မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ကျမ်းစာသားတွေ ဘာကြောင့် ထပ်သလဲ

စကားစုတစ်စုတည်းကို ကျမ်းရေးသူတွေ ထပ်ထပ် ဖော်ပြလေ့ရှိတယ်။ အကြောင်းရင်း သုံးခု သုံးသပ်ကြည့်ပါ–

ရေးတဲ့ ခေတ်။ ရှေးအစ္စရေးခေတ်မှာ လူအများစု ပညတ်ကျမ်း လက်ဝယ် မပိုင်ဆိုင်ကြဘူး။ တဲတော်မှာ၊ ဗိမာန်တော်မှာ အစ္စရေးတစ်မျိုးလုံး စုဝေးချိန် ပညတ်ကျမ်း ဖတ်ပြတော့မှပဲ နားထောင်ကြရတာ။ (တရား. ၃၁:၁၀-၁၂) လူအုပ်လိုက်ကြီး နာရီနဲ့ချီ မတ်တတ်ရပ် နားထောင်ရလို့ အာရုံပျံ့နိုင်တယ်။ (နေ. ၈:၂၊ ၃၊) ဒါကြောင့် အရေးကြီး စကားစုတွေကို ထပ်ထပ် ပြောပေးတာ။ ဒါက ကျမ်းစကားတွေ မှတ်မိဖို့၊ လိုက်နာဖို့ လွယ်ကူစေတယ်။ အထူးသဖြင့်၊ ဘုရားရဲ့ စည်းမျဉ်း၊ တရားစီရင်ချက် စတဲ့ အသေးစိတ် ကျတဲ့ ကိစ္စတွေ မှတ်မိစေတယ်။—ဝတ်. ၁၈:၄-၂၂။ တရား. ၅:၁

ရေးဟန်။ ကျမ်းစာ ၁၀ ရာခိုင်နှုန်းလောက်က သီချင်းတွေ။ ဥပမာ၊ ဆာလံ၊ ရှောလမုန်သီချင်း၊ မြည်တမ်းစကားတို့ ဖြစ်တယ်။ သီချင်းတွေမှာ ထပ်ကျော့ စာသားတွေ ပါလေ့ရှိတယ်။ ထပ်ကျော့ စာသားတွေက သီချင်း အဓိက အကြောင်းအရာကို ပေါ်လွင်စေတယ်။ စာသားတွေ အလွတ် မှတ်မိစေတယ်။ ဥပမာ၊ “အစ္စရေး၊ ယေဟောဝါကို ယုံကြည်ကိုးစားပါ။ ဘုရားဟာ မင်းတို့ရဲ့ ကူညီမစရှင်ပဲ၊ မင်းတို့ရဲ့ ဒိုင်းလွှားပဲ။ အာရုန်အမျိုး၊ ယေဟောဝါကို ယုံကြည်ကိုးစားပါ။ ဘုရားဟာ မင်းတို့ရဲ့ ကူညီမစရှင်ပဲ၊ မင်းတို့ရဲ့ ဒိုင်းလွှားပဲ။ ယေဟောဝါကို ကြောက်ရွံ့ရိုသေသူတို့၊ ယေဟောဝါကို ယုံကြည်ကိုးစားပါ။ ဘုရားဟာ မင်းတို့ရဲ့ ကူညီမစရှင်ပဲ၊ မင်းတို့ရဲ့ ဒိုင်းလွှားပဲ” ဆိုတဲ့ ဆာလံ ၁၁၅:၉-၁၁ မှာ ပါတဲ့ စာသားတွေကို သတိပြုပါ။ ဒီစာသားတွေ ထပ်ကျော့ သီဆိုတိုင်း သီချင်းသည်တွေရဲ့ စိတ်နှလုံးထဲ ယေဟောဝါနဲ့ပတ်သက်တဲ့ အဖိုးတန် အမှန်တရား ပဲ့တင်ထပ်နေမှာ သေချာတယ်။

ရေးတဲ့ အကြောင်းရင်း။ အရေးကြီး စကားစုတွေကို ကျမ်းရေးသူတွေ ထပ်ခါထပ်ခါ ဖော်ပြလေ့ရှိတယ်။ ဥပမာ၊ သွေးမစားဖို့ အစ္စရေးတွေကို မောရှေကတစ်ဆင့် ယေဟောဝါ ညွှန်ကြားချိန်မှာ အကြောင်းရင်းကို အကြိမ်ရေများစွာ ဖော်ပြတယ်။ အသက်ဟာ သွေးမှာ ရှိတယ်၊ အသက်ဟာ သွေး ဖြစ်တယ်ဆိုတာ အလေးပေးချင်လို့ပဲ။ (ဝတ်. ၁၇:၁၁၊ ၁၄) နောက်ပိုင်း၊ ဘုရားနှစ်သက်မှု ရဖို့ ခရစ်ယာန်တွေ ရှောင်ရမယ့်အရာတွေကို ဂျေရုဆလင်မြို့က တမန်တော်တွေ၊ အကြီးအကဲတွေ ဖော်ပြချိန်မှာလည်း သွေးရှောင်ဖို့ ထပ်ပါလာပြန်တယ်။—တ. ၁၅:၂၀၊ ၂၉

ကျမ်းစာမှာ စကားစုတချို့ ထပ်ထပ် ပါပေမဲ့ ကျမ်းစာသားတွေ ထပ်တလဲလဲ ရွတ်တာမျိုးတော့ ယေဟောဝါ မဖြစ်စေချင်ဘူး။ ဥပမာ၊ “ဆုတောင်းတဲ့အခါ . . . အကြောင်းအရာ တစ်မျိုးတည်းကို အထပ်ထပ် မရွတ်ပါနဲ့” လို့ ယေရှု ပြောတယ်။ (မ. ၆:၇) ဘုရားအလိုနဲ့ ညီတဲ့ ဆုတောင်းချက် ဖြစ်ဖို့ ထည့်တောင်းနိုင်တာတွေ ဖော်ပြတယ်။ (မ. ၆:၉-၁၃) ဆုတောင်းစကား တစ်မျိုးတည်းကို အထပ်ထပ် မရွတ်ပေမဲ့ အကြောင်းအရာ တစ်မျိုးတည်းအတွက် ခဏခဏ ဆုတောင်းလို့ ရပါတယ်။—မ. ၇:၇-၁၁

ကျမ်းစာမှာ စကားလုံး၊ စကားစုတချို့ ထပ်ထပ် ပါတာ အကြောင်းရင်း ရှိတယ်။ တစ်ခုကတော့ ကျွန်တော်တို့ကောင်းကျိုးအတွက် မဟာသွန်သင်ရှင် သွန်သင်ပေးတဲ့ နည်းတစ်နည်း ဖြစ်လို့ပဲ။—ဟေရှာ. ၄၈:၁၇၊ ၁၈