မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို စိတ်ရှည်ရှည်၊ ပျော်ပျော် စောင့်ပါ

ယေဟောဝါကို စိတ်ရှည်ရှည်၊ ပျော်ပျော် စောင့်ပါ

အဆိုး မှန်သမျှ ယေဟောဝါ ဖယ်ရှားပြီး အရာခပ်သိမ်းကို အသစ်ဖန်ဆင်းမယ့် အချိန် သင် ရောက်ချင်လှပြီလား။ (ဗျာ. ၂၁:၁-၅) ရောက်ချင်မှာ သေချာတယ်။ ဒါပေမဲ့ ယေဟောဝါကို စိတ်ရှည်ရှည် စောင့်ရတာ အမြဲ မလွယ်ဘူး။ အထူးသဖြင့်၊ အခက်အခဲ ကြုံနေရရင်ပေါ့။ မျှော်လင့်နေတဲ့အရာ ကြန့်ကြာနေရင် စိတ်အားလျော့လာနိုင်တယ်။—ပညာ. ၁၃:၁၂

သတ်မှတ်ထားချိန်မှာ ယေဟောဝါ အရေးယူဆောင်ရွက်ပေးမယ်။ အဲဒီအချိန်ကို စိတ်ရှည်ရှည် စောင့်စေချင်တယ်။ ဘာကြောင့်လဲ။ စောင့်နေတုန်း ပျော်ဖို့ ဘာက ကူညီပေးမလဲ။

ယေဟောဝါ ဘာကြောင့် စောင့်စေချင်သလဲ

“ယေဟောဝါက မင်းတို့ကို မျက်နှာသာ ပေးဖို့ စိတ်ရှည်ရှည် စောင့်နေတယ်။ မင်းတို့ကို ကရုဏာ ပြဖို့ ကြွလာမယ်။ ယေဟောဝါဟာ တရားမျှတတဲ့ ဘုရားသခင်ပဲ။ ဘုရားကို မျှော်လင့်စောင့်စားနေသူတွေ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ ကျမ်းစာ ဆိုတယ်။ (ဟေရှာ. ၃၀:၁၈) ခေါင်းမာတဲ့ ဂျူးတွေကို ဦးတည်ပြီး ဒီစကားတွေ ဟေရှာယ ရေးခဲ့တာ။ (ဟေရှာ. ၃၀:၁) ဒါပေမဲ့ ဂျူးတွေထဲမှာ သစ္စာရှိသူတချို့ ရှိတယ်။ ဒီစကားတွေက သူတို့ကို မျှော်လင့်ချက် ရှိစေသလို ဒီနေ့ခေတ် သစ္စာရှိ ကျေးကျွန်တွေကိုလည်း မျှော်လင့်ချက် ရှိစေတယ်။

ယေဟောဝါ စိတ်ရှည်ရှည် စောင့်နေမှတော့ ကျွန်တော်တို့လည်း စိတ်ရှည်ရှည် စောင့်ရမယ်။ ဒီလောကစနစ်ကို အဆုံးတိုင်စေမယ့်အချိန် ယေဟောဝါ သတ်မှတ်ပြီးပြီ။ အဲဒီနေ့၊ အဲဒီအချိန် ရောက်လာဖို့ စောင့်နေတယ်။ (မ. ၂၄:၃၆) ယေဟောဝါနဲ့ ဝတ်ပြုသူတွေကို မာရ်နတ် စွပ်စွဲထားတာတွေ မှားကြောင်း အဲဒီအချိန် ကွင်းကွင်းကွက်ကွက် ပေါ်လာမယ်။ စာတန်နဲ့ စာတန့်ဘက်တော်သားတွေကို ယေဟောဝါ ဖျက်ဆီးပစ်မယ်။ ကျွန်တော်တို့ကိုတော့ “ကရုဏာ ပြ” မယ်။

လောလောဆယ်တော့ အခက်အခဲတွေ ယေဟောဝါ ဖယ်ရှားမပေးဘူး။ ဒါပေမဲ့ စောင့်နေတုန်း ပျော်နိုင်တယ်လို့ အာမခံတယ်။ ဟေရှာယ ဖော်ပြသလိုပဲ ကောင်းတာ တစ်ခုခု ဖြစ်လာဖို့ မျှော်လင့်စောင့်စားနေတုန်း ပျော်ရွှင်ချမ်းမြေ့နိုင်တယ်။ (ဟေရှာ. ၃၀:၁၈) a ဘယ်လိုနည်းနဲ့လဲ။ အချက်လေးချက် သုံးသပ်ကြည့်ပါ။

စောင့်နေတုန်း ပျော်နိုင်မယ့် နည်း

ကောင်းတာတွေ အာရုံစိုက်ပါ။ ဘဝတစ်လျှောက် အဆိုးအများကြီး ဘုရင် ဒါဝိဒ် မြင်ရတယ်။ (ဆာ. ၃၇:၃၅) ဒါပေမဲ့ “ယေဟောဝါရှေ့မှာ နှုတ်ဆိတ်နေပါ။ ဘုရားကို မျှော်လင့်တကြီး စောင့်စားနေပါ။ မကောင်းကြံပြီး အောင်မြင်နေသူတွေကြောင့် စိတ်မပျက်ပါနဲ့” လို့ ပြောတယ်။ (ဆာ. ၃၇:၇) ဒါဝိဒ် အပြောနဲ့ အလုပ် ညီတယ်။ ကယ်တင်ပေးမယ်ဆိုတဲ့ ဘုရားကတိကို အာရုံစိုက်တယ်။ ဘုရားကောင်းချီးတွေကို အာရုံစိုက်တယ်။ (ဆာ. ၄၀:၅) ကျွန်တော်တို့လည်း အဆိုးတွေ မဟုတ်ဘဲ ကောင်းတာတွေ အာရုံစိုက်ရင် ယေဟောဝါကို စောင့်ဖို့ ပိုလွယ်မယ်။

ယေဟောဝါကို ချီးမွမ်းဖို့ အခွင့်အရေးတိုင်းကို အသုံးချပါ။ “ကိုယ်တော့်ကို အမြဲ စောင့်မျှော်နေမယ်။ အရင်ကထက် ပိုချီးမွမ်းမယ်” လို့ ဆာလံ ၇၁ ရေးသူ ဒါဝိဒ် ပြောတယ်။ (ဆာ. ၇၁:၁၄) ယေဟောဝါကို ဒါဝိဒ် ဘယ်လို ချီးမွမ်းသလဲ။ ယေဟောဝါအကြောင်း တခြားသူတွေကို ပြောပြတယ်။ ချီးမွမ်းသီချင်း ဆိုတယ်။ (ဆာ. ၇၁:၁၆၊ ၂၃) ကျွန်တော်တို့လည်း အမှုဆောင်မှာ၊ နေ့စဉ် စကားဝိုင်းမှာ ယေဟောဝါအကြောင်း ပြောနိုင်တယ်။ ချီးမွမ်းသီချင်း ဆိုနိုင်တယ်။ နောက်တစ်ခါ နိုင်ငံတော်သီချင်း ဆိုတဲ့အခါ အားရှိစရာ စာသားတွေကို အာရုံစိုက်ပါ။ ဒါဆိုရင် ဒါဝိဒ်လိုပဲ ယေဟောဝါကို စောင့်နေတုန်း ပျော်နိုင်မယ်။

ညီအစ်ကို/မတွေဆီကနေ အားယူပါ။ အခက်အခဲတွေ ကြုံပေမဲ့ “သစ္စာစောင့်သိသူတွေရှေ့မှာ နာမတော်ကို မျှော်လင့်နေပါ့မယ်” လို့ ဒါဝိဒ် ပြောတယ်။ (ဆာ. ၅၂:၉) ကျွန်တော်တို့လည်း ညီအစ်ကို/မတွေဆီကနေ အားယူနိုင်တယ်။ အစည်းအဝေး၊ အမှုဆောင်မှာမှ မဟုတ်ဘဲ ပေါင်းသင်းချိန်တွေကနေလည်း အားယူနိုင်တယ်။—ရော. ၁:၁၁၊ ၁၂

မျှော်လင့်ချက် ရှင်သန်နေစေပါ။ “ငါကတော့ တိတ်တိတ်နေပြီး ဘုရားသခင်ကို စောင့်ဆိုင်းမယ်။ ဘုရားဟာ ငါ့ရဲ့ မျှော်လင့်ခြင်းပဲ” လို့ ဆာလံ ၆၂:၅ မှာ ဆိုထားတယ်။ အထူးသဖြင့်၊ မှန်းထားသလောက် အဆုံး မြန်မြန် ရောက်မလာတဲ့အခါ မျှော်လင့်ချက် ရှင်သန်နေဖို့ သိပ်အရေးကြီးတယ်။ ဘယ်လောက်ပဲ စောင့်ရပါစေ ယေဟောဝါရဲ့ ကတိတွေ တကယ် ပြည့်စုံလာမယ်ဆိုတာ ယုံရမယ်။ ကျမ်းစာ လေ့လာခြင်းအားဖြင့် မျှော်လင့်ချက် ရှင်သန်စေနိုင်တယ်။ ဥပမာ၊ ကျမ်းစာ ကြိုဟောချက်တွေ ပြည့်စုံလာပုံ၊ ကျမ်းစာ ရှေ့နောက် ညီညွတ်ပုံ၊ ယေဟောဝါအကြောင်း အသေးစိတ် ဖော်ပြထားပုံ လေ့လာနိုင်တယ်။ (ဆာ. ၁:၂၊ ၃) ဒါ့အပြင် ထာဝရအသက် ရမယ်ဆိုတဲ့ ကတိ ပြည့်စုံလာဖို့ စောင့်နေတုန်း ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ဆက်ရှိဖို့ “သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့အညီ ဆုတောင်း” နေရမယ်။—ယု. ၂၀၊ ၂၁

စောင့်မျှော်နေသူတွေကို ယေဟောဝါ ကြည့်ရှုနေတယ်၊ ခိုင်မြဲတဲ့ မေတ္တာ ပြတယ်ဆိုတာ ဘုရင် ဒါဝိဒ်လို စိတ်ချပါ။ (ဆာ. ၃၃:၁၈၊ ၂၂) ကောင်းတာတွေ အာရုံစိုက်ခြင်း၊ ဘုရားကို ချီးမွမ်းခြင်း၊ ညီအစ်ကို/မတွေဆီကနေ အားယူခြင်း၊ အဖိုးတန် မျှော်လင့်ချက် ရှင်သန်နေစေခြင်းအားဖြင့် ယေဟောဝါကို စိတ်ရှည်ရှည် ဆက်စောင့်နေပါ။

a မူရင်းဘာသာစကားမှာ “မျှော်လင့်စောင့်စား” လို့ ပြန်ဆိုထားတဲ့ စကားလုံးဟာ “တစ်ခုခု ဖြစ်လာဖို့ တောင့်တစောင့်မျှော်” လို့လည်း အဓိပ္ပာယ် ရတယ်။ အခက်အခဲတွေ ယေဟောဝါ အဆုံးတိုင်ပေးမယ့်အချိန်ကို မျှော်တလင့်လင့် ဖြစ်နေတာ မမှားကြောင်း ဒီစကားလုံးက ဖော်ပြတယ်။