မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ ဂီနီ

၁၉၉၁-၂၀၀၁ “ဒုက္ခဆိုတဲ့ အရည်ကျိုမီးဖိုကြီး”—ဟေရှာ. ၄၈:၁၀ (အပိုင်း ၁)

၁၉၉၁-၂၀၀၁ “ဒုက္ခဆိုတဲ့ အရည်ကျိုမီးဖိုကြီး”—ဟေရှာ. ၄၈:၁၀ (အပိုင်း ၁)

 ပြည်တွင်းစစ်

၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း အနောက်အာဖရိကတစ်လျှောက်မှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပြဿနာတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာပါတယ်။ အိမ်နီးချင်းနိုင်ငံ လိုင်ဘေးရီးယားမှာ စစ်ဖြစ်တဲ့အခါ လူများစွာဟာ ဆီအဲရာလီယွန်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံလာကြပါတယ်။ ဌာနခွဲက ခိုလှုံလာတဲ့ သက်သေခံတွေအတွက် အိမ်တွေနဲ့နိုင်ငံတော်ခန်းမတွေကို အသုံးပြုဖို့ စီစဉ်ပေးတယ်။ ပြီးတော့ သူတို့လိုအပ်ရာတွေအတွက် ကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်။

ဒုက္ခသည်တွေအတွက် ခက်ခဲတဲ့အချိန်ကာလဖြစ်ပေမဲ့ ပျော်စရာအချိန်တွေလည်း ရှိခဲ့တယ်။ သက်တမ်းကြာ သာသနာပြုတစ်ဦးဖြစ်သူ အိုင်ဆောဒါး လောရန့်စ်က ဒီလိုပြန်ပြောပြတယ်– “ကောင်လေးတစ်ယောက်ကို သူ့ရဲ့အဖေက အစားအစာနွေးဖို့ ဌာနခွဲဝင်းထဲမှာရှိတဲ့ နိုင်ငံတော်ခန်းမအနောက်က ဥယျာဉ်ဆီ သွားခိုင်းလိုက်တယ်။ သားဖြစ်သူ ပြန်ရောက်လာတဲ့အခါ ဒီနေ့အတွက် စားစရာမရှိတော့ဘူးလို့ အဖေကို ပြောပြတယ်။ ဘာကြောင့်လဲလို့ အဖေက မေးတော့ သားဖြစ်သူက ‘ဒီနေ့ ယေဟောဝါက သားကို ခြင်္သေ့ပါးစပ်ထဲက ကယ်လိုက်တယ်’ လို့ပြန်ဖြေတယ်။ ဘာများဖြစ်လို့လဲ။ အစားအစာနွေးပြီးပြန်လာတဲ့အခါ လမ်းမှာ လိုဘိုဆိုတဲ့ ဌာနခွဲကမွေးထားတဲ့ ခွေးကြီးတစ်ကောင်နဲ့တွေ့တယ်။ ကောင်လေးအတွက်တော့ ဘဝမှာ အကြောက်ဆုံးအချိန်ပဲ။ ဒါနဲ့ သူ့ကို ရန်ပြုမယ်လို့ထင်ပြီး ခုခံတဲ့အနေနဲ့ ခွေးနဲ့သူ့ကြားမှာ အစားအစာထည့်ထားတဲ့ ပန်းကန်နဲ့ လက်ကို ဆန့်ထားလိုက်တော့ လိုဘိုက သူ့ကိုကျွေးတယ်မှတ်ပြီး စားလိုက်တယ်။”

၁၉၉၁ မတ် ၂၃ မှာ လိုင်ဘေးရီးယားက လက်နက်ကိုင်ပဋိပက္ခဟာ နယ်ခြားစည်းကို ဖြတ်ကျော်လာပြီး ၁၁ နှစ်ကြာတောက်လောင်မယ့် ပြည်တွင်းစစ်မီးကို အစပျိုးပေးလိုက်တယ်။ စည်းလုံးသောတော်လှန်ရေးတပ်ဦး (RUF) လို့ခေါ်တဲ့ သူပုန်အုပ်စုဟာ မြန်မြန်ဆန်ဆန်ပဲ ကိုင်လာဟန်မြို့နဲ့ ကွိုင်ဒူမြို့တွေကို ရောက်လာတယ်။ ဒါကြောင့် အဲဒီက လူအများစုဟာ ဂီနီနိုင်ငံဘက် ထွက်ပြေးသွားကြတယ်။ အဲဒီဒုက္ခသည်တွေထဲမှာ ညီအစ်ကိုညီအစ်မ ၁၂၀ လောက်လည်းပါတယ်။  တစ်ချိန်တည်းမှာ လိုင်ဘေးရီးယားက စစ်ပြေးဒုက္ခသည် ညီအစ်ကိုညီအစ်မတွေလည်း သူပုန်အုပ်စုတွေထက်အရင် ဆီအဲရာလီယွန်ထဲကို ရောက်လာကြတယ်။

အဲဒီအချိန်တုန်းက ဌာနခွဲညှိနှိုင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူ ညီအစ်ကို ဘီလီ ကောန်ဝန် က ဒီလို ပြန်ပြောပြတယ်– “မျက်တွင်းတွေချိုင့်၊ ခန္ဓာကိုယ်ပိန်ချုံးနေပြီး ဆာလောင်နေတဲ့ ညီအစ်ကိုညီအစ်မတွေဟာ ဖရီးတောင်းမြို့ ဗေသလကို လအတော်ကြာတဲ့အထိ အဖွဲ့လိုက်အဖွဲ့လိုက် ရောက်လာကြတယ်။ ညီအစ်ကိုတွေဟာ အလွန့်အလွန်ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကို မြင်ခဲ့ရတယ်၊ အစာငတ်တဲ့အတွက် တောထဲက သစ်ဥသစ်ဖုတွေစားခဲ့ရတယ် ဆိုတာတွေကို ပြန်ပြောပြကြတယ်။ ကျွန်တော်တို့လည်း ညီအစ်ကိုတွေနဲ့ သူတို့ရဲ့အမျိုးတွေ၊ သူတို့နဲ့ပါလာတဲ့ စိတ်ဝင်စားသူတွေကို ချက်ချင်းပဲ စားစရာတွေ၊ အဝတ်အစားတွေ ပေးတယ်။ ဒေသခံညီအစ်ကို ညီအစ်မတွေလည်း စစ်ပြေးဒုက္ခသည် ညီအစ်ကို ညီအစ်မတွေကို သူတို့အိမ်မှာနေဖို့ ကြင်နာစွာနဲ့ ဖိတ်ခေါ်ကြတယ်။ ဒုက္ခသည်သက်သေခံတွေလည်း ချက်ချင်းပဲ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ဒေသခံအသင်းတော်ကို ကူညီပေးကြတယ်။ အချိန်တန်တော့ သူတို့အများစု ပြောင်းရွှေ့သွားကြတယ်။ ဒါပေမဲ့ သူတို့ ဒီမှာရှိနေတုန်းက ကျွန်တော်တို့ကို အများကြီး အားရှိစေခဲ့တယ်။”

ဆီအဲရာလီယွန်နိုင်ငံဟာ ပြည်တွင်းစစ်ကို ၁၁ နှစ်ကြာ ခံစားခဲ့ရ

နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ဝေမျှပေး

ဌာနခွဲက ဂီနီတောင်ပိုင်း ဒုက္ခသည်စခန်းတွေမှာရှိတဲ့ သက်သေခံတွေဆီ အစားအစာတွေ၊ ဆေးဝါးတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ပို့ပေးတယ်။ ပြင်သစ်ကလှူဒါန်းတဲ့ အဝတ်အစားအများကြီးလည်း ပါတယ်။ “ကျွန်တော့် ကလေးတွေက သီချင်းဆို ကခုန်ပြီး ယေဟောဝါကို ချီးမွမ်းကြတယ်။ သူတို့မှာ အစည်းအဝေးတက်ရင် ဝတ်ဖို့ အဝတ်အစားအသစ်တွေ ရှိပြီ” ဆိုပြီး ဖခင်တစ်ယောက်က ပြန်ပြောပြတယ်။ တချို့ညီအစ်ကို ညီအစ်မတွေဆိုရင် အရင်တုန်းက ဒီလောက်ကောင်းတဲ့ အဝတ်အစားတွေ တစ်ခါမှ မဝတ်ဖူးဘူးလို့ ပြောကြတယ်။

ဒုက္ခသည်တွေဟာ ရုပ်ပိုင်းဆိုင်ရာပဲ လိုအပ်ကြတာ မဟုတ်ပါဘူး။ ယေရှု ဒီလိုပြောခဲ့တယ်– “လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရား  မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်။” (မ. ၄:၄) ဒါကြောင့် ဌာနခွဲရုံးက အဲဒီဒေသဆီ ကျမ်းစာအခြေပြုစာပေတွေ ပို့ပေးပြီး စည်းဝေးပွဲတွေ၊ စည်းဝေးကြီးတွေ ပုံမှန်ကျင်းပဖို့ စီစဉ်ပေးတယ်။ ရှေ့ဆောင်တွေနဲ့ နယ်လှည့်ကြီးကြပ်မှူးတွေကိုလည်း အဲဒီဒေသဆီ စေလွှတ်ပေးတယ်။

ဂီနီနိုင်ငံ၊ ခွန်ဒိုမြို့ကို တိုက်နယ်ကြီးကြပ်မှူး အန်ဒရေ ဘာတ် လည်ပတ်တဲ့အခါ ဒုက္ခသည်စခန်းအုပ်ချုပ်ရေးမှူးက သူတို့စခန်းကိုလာပြီး ကျမ်းစာဟောပြောချက်ပေးဖို့ ဖိတ်ခေါ်တယ်။ ဆာလံ ၁၈ ကိုအခြေခံထားတဲ့ “ယေဟောဝါ၌ ခိုလှုံပါ” ဆိုတဲ့ အန်ဒရေရဲ့ ဟောပြောချက်ကို လူအယောက် ၅၀ လောက် နားထောင်ခဲ့ကြတယ်။ သူ ဟောလို့ပြီးသွားတဲ့အခါ သက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်က ထပြီး ဒီလိုပြောတယ်– “ဆရာ့ကြောင့် ကျွန်မတို့ အရမ်းပျော်သွားပြီ။ ထမင်းက ကျွန်မတို့ပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာက ဘုရားသခင်ကို ဘယ်လိုအားကိုးမလဲ ဆိုတာကို ပြသပေးတယ်။ ဒီကိုလာပြီး နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ပေးတဲ့အတွက် ဆရာ့ကို ကျွန်မတို့နှလုံးထဲက လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ပါတယ်။”

သာသနာပြု ညီအစ်ကို ဝီလီယမ်နဲ့ ညီအစ်မ ကလောဒီယာ ဆလော်တာ ဟာ ဂီနီနိုင်ငံ၊ ဂတ်ကဒူမြို့မှာ တာဝန်ကျတဲ့အခါ ဒုက္ခသည် ၁၀၀ ကျော်ရှိတဲ့ အသင်းတော်ဟာ စွမ်းအားတော်နဲ့ စိတ်ထက်သန်နေကြတယ်။ (ရော. ၁၂:၁၁) ညီအစ်ကို ဝီလီယမ် ဒီလိုပြန်ပြောပြတယ်– “လူငယ်ညီအစ်ကို တော်တော်များများဟာ ဘုရားရေးရာမှာ တက်လှမ်းနေကြတယ်။ ဟောပြောသွန်သင်ခြင်းသင်တန်းမှာ တာဝန်ကျသူ မလုပ်နိုင်ဘူးဆိုရင် ညီအစ်ကိုငယ် ၁၀ ယောက်၊ ၁၅ ယောက်က အစားထိုးဖို့ အဆင်သင့်ပဲ။ ဟောပြောခြင်းလုပ်ငန်းမှာလည်း အုပ်စုလိုက် ဇွဲရှိရှိလုပ်ဆောင်နေကြတယ်။ အဲဒီဇွဲရှိတဲ့ လူငယ်ထဲက တချို့ဟာ နောက်ပိုင်းမှာ အထူးရှေ့ဆောင်တွေနဲ့ နယ်လှည့်ကြီးကြပ်မှူးတွေ ဖြစ်လာကြတယ်။”

ပဋိပက္ခတွေကြားထဲက ဆောက်လုပ်ရေး

ပြည်တွင်းစစ်ကြီးစတင်ပြီး မကြာခင်မှာ ဖရီးတောင်းက ညီအစ်ကိုတွေဟာ ဌာနခွဲရှိတဲ့ ဝေလ်ကင်စင်လမ်းအဆုံးနားက တစ်ဧကခွဲကျယ်ဝန်းတဲ့ မြေကွက်တစ်ကွက်ကို  ဝယ်ယူလိုက်ကြတယ်။ “ကျွန်တော်တို့က ဗေသလအိမ်အသစ်တစ်လုံး ဆောက်ချင်တာ၊ ဒါပေမဲ့ စစ်ဖြစ်နေတော့ နည်းနည်းစိုးရိမ်မိတယ်” ဆိုပြီး အဲဖရက် ဂွန် ပြောပြတယ်။ “အဲဒီတုန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို လွိုက် ဘယ်ရီ လာလည်ပတ်တော့ အဲဒီအကြောင်း ပြောဖြစ်ကြတယ်။ ဒါနဲ့ သူက ‘စစ်ပွဲကြောင့် ကျွန်တော်တို့ရဲ့အလုပ်ကို နောက်ဆုတ်ထားမယ်ဆိုရင်တော့ ဘာမှပြီးမှာမဟုတ်ဘူး’ လို့ပြောတယ်။ သူ့ရဲ့ လှုံ့ဆော်မှုဖြစ်စေတဲ့စကားတွေကြောင့် ကျွန်တော်တို့ လုပ်ငန်းကို ရှေ့ဆက်တိုးခဲ့ကြတယ်။”

နိုင်ငံ ၁၂ နိုင်ငံက စေတနာ့ဝန်ထမ်း ၅၀ ကျော်အပါအဝင် ရာနဲ့ချီတဲ့ ညီအစ်ကိုတွေ လုပ်အားပေးခဲ့ပြီး ဒေသခံအသင်းတော်တွေကလည်း အများကြီးကူညီပေးခဲ့ကြတယ်။ ၁၉၉၁ မေလမှာ လုပ်ငန်းကို စတင်ခဲ့တယ်။ “ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့် ကွန်ကရစ်တုံးတွေကို ကြည့်ပြီး တခြားသူတွေ အရမ်းအထင်ကြီးကြတယ်။ စတီးဖရိန်တွေနဲ့ဆောက်တဲ့ နည်းပညာက ဒေသတွင်းက ဆောက်လုပ်ပုံနဲ့ သိပ်ကိုကွဲပြားတယ်။ ဒါပေမဲ့ လူတွေ ပိုအထင်ကြီး အံ့အားသင့်သွားကြတာက နိုင်ငံခြားသားလူဖြူတွေနဲ့ ဒေသခံလူမည်းတွေ အတူတကွ စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်နေကြတာကိုပဲ” ဆိုပြီး ဆောက်လုပ်ရေး ကြီးကြပ်မှူး ညီအစ်ကို တော်မ် ဘောလ် က ပြောပြတယ်။

၁၉၉၇ ဧပြီ ၁၉ ရက်မှာ နိုင်ငံပေါင်းစုံကသူတွေဟာ ဌာနခွဲရုံးအသစ် အပ်နှံပွဲအတွက် ရောက်လာကြတယ်။ နောက်တစ်လအကြာမှာ RUF သူပုန်တွေဟာ ကျေးလက်ဒေသမှာ ငါးနှစ်ကြာပဋိပက္ခဖြစ်ပြီးတဲ့နောက် ဖရီးတောင်းမြို့ကို ဝင်ရောက်တိုက်ခိုက်ပါတော့တယ်။

ဖရီးတောင်းက ဌာနခွဲဆောက်လုပ်ရေးမြင်ကွင်း၊ ယခု ဌာနခွဲ

ဖရီးတောင်းတိုက်ပွဲ

ညစ်ပတ်နေတဲ့ဆံပင်နဲ့ အနီရောင်ခေါင်းစည်းတပ်ထားတဲ့ ထောင်နဲ့ချီတဲ့ RUF သူပုန်တွေဟာ မြို့ထဲကို တစ်ဟုန်ထိုးဝင်ရောက်လာကြပြီး လုယက်တိုက်ခိုက်၊ သတ်ဖြတ် မုဒိမ်းကျင့်ကြတယ်။ ညီကို အဲဖရက် ဂွန် ဒီလိုပြန်ပြောပြတယ်– “အခြေအနေ တော်တော်လေး ဆိုးနေပြီ။ နိုင်ငံခြားသား သာသနာပြုအများစုကို မြန်မြန်ဆန်ဆန် ထွက်ခွာခိုင်းလိုက်တယ်။ နောက်ဆုံး ထွက်ခွာရမယ့်သူတွေကတော့ ဘီလီနဲ့ ဆန်ဒရာ ကောန်ဝန်၊ ဂျင်မီနဲ့ ဂျွိုက်စ် ဟော်လန် ပြီးတော့ ကျွန်တော်နဲ့ ကက်သရင်းတို့ပဲ။”

“ဗေသလမှာစောင့်ကျန်ခဲ့မယ့် ဒေသခံညီအစ်ကိုညီအစ်မတွေနဲ့ ကျွန်တော်တို့  ဆုတောင်းကြပြီး မြန်မြန်ဆန်ဆန် ထွက်လာကြတယ်။ ထွက်လာတဲ့လမ်းကြောင်းမှာ မူးနေတဲ့သူပုန်စစ်သား ၂၀ လောက်နဲ့တွေ့တယ်။ သူတို့ကို မဂ္ဂဇင်းတွေနဲ့ ပိုက်ဆံတွေပေးလိုက်တဲ့အခါ ကျွန်တော်တို့ကို သွားခွင့်ပြုလိုက်တယ်။ အဲဒီနောက် အမေရိကန် မရိမ်းစစ်သားတွေ သေချာစောင့်ကြပ်ပေးတဲ့ ဂိတ်တစ်ခုမှာ တခြားထွက်ပြေးလာသူ ၁,၀၀၀ လောက်နဲ့ အတူတူလာဆုံကြတယ်။ အဲဒီကိုရောက်တော့ ရေလယ်မှာဆိုက်ထားတဲ့ ယူအက်စ်ရေတပ်သင်္ဘောပေါ် စစ်ရဟတ်ယာဉ်နဲ့ ကျွန်တော်တို့ကို တင်ပို့ပေးလိုက်တယ်။ အမေရိကန်အစိုးရက အခုလို အရပ်သားတွေကို ပြောင်းရွှေ့ပေးတာဟာ ဗီယက်နမ်စစ်ပွဲပြီးတဲ့နောက်ပိုင်းမှာ ဒီတစ်ခေါက်က အများဆုံးပဲလို့ သင်္ဘောအရာရှိက ပြောပြတယ်။ နောက်တစ်နေ့မှာ ရဟတ်ယာဉ်နဲ့ ဂီနီနိုင်ငံ ကိုနာကရီမြို့ကို သွားခဲ့ကြတယ်။ အဲဒီမှာ ယာယီဌာနခွဲကို ဖွဲ့စည်းခဲ့တယ်။”

ဘေးကင်းလုံခြုံရာကို ပို့ဆောင်ခံရသူတွေထဲမှ အဲဖရက် နဲ့ ကက်သရင်း ဂွန်

သာသနာပြုတွေဟာ ဖရီးတောင်းက သတင်းကို နားစွင့်နေခဲ့ကြတယ်။ နောက်ဆုံးမှာ စာတစ်စောင်ရောက်လာတယ်။ စာထဲမှာ ဒီလိုရေးထားတယ်– “‘လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပါဦးမည်လော’ ဆိုတဲ့ နိုင်ငံတော်သတင်းနံပါတ် ၃၅ ကို ပဋိပက္ခတွေကြားထဲမှာ ဝေခဲ့ကြတယ်။ လူတွေ စိတ်ဝင်စားကြတဲ့အပြင် သူပုန်တချို့တောင် ကျွန်တော်တို့နဲ့ ကျမ်းစာသင်လာကြတယ်။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းကို အရှိန်အဟုန်မြင့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြပြီ။”

တိုက်နယ်ကြီးကြပ်မှူးတစ်ဦးဖြစ်သူ ဂျော်နသန် ဘွမ်မာ က ဒီလိုပြန်ပြောပြတယ်– “ဖရီးတောင်းမှာ အထူးစည်းဝေးပွဲတောင် ကျင်းပခဲ့တယ်။ ဘိုမြို့နဲ့ ကန်နမာမြို့တွေမှာလည်း အထူးစည်းဝေးပွဲကျင်းပပေးဖို့ ကျွန်တော်သွားခဲ့တယ်။ အစီအစဉ်က တကယ့်ကို အားပေးမှုဖြစ်ခဲ့တယ်။ စစ်ဘေးသင့်တဲ့ အဲဒီဒေသက ညီအစ်ကိုတွေက အချိန်တန်အစာအတွက် ယေဟောဝါကို ကျေးဇူးတင်ကြတယ်။

“၁၉၉၇ နှစ်ကုန်ပိုင်းရောက်တော့ ဖရီးတောင်းက အမျိုးသားဇာတ်ရုံမှာ ခရိုင်စည်းဝေးကြီး ကျင်းပခဲ့တယ်။ စည်းဝေးကြီးနောက်ဆုံးနေ့မှာ သူပုန်စစ်သားတွေ ဇာတ်ရုံထဲဝင်လာပြီး ကျွန်တော်တို့ကို ထွက်သွားဖို့ အမိန့်ပေးတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်ကို အဆုံးထိလုပ်ခွင့်ပေးဖို့ သူတို့ကို အသနားခံလိုက်တယ်။ အချိန်အတော်ကြာ ဆွေးနွေးပြီးနောက်မှာတော့ သူတို့ အလျှော့ပေးပြီး ထွက်သွားကြတယ်။ ၁,၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ၂၇ ယောက် နှစ်ခြင်းခံခဲ့တယ်။ ညီအစ်ကိုတော်တော်များများဟာ အန္တရာယ်ရှိတဲ့ခရီးစဉ်ဖြစ်တဲ့ ဘိုမြို့ကိုသွားပြီး စည်းဝေးကြီးကို ထပ်တက်ရောက်ခဲ့ကြတယ်။ တကယ့်ကိုထူးမြတ်ပြီး ပျော်စရာကောင်းတဲ့ အချိန်အခါပါပဲ။”