မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ ဂီနီ

သူပုန်စစ်သားတွေလက်ကနေ ကျွန်တော်တို့လွှတ်မြောက်ခဲ့

အန်ဒရူး ဘွန်း

သူပုန်စစ်သားတွေလက်ကနေ ကျွန်တော်တို့လွှတ်မြောက်ခဲ့
  • မွေးဖွားသည့်နှစ် ၁၉၆၁

  • နှစ်ခြင်းခံသည့်နှစ် ၁၉၈၈

  • ကိုယ်ရေးအကျဉ်း ဆီအဲရာလီယွန်၊ အရှေ့ပြည်နယ်၊ ပန်ဒမ်ဘူမြို့မှာ စစ်ပွဲစဖြစ်တဲ့ ၁၉၉၁ ခုနှစ်မှာ မှန်မှန်ရှေ့ဆောင်လုပ်။

တစ်ရက်မှာ သူပုန်တွေဟာ ကျွန်တော်တို့မြို့ထဲဝင်လာပြီး နှစ်နာရီလောက်ကြာအောင် သေနတ်တွေကို မိုးပေါ်ထောင် ပစ်နေကြတယ်။ တချို့ဆိုရင် သေနတ်တောင် ကောင်းကောင်းမနိုင်သေးတဲ့ ဆက်ကျော်သက်လူငယ်လေးတွေ။ သူတို့ရဲ့ပုံစံက ညစ်ညစ်ပတ်ပတ်နဲ့ ဆံပင်တွေကလည်း ဖရိုဖရဲဖြစ်နေတယ်၊ စိတ်ရိုင်းဝင်နေကြပြီး မူးယစ်ဆေးသုံးထားတဲ့ ပုံပဲ။

နောက်နေ့ရောက်တော့ သတ်ဖြတ်ပွဲကြီး စတင်ပါပြီ။ လူတွေဟာ ရက်ရက်စက်စက်နဲ့ ခြေလက်တွေ အဖြတ်ခံရတယ်၊ အသတ်ခံရတယ်။ အမျိုးသမီးတွေက မုဒိမ်းကျင့်ခံရတယ်။ အခြေအနေက တကယ့်ကို ရှုပ်ထွေးနေတယ်။ ညီအစ်ကို အမ်မရာ ဘာဘာဝိုနဲ့ သူ့မိသားစု၊ ပြီးတော့ စိတ်ဝင်စားသူလေးယောက် ကျွန်တော့်အိမ်မှာ လာခိုလှုံနေကြတယ်။ ကျွန်တော်တို့အားလုံး ကြောက်နေခဲ့ကြတယ်။

အဲဒီနောက်ပိုင်းမှာ သူပုန်ဗိုလ်တစ်ယောက်က စစ်မှုထမ်းဖို့အတွက် မနက်ဖြန်မနက်မှာ စာရင်းပေးဖို့ ကျွန်တော်တို့ကို အမိန့်ထုတ်ခဲ့တယ်။ ငြင်းဆန်မယ်ဆိုရင် သေဒဏ်ခံရမယ်ဆိုတာ ကျွန်တော်တို့ သိထားပေမဲ့ ကြားနေဖို့ ဆုံးဖြတ်ထားကြတယ်။ အဲဒီညမှာ ကျွန်တော်တို့အားလုံး အကြီးအကျယ် ဆုတောင်းနေခဲ့ကြတယ်။ နောက်တစ်နေ့ရောက်တော့ နေ့စဉ်ကျမ်းချက်ကိုသုံးသပ်ပြီး သူပုန်တွေ လာမယ့်အချိန်ကို စောင့်နေခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ ရောက်မလာကြဘူး။

“ခင်ဗျားတို့က နေ့စဉ်ကျမ်းချက်ဖတ်တယ်ဆိုတော့ ယေဟောဝါသက်သေတွေပဲ ဖြစ်ရမယ်”

 နောက်ပိုင်းမှာ သူပုန်အရာရှိ တစ်ယောက်နဲ့ သူ့လူလေးယောက် ကျွန်တော့်အိမ်မှာ စခန်းလာချကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုတော့ အိမ်ထဲမှာ ဆက်နေခွင့်ပြုတယ်။ ဒါကြောင့် ပုံမှန်စည်းဝေးနဲ့ နေ့စဉ်ကျမ်းချက်ဖတ်တာတွေ ဆက်လုပ်နိုင်ခဲ့တယ်။ “ခင်ဗျားတို့က နေ့စဉ်ကျမ်းချက်ဖတ်တယ်ဆိုတော့ ယေဟောဝါသက်သေတွေပဲ ဖြစ်ရမယ်” လို့ သူတို့တွေက ပြောတယ်။ သမ္မာကျမ်းစာကို သူတို့ စိတ်မဝင်စားပေမဲ့ ကျွန်တော်တို့ကိုတော့ လေးစားကြတယ်။

တစ်နေ့တော့ သူပုန်ဘက်က အရာရှိကြီးတစ်ယောက် ကျွန်တော့်အိမ်မှာနေ,နေတဲ့ စစ်သားတွေကို စစ်ဆေးဖို့ ရောက်လာတယ်။ သူက ညီအစ်ကို ဘာဘာဝိုကို အလေးပြုလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ပြီးတော့ သူ့စစ်သားတွေကို ဒီလို အမိန့်ပေးတယ်– “သူက ငါ့ဆရာပဲ၊ ဒီတော့ မင်းတို့ဆရာလည်းဟုတ်တယ်။ သူနဲ့ သူ့မိတ်ဆွေရဲ့ ဆံပင်မွေးတစ်မွေးတောင် မထိစေနဲ့၊ ထိရင် မင်းတို့နဲ့ ငါနဲ့တွေ့မယ်။ နားလည်လား။” “နားလည်ပါတယ်” လို့သူတို့ ပြန်ဖြေကြတယ်။ အဲဒီနောက် ကျွန်တော်တို့က ငြိမ်းချမ်းတဲ့ပြည်သူတွေဖြစ်တဲ့အတွက် စည်းလုံးသောတော်လှန်ရေးတပ်ဦး (RUF) က ဒုက္ခမပေးဖို့ အမိန့်ပေးထားတဲ့ စာတစ်စောင်ကို အထက်အရာရှိကြီးက ပေးခဲ့တယ်။

လပေါင်းများစွာ ကြာပြီးတဲ့နောက် သူပုန်အုပ်စုကွဲတွေအချင်းချင်း တိုက်ခိုက်ကြတယ်။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံ လိုင်ဘေးရီးယားကို ထွက်ပြေးရတော့တယ်။ လမ်းမှာ နောက်သူပုန်အုပ်စုတစ်စုနဲ့ တွေ့တယ်။ “ကျွန်တော်တို့တွေက ယေဟောဝါသက်သေတွေပါ” လို့သူတို့ကို ပြောလိုက်တယ်။ “ဒါဆိုရင် ယောဟန် ၃:၁၆ မှာ ဘာပြောထားသလဲ” ဆိုပြီး စစ်သားက ပြန်မေးတယ်။ အဲဒီကျမ်းချက်ကို အလွတ်ရွတ်ပြလိုက်တဲ့အခါ ကျွန်တော်တို့ကို သွားခွင့်ပြုလိုက်တယ်။

နောက်ပိုင်းမှာ သူပုန်ဗိုလ်ကြီးတစ်ယောက်နဲ့ ဆုံတယ်။ သူက ညီအစ်ကို ဘာဘာဝိုနဲ့ ကျွန်တော့်ကို သူ့နောက်လိုက်ခဲ့ဖို့ ပြောတယ်။ ကျွန်တော်တို့ကို သတ်မလားလို့ ကြောက်နေမိတယ်။ တကယ်တော့ သူဟာ စစ်ပွဲမတိုင်မီက သက်သေခံတွေနဲ့ ကျမ်းစာလေ့လာဖူးတဲ့အကြောင်း ပြောပြတယ်။ ကျွန်တော်တို့ကို ပိုက်ဆံတောင်ပေးလိုက်သေးတယ်။ ကျွန်တော်တို့ရဲ့စာကို အနီးအနားက အသင်းတော်ဆီပို့ပေးတယ်။ မကြာခင်မှာ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ညီအစ်ကိုနှစ်ယောက် ရောက်လာပြီး ကျွန်တော်တို့ကို ဘေးကင်းတဲ့နေရာဆီ ခေါ်သွားကြတယ်။