မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ကျွန်တော့်အားနည်းချက်တွေက ဘုရားတန်ခိုးကို ထင်ရှားစေ

ကျွန်တော့်အားနည်းချက်တွေက ဘုရားတန်ခိုးကို ထင်ရှားစေ

၁၉၈၅ ခုနှစ်၊ ကိုလံဘီယာမှာ တိုင်းပြည်ဆူနေချိန် ကျွန်တော်တို့ဇနီးမောင်နှံ ရောက်လာတယ်။ မြို့ထဲက မူးယစ်ဆေး ရောင်းဝယ်နေကြတဲ့ အဖွဲ့ကြီးတွေ၊ တောင်ပေါ်က ပြောက်ကျားတပ်ဖွဲ့တွေကို အစိုးရ လိုက်နှိမ်နင်းနေချိန်ပေါ့။ ကျွန်တော်တို့ နောက်ပိုင်း သွားအမှုဆောင်တဲ့ မယ်ဒယ်ယင်းမြို့မှာဆိုရင် လူဆိုးဂိုဏ်းသားတွေ သေနတ်တကားကားနဲ့ နေရာတကာပဲ။ မူးယစ်ဆေး ရောင်းတယ်။ ဆက်ကြေး တောင်းတယ်။ ကြေးစား လူသတ်တယ်။ တစ်ယောက်မှ သက်ဆိုး မရှည်ဘူး။ ကျွန်တော်တို့ နောက်တစ်ကမ္ဘာ ရောက်နေသလိုပါပဲ။

ကမ္ဘာ့မြောက်ပိုင်း အစွန်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ဖင်လန်က သာမန်လူနှစ်ယောက် ဘယ်လိုလုပ်ပြီး တောင်အမေရိက ရောက်နေသလဲ။ နှစ်တွေတစ်လျှောက် ဘာသင်ယူခဲ့ရသလဲ။

ငယ်စဉ်အခါ ဖင်လန်နိုင်ငံမှာ

၁၉၅၅ ခုနှစ်မှာ ကျွန်တော် မွေးတယ်။ ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံး။ ဖင်လန် တောင်ဘက် ကမ်းရိုးတန်းနားက ဗန်တာလို့ အခု သိကြတဲ့ မြို့မှာ ကြီးပြင်းလာတယ်။

ကျွန်တော် မမွေးခင်ကတည်းက ယေဟောဝါသက်သေအဖြစ် အမေ နှစ်ခြင်းခံပြီးပြီ။ ဒါပေမဲ့ အမေ့ကို အဖေ ဆန့်ကျင်တယ်။ သားတွေကို ကျမ်းစာ သင်မပေးခိုင်းဘူး။ အစည်းအဝေး ခေါ်မသွားခိုင်းဘူး။ ဒါကြောင့် အဖေ မရှိတဲ့အချိန် ကျွန်တော်တို့ကို အခြေခံ ကျမ်းစာအမှန်တရားလေးတွေ အမေ သင်ပေးတယ်။

အသက် ခုနစ်နှစ်မှာ ယေဟောဝါဘက် ရပ်တည်

ကလေးဘဝကတည်းက ယေဟောဝါဘက် ကျွန်တော် ရပ်တည်တယ်။ အသက် ခုနစ်နှစ်တုန်းက ကျောင်းမှာ ဖင်လန် သွေးပန်ကိတ် (verilättyjä) မစားရကောင်းလားဆိုပြီး ဆရာမ ဒေါသထွက်လိုက်တာမှ ပြောမနေနဲ့။ လက်တစ်ဖက်နဲ့ ကျွန်တော့်ပါးကို ညှစ်၊ နှုတ်ခမ်းစေ့ထားတာကို အတင်း ဆွဲဖြဲတယ်။ နောက်လက်တစ်ဖက်နဲ့ ပန်ကိတ်ကို ပါးစပ်ထဲ ခက်ရင်းနဲ့ အတင်း ထိုးထည့်တယ်။ ဆရာမလက်ကနေ ခက်ရင်းကို ကျွန်တော် ပုတ်ထုတ်လိုက်တယ်။

ကျွန်တော့်အသက် ၁၂ နှစ်မှာ အဖေ ဆုံးသွားတယ်။ အဖေ ဆုံးမှပဲ ကျွန်တော် အစည်းအဝေးတွေ တက်ရပါတော့တယ်။ ကျွန်တော့်ကို အသင်းတော်က ညီအစ်ကိုတွေ စိတ်ဝင်တစား ရှိကြတယ်။ ဒါကြောင့်လည်း ဘုရားရေးရာမှာ တိုးတက်ချင်လာတယ်။ နေ့တိုင်း ကျမ်းစာ စဖတ်တယ်။ အဖွဲ့အစည်းစာပေတွေ ဝီရိယရှိရှိ စလေ့လာတယ်။ ဒီလိုနဲ့ ၁၉၆၉၊ ဩဂုတ် ၈ ရက်၊ အသက် ၁၄ နှစ်မှာ နှစ်ခြင်းခံနိုင်ခဲ့တယ်။

ကျောင်းပြီးပြီးချင်း မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ အပတ်နည်းနည်း ကြာတော့ ဖင်လန်နိုင်ငံ အလယ်ပိုင်းက ဟောပြောသူ ပိုလိုအပ်တဲ့ ပိုင်လဗက်စီမြို့မှာ သွားအမှုဆောင်တယ်။

ချစ်ဇနီး ဆီရ်ကာနဲ့ ဆုံတာ အဲဒီမှာပေါ့။ ဆီရ်ကာ ကျိုးနွံမှု ရှိတာ၊ ဘုရားရေးရာစိတ်ဓာတ် ရှိတာလေးကို သဘောကျသွားတာ။ ထင်ပေါ်ဖို့၊ ချမ်းသာဖို့ ဆီရ်ကာ စိတ်မဝင်စားဘူး။ ကျွန်တော်တို့နှစ်ယောက်စလုံး ခံယူချက် တူတယ်။ ယေဟောဝါအတွက် အပြည့်အဝ အမှုဆောင်လို့ ရရင် ပြီးပြီ။ ဘာတာဝန်ရရ ကိစ္စမရှိဘူး။ ဒါနဲ့ ၁၉၇၄၊ မတ် ၂၃ ရက်မှာ ကျွန်တော်တို့ လက်ထပ်ကြတယ်။ ပျားရည်ဆမ်းခရီး သွားမနေဘဲ ဟောပြောသူ ပိုလိုအပ်တဲ့ ကာ့တူလာမြို့မှာ ပြောင်းရွှေ့အမှုဆောင်ကြတယ်။

ဖင်လန်နိုင်ငံ၊ ကာ့တူလာမြို့မှာ ကျွန်တော်တို့ ငှားနေတဲ့ အိမ်

ယေဟောဝါ ဂရုစိုက်ပေး

အစ်ကို ထားခဲ့ပေးတဲ့ ကား

နိုင်ငံတော်ကို ဦးစားထားရင် လိုအပ်တာ ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ အိမ်ထောင်ဦးကတည်းက သိရတယ်။ (မ. ၆:၃၃) ဥပမာ၊ ကာ့တူလာ ရောက်တော့ ကျွန်တော်တို့မှာ ကားမရှိဘူး။ အစပိုင်းတော့ စက်ဘီးနဲ့ သွားလာတယ်။ ဒါပေမဲ့ ဆောင်းတွင်းဆိုရင် အပူချိန်က ရေခဲမှတ်အောက်အထိ ကျတာ။ အသင်းတော် ရပ်ကွက်က အကျယ်ကြီး။ ကားရှိမှ အဆင်ပြေမှာ။ ဒါပေမဲ့ ဝယ်ဖို့ ပိုက်ဆံ မရှိဘူး။

ဖြစ်ချင်တော့ ကျွန်တော့်အစ်ကိုလတ် လာလည်တယ်။ သူ့ကား ထားခဲ့ပေးတယ်။ အာမခံကြေးလည်း သွင်းပြီးသား။ ဆီဖြည့်ပြီး မောင်းရုံပဲ။ လိုနေတဲ့ ကားလေး ရသွားပြီ။

လိုအပ်တာ ဖြည့်ဆည်းပေးဖို့ တာဝန်ယူကြောင်း ယေဟောဝါ ပြလိုက်တာ။ ကျွန်တော်တို့တာဝန်က နိုင်ငံတော်ကို ဦးစားထားနေဖို့ပဲ။

ဂိလဒ်သင်တန်း

၁၉၇၈၊ ရှေ့ဆောင်လုပ်ငန်းသင်တန်း

၁၉၇၈ ခုနှစ်မှာ ကျွန်တော်တို့ ရှေ့ဆောင်လုပ်ငန်းသင်တန်း တက်နေတုန်း ပို့ချသူ ညီအစ်ကို ရိုင်မို ကဝိုကာနန် a က ဂိလဒ်သင်တန်း လျှောက်ဖို့ အားပေးတယ်။ ဒါနဲ့ သင်တန်း တက်နိုင်အောင် အင်္ဂလိပ်စကား စလေ့လာကြတယ်။ ဒါပေမဲ့ လျှောက်လွှာ မတင်ရသေးခင် ၁၉၈၀ ခုနှစ်မှာ ဖင်လန်ဌာနခွဲရုံးမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီတုန်းက ဗေသလအိမ်သားတွေ ဂိလဒ်သင်တန်း လျှောက်လို့ မရဘူး။ အကောင်းဆုံးလို့ ကိုယ်သတ်မှတ်တဲ့ နေရာ မဟုတ်ဘဲ ယေဟောဝါ သတ်မှတ်တဲ့ နေရာမှာ အမှုဆောင်မယ်ဆိုပြီး ဖိတ်ခေါ်ချက် လက်ခံလိုက်တယ်။ ဒါပေမဲ့ ဂိလဒ်သင်တန်း လျှောက်ဖို့ အခွင့်အရေး ရှိလာလို ရှိလာငြား အင်္ဂလိပ်စကား ဆက်လေ့လာတယ်။

နှစ်အနည်းငယ်အကြာမှာ ဗေသလအိမ်သားတွေ ဂိလဒ်သင်တန်း လျှောက်လို့ ရပြီလို့ အုပ်ချုပ်ရေးအဖွဲ့ ပြောလာတယ်။ ချက်ချင်း လျှောက်လွှာ တင်လိုက်တယ်။ ဗေသလမှာ မပျော်လို့ မဟုတ်ဘူးနော်။ အရည်အချင်းသာ ပြည့်မီမယ်ဆိုရင် ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်ဖို့ အဆင်သင့်ဖြစ်နေချင်လို့ပါ။ ၇၉ ကြိမ်မြောက် ဂိလဒ်သင်တန်း ဖိတ်ခေါ်ခံရတယ်။ ၁၉၈၅၊ စက်တင်ဘာလမှာ သင်တန်းဆင်းတယ်။ တာဝန်ကျတဲ့ နေရာက ကိုလံဘီယာတဲ့။

ဦးဆုံး သာသနာပြုတာဝန်

ကိုလံဘီယာ ရောက်ရောက်ချင်း ဌာနခွဲရုံးမှာ တာဝန်ရတယ်။ တာဝန်မှာ အကောင်းဆုံး ကြိုးစားပါတယ်။ ဒါပေမဲ့ တစ်နှစ်လောက် ကြာတော့ တာဝန်ပြောင်းမှ ဖြစ်တော့မယ်လို့ ခံစားလာရတယ်။ ဒါနဲ့ တာဝန်ပြောင်းပေးဖို့ ဘဝမှာ ဦးဆုံးနဲ့ နောက်ဆုံးအကြိမ် တောင်းဆိုလိုက်တယ်။ ဝီလာဒေသ၊ နေဗာမြို့မှာ လယ်ကွင်း သာသနာပြု တာဝန်ရတယ်။

အမှုဆောင်ဆိုရင် အရင်ကတည်းက ကြိုက်ပြီးသားပဲ။ ဖင်လန်မှာ တစ်ကိုယ်ရေဘဝနဲ့ ရှေ့ဆောင်လုပ်တုန်းက တစ်ခါတလေ မနက်ကနေ ညအထိ ဟောတယ်။ ကြင်စဦးဘဝမှာလည်း ကျွန်တော်တို့ တစ်နေကုန် ဟောတာပဲ။ အိမ်နဲ့ ဝေးတဲ့ နေရာတွေမှာ သွားဟောရင် တစ်ခါတလေ ကားထဲမှာပဲ အိပ်လိုက်တယ်။ ခရီးသွားချိန် မပုပ်တော့ နောက်တစ်ရက် စောစော အမှုဆောင်နိုင်တယ်လေ။

လယ်ကွင်းသာသနာပြုအဖြစ် အမှုဆောင်ရတော့ ဟိုးအရင်ကအတိုင်း ပြန်ပြီး ထက်သန်လာတယ်။ အသင်းတော်လည်း တအား တိုးတက်တာပဲ။ ကိုလံဘီယာ ညီအစ်ကို/မတွေက လေးစားမှု၊ မေတ္တာ၊ ကျေးဇူးသိစိတ် ရှိကြတယ်။

ဆုတောင်းခြင်းအစွမ်း

ကျွန်တော်တို့ တာဝန်ကျတဲ့ နေဗာမြို့နဲ့ မလှမ်းမကမ်း မြို့တွေမှာ သက်သေခံ တစ်ယောက်မှ မရှိဘူး။ အဲဒီမြို့တွေကို သတင်းကောင်း ဘယ်လို ရောက်မလဲဆိုပြီး စိတ်ပူမိတယ်။ ပြောက်ကျားတိုက်ပွဲတွေကြောင့် နယ်ခံ မဟုတ်ရင် မလုံခြုံဘူး။ ဒါကြောင့် နယ်ခံတစ်ယောက် သက်သေခံ ဖြစ်လာဖို့ ကျွန်တော် ဆုတောင်းတယ်။ ကျမ်းစာသင်ယူနိုင်ဖို့ဆိုရင် နေဗာမှာ နေနေတဲ့သူ ဖြစ်မှ ရမယ်ပေါ့။ ဒါ့အပြင် သူ နှစ်ခြင်းခံပြီးရင် ရင့်ကျက်တဲ့ ညီအစ်ကို ဖြစ်လာပြီး သူ့မြို့မှာ သွားဟောနိုင်ဖို့ပါ ဆုတောင်းတယ်။ ယေဟောဝါမှာ ပိုကောင်းတဲ့နည်း ရှိတယ်ဆိုတာ ကျွန်တော် သိခဲ့သင့်တယ်။

မကြာခင်မှာ ဖာနန်ဒို ဂွန်ဇလက်ဆိုတဲ့ လူငယ်လေး ကျမ်းစာ စလေ့လာတယ်။ သူက သက်သေခံ တစ်ယောက်မှ မရှိတဲ့ အယ်လ်ဟေစီးရက်စ်မြို့က။ မိုင် ၃၀ (ကီလိုမီတာ ၅၀) ကျော် ဝေးတဲ့ နေဗာမှာ အပတ်တိုင်း လာအလုပ်လုပ်တာ။ လေ့လာမှုတိုင်းအတွက် သေသေချာချာ ပြင်ဆင်လာတယ်။ ချက်ချင်း အစည်းအဝေးအားလုံး လိုက်တက်တယ်။ စလေ့လာတဲ့ ပထမဆုံး အပတ်ကတည်းက သူ့မြို့က လူတွေကို စုပြီး ကျမ်းစာ ပြန်သင်ပေးတယ်။

၁၉၉၃ မှာ ဖာနန်ဒိုနဲ့အတူ

ကျမ်းစာ စလေ့လာပြီး ခြောက်လအကြာ ၁၉၉၀၊ ဇန်နဝါရီမှာ ဖာနန်ဒို နှစ်ခြင်းခံတယ်။ နောက်တော့ မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ အယ်လ်ဟေစီးရက်စ်မှာ နယ်ခံ ညီအစ်ကို ရှိသွားပြီဆိုတော့ ဌာနခွဲရုံးက အထူးရှေ့ဆောင်တွေ လွှတ်ရဲသွားပြီ။ ၁၉၉၂၊ ဖေဖော်ဝါရီမှာ အသင်းတော်တစ်ခု ဖြစ်လာတယ်။

သူ့မြို့မှာ ဟောရရုံနဲ့ ဖာနန်ဒို ကျေနပ်နေသလား။ မကျေနပ်ဘူး။ လက်ထပ်ပြီးသွားတော့ သက်သေခံ တစ်ယောက်မှ မရှိတဲ့ နောက်မြို့တစ်မြို့ ဆန် ဘီစန်တဲ ဒယ် ခါဝမ်ကို မောင်နှံစုံလိုက် ပြောင်းသွားတယ်။ အသင်းတော်တစ်ခု ဖြစ်လာဖို့ ကူညီပေးတယ်။ ၂၀၀၂ ခုနှစ်မှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ဖာနန်ဒို ခန့်အပ်ခံရတယ်။ ဖာနန်ဒိုနဲ့ ဇနီး အော်လ်ဂါ ဒီနေ့အထိ နယ်လှည့်လုပ်ငန်းမှာ ဆက်ပါဝင်နေတယ်။

ဘုရားရေးရာ တာဝန်နဲ့ပတ်သက်တဲ့ သတ်သတ်မှတ်မှတ် ကိစ္စတွေအတွက် ဆုတောင်းဖို့ အရေးကြီးမှန်း ဒီအတွေ့အကြုံကနေ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော်တို့ မလုပ်နိုင်တာတွေကို ယေဟောဝါ လုပ်ပေးတယ်။ စပါးရှင်က ယေဟောဝါပဲကိုး။ ကျွန်တော်တို့မှ မဟုတ်တာ။—မ. ၉:၃၈

“လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ” ယေဟောဝါ ပေး

၁၉၉၀ ခုနှစ်မှာ ကျွန်တော်တို့ နယ်လှည့်လုပ်ငန်းမှာ ပါဝင်ရတယ်။ ပထမဆုံး တိုက်နယ်ပတ်ရတာက မြို့တော် ဘိုဂိုတာပါ။ နည်းနည်းတော့ လန့်မိတယ်။ ကျွန်တော်တို့မှာ ထူးထူးခြားခြား စွမ်းရည်ရယ်လို့ ရှိတာ မဟုတ်ဘူး။ သာမန်ပဲ။ ပြီးတော့ စည်စည်ကားကား မြို့ကြီးတွေမှာ မနေဖူးဘူး။ ဒါပေမဲ့ ဖိလိပ္ပိ ၂:၁၃ ပါ ကတိအတိုင်း “ဘုရားသခင်ဟာ . . . အစွမ်းခွန်အား ဖြည့်ပေးရတာကို နှစ်သက်တဲ့အရှင်၊ လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့အရှင်ပဲ။”

နောက်တော့ အစပိုင်းမှာ ပြောခဲ့တဲ့ မယ်ဒယ်ယင်းဒေသကို တိုက်နယ်ပတ်ရတယ်။ လမ်းပေါ် အကြမ်းဖက်မှုတွေကို အဲဒီကလူတွေ အသားကျနေလိုက်တာများ ဖြုံတောင် မဖြုံကြတော့ဘူး။ တစ်ခေါက်တော့ ကျမ်းစာသင်ပေးနေတုန်း အပြင်ဘက်မှာ သေနတ်ပစ်သံ ကြားတယ်။ ကျွန်တော် ကြမ်းပြင်ပေါ် ဝပ်ချမလို့ ဟန်ပြင်လိုက်တယ်။ သင်သားကို လှမ်းကြည့်တော့ ခပ်တည်တည်ပဲ စာပိုဒ် ဆက်ဖတ်နေတယ်။ ဖတ်ပြီးတော့မှ ခဏနော်ဆိုပြီး အပြင်ထွက်သွားတယ်။ တစ်အောင့်ကြာတော့ သူ့ကလေးနှစ်ယောက်နဲ့ ပြန်ဝင်လာတယ်။ “ဆောရီးနော်။ ကလေးတွေကို သွားခေါ်တာ” တဲ့။ အေးဆေးချက်ဗျာ။

အန္တရာယ်ကနေ ပွတ်ကာသီကာ လွတ်တဲ့အချိန်တွေ ရှိသေးတယ်။ တစ်အိမ်တက်ဆင်း သွားနေတုန်းပေါ့။ ဆီရ်ကာ ကျွန်တော့်ဆီ ပြေးလာတယ်။ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီ။ သေနတ်ပစ်ခံရလို့တဲ့။ လန့်သွားတာပဲ။ နောက်မှ သိရတာက သေနတ်သမားက ဆီရ်ကာကို ပစ်တာ မဟုတ်ဘူး။ ဘေးက ဖြတ်သွားတဲ့ လူကို ပစ်လိုက်တာ။

ကျွန်တော်တို့လည်း တဖြည်းဖြည်း လမ်းပေါ် အကြမ်းဖက်မှုတွေကို ယဉ်လာတယ်။ ဒီလိုအခြေအနေတွေ၊ ဒီထက် ဆိုးတဲ့ အခြေအနေတွေကို ရင်ဆိုင်ခံရပ်နေကြတဲ့ ဒေသခံ ညီအစ်ကို/မတွေရဲ့ သတ္တိကြောင့် အားရှိလာတာ။ သူတို့ကို ယေဟောဝါ ကူညီပေးရင် ကျွန်တော်တို့ကိုလည်း ကူညီပေးမှာပဲလို့ တွေးတယ်။ ဒေသခံ အကြီးအကဲတွေ အကြံပေးတာကို အမြဲ နားထောင်တယ်။ သတိဝီရိယထားတယ်။ ကျန်တာ ဘုရားလက်ထဲ အပ်ထားလိုက်တယ်။

တစ်ခါတလေကျတော့ ကျွန်တော်တို့ တွေးပြီး ကြောက်လို့ရယ်။ အခြေအနေတွေက ထင်သလောက်ကြီး အန္တရာယ် မရှိပါဘူး။ တစ်ခေါက် ကျွန်တော် အိမ်တစ်အိမ် သွားလည်တယ်။ အိမ်အပြင်ဘက်မှာ အမျိုးသမီးနှစ်ယောက် ဆဲဆိုအော်ဟစ် ရန်ဖြစ်နေတဲ့အသံ ကြားရတယ်။ ရန်ပွဲတွေ စပ်စုရတာ ကျွန်တော် ဝါသနာ မပါဘူး။ ဒါပေမဲ့ ဝရန်တာ လာကြည့်ဖို့ အိမ်ရှင် လှမ်းခေါ်တယ်။ “ရန်ပွဲ” လို့ ထင်နေတာ၊ ဘယ်ဟုတ်ပါ့မလဲ။ အိမ်နီးချင်းတွေပုံစံ အတုခိုးပြီး ကြက်တူရွေးနှစ်ကောင် အော်နေတာ။

တာဝန်သစ်၊ အခက်အခဲသစ်

၁၉၉၇ ခုနှစ်မှာ ဓမ္မအမှုသင်တန်း b ပို့ချသူအဖြစ် ကျွန်တော် ခန့်အပ်ခံရတယ်။ ကျမ်းစာသင်တန်းတွေ တက်ရတာ သိပ်ပျော်တယ်။ ဒါပေမဲ့ တခြားသူတွေကို သင်တန်း ပို့ချရတဲ့ အခွင့်ထူးကြီးကိုတော့ အိပ်မက်တောင် မမက်ဖူးဘူး။

နောက်တော့ ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ရတယ်။ ခရိုင်ကြီးကြပ်မှူး အစီအစဉ် မရှိတော့တဲ့နောက်ပိုင်း တိုက်နယ်လုပ်ငန်းမှာ ပြန်ပါဝင်တယ်။ သင်တန်း ပို့ချသူ၊ နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တာ နှစ် ၃၀ ကျော်ပေါ့။ ဒီတာဝန်တွေ ထမ်းဆောင်ရင်း ကောင်းချီး အများကြီး ရတယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေနေတာတော့ မဟုတ်ဘူး။ ရှင်းပြပါရစေ။

ကျွန်တော်က ခပ်ရဲရဲ၊ ခပ်ပြတ်ပြတ်သမား။ ဒါကြောင့်လည်း အခက်အခဲတွေ ရင်ဆိုင်နိုင်ခဲ့တာ။ ဒါပေမဲ့ အသင်းတော်မှာ ကိစ္စရပ်တွေ တည့်မတ်ပေးဖို့ အထက်သန်လွန်တဲ့အချိန်တွေ ရှိတယ်။ မေတ္တာပြကြဖို့၊ အကျိုးသင့်အကြောင်းသင့် ရှိကြဖို့ တခြားသူတွေကို ကျွန်တော် လိုက်ဆော်ဩတာ မှတ်မိသေးတယ်။ ဟာသပဲဗျာ၊ အဲဒီတုန်းက အဲဒီအရည်အသွေးတွေ မရှိတာ ကျွန်တော် ဖြစ်နေတာ။—ရော. ၇:၂၁-၂၃

အားနည်းချက်တွေကြောင့် တစ်ခါတလေ စိတ်ဓာတ်ကျမိတယ်။ (ရော. ၇:၂၄) သာသနာပြုလုပ်ငန်း နားပြီး ဖင်လန် ပြန်သွားတာ အကောင်းဆုံး ဖြစ်မယ်ဆိုပြီး ယေဟောဝါဆီ ဆုတောင်းတယ်။ အဲဒီညနေ အစည်းအဝေး သွားတက်တယ်။ အစည်းအဝေးမှာ ကြားလိုက်ရတဲ့ အချက်ကြောင့် တာဝန် မနားဖို့၊ အားနည်းချက်တွေ ဆက်ပြုပြင်ဖို့ အသိဝင်သွားတယ်။ ဆုတောင်းချက်ကို ယေဟောဝါ ရှင်းရှင်းလင်းလင်း ဖြေပေးခဲ့တာ ဒီနေ့အထိ မှတ်မိနေတုန်းပဲ။ အားနည်းချက်တွေ ပြုပြင်ဖို့ ကြင်ကြင်နာနာ ကူညီပေးလို့လည်း ကျေးဇူးတင်မိတယ်။

အနာဂတ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ လှမ်းမျှော်ကြည့်ခြင်း

အသက်တာကို အချိန်ပြည့်လုပ်ငန်းမှာ အများဆုံး အသုံးပြုခွင့်ပေးလို့ ယေဟောဝါဆီ ကျေးဇူးကြွေးတင်နေတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ မေတ္တာ ပြည့်ဝတဲ့၊ သစ္စာရှိတဲ့ ဇနီး ပေးထားလို့လည်း ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။

ကျွန်တော် အသက် ၇၀ ပြည့်တော့မယ်။ သင်တန်း ပို့ချသူ၊ နယ်လှည့်ကြီးကြပ်မှူး တာဝန် လက်လွှတ်ရတော့မယ်။ ဒါပေမဲ့ ဝမ်းမနည်းပါဘူး။ ကျိုးနွံမှုရှိရှိ အမှုဆောင်တာ၊ ချစ်စိတ်၊ ကျေးဇူးတင်စိတ်အပြည့်နဲ့ စိတ်စွမ်းရှိသမျှ ချီးမွမ်းတာက ယေဟောဝါကို ဂုဏ်တင်နိုင်တဲ့ အရေးကြီးဆုံးနည်း ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်တယ်။ (မိ. ၆:၈။ မာ. ၁၂:၃၂-၃၄) တာဝန် ကြီးကြီးမားမား ရထားမှ ယေဟောဝါကို ဂုဏ်တင်လို့ ရတာ မဟုတ်ပါဘူး။

ရခဲ့တဲ့ တာဝန်တွေ ပြန်တွေးကြည့်ရင်း သဘောပေါက်သွားတာ ရှိတယ်။ တာဝန်တွေ ရတာ တခြားသူတွေထက် ပိုတော်လို့၊ ထူးချွန်လို့ မဟုတ်ဘူး။ ယေဟောဝါရဲ့ မဟာကရုဏာတော်ကြောင့်ပါ။ ကျွန်တော့်မှာ အားနည်းချက်တွေ ရှိလျက်နဲ့ ဒီအခွင့်ထူးတွေ ပေးခဲ့တာ။ ယေဟောဝါရဲ့ အကူအညီကြောင့်သာ တာဝန်ကျေပွန်နိုင်ခဲ့တာပါ။ ကျွန်တော့်အားနည်းချက်တွေက ဘုရားတန်ခိုးကို ထင်ရှားစေခဲ့ပါပြီ။—၂ ကော. ၁၂:၉

a ၂၀၀၆၊ ဧပြီ ၁ ကင်းမျှော်စင် မှာ “ယေဟောဝါ၏ အမှုတော်ထမ်းရန် သန္နိဋ္ဌာန်ချခဲ့” ခေါင်းစဉ်နဲ့ ညီအစ်ကို ရိုင်မို ကဝိုကာနန်ရဲ့ ဘဝအတ္ထုပ္ပတ္တိ ပါတယ်။

b ဒီသင်တန်းကို သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းနဲ့ အစားထိုးလိုက်ပါပြီ။