လေ့လာရန် ဆောင်းပါး ၇

သီချင်း ၇ ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်း

နာဇရိလူတွေဆီကနေ သင်ယူနိုင်ရာများ

နာဇရိလူတွေဆီကနေ သင်ယူနိုင်ရာများ

“နာဇရိသစ္စာခံချိန် တစ်လျှောက်လုံးမှာ သူဟာ ယေဟောဝါအတွက် သန့်ရှင်းတယ်။”တော. ၆:၈

အာရုံစိုက်ရာ

ယေဟောဝါကို ဝတ်ပြုရာမှာ ကိုယ်ကျိုးစွန့် စိတ်ဓာတ် ရှိဖို့၊ သတ္တိရှိဖို့ နာဇရိလူတွေရဲ့ စံနမူနာက ဘယ်လို ကူညီပေးနိုင်သလဲ။

၁။ ခေတ်အဆက်ဆက် ဘုရားကျေးကျွန်တွေမှာ ဘာသဘောထား ရှိသလဲ။

 ယေဟောဝါဘုရားကို သင် ချစ်သလား။ သိပ်ချစ်မှာပါ။ ယေဟောဝါကို ချစ်တဲ့သူတွေ ခေတ်အဆက်ဆက် အများကြီး ရှိတယ်။ (ဆာ. ၁၀၄:၃၃၊ ၃၄) ရှေးအစ္စရေးခေတ်က နာဇရိလူတွေဆိုရင် ကိုယ်ကျိုးစွန့်ပြီး ယေဟောဝါကို ဝတ်ပြုကြတာ။ သူတို့ ဘယ်သူတွေလဲ။ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

၂။ (က) နာဇရိလူတွေဟာ ဘယ်သူတွေလဲ။ (တောလည်ရာ ၆:၁၊ ၂) (ခ) အစ္စရေးတချို့ ဘာကြောင့် နာဇရိသစ္စာခံသလဲ။

“နာဇရိလူ” ဆိုတာ “ရွေးချယ်ထားသူ၊” “သီးသန့်ဖယ်ထားခံရသူ၊” “ဆက်ကပ်ထားသူ” လို့ အဓိပ္ပာယ်ရတဲ့ ဟီဘရူး စကားလုံးကနေ ဆင်းသက်လာတယ်။ ဒါကြောင့် ထူးထူးခြားခြား ကိုယ်ကျိုးစွန့်ပြီး ယေဟောဝါကို ဝတ်ပြုခဲ့ကြတဲ့ အစ္စရေးတွေကို နာဇရိလူလို့ ခေါ်တာ သိပ်ကိုက်တယ်။ မောရှေပညတ်အရ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အချိန်အတိုင်းအတာတစ်ခုအထိ နာဇရိလူအဖြစ် အထူး သစ္စာကတိပြုပြီး နေနိုင်တယ်။ a (တောလည်ရာ ၆:၁၊ ၂ ကို ဖတ်ပါ။) နာဇရိသစ္စာခံထားသူဟာ တခြားအစ္စရေးတွေ လိုက်နာစရာ မလိုတဲ့ လမ်းညွှန်ချက်တွေ လိုက်နာရတယ်။ ဒါဆိုရင် ဘာကြောင့် နာဇရိသစ္စာခံသလဲ။ ယေဟောဝါကို သိပ်ချစ်လို့၊ ဘုရားပေး ကောင်းချီးတွေအတွက် ကျေးဇူးတင်လို့ ဖြစ်နိုင်တယ်။—တရား. ၆:၅။ ၁၆:၁၇

၃။ ဒီနေ့ခေတ် ဘုရားကျေးကျွန်တွေဟာ နာဇရိလူတွေနဲ့ ဘယ်လို တူသလဲ။

မောရှေပညတ်ကို “ခရစ်တော်ရဲ့ တရား” နဲ့ အစားထိုးလိုက်ချိန်မှာ နာဇရိလူ အစီအစဉ် အဆုံးတိုင်သွားတယ်။ (ဂလ. ၆:၂။ ရော. ၁၀:၄) ဒါပေမဲ့ ဒီနေ့ခေတ် ဘုရားကျေးကျွန်တွေဟာ နာဇရိလူတွေလိုပဲ စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အား ရှိသမျှနဲ့ အမှုဆောင်ချင်ကြတယ်။ (မာ. ၁၂:၃၀) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံခြင်းအားဖြင့် ယေဟောဝါဆီ လိုလိုလားလား သစ္စာကတိပြုကြတယ်။ သစ္စာကတိ တည်နိုင်ဖို့ဆိုရင် ဘုရားအလို ဆောင်ရမယ်။ ကိုယ်ကျိုးစွန့်ရမယ်။ နာဇရိလူတွေ သစ္စာကတိ ဘယ်လို တည်သလဲ သုံးသပ်တဲ့အခါ ကိုယ်လည်း သစ္စာကတိ ဘယ်လို တည်နိုင်မလဲ သိလာမယ်။ bမ. ၁၆:၂၄

ကိုယ်ကျိုးစွန့်ပါ

၄။ တောလည်ရာ ၆:၃၊ ၄ အရ နာဇရိလူတွေ ဘယ်လို ကိုယ်ကျိုးစွန့်ကြသလဲ။

တောလည်ရာ ၆:၃၊ ၄ ကို ဖတ်ပါ။ နာဇရိလူဟာ အရက်ယမကာ မှန်သမျှ၊ စပျစ်ပင်က ရသမျှ ရှောင်ရတယ်။ စပျစ်သီး အစိမ်းရော အခြောက်ပါ မစားရဘူး။ တခြားအစ္စရေးတွေကတော့ စပျစ်ပင်ထွက် ပစ္စည်းတွေ စားကြ၊ သောက်ကြတယ်။ မှားမှ မမှားပဲကိုး။ “လူ့စိတ်ကို ပျော်ရွှင်စေတဲ့ စပျစ်ဝိုင်” ဟာ ဘုရားပေး လက်ဆောင် ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ဆာ. ၁၀၄:၁၄၊ ၁၅) စိတ်ပျော်စေတဲ့ အရာတွေ ဖြစ်ပေမဲ့ နာဇရိလူတွေ ကျေကျေနပ်နပ် ရှောင်ကြတယ်။ c

နာဇရိလူတွေလို ကိုယ်ကျိုးစွန့်ဖို့ သင် တလိုတလား ရှိသလား (စာပိုဒ် ၄-၆ ကို ကြည့်ပါ)


၅။ မီဒီယမ်နဲ့ မာစယ်လာ ဘယ်လို ကိုယ်ကျိုးစွန့်ကြသလဲ။ ဘာကြောင့်လဲ။

ကျွန်တော်တို့လည်း ဘုရားအမှု ပိုဆောင်နိုင်အောင် နာဇရိလူတွေလို ကိုယ်ကျိုးစွန့်ကြတယ်။ မီဒီယမ်နဲ့ ဇနီး မာစယ်လာအကြောင်း စဉ်းစားကြည့်ပါ။ d ညီအစ်ကို မီဒီယမ် အလုပ်အကိုင်၊ ဝင်ငွေ ကောင်းလို့ တိုက်ခန်းကောင်းကောင်းနဲ့ နေနိုင်ကြတယ်။ ဒါပေမဲ့ ဘုရားအမှု ပိုဆောင်ချင်လို့ အပြောင်းအလဲတချို့ လုပ်ကြတယ်။ “အသုံးအစွဲ လျှော့တယ်။ တိုက်ခန်းကျဉ်းမှာ ပြောင်းနေတယ်။ ကားရောင်းလိုက်တယ်” လို့ ပြောတယ်။ အဲဒီလို ကိုယ်ကျိုးမစွန့်လည်း ရပေမဲ့ ဘုရားအမှု ပိုဆောင်ချင်လို့ စွန့်ကြတယ်။ ဒါကြောင့် ကျေနပ်ပျော်ရွှင်ကြတယ်။

၆။ ဒီနေ့ခေတ် ခရစ်ယာန်တွေ ဘာကြောင့် ကိုယ်ကျိုးစွန့်ကြသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ဘုရားအမှုဆောင်ဖို့ အချိန် ပိုထွက်လာအောင် ဒီနေ့ခေတ် ခရစ်ယာန်တွေ ကျေကျေနပ်နပ် ကိုယ်ကျိုးစွန့်ကြတယ်။ (၁ ကော. ၉:၃-၆) မှားနေလို့ စွန့်တာ၊ ဘုရား တောင်းဆိုလို့ စွန့်တာ မဟုတ်ဘူး။ ယေဟောဝါအတွက် အကောင်းဆုံး ပေးဆက်ချင်လို့ စွန့်တာ။ တချို့ဆိုရင် လုပ်ချင်တဲ့ အလုပ် ရှိပေမဲ့ မလုပ်တော့ဘူး။ နေချင်တဲ့ အိမ် ရှိပေမဲ့ မနေတော့ဘူး။ မွေးချင်တဲ့ တိရစ္ဆာန် ရှိပေမဲ့ မမွေးတော့ဘူး။ တော်တော်နဲ့ အိမ်ထောင် မပြုဘူး၊ သားသမီး မယူဘူး။ မိသားစု၊ မိတ်ဆွေတွေနဲ့ ခွဲရပေမဲ့ ပိုလိုအပ်တဲ့ ဒေသမှာ သွားအမှုဆောင်တယ်။ ဘုရားအမှု ပိုဆောင်နိုင်အောင် သင် ကိုယ်ကျိုးစွန့်သမျှ ကြီးကြီးငယ်ငယ် ယေဟောဝါ သိပ်တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။—ဟီ. ၆:၁၀

တစ်မူကွဲထွက်နေဖို့ လိုလိုလားလား ရှိပါ

၇။ သစ္စာကတိ တည်ဖို့ နာဇရိလူတွေအတွက် ဘာကြောင့် ခက်နိုင်သလဲ။ (တောလည်ရာ ၆:၅) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

တောလည်ရာ ၆:၅ ကို ဖတ်ပါ။ နာဇရိလူဟာ ယေဟောဝါဆီ အပြည့်အဝ သစ္စာခံထားကြောင်း ပြတဲ့အနေနဲ့ ဆံပင် မဖြတ်ရဘူး။ ဒါကြောင့် သစ္စာခံချိန် ကြာရင် ကြာသလောက် ဆံပင် ရှည်နေမှာ။ အများနဲ့ မတူ ကွဲထွက်နေမှာ။ တခြားသူတွေ ဝိုင်းအားပေးကြ၊ လေးစားကြရင်တော့ ဒီလို ကွဲထွက်နေတာ ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ အစ္စရေးသမိုင်းမှာ နာဇရိလူတွေကို မလေးစားတဲ့၊ အားမပေးတဲ့ အချိန်တွေ ရှိတယ်။ ပရောဖက် အာမုတ်ခေတ်မှာ အယူဖောက်ပြန်တဲ့ အစ္စရေးတွေက “နာဇရိလူတွေကို စပျစ်ဝိုင် တိုက်တယ်။” စပျစ်ဝိုင် ရှောင်မယ်ဆိုတဲ့ နာဇရိသစ္စာ ပျက်စေချင်လို့ ဖြစ်နိုင်တယ်။ (အာ. ၂:၁၂) ဒါကြောင့် နာဇရိလူတွေ သစ္စာကတိ တည်ဖို့၊ အများနဲ့ မတူ ကွဲထွက်နေနိုင်ဖို့ သတ္တိ တကယ် လိုတယ်။

သစ္စာကတိအတိုင်း နေတဲ့ နာဇရိလူဟာ တစ်မူကွဲထွက်နေဖို့ တလိုတလား ရှိ (စာပိုဒ် ၇ ကို ကြည့်ပါ)


၈။ ဘင်ဂျမင်ရဲ့ တွေ့ကြုံမှုက သင့်ကို ဘယ်လို အားရှိစေသလဲ။

ကျွန်တော်တို့လည်း ပင်ကို ရှက်တတ်၊ ကြောက်တတ်ရင်တောင် ဘုရားအကူအညီနဲ့သာဆိုရင် အများနဲ့ မတူ ကွဲထွက်နေရဲမယ်။ နော်ဝေးနိုင်ငံက ဆယ်နှစ်အရွယ် ညီအစ်ကို ဘင်ဂျမင်အကြောင်း စဉ်းစားကြည့်ပါ။ စစ်ဘေးသင့် ယူကရိန်းနိုင်ငံသားတွေနဲ့အတူ ရပ်တည်ကြောင်း ပြတဲ့ အခမ်းအနား ကျောင်းမှာ လုပ်တယ်။ ကျောင်းသားတွေကို ယူကရိန်းနိုင်ငံတော်အလံ ကိုယ်စားပြုအရောင် ဝတ်ပြီး သီချင်း ဆိုခိုင်းတယ်။ အခမ်းအနားမှာ မပါရအောင် ခပ်လှမ်းလှမ်းမှာ ဘင်ဂျမင် အသာလေး သွားရပ်နေတယ်။ ဒါပေမဲ့ ဆရာမ တွေ့သွားပြီး “လာလေ။ အားလုံး စောင့်နေကြပြီ” လို့ ခေါ်တယ်။ “သားက နိုင်ငံရေးမှာ ကြားနေတယ်။ ဆန္ဒထုတ်ဖော်ပွဲတွေမှာ မပါဘူး။ သားတို့ ယေဟောဝါသက်သေတွေထဲမှာ စစ်ထဲ မဝင်လို့ ထောင်ကျနေတာ အများကြီးပဲ” လို့ သတ္တိမွေးပြီး ရှင်းပြလိုက်တယ်။ ရှင်းပြတာကို ဆရာမ လက်ခံပြီး အခမ်းအနားမှာ မပါခိုင်းတော့ဘူး။ ဒါပေမဲ့ ဘာကြောင့် မပါသလဲဆိုပြီး အတန်းဖော်တွေ ဝိုင်းမေးကြတယ်။ ဘင်ဂျမင် ကြောက်ပြီး ငိုမိမတတ်ပဲ။ ဒါပေမဲ့ ဆရာမကို ပြောပြတဲ့အတိုင်း သတ္တိမွေးပြီး တစ်တန်းလုံးကို ပြောပြတယ်။ အဲဒီလို ပြောရဲအောင် ယေဟောဝါ ကူညီပေးတယ်လို့ ခံစားရတဲ့အကြောင်း မိဘတွေကို နောက်ပိုင်းမှာ ပြောပြတယ်။

၉။ ဘယ်နည်းနဲ့ ယေဟောဝါစိတ်ကို ရွှင်လန်းစေနိုင်သလဲ။

ယေဟောဝါကို နာခံလို့ လောက,က လူတွေနဲ့ မတူဘဲ ကျွန်တော်တို့ ကွဲထွက်နေကြတယ်။ အလုပ်မှာ၊ ကျောင်းမှာ ယေဟောဝါသက်သေပါလို့ ပြောရဲဖို့ သတ္တိ လိုတယ်။ လောက,က လူတွေရဲ့ သဘောထား၊ အကျင့်အကြံ ဆိုးသည်ထက် ဆိုးလာလို့ ကျမ်းစာစံနှုန်းအတိုင်း အသက်ရှင်ဖို့၊ သတင်းကောင်း ပြောပြဖို့ ပိုခက်လာနိုင်တယ်။ (၂ တိ. ၁:၈။ ၃:၁၃) ဒါပေမဲ့ ဘုရားအမှု မဆောင်သူတွေနဲ့ မတူဘဲ သတ္တိရှိရှိ ကွဲထွက်နေရဲတာဟာ “[ယေဟောဝါ] စိတ်ကို ရွှင်လန်းစေ” တာ ဖြစ်ကြောင်း အမြဲ သတိရပါ။—ပညာ. ၂၇:၁၁။ မာလ. ၃:၁၈

ဘဝမှာ ယေဟောဝါကို ဦးစားထားပါ

၁၀။ တောလည်ရာ ၆:၆၊ ၇ မှာ ပါတဲ့ တောင်းဆိုချက်ကို လိုက်နာဖို့ နာဇရိလူအတွက် ဘာကြောင့် ခက်နိုင်သလဲ။

၁၀ တောလည်ရာ ၆:၆၊ ၇ ကို ဖတ်ပါ။ နာဇရိလူဟာ လူသေကောင်အနား မသွားရဘူး။ ဘာခက်လို့လဲဆိုပြီး ထင်မိမယ်။ ဒါပေမဲ့ ကျမ်းစာခေတ်က ဈာပနထုံးစံမှာ အလောင်းနား ကပ်ပြီး လုပ်ရတာတွေ ရှိတယ်။ ဒါကြောင့် မိသားစုရင်းချာ ဆုံးသွားတဲ့အခါ နာဇရိလူအတွက် တော်တော် ခက်မှာ။ (ယော. ၁၉:၃၉၊ ၄၀။ တ. ၉:၃၆-၄၀) နာဇရိသစ္စာ ခံထားလို့ ဈာပနထုံးစံတွေ လိုက်လို့ မရတော့ဘူး။ ပူဆွေးနေပေမဲ့ သစ္စာကတိ တည်ရတယ်။ ခံရပ်နိုင်ဖို့ ယေဟောဝါ ခွန်အားပေးမှာ သေချာတယ်။

၁၁။ မိသားစုကိစ္စနဲ့ပတ်သက်လာရင် ခရစ်ယာန်တွေ ဘာဆုံးဖြတ်ထားရမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၁ ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ဆက်ကပ်အပ်နှံခြင်းကတိကို အလေးအနက်ထားကြတယ်။ မိသားစုနဲ့ပတ်သက်ပြီး ဆုံးဖြတ်၊ ပြုမူတဲ့အခါ အဲဒီကတိ ထည့်စဉ်းစားကြတယ်။ မိသားစုတာဝန် ကျေဖို့ ကြိုးစားပေမဲ့ ယေဟောဝါအလိုထက် မိသားစုအလိုကို ဘယ်တော့မှ ရှေ့တန်းမတင်ကြဘူး။ (မ. ၁၀:၃၅-၃၇။ ၁ တိ. ၅:၈) ယေဟောဝါစိတ်နဲ့ တွေ့ဖို့ မိသားစု၊ ဆွေမျိုးတွေ သဘောမတွေ့မယ့် ဆုံးဖြတ်ချက် ချရနိုင်တယ်။

အခက်ခဲဆုံး အခြေအနေမှာတောင် ယေဟောဝါအလိုကို ဦးစားထားဖို့ သင် တလိုတလား ရှိသလား (စာပိုဒ် ၁၁ ကို ကြည့်ပါ) e


၁၂။ အလက်ဇန်းဒရူး ဘာလုပ်သလဲ။ ဘာမလုပ်သလဲ။

၁၂ အလက်ဇန်းဒရူးနဲ့ ဇနီး ဒိုရီနာအကြောင်း သုံးသပ်ကြည့်ပါ။ မောင်နှံစုံလိုက် ကျမ်းစာ တစ်နှစ် လေ့လာပြီးနောက် ဒိုရီနာ ဆက်မလေ့လာတော့ဘူး။ ခင်ပွန်းကိုလည်း ဆက်မလေ့လာစေချင်ဘူး။ ဒါပေမဲ့ ဆက်လေ့လာချင်တဲ့အကြောင်း အလက်ဇန်းဒရူး အေးအေးဆေးဆေး ပြောတယ်။ ဒိုရီနာ မကျေနပ်ဘူး။ မရမက လိုက်တားတယ်။ ဇနီးရဲ့ ခံစားချက်ကို နားလည်ပေးဖို့ ကြိုးစားပေမဲ့ တော်တော် အကျပ်ရိုက်တယ်လို့ အလက်ဇန်းဒရူး ပြောတယ်။ ဒိုရီနာ ပူညံပူညံ လုပ်လွန်းလို့၊ ကြမ်းကြမ်းတမ်းတမ်း ပြောလွန်းလို့ အလက်ဇန်းဒရူး ဆက်မလေ့လာဖို့ တွေးမိတဲ့အချိန်တွေတောင် ရှိတယ်။ ဒါပေမဲ့ ဘုရားကို ဦးစားထားတယ်။ တစ်ဖက်မှာ ဇနီးကိုလည်း မေတ္တာ၊ လေးစားမှု ပြတယ်။ အလက်ဇန်းဒရူးရဲ့ စံနမူနာကောင်းကြောင့် ဒိုရီနာ ကျမ်းစာ ပြန်လေ့လာပြီး နှစ်ခြင်းခံလိုက်တယ်။—“အမှန်တရားက ဘဝပုံစံတွေကို ပြောင်းလဲပေး” ဗီဒီယိုတွဲထဲက အလက်ဇန်းဒရူးနဲ့ ဒိုရီနာ ဝါကာ။ မေတ္တာဟာ စိတ်ရှည်တတ်တယ်၊ ကြင်နာတတ်တယ် ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

၁၃။ ယေဟောဝါကိုကော မိသားစုဝင်တွေကိုပါ မေတ္တာ ဘယ်လို ပြနိုင်သလဲ။

၁၃ မိသားစုဘဝ အစပြုရှင် ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ မိသားစုဘဝ သာယာစေချင်တယ်။ (ဧ. ၃:၁၄၊ ၁၅) သာယာချင်ရင် ဘုရားစကား နားထောင်ရမယ်။ မိသားစုကို မေတ္တာ၊ လေးစားမှု ပြရင်း မိမိကို ဝတ်ပြုဖို့ သင် ကိုယ်ကျိုးစွန့်သမျှ ဘုရား တန်ဖိုးထားတယ်။—ရော. ၁၂:၁၀

နာဇရိလူ စိတ်ဓာတ် ရှိဖို့ အချင်းချင်း အားပေးပါ

၁၄။ အထူးသဖြင့် ဘယ်သူတွေကို အားပေးစကား ပြောသင့်သလဲ။

၁၄ ယေဟောဝါကို ချစ်ရင် ကိုယ်ကျိုးစွန့်နိုင်ရမယ်။ တစ်ခါတလေတော့ မလွယ်ဘူး။ နာဇရိလူ စိတ်ဓာတ် ရှိဖို့ အချင်းချင်း အားပေးစကား ပြောရမယ်။ (ယောဘ ၁၆:၅) ဘုရားအမှု ပိုဆောင်ချင်လို့ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေသူတွေ အသင်းတော်မှာ ရှိသလား။ မလွယ်ပေမဲ့ ကျောင်းမှာ အများနောက် မလိုက်ဘဲ သတ္တိရှိရှိ ရပ်တည်နေတဲ့ လူငယ်လေးတွေကို သိသလား။ မိသားစု အတိုက်အခံ ကြုံရပေမဲ့ ဆက်သစ္စာရှိဖို့ ကြိုးစားနေတဲ့ ကျမ်းစာသင်သားတွေ၊ ညီအစ်ကို/မတွေ ရှိသလား။ အခွင့်အရေး ယူပြီး အားပေးစကား ပြောကြရအောင်။ သူတို့ရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်၊ သတ္တိကို တန်ဖိုးထားကြောင်း ပြကြရအောင်။—ဖိလေ. ၄၊ ၅၊

၁၅။ အချိန်ပြည့် အမှုဆောင်နေသူတွေကို တချို့ ဘယ်လို ကူညီကြသလဲ။

၁၅ အချိန်ပြည့် အမှုဆောင်နေသူတွေကို လက်တွေ့ကျကျ ကူညီပေးနိုင်တယ်။ (ပညာ. ၁၉:၁၇။ ဟီ. ၁၃:၁၆) သီရိလင်္ကာနိုင်ငံက သစ္စာရှိ သက်ကြီး ညီအစ်မအကြောင်း စဉ်းစားကြည့်ပါ။ ပင်စင် တိုးသွားတယ်။ အဲဒီအချိန်မှာပဲ ရှေ့ဆောင် ညီအစ်မငယ်နှစ်ယောက် ငွေကြေး ခက်ခဲနေတာ သတိထားမိသွားပြီး ကူညီပေးချင်လာတယ်။ ဒါနဲ့ လတိုင်း သူတို့အတွက် ဖုန်းဘေ ထောက်ပေးတယ်။ တကယ် စိတ်ထားလှတဲ့ ညီအစ်မပဲ။

၁၆။ ရှေးခေတ် နာဇရိလူ အစီအစဉ်ကနေ ဘာသိရသလဲ။

၁၆ ရှေးခေတ် နာဇရိလူ အစီအစဉ်ကနေ အများကြီး သင်ယူရတယ်။ ကောင်းကင်ဘုံစံအဖ ယေဟောဝါအကြောင်းလည်း သိလာရတယ်။ ကျွန်တော်တို့ ဘုရားစိတ်နဲ့ တွေ့ချင်ကြတယ်၊ ဆက်ကပ်အပ်နှံခြင်းကတိ တည်ဖို့ လိုလိုလားလား ကိုယ်ကျိုးစွန့်ချင်ကြတယ်ဆိုတာ ဘုရား စိတ်ချတယ်။ မိမိကို ချစ်ကြောင်း ဘယ်လို ပြမလဲဆိုတာ ရွေးချယ်ခွင့် ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို ဂုဏ်တင်တယ်။ (ပညာ. ၂၃:၁၅၊ ၁၆။ မာ. ၁၀:၂၈-၃၀။ ၁ ယော. ၄:၁၉) ကျွန်တော်တို့ ကိုယ်ကျိုးစွန့်တာကို သတိထားမိတယ်၊ တန်ဖိုးထားတယ်။ ဒါကြောင့် လိုလိုလားလား အကောင်းဆုံး ပေးဆက်ခြင်းအားဖြင့် ဘုရားအမှု ဆက်ဆောင်ဖို့ ဆုံးဖြတ်ထားကြရအောင်။

သင် ဘယ်လို ဖြေမလဲ

  • နာဇရိလူတွေ ဘယ်လို ကိုယ်ကျိုးစွန့်ကြသလဲ၊ သတ္တိရှိကြသလဲ။

  • နာဇရိလူ စိတ်ဓာတ် ရှိဖို့ အချင်းချင်း ဘယ်လို အားပေးနိုင်သလဲ။

  • ကျေးကျွန်တွေအပေါ် ထားတဲ့ ယေဟောဝါရဲ့ ယုံကြည်စိတ်ချမှုနဲ့ပတ်သက်ပြီး နာဇရိလူ အစီအစဉ်ကနေ ဘာသိရသလဲ။

သီချင်း ၁၈ ဘုရားသခင်၏တည်မြဲသောမေတ္တာ

a နာဇရိလူအဖြစ် နေဖို့ အစ္စရေးတချို့ကို ယေဟောဝါ ရွေးပေမဲ့ အများစုဟာ စိတ်လိုကိုယ်လျောက် နေသူတွေ ဖြစ်ပုံရတယ်။—“ ယေဟောဝါ ရွေးတဲ့ နာဇရိလူတွေ” လေးထောင့်ကွက်ကို ကြည့်ပါ။

b အချိန်ပြည့် အမှုဆောင်သူတွေကို နာဇရိလူတွေနဲ့ အဖွဲ့အစည်း စာပေမှာ နှိုင်းလေ့ရှိတယ်။ ဒီဆောင်းပါးမှာတော့ ဆက်ကပ်အပ်နှံပြီးသား ဘုရားကျေးကျွန်အားလုံး နာဇရိလူ စိတ်ဓာတ် ဘယ်လို ပြနိုင်မလဲ အာရုံစိုက်သွားပါမယ်။

c ပုံမှန်အားဖြင့် နာဇရိလူ သစ္စာကတိ တည်ဖို့ ထမ်းဆောင်ရမယ့် ထပ်ဆင့် တာဝန်ရယ်လို့ ရှိပုံမရဘူး။

d “ယေဟောဝါသက်သေတွေရဲ့ တွေ့ကြုံမှုများ” ဆောင်းပါးတွဲထဲက “ဘဝကို ရိုးရှင်းအောင် လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြ” ဆောင်းပါးကို jw.org မှာ ကြည့်ပါ။

e ပုံအညွှန်း– မိသားစုဝင်ရဲ့ ဈာပန အစီအစဉ်ကို ခေါင်မိုးပေါ်ကနေ နာဇရိလူ ကြည့်နေ။ နာဇရိသစ္စာ ခံထားလို့ အစီအစဉ်မှာ ပါလို့ မရ။