မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ ဂီနီ

ကလေးစစ်သားဘဝမှ မှန်မှန်ရှေ့ဆောင်အဖြစ်သို့

ကလေးစစ်သားဘဝမှ မှန်မှန်ရှေ့ဆောင်အဖြစ်သို့

သူပုန်စစ်သားတွေ ကျွန်တော့်ကို ခေါ်သွားတုန်းက ကျွန်တော့်အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ သူတို့ပေးတဲ့ အရက်နဲ့ မူးယစ်ဆေးဝါးတွေသုံးတယ်၊ တိုက်ပွဲဝင်နေတဲ့အချိန်မှာ ကျွန်တော် ဆေးကြောင်နေတာများတယ်။ စစ်ပွဲပေါင်းများစွာကို ကျွန်တော်တိုက်ခိုက်ခဲ့ရပြီး ရက်ရက်စက်စက်သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့တယ်။ အဲဒီအတွက် ကျွန်တော် အရမ်းနောင်တရတယ်။

တစ်နေ့တော့ သက်ကြီးသက်သေခံတစ်ယောက်က ကျွန်တော်တို့ စစ်တန်းလျားကို ရောက်လာတယ်။ လူအများစုက ကျွန်တော်တို့သူပုန်တွေကို ကြောက်ရွံ့ပြီး အထင်အမြင်သေးကြပေမဲ့ သူကတော့ ဘုရားသခင်အကြောင်းသိအောင် ကူညီပေးဖို့ ကျွန်တော်တို့ဆီ ရောက်လာတယ်။ စည်းဝေးတက်ဖို့ သူဖိတ်ခေါ်တဲ့အခါ ကျွန်တော်လက်ခံလိုက်တယ်။ အဲဒီအစည်းအဝေးမှာ ဘာအကြောင်းအရာတွေ ပြောတယ်ဆိုတာ မမှတ်မိပေမဲ့ သူတို့ရဲ့နွေးထွေးတဲ့ ကြိုဆိုမှုကိုတော့ ကောင်းကောင်း မှတ်မိနေတယ်။

တိုက်ပွဲအရှိန်မြင့်လာတဲ့အခါ သက်သေခံတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ တိုက်ပွဲမှာ ကျွန်တော် ပြင်းပြင်ထန်ထန် ဒဏ်ရာရပြီး ကုသဖို့အတွက် သူပုန်ထိန်းချုပ်နယ်မြေထဲ ကျွန်တော့်ကို ပို့လိုက်တယ်။ စစ်ပွဲမပြီးခင်မှာ အစိုးရထိန်းချုပ်တဲ့ နယ်မြေဘက်ကို ကျွန်တော်ခိုလှုံလိုက်ပြီး လက်နက်ချ အလင်းဝင်လိုက်တယ်။ တခြားသူပုန်တွေကိုလည်း အလင်းဝင်ဖို့ ကျွန်တော် ဖျောင်းဖျတယ်။

ဘုရားသခင်အကြောင်း အရမ်းသိချင်ခဲ့တာ။ ဒါနဲ့ ပဲန်တီကော်စတယ် စည်းဝေးတွေ တက်ရောက်ခဲ့တယ်။ ဒါပေမဲ့ ချာ့ချ်အသင်းသားတွေက သူတို့အချင်းချင်းကြားမှာ ကျွန်တော့်ကို စာတန်လို့ ခေါ်ကြတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေကို ကျွန်တော် လိုက်ရှာတော့တယ်။ သူတို့ကို တွေ့တဲ့အခါ ကျမ်းစာလေ့လာပြီး အစည်းအဝေးတွေ စတက်တယ်။ ကျွန်တော့်ရဲ့ဆိုးသွမ်းတဲ့လုပ်ရပ်တွေကို ဖွင့်ပြောပြတဲ့အခါ ညီအစ်ကိုတွေက ယေရှုရဲ့ဒီစကားတွေကို ဖတ်ပြတယ်– “ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏။ . . . ဖြောင့်မတ်သူတို့ကိုခေါ်ရန် ငါလာသည် မဟုတ်။ အပြစ်သားများကို ခေါ်ရန် ငါလာ၏။”—မ. ၉:၁၂၊ ၁၃

အဲဒီစကားတွေက ကျွန်တော့်နှလုံးကို အရမ်းထိသွားတယ်။ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့သူကို ကျွန်တော့်ရဲ့ဓားမြှောင်ပေးလိုက်ပြီး “ကျွန်တော့်ကို လက်တုံ့ပြန်မယ့်သူတွေရဲ့ ရန်ကနေကာကွယ်ဖို့အတွက် ဒါကိုသိမ်းထားတာ။ ဒါပေမဲ့ ယေဟောဝါနဲ့ ယေရှုက ကျွန်တော့်ကိုချစ်တယ်ဆိုတာ အခုသိပြီ။ ဒါကို မလိုအပ်တော့ဘူး” လို့ပြောလိုက်တယ်။

ညီအစ်ကိုတွေက ကျွန်တော့်ကို စာရေးတတ်ဖတ်တတ်လာအောင် သင်ပေးကြတယ်။ နောက်ပိုင်းမှာ ကျွန်တော် နှစ်ခြင်းခံလိုက်ပြီး မှန်မှန်ရှေ့ဆောင်တစ်ယောက် ဖြစ်လာတယ်။ ဒီနေ့အချိန်မှာ သူပုန်တပ်သားဟောင်းတွေကို သက်သေခံတဲ့အခါ ကျွန်တော့်ရဲ့ဘဝကို သန့်စင်လိုက်တဲ့အတွက် ကျွန်တော့်ကို လေးစားတယ်လို့ ပြောကြတယ်။ အရင်က ကျွန်တော့်ရဲ့ ဗိုလ်ကြီးတစ်ယောက်တောင် ကျွန်တော်နဲ့ ကျမ်းစာလေ့လာနေတယ်။

ကျွန်တော်စစ်သားဘဝမှာ သားသုံးယောက်ရခဲ့တယ်။ အမှန်တရားသိခဲ့ပြီးနောက် သူတို့ကိုလည်း အမှန်တရား သိစေချင်တယ်။ သားနှစ်ယောက်က လက်ခံခဲ့တယ်။ တစ်ယောက်က နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်နေပြီး အကြီးဆုံးသားကတော့ အရန်ရှေ့ဆောင် လုပ်နေတယ်။