မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁၇

သီချင်း ၁၁၁ တို့ဝမ်းမြောက်ရတဲ့ အကြောင်းများ

ပုံဆောင်ပရဒိသုကနေ ဘယ်တော့မှ ထွက်မသွားပါနဲ့

ပုံဆောင်ပရဒိသုကနေ ဘယ်တော့မှ ထွက်မသွားပါနဲ့

“ငါ ဖန်ဆင်းနေတဲ့အရာအတွက် ထာဝစဉ် ရွှင်လန်းဝမ်းမြောက်ကြပါ။”ဟေရှာ. ၆၅:၁၈

အာရုံစိုက်ရာ

ပုံဆောင်ပရဒိသုထဲ ရှိနေလို့ ဘာအကျိုးတွေ ရသလဲ။ ပုံဆောင်ပရဒိသုထဲ တခြားသူတွေကို ဘယ်လို ဆွဲဆောင်နိုင်မလဲ။

၁။ ပုံဆောင်ပရဒိသုဆိုတာ ဘာလဲ။ ကျွန်တော်တို့ ဘာဆုံးဖြတ်ထားသင့်သလဲ။

 ဒီနေ့ ကမ္ဘာပေါ်မှာ လူသန်းချီ ပျားပန်းခတ် အလုပ်များနေတဲ့၊ သိပ်ငြိမ်းချမ်းသာယာတဲ့ အသိုက်အမြုံလေးတစ်ခု ရှိတယ်။ အဲဒီမှာ ရှိနေသူတွေဟာ ဘယ်တော့မှ ထွက်မသွားဖို့ ဆုံးဖြတ်ထားကြတယ်။ နောက်ထပ် လူအများကြီးကိုလည်း ရောက်လာစေချင်ကြတယ်။ အဲဒါကတော့ ပုံဆောင်ပရဒိသုပါ။ a

၂။ ပုံဆောင်ပရဒိသုဟာ ဘာကြောင့် ထူးခြားသလဲ။

အမုန်းအာဃာတတွေ၊ ဆိုးညစ်မှုတွေ၊ အန္တရာယ်တွေ အပြည့်ရှိတဲ့ နေရာအဖြစ် စာတန် ဖန်တီးထားတဲ့ လောကမှာ ပုံဆောင်ပရဒိသု ယေဟောဝါဘုရား ဖန်တီးပေးထားတာ သိပ်ထူးခြားတယ်။ (၁ ယော. ၅:၁၉။ ဗျာ. ၁၂:၁၂) လူတွေကို ဒီလောကစနစ်ဆိုး ဘယ်လောက် ဂယက်ရိုက်နေသလဲ ယေဟောဝါ သိတယ်။ ဒါပေမဲ့ မိမိလူမျိုးကို ပျော်ပျော်ရွှင်ရွှင် အမှုဆောင်စေချင်လို့ ငြိမ်သက်စည်းလုံးတဲ့ အသိုက်အမြုံလေး ပေးထားတယ်။ အေးချမ်းတဲ့ “ခိုနားစရာ၊” “ရေဝတဲ့ ဥယျာဉ်” လို့ ကျမ်းစာမှာ တင်စားထားတယ်။ (ဟေရှာ. ၄:၆။ ၅၈:၁၁) ခက်ခဲတဲ့ နောက်ဆုံးကာလအတွင်း အသက်ရှင်ရပေမဲ့ ပုံဆောင်ပရဒိသုထဲ ရှိနေသူတွေဟာ ဘုရားကောင်းချီးကြောင့် ငြိမ်သက်ပျော်ရွှင်ကြတယ်။—ဟေရှာ. ၅၄:၁၄။ ၂ တိ. ၃:၁

၃။ ရှေးအစ္စရေးခေတ်မှာ ဟေရှာယ အခန်းကြီး ၆၅ ဘယ်လို ပြည့်စုံသလဲ။

ပုံဆောင်ပရဒိသုအကြောင်း ပရောဖက် ဟေရှာယကတစ်ဆင့် ဟေရှာယ အခန်းကြီး ၆၅ မှာ ယေဟောဝါ ဖော်ပြတယ်။ နောင်တရတဲ့ ဂျူးတွေ ဗာဗုလုန်သုံ့ပန်းဘဝကနေ လွတ်မြောက်ပြီး ပြည်တော် ပြန်လာတဲ့ ဘီစီ ၅၃၇ မှာ ပရောဖက်ပြုချက် ဦးဆုံးအကြိမ် ပြည့်စုံတယ်။ ဂျေရုဆလင်မြို့ပျက် ပြန်လှလာအောင်၊ ဗိမာန်တော်ကို အစ္စရေးပြည်ရဲ့ စင်ကြယ်တဲ့ ဝတ်ပြုရေး အချက်အချာ ဖြစ်အောင် လုပ်ဖို့ မိမိလူမျိုးကို ယေဟောဝါ ကူညီပေးတယ်။ ကောင်းချီးပေးတယ်။—ဟေရှာ. ၅၁:၁၁။ ဇာ. ၈:၃

၄။ ဒီနေ့ခေတ်မှာ ဟေရှာယ အခန်းကြီး ၆၅ ဘယ်လို ပြည့်စုံနေသလဲ။

မဟာဗာဗုလုန်သုံ့ပန်းဘဝကနေ ခေတ်သစ် ဘုရားလူမျိုး လွတ်မြောက်လာတဲ့ ၁၉၁၉ ခုနှစ်မှာ ပရောဖက်ပြုချက် ဒုတိယအကြိမ် ပြည့်စုံလာတယ်။ အဲဒီအချိန်ကစပြီး ပုံဆောင်ပရဒိသုဟာ ကမ္ဘာတစ်ခွင် ကျယ်ပြန့်လာတယ်။ ပုံဆောင်ပရဒိသုထဲ ရှိနေသူတွေဟာ သတင်းကောင်း ထက်ထက်သန်သန် ကြေညာကြတယ်။ အသင်းတော်သစ်တွေ တည်ထောင်ကြတယ်။ ခရစ်ယာန် အရည်အသွေးတွေ ပြကြတယ်။ အကျင့်ပျက်တဲ့၊ ကြမ်းတမ်းတဲ့ ဘဝပုံစံ ရှိခဲ့သူတွေဟာ ‘အလိုတော်အတိုင်း ဘုရားသခင် ဖန်ဆင်းတဲ့ စရိုက်သစ်ကို ဝတ်ဆင်’ လာကြတယ်။ (ဧ. ၄:၂၄) ကမ္ဘာသစ်မှာ ဟေရှာယ ပရောဖက်ပြုချက် ပကတိသဘောနဲ့ ပြည့်စုံဦးမယ်။ ဒါပေမဲ့ ပုံဆောင်ပရဒိသုထဲ ရှိနေလို့ အခုကတည်းက အများကြီး အကျိုးရနေတယ်။ ဘာအကျိုးတွေ ရနေသလဲ။ ပုံဆောင်ပရဒိသုကနေ ဘာကြောင့် ထွက်မသွားသင့်သလဲ။

ပုံဆောင်ပရဒိသုထဲ ရှိသူတွေ အကျိုးရနေ

၅။ ဟေရှာယ ၆၅:၁၃ မှာ ကတိပေးထားတဲ့အတိုင်း ပုံဆောင်ပရဒိသုမှာ ဘာတွေ ပျော်မွေ့ခံစားနေရသလဲ။

အာဟာရပြည့် လန်းဆန်းမှု။ ပုံဆောင်ပရဒိသု အတွင်းနဲ့ အပြင် ဘယ်လောက် ကွာခြားကြောင်း ဟေရှာယ ပရောဖက်ပြုချက်မှာ ဖော်ပြထားတယ်။ (ဟေရှာယ ၆၅:၁၃ ကို ဖတ်ပါ။) ပုံဆောင်ပရဒိသုထဲ ရှိနေသူတွေ မိမိနဲ့ ရင်းနှီးဖို့ လိုအပ်သမျှ ယေဟောဝါ ဖောဖောသီသီ ပေးထားတယ်။ သန့်ရှင်းသော စွမ်းအားတော်၊ ကျမ်းစာ၊ ကျမ်းစာလမ်းညွှန်ချက်တွေ ပေးထားတယ်။ ဒါကြောင့် ကျွန်တော်တို့ “စားရ . . . သောက်ရ . . . ဝမ်းမြောက်ရ” တယ်။ (ဗျာဒိတ် ၂၂:၁၇ နဲ့ နှိုင်းယှဉ်ပါ။) ပုံဆောင်ပရဒိသုအပြင်မှာ ရှိသူတွေကတော့ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိကြဘူး။ “ဆာလောင် . . . ရေငတ် . . . အရှက်ကွဲ” ကြတယ်။—အာ. ၈:၁၁

၆။ ယေဟောဝါ ပြင်ဆင်ပေးထားတာတချို့ကို ယောလ ၂:၂၁-၂၄ မှာ ဘယ်လို ဖော်ပြသလဲ။ ဒီပြင်ဆင်ပေးချက်တွေကနေ ဘယ်လို အကျိုးရနိုင်သလဲ။

ကောက်နှံ၊ စပျစ်ဝိုင်၊ သံလွင်ဆီ စတဲ့ အဓိက စားသုံးကုန်တွေကို ယေဟောဝါ အလျှံပယ် ပေးတယ်လို့ ယောလ ပရောဖက်ပြုချက်မှာ ဖော်ပြတယ်။ ကျမ်းစာလမ်းညွှန်ချက်တွေအပြင် ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ လိုအပ်သမျှ ပြင်ဆင်ပေးတာကို ဆိုလိုတာပါ။ (ယောလ ၂:၂၁-၂၄) ကျမ်းစာ၊ ကျမ်းစာအခြေပြုစာပေတွေ၊ ဝက်ဘ်ဆိုက်အပြင် အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေ၊ အစည်းအဝေးကြီးတွေကတစ်ဆင့် ပြင်ဆင်ပေးနေတာ။ ဒီပြင်ဆင်ပေးချက်တွေကနေ နေ့တိုင်း အကျိုးရနေလို့ ကျွန်တော်တို့ အာဟာရပြည့်သည်ထက် ပြည့်၊ လန်းဆန်းသည်ထက် လန်းဆန်းနေကြတယ်။

၇။ ဘာက ကျွန်တော်တို့ကို “စိတ်ကြည်နူးနေ” စေသလဲ။ (ဟေရှာယ ၆၅:၁၄)

ပျော်ရွှင်ကျေနပ်မှု။ ယေဟောဝါကို ကျေးဇူးတင်လွန်းလို့ ဘုရားလူမျိုး “ရွှင်လန်းစွာ ကြွေးကြော်” တယ်။ (ဟေရှာယ ၆၅:၁၄ ကို ဖတ်ပါ။) အားရှိစေတဲ့ ကျမ်းစာအမှန်တရားတွေ၊ ကျမ်းစာကတိတွေ၊ ရွေးဖိုးကြောင့် ရလာတဲ့ မျှော်လင့်ချက်တွေဟာ “စိတ်ကြည်နူး” ရတဲ့ အကြောင်းရင်းတွေပါပဲ။ ညီအစ်ကို/မအချင်းချင်း ဒီအကြောင်းတွေ ပြောရင်း သိပ်ပျော်ရွှင်ကျေနပ်ကြတယ်။—ဆာ. ၃၄:၈။ ၁၃၃:၁-၃

၈။ ပုံဆောင်ပရဒိသုရဲ့ အဓိက ထူးခြားချက် နှစ်ချက်က ဘာလဲ။

ပုံဆောင်ပရဒိသုရဲ့ အဓိက ထူးခြားချက် နှစ်ချက်ကတော့ မေတ္တာနဲ့ စည်းလုံးမှုပါ။ ‘စည်းလုံးခြင်းနှောင်ကြိုး’ က ကမ္ဘာသစ်အသက်တာကို မြင်ယောင်စေတယ်။ ကမ္ဘာသစ်မှာဆိုရင် ဘုရားကျေးကျွန်တွေ အခုထက် မေတ္တာ တိုးများနေကြမှာ။ ပိုစည်းလုံးနေကြမှာ။ (ကော. ၃:၁၄) “မိသားစုအတွင်းမှာတောင် ပျော်ရွှင်မှုဆိုတာ ဘာမှန်း ကျွန်မ မသိခဲ့ဘူး။ ယေဟောဝါသက်သေတွေနဲ့ တွေ့မှပဲ အချင်းချင်း မေတ္တာစစ်နဲ့ ချစ်တယ်ဆိုတာ မြင်ဖူးတာ” လို့ ယေဟောဝါသက်သေတွေနဲ့ စတွေ့ချိန်ကအကြောင်း ညီအစ်မတစ်ယောက် ပြောတယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှု၊ ကျေနပ်မှု ခံစားချင်သူတိုင်း ပုံဆောင်ပရဒိသုထဲ ရှိနေသင့်တယ်။ လောက,က ဘယ်လို သမုတ်ပါစေ ယေဟောဝါသက်သေတွေဟာ ဘုရားမျက်နှာသာ ရထားကြတယ်။ ဘုရားရှေ့၊ ဝတ်ပြုသူတွေရှေ့မှာ နာမည်ကောင်း ရထားကြတယ်။ ဒါကြောင့်လည်း ‘ငါ့ကျွန်တွေကို နာမည်နောက်တစ်မျိုးနဲ့ မှည့်ခေါ်မယ်’ လို့ ယေဟောဝါ ပြောတာ။—ဟေရှာ. ၆၅:၁၅

၉။ စိတ်နာကျင်ကြေကွဲစရာတွေနဲ့ပတ်သက်ပြီး ဟေရှာယ ၆၅:၁၆၊ ၁၇ မှာ ဘာကတိပေးထားသလဲ။

ဘဝအမောပြေ အေးချမ်းမှု။ ပုံဆောင်ပရဒိသုအပြင်မှာ ရှိသူတွေ “စိတ်နာကျင်နေတဲ့အတွက် ညည်းတွားအော်ဟစ်မယ်။ စိတ်ကြေကွဲနေတဲ့အတွက် ငိုကြွေးမြည်တမ်းရလိမ့်မယ်” လို့ ဟေရှာယ ၆၅:၁၄ မှာ ဖော်ပြထားတယ်။ ဘုရားလူမျိုးလည်း စိတ်နာကျင်ကြေကွဲစရာတွေ ကြုံနေရတာပဲ။ ဒါပေမဲ့ အဲဒါတွေ တဖြည်းဖြည်း “မေ့လျော့သွားမယ်။ . . . [ဘုရား] ရှေ့ကနေ ပျောက်ကွယ်သွားမယ်။” (ဟေရှာယ ၆၅:၁၆၊ ၁၇ ကို ဖတ်ပါ။) ဒုက္ခပြဿနာတွေကို ယေဟောဝါ အဆုံးတိုင်ပေးမယ်။ ဒုက္ခပြဿနာတွေကြောင့် ဘယ်လို ခံစားခဲ့ရတယ်ဆိုတာပါ မေ့ပျောက်သွားအောင် လုပ်ပေးမယ်။

၁၀။ ဘုရားအဖွဲ့အစည်းထဲ ရှိနေရတာ ကောင်းချီးလို့ သင် ဘာကြောင့် ခံစားရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၀ အခုအချိန်မှာတောင် ခရစ်ယာန် အစည်းအဝေးတွေ တက်တဲ့အခါ ကျွန်တော်တို့ ဘဝအမောပြေသွားကြတယ်။ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်း စတဲ့ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ကျွန်တော်တို့ ပြတာဟာ ဒီအသိုက်အမြုံလေး အေးချမ်းနေဖို့ ဝိုင်းဝန်းကူညီရာရောက်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ဘုရားအဖွဲ့အစည်းထဲ ရှိနေရတာ ကောင်းချီးပါပဲ။ ပုံဆောင်ပရဒိသုထဲ ဆက်ရှိမယ်ဆိုရင် ‘ကောင်းကင်သစ်၊ မြေကြီးသစ်’ နဲ့ပတ်သက်တဲ့ ဘုရားကတိ အကုန်အစင် ပြည့်စုံလာတာ မြင်ရမယ်။

ဘုရားမိသားစုဝင်အဖြစ် ပုံဆောင်ပရဒိသုမှာ ရှိနေရတာ ကောင်းချီးပါပဲ (စာပိုဒ် ၁၀ ကို ကြည့်ပါ) c


၁၁။ ဟေရှာယ ၆၅:၁၈၊ ၁၉ အရ ယေဟောဝါ ဖန်ဆင်းထားတဲ့ ပုံဆောင်ပရဒိသုမှာ ရှိနေလို့ ဘယ်လို ခံစားရသင့်သလဲ။

၁၁ ဂုဏ်ယူဝမ်းမြောက်မှု။ ပုံဆောင်ပရဒိသုမှာ ရှိနေလို့ ဘာကြောင့် “ရွှင်လန်းဝမ်းမြောက်” သင့်ကြောင်း ဟေရှာယ ဆက်ပြောတယ်။ ပုံဆောင်ပရဒိသုဆိုတာ ယေဟောဝါ ဖန်ဆင်းထားတာ။ (ဟေရှာယ ၆၅:၁၈၊ ၁၉ ကို ဖတ်ပါ။) ဘုရားအကြောင်း အမှန်အတိုင်း မသင်ပေးတဲ့ အဖွဲ့အစည်းတွေကနေ လူတွေ ထွက်လာဖို့၊ လှပတဲ့ ပုံဆောင်ပရဒိသုထဲ ဝင်လာဖို့ ကျွန်တော်တို့ကို ယေဟောဝါ သုံးနေတယ်။ ပုံဆောင်ပရဒိသုထဲ ကောင်းချီးတွေ ခံစားနေရလို့ ကျွန်တော်တို့ သိပ်ဝမ်းမြောက်ကြတယ်။ ဒီကောင်းချီးတွေအကြောင်း တခြားသူတွေကို ပြန်ဝေမျှချင်ကြတယ်။—ယေ. ၃၁:၁၂

၁၂။ ဟေရှာယ ၆၅:၂၀-၂၄ မှာ ပါတဲ့ မျှော်လင့်ချက်ကြောင့် သင် ဘယ်လို ခံစားရသလဲ။ ဘာကြောင့်လဲ။

၁၂ ကမ္ဘာသစ်မျှော်လင့်ချက်ကြောင့်လည်း ကျွန်တော်တို့ သိပ်ဂုဏ်ယူဝမ်းမြောက်ကြတယ်။ ကမ္ဘာသစ်အသက်တာကို မြင်ယောင်ကြည့်ပါ။ “ရက်အနည်းငယ်ပဲ အသက်ရှင်တဲ့ နို့စို့ကလေးတွေ ရှိမှာ မဟုတ်ဘူး။ သက်တမ်းစေ့ မနေရတဲ့ အသက်ကြီးသူတွေလည်း ရှိမှာ မဟုတ်ဘူး။” “အိမ်တွေ ဆောက်ပြီး ကိုယ်တိုင် နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေ စိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင် စားသုံးရလိမ့်မယ်။” “အပင်ပန်းခံခဲ့သမျှ အချည်းနှီး ဖြစ်မှာ မဟုတ်ဘူး။” “ယေဟောဝါ ပေးတဲ့ ကောင်းချီးကို ခံစားရ” လို့ပဲ။ အေးချမ်းပြီး ကျေနပ်စရာကောင်းတဲ့၊ အဓိပ္ပာယ် ပြည့်ဝတဲ့ အသက်တာ ပိုင်ဆိုင်ရမယ်။ အကူအညီ တောင်းဖို့ “မခေါ်ခင်ကတည်းက” ကျွန်တော်တို့ ဘာလိုသလဲ ယေဟောဝါ သိနေမယ်။ “သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေး” မယ်။—ဟေရှာ. ၆၅:၂၀-၂၄။ ဆာ. ၁၄၅:၁၆

၁၃။ ဟေရှာယ ၆၅:၂၅ အရ ယေဟောဝါကို ဝတ်ပြုနိုင်ဖို့ လူတွေ ဘယ်လို အပြောင်းအလဲ လုပ်ခဲ့ကြသလဲ။

၁၃ ငြိမ်းချမ်းလုံခြုံမှု။ သားရဲတိရစ္ဆာန်စရိုက် ရှိသူတွေဟာ ဘုရားစွမ်းအားတော် အကူအညီကြောင့် အပြောင်းအလဲကြီးတွေ လုပ်နိုင်ခဲ့ကြတယ်။ (ဟေရှာယ ၆၅:၂၅ ကို ဖတ်ပါ။) အကျင့်ဆိုးတွေ ချွတ်ပစ်နိုင်ခဲ့ကြတယ်။ (ရော. ၁၂:၂။ ဧ. ၄:၂၂-၂၄) မစုံလင်သူတွေ ဖြစ်နေဆဲမို့ အမှားတော့ လုပ်မိနေဦးမှာပဲ။ ဒါပေမဲ့ မိမိဆွဲဆောင်ထားတဲ့ “လူအမျိုးမျိုးကို” မေတ္တာ၊ စည်းလုံးခြင်းနှောင်ကြိုးနဲ့ ယေဟောဝါ ရစ်ပတ်ထားလို့ ငြိမ်းချမ်းလုံခြုံနေကြတယ်။ (တိ. ၂:၁၁) အံ့ဩစရာပါပဲ။ အနန္တတန်ခိုးရှင်မို့လို့သာ ဒါမျိုး လုပ်နိုင်တာ။

၁၄။ ဟေရှာယ ၆၅:၂၅ မှန်ကန်ကြောင်း ညီအစ်ကိုတစ်ယောက် ဘယ်လို ကိုယ်တွေ့ ခံစားရသလဲ။

၁၄ လူတွေ တကယ် စရိုက် ပြောင်းနိုင်သလား။ လူငယ်တစ်ယောက်ရဲ့ တွေ့ကြုံမှုကို စဉ်းစားကြည့်ပါ။ ဘယ်အချိန်ဖြစ်ဖြစ် တိုက်မယ်ခိုက်မယ်ဆိုတာချည်းပဲ။ အကျင့်ပျက် ကြမ်းတမ်းတယ်။ ကားခိုးမှု၊ ဖောက်ထွင်းမှု၊ တခြားပြစ်မှုကြီးတွေ ကျူးလွန်တယ်။ အသက် ၂၀ ပဲ ရှိသေးပေမဲ့ ထောင်က အိမ်ဦးနဲ့ ကြမ်းပြင်လို ဖြစ်နေပြီ။ ဒါပေမဲ့ ကျမ်းစာအမှန်တရား စသိချိန်၊ အစည်းအဝေးတွေ စတက်ချိန်မှာ ပုံဆောင်ပရဒိသုဆိုတာ ကိုယ်ရှိနေရမယ့် နေရာပဲလို့ ခံစားလာရတယ်။ ဒါနဲ့ နှစ်ခြင်းခံလိုက်တယ်။ ဟေရှာယ ၆၅:၂၅ မှန်ကန်ကြောင်း ကိုယ်တွေ့ ခံစားရတယ်။ ဝံပုလွေလို လူကြမ်းကြီးကနေ သိုးလို လူအေးလေး ဖြစ်လာတာပဲ။

၁၅။ ပုံဆောင်ပရဒိသုထဲ တခြားသူတွေကို ဘာကြောင့် ရောက်လာစေချင်သလဲ။ ရောက်လာဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက” ဆိုပြီး ဟေရှာယ ၆၅:၁၃ ကို အစချီထားတယ်။ “ယေဟောဝါ ပြောတယ်” ဆိုပြီး အခန်းငယ် ၂၅ ကို နိဂုံးချုပ်ထားတယ်။ ယေဟောဝါ ပြောရင် ပြောတဲ့အတိုင်း အမြဲ ပြည့်စုံတယ်။ (ဟေရှာ. ၅၅:၁၀၊ ၁၁) ပုံဆောင်ပရဒိသု ရှိနေပြီ။ ပုံဆောင်ပရဒိသုမှာ ထူးခြားတဲ့ ကမ္ဘာချီမိသားစုအဖြစ် ဘုရားလူမျိုး နေနေတယ်။ ကြမ်းတမ်းတဲ့ လောကအလယ်မှာ ရှိပေမဲ့ ငြိမ်သက်အေးချမ်းနေတယ်။ (ဆာ. ၇၂:၇) ဒါကြောင့် တခြားသူတွေကိုလည်း ပုံဆောင်ပရဒိသုထဲ ရောက်လာစေချင်တယ်။ ရောက်လာဖို့ ကူညီပေးနိုင်ပါတယ်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းအားဖြင့်ပါ။—မ. ၂၈:၁၉၊ ၂၀

ပုံဆောင်ပရဒိသုထဲ တခြားသူတွေကို ဘယ်လို ဆွဲဆောင်နိုင်မလဲ

၁၆။ ပုံဆောင်ပရဒိသုထဲ လူတွေ ဘယ်လို ဆွဲဆောင်ခံရသလဲ။

၁၆ နေချင်စဖွယ် ပုံဆောင်ပရဒိသု ဖြစ်ဖို့ ကျွန်တော်တို့ ယောက်တိုင်းမှာ တာဝန် ရှိတယ်။ တာဝန်ကျေဖို့ ယေဟောဝါဘုရားကို အတုယူရမယ်။ ပုံဆောင်ပရဒိသုထဲ လူတွေကို ဘုရား တရွတ်တိုက် မဆွဲဘူး။ ညင်ညင်သာသာ “ဆွဲဆောင်” တယ်။ (ယော. ၆:၄၄။ ယေ. ၃၁:၃) ဘုရားရဲ့ မေတ္တာ၊ နှစ်လိုဖွယ် အရည်အသွေးတွေ သိလာတဲ့အခါ စိတ်ရိုးဖြောင့်သူတွေ တင်းမခံနိုင်ကြဘူး။ ဘုရား ဆွဲခေါ်ရာနောက် ပါလာကြတယ်။ ကျွန်တော်တို့ကော အရည်အသွေးကောင်းတွေ၊ အမူအကျင့်ကောင်းတွေအားဖြင့် လူတွေကို ဘယ်လို ဆွဲဆောင်နိုင်မလဲ။

၁၇။ ဘယ်လိုနည်းနဲ့ တခြားသူတွေအမြင်မှာ ပုံဆောင်ပရဒိသုကို နေချင်စဖွယ် ဖြစ်စေနိုင်သလဲ။

၁၇ ကျွန်တော်တို့ အချင်းချင်း မေတ္တာ၊ ကြင်နာမှုနဲ့ ဆက်ဆံတဲ့အခါ တခြားသူတွေအမြင်မှာ ပုံဆောင်ပရဒိသုဟာ နေချင်စဖွယ် ဖြစ်လာတယ်။ “ခင်ဗျားတို့နဲ့အတူ ဘုရားသခင် တကယ် ရှိတာပဲ” လို့ ရှေးကောရိန္သုအသင်းတော်မှာ အစည်းအဝေး လာတက်ပုံရတဲ့ မယုံကြည်သူတွေ ကောက်ချက်ချကြတယ်။ (၁ ကော. ၁၄:၂၄၊ ၂၅။ ဇာ. ၈:၂၃) ကျွန်တော်တို့ဆီ အစည်းအဝေး လာတက်တဲ့ လူသစ်တွေကိုလည်း အဲဒီလို ကောက်ချက်ချစေချင်တယ်။ အဲဒီလို ကောက်ချက်ချစေချင်ရင် ကျမ်းစာ အကြံပေးတဲ့အတိုင်း “အချင်းချင်း သင့်သင့်မြတ်မြတ် ရှိကြ” ရမယ်။—၁ သက်. ၅:၁၃

၁၈။ ပုံဆောင်ပရဒိသုထဲ ဘယ်လို ဆွဲဆောင်နိုင်မလဲ။

၁၈ ညီအစ်ကို/မတွေကို ယေဟောဝါ မြင်သလို အမြဲ မြင်ပါ။ သူတို့ရဲ့ ကောင်းကွက်တွေကို ကြည့်ပါ။ မကြာခင် ပျောက်ကွယ်သွားမယ့် အားနည်းချက်တွေကို မကြည့်ပါနဲ့။ မပြေလည်တာတွေ ရှိရင် မေတ္တာပါပါ ဖြေရှင်းပါ။ အမြဲတမ်း “အချင်းချင်း သနားကြင်နာကြပါ။ ကရုဏာပြကြပါ။ . . . ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။” (ဧ. ၄:၃၂) အဲဒီလို ဆက်ဆံခံချင်သူဆိုရင် ပုံဆောင်ပရဒိသုထဲ ဝင်လာလိမ့်မယ်။ b

ပုံဆောင်ပရဒိသုထဲ နေပါ

၁၉။ (က) “ ထွက်သွားပေမဲ့ ပြန်လှည့်လာ” လေးထောင့်ကွက်အရ ပုံဆောင်ပရဒိသုဆီ ပြန်လာပြီးနောက် တချို့ ဘာပြောသလဲ။ (ခ) ဘာဆုံးဖြတ်ထားသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၉ ပုံဆောင်ပရဒိသု ပိုပိုလှလာပြီ။ နေထိုင်သူတွေ ပိုပိုများလာပြီ။ ပုံဆောင်ပရဒိသု ဖန်ဆင်းပေးထားလို့ ယေဟောဝါကို အမြဲ ကျေးဇူးတင်သွားကြရအောင်။ လန်းဆန်း၊ ကျေနပ်၊ တည်ငြိမ်၊ လုံခြုံချင်သူတိုင်း ပုံဆောင်ပရဒိသုထဲ ဝင်လာသင့်တယ်။ ဘယ်တော့မှ ထွက်မသွားသင့်ဘူး။ ဒါပေမဲ့ မထွက်ထွက်အောင် စာတန် လုပ်နေလို့ သတိထားပါ။ (၁ ပေ. ၅:၈။ ဗျာ. ၁၂:၉) စာတန်ကို အခွင့်မပေးပါနဲ့။ လှပ၊ စင်ကြယ်၊ ငြိမ်သက်နေတဲ့ ပုံဆောင်ပရဒိသုကို ကြိုးစားထိန်းသိမ်းသွားကြပါစို့။

ပုံဆောင်ပရဒိသုထဲ ဆက်ရှိနေသူတွေဟာ အနာဂတ် တကယ့် ပရဒိသုမှာလည်း နေခွင့်ရမယ် (စာပိုဒ် ၁၉ ကို ကြည့်ပါ)


သင် ဘယ်လို ဖြေမလဲ

  • ပုံဆောင်ပရဒိသုဆိုတာ ဘာလဲ။

  • ပုံဆောင်ပရဒိသုမှာ ဘာကောင်းချီးတွေ ခံစားရသလဲ။

  • ပုံဆောင်ပရဒိသုထဲ တခြားသူတွေကို ဘယ်လို ဆွဲဆောင်နိုင်မလဲ။

သီချင်း ၁၄၄ ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့

a စကားလုံး ရှင်းလင်းချက်။ “ပုံဆောင်ပရဒိသု” ဆိုတာ ယေဟောဝါကို ကိုးကွယ်သူတွေရဲ့ အသိုက်အမြုံ ဖြစ်တယ်။ ပုံဆောင်ပရဒိသုမှာ ယေဟောဝါနဲ့ကော အချင်းချင်းနဲ့ပါ ကျွန်တော်တို့ သင့်မြတ်ငြိမ်းချမ်းတဲ့ ဆက်ဆံရေး ရှိကြတယ်။

b အခု သူတို့ ဘယ်မှာလဲ။ အယ်လီနာ ဇီနီကိုဗာအိပ်မက် တကယ် ဖြစ်လာ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။ ပုံဆောင်ပရဒိသုမှာ ရှိနေလို့ ညီအစ်မ ရတဲ့ ကောင်းချီးတွေကို သတိပြုပါ။

c ပုံအညွှန်း– အစည်းအဝေးမှာ တခြားသူတွေနဲ့ ပေါင်းသင်းခြင်းအားဖြင့် ညီအစ်ကို/မများစွာ အကျိုးရယူနေ။ ညီအစ်ကိုတစ်ယောက်ကတော့ သီးသန့်နေ။