မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ဂီနီ

ယေဟောဝါ ကျွန်မကို ထူမပေးတယ်

ဂျေ ကမ်းဘဲလ်

ယေဟောဝါ ကျွန်မကို ထူမပေးတယ်
  • မွေးဖွားတဲ့နှစ် ၁၉၆၆

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၈၆

  • ကိုယ်ရေးရာဇဝင်အကျဉ်း ပိုလီယိုရောဂါသည် ဖြစ်ပေမဲ့ မှန်မှန်ရှေ့ဆောင်တစ်ယောက်ဖြစ်လာသူ

ကျွန်မက မွေးကတည်းက ခါးအောက်ပိုင်း မသန်ဘူး။ အမေနဲ့အတူ ဖရီးတောင်းမှာရှိတဲ့ ခြံဝင်းကြီးတစ်ခုမှာ နေတယ်၊ အဲဒီမှာ တခြားဆင်းရဲသားမိသားစုတွေလည်း ရှိတယ်။ ကျွန်မကို သူစိမ်းတွေမြင်သွားမှာစိုးလို့ ခြံဝင်းအပြင်ကို မထွက်ဘူး၊ ၁၈ နှစ်အတွင်းမှာ တစ်ခါပဲ ခြံဝင်းအပြင်ဘက် ထွက်ခဲ့ဖူးတယ်။

ကျွန်မ ၁၈ နှစ်ရောက်တော့ ယေဟောဝါသက်သေ သာသနာပြုညီမတစ်ယောက်ဖြစ်တဲ့ ပေါ်လင်း လန်ဒစ်က ခြံဝင်းထဲကိုလာပြီး ကျွန်မကို ကျမ်းစာသင်ပေးမယ်လို့ ပြောတယ်။ ကျွန်မက စာမတတ်ဘူးလို့ပြောတော့ ပေါ်လင်းက စာပါသင်ပေးမယ်လို့ပြောတယ်။ ဒါနဲ့ ကျွန်မလည်း လက်ခံလိုက်တယ်။

ကျမ်းစာကနေသိလာတဲ့အရာတွေက ကျွန်မကို ပျော်ရွှင်စေတယ်။ တစ်နေ့ကျတော့ ပေါ်လင်းကို ကျွန်မ အသင်းတော်စည်းဝေး တက်လို့ရမလားလို့မေးတယ်၊ စည်းဝေးက နောက်ရပ်ကွက်တစ်ခုမှာရှိတဲ့အိမ်မှာ လုပ်တယ်။ “အဲဒီကို ကျွန်မရဲ့သစ်သားလက်ကိုင်တုံးလေးတွေနဲ့ လမ်းလျှောက်လာခဲ့မယ်” လို့ ပြောခဲ့တယ်။

စည်းဝေးတတ်ဖို့ ပေါ်လင်း ကျွန်မကိုလာခေါ်တော့ အမေနဲ့အိမ်နီးချင်းတွေက စိုးရိမ်တကြီး ကြည့်နေကြတယ်။ ကျွန်မက သစ်သားလက်ကိုင်တုံးလေးတွေရဲ့ အကူအညီနဲ့ လမ်းလျှောက်တယ်။ ခြံဝင်းထဲကနေ ကျွန်မဖြတ်လာတဲ့အခါ အိမ်နီးချင်းတွေက  “သူအရင်က လမ်းလျှောက်ဖို့ ကြိုးစားခဲ့ဖူးတယ်၊ လျှောက်လို့မှမရတာ။ ရှင်က သူ့ကို အတင်းခိုင်းနေတာပဲ” ဆိုပြီး ပေါ်လင်းကို အပြစ်တင်ကြတယ်။

ဒါနဲ့ ပေါ်လင်းက “ဂျေ၊ လိုက်ချင်သလား” လို့ ကျွန်မကို လေသံအေးအေးလေးနဲ့ မေးလိုက်တယ်။

“လိုက်မှာပေါ့၊ ဒါ ကျွန်မရဲ့ဆုံးဖြတ်ချက်ပဲ” လို့ ပြန်ဖြေခဲ့တယ်။

ခြံဝင်းအပေါက်ဝ ရောက်တဲ့အထိ အိမ်နီးချင်းတွေက ဘာမှမပြောတော့ဘဲ ကြည့်နေကြတယ်။ ကျွန်မ အပြင်ကိုလည်းရောက်ရော သူတို့က လက်ခုပ်တီး အားပေးကြတယ်။

အဲဒီစည်းဝေးမှာ ကျွန်မ အရမ်းပျော်တယ်။ နောက်ပိုင်းမှာလည်း စည်းဝေးတွေတက်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ စည်းဝေးတက်ဖို့ လမ်းဆုံးတဲ့အထိ “လမ်းလျှောက်” ရတယ်၊ တက္ကစီစီးရတယ်၊ ပြီးတော့ မတ်စောက်နေတဲ့တောင်ကုန်းပေါ် ရောက်နိုင်ဖို့ ညီအစ်ကိုတွေက ကျွန်မကို ချီပေးရတယ်။ ခန်းမကိုရောက်ပြီဆိုရင် ကျွန်မအင်္ကျီတွေက စိုပြီး ရွှံ့တွေပေနေလို့ အင်္ကျီလဲရတယ်။ နောက်ပိုင်းမှာ ဆွစ်ဇလန်က ညီအစ်မတစ်ယောက်က ကျွန်မအတွက် ဘီးတပ်ကုလားထိုင်တစ်ခု ပို့ပေးခဲ့တယ်။ အခုတော့ ဣန္ဒြေရရ သွားလို့ရပြီ။

မသန်စွမ်းတဲ့ တခြားသက်သေခံတွေရဲ့ တွေ့ကြုံမှုတွေ ဖတ်ရတဲ့အခါ ယေဟောဝါရဲ့အမှုတော်မှာ ပိုပြီးပါဝင်ချင်လာတယ်။ ဒါကြောင့် ၁၉၈၈ ခုနှစ်မှာ မှန်မှန်ရှေ့ဆောင်ဖြစ်လာတယ်။ ကျွန်မရဲ့ပန်းတိုင် ပြည့်မီဖို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ပန်းတိုင်က မိသားစုဝင်တွေထဲက တစ်ယောက်ယောက်နဲ့ ရပ်ကွက်ထဲကတစ်ယောက်ယောက်ကို ယေဟောဝါရဲ့ကျေးကျွန် ဖြစ်လာအောင် ကူညီပေးနိုင်ဖို့ပဲ။ ကျွန်မရဲ့ဆုတောင်းချက် ပြည့်တယ်။ ကျွန်မရဲ့တူလေးနှစ်ယောက်အပြင် လမ်းပေါ်သက်သေခံတုန်း တွေ့ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ ကျမ်းစာအမှန်တရားကို လေ့လာခဲ့ကြတယ်။

အခု ကျွန်မလက်တွေ အားမရှိတော့ဘူး၊ ဘီးတပ်ကုလားထိုင်တွန်းပေးဖို့ တခြားတစ်ယောက်က ကူညီပေးရတယ်။ ကျွန်မ တစ်ချိန်လုံး နာကျင်ကိုက်ခဲနေတယ်။ ဒါပေမဲ့ ကျွန်မအတွက် အကိုက်အခဲပျောက်စေတဲ့ဆေးကတော့ တခြားသူတွေကို ယေဟောဝါအကြောင်း သင်ပေးတာပဲ။ အဲဒီကရတဲ့ပျော်ရွှင်မှုက ကျွန်မရဲ့နာကျင်မှုကို သက်သာစေပြီး နှစ်သိမ့်မှုရစေတယ်၊ ဘာကြောင့်လဲဆိုတော့ ယေဟောဝါက ကျွန်မကို ကူညီပေးလို့ပဲ။ အခုဆို ကျွန်မဘဝက အဓိပ္ပာယ်ရှိလာပြီ။