ အရေခြုံမှုတွေ မြင်ပြီး ဘယ်ဘာသာရေး အသင်းအဖွဲ့ထဲမှ မဝင်ချင်တော့ဘူး။ ဒါပေမဲ့ ပူဆွေးဝမ်းနည်းစရာ အဖြစ်ဆိုး ကြုံပြီးနောက် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာမှုမှာ ဝင်ထိုင်တယ်။ ဘုရားနာမည် သိလိုက်ရလို့ စိတ်ထိမိသွားတယ်။ “ဘုရားနာမည် တစ်ခါမှ မကြားဖူးဘူး။ ဘုရား တကယ် ရှိပါလားလို့ ဦးဆုံးအကြိမ် ခံစားလိုက်ရတယ်။ တကယ့် ပုဂ္ဂိုလ်လို မြင်လာတယ်။ မိတ်ဆွေတစ်ယောက် ရသွားသလိုပဲ” လို့ ပြောတယ်။

၁၇။ ယေဟောဝါရဲ့ နာမည်ကို ဆက်ချီးမွမ်းဖို့ ဘာကြောင့် ဆုံးဖြတ်ထားသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၇ လူတွေကို ဟောပြောသွန်သင်တဲ့အခါ ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမည် ပြောပြသလား။ ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲ သိအောင် ကူညီပေးသလား။ ဒါ ဘုရားနာမည်ကို ချီးမွမ်းနေတာပဲ။ ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲ သိအောင် ကူညီပေးခြင်းအားဖြင့် သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ဆက်ချီးမွမ်းကြပါ။ ဒါဆိုရင် တခြားသူတွေ ကယ်တင်ခြင်း ရဖို့ ကူညီပေးရာ ရောက်မယ်။ ဘုရင် ခရစ်တော် ယေရှုနောက် လိုက်ရာ ရောက်မယ်။ ချစ်ဖခင် ယေဟောဝါ ဝမ်းသာမယ်။ “နာမတော်ကို အစဉ်ထာဝရ ချီးမွမ်း” နိုင်ကြပါစေ။—ဆာ. ၁၄၅:၂

ဘုရားနာမည်အကြောင်း၊ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း လူတွေကို ပြောပြခြင်းအားဖြင့် နာမတော်ကို ကျွန်တော်တို့ ချီးမွမ်း (စာပိုဒ် ၁၇ ကို ကြည့်ပါ)

သင် ဘယ်လို ဖြေမလဲ

  • နာမတော် ချီးမွမ်းတာက ဘယ်လိုနည်းနဲ့ ယေဟောဝါကို ဝမ်းသာစေသလဲ။

  • နာမတော် ချီးမွမ်းတာက ဘယ်လိုနည်းနဲ့ ခရစ်တော် ယေရှုကို ဝမ်းသာစေသလဲ။

  • နာမတော် ချီးမွမ်းတာက ဘယ်လိုနည်းနဲ့ တခြားသူတွေကို ကယ်တင်ခြင်း ရစေသလဲ။

သီချင်း ၁ ယေဟောဝါ၏ဂုဏ်ရည်တော်များ

a ယေရှုရဲ့ ဒီစကားကို မာကု မှတ်တမ်းတင်တုန်းက ဘုရားနာမည် သုံးခဲ့ကြောင်း အထောက်အထား ခိုင်လုံတယ်။ ဒါကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်း မှာ ဘုရားနာမည် ပြန်ထည့်ထားတယ်။

b အမည်လွှဲများ။