မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ ဂီနီ

၂၀၀၂-၂၀၁၃ မကြာသေးမီနှစ်များအတွင်း တိုးတက်မှုများ (အပိုင်း ၁)

၂၀၀၂-၂၀၁၃ မကြာသေးမီနှစ်များအတွင်း တိုးတက်မှုများ (အပိုင်း ၁)

 “ကျေးဇူးတင်ပါတယ် ယေဟောဝါ”

အခြေအနေတွေ တည်ငြိမ်လာတဲ့အခါ ညီအစ်ကိုညီအစ်မတွေ အိမ်ပြန်ကြပါတယ်။ စစ်မဖြစ်ခင်က တည်ရှိခဲ့တဲ့အသင်းတော်တွေအတိုင်း ပြန်လည်ဖွဲ့စည်းကြတယ်။ အထူးသဖြင့် စစ်ဒဏ်အကြီးအကျယ်ခံခဲ့ရတဲ့ ဆီအဲရာလီယွန် အရှေ့ပိုင်းမှာဖြစ်တယ်။ အဲဒီဒေသက အထူးရှေ့ဆောင်တစ်ယောက် ဒီလိုသတင်းပို့ပေးတယ်– “ပထမဆုံးစည်းဝေးကို ၁၆ ယောက် တက်ရောက်တယ်။ နောက်တစ်ကြိမ်မှာ ၃၆ ယောက်၊ နောက်ထပ်တစ်ကြိမ်မှာ ၅၆ ယောက်နဲ့ အောက်မေ့ရာပွဲတော်ကို ၇၇ ယောက်တက်ရောက်ခဲ့တယ်။ ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားခဲ့ကြတယ်။” အသင်းတော်သစ် ၉ ခု တိုးလာတဲ့အတွက် စုစုပေါင်းအသင်းတော် ၂၄ ခုရှိလာတယ်။ ဟောပြောခြင်းလုပ်ငန်းကို အရှိန်မြှင့်ဖို့အတွက် ဂိလဒ်ကျောင်းဆင်းသာသနာပြု ၁၀ ယောက်ရောက်လာတယ်။ ၂၀၀၄ ခုနှစ်မှာ အောက်မေ့ရာပွဲတက်ရောက်သူ ၇,၅၉၄ ယောက်ရှိပြီး ကြေညာသူအရေအတွက်ထက် ငါးဆကျော်တယ်။ ဂီနီမှာလည်း ထပ်တူတိုးပွားနေတယ်။

အိမ်ပြန်လာတဲ့ ဒုက္ခသည်တွေကို ကူညီပေးဖို့အတွက် အလှူငွေရရှိနိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ချက်ချင်း စီစဉ်ပေးတယ်။ (ယာ. ၂:၁၅၊ ၁၆) ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းတွေက ကွိုင်ဒူမှာ စည်းဝေးပွဲခန်းမတစ်လုံးနဲ့ နိုင်ငံတော်ခန်းမ ၁၂ လုံးကို ဆောက်လုပ် ဒါမှမဟုတ် ပြုပြင်ပေးခဲ့တယ်။ အိမ်ဆုံးရှုံးသွားတဲ့မိသားစုတွေအတွက် ရိုးရှင်းတဲ့အုတ်ခံအိမ် ၄၂ လုံး ဆောက်ပေးခဲ့တယ်။ အသက် ၇၀ ရှိပြီဖြစ်တဲ့ မုဆိုးမတစ်ယောက်က သွပ်မိုးထားတဲ့ သူ့ရဲ့အိမ်အသစ်လေးဘေးမှာ ရပ်ပြီး ဝမ်းသာမျက်ရည်နဲ့ ဒီလိုအော်ပြောတယ်– “ကျေးဇူးတင်ပါတယ် ယေဟောဝါ၊ ကျေးဇူးတင်ပါတယ် ယေဟောဝါ၊ ညီအစ်ကိုတွေ ကျေးဇူးတင်ပါတယ်။”

ငွေးကြေးအကန့်အသတ်ရှိတဲ့ ဒေသတွေအတွက် နိုင်ငံတော်ခန်းမ ဆောက်လုပ်ခြင်း အစီအစဉ်ကို ဌာနခွဲက စတင်ခဲ့တယ်။ ဘိုမြို့ အနောက်ပိုင်းအသင်းတော်က အကြီးအကဲတစ်ယောက်လည်းဖြစ်၊ ရှေ့ဆောင်တစ်ယောက်လည်းဖြစ်သူ  ဆိုင်ဒူ ဂျူအန်နာ ဒီလိုပြန်ပြောပြတယ်– “နိုင်ငံတော် ခန်းမအသစ်ရမယ်လို ကြားရင် လက်နဲ့ကော ခြေထောက်နဲ့ပါ လက်ခုပ်တီးမယ်လို့ ညီအစ်မတစ်ယောက်က ပြောတယ်။ နိုင်ငံတော်ခန်းမ အသစ်ရမယ်လို့ ကျွန်တော် ကြေညာတဲ့အခါ အဲဒီညီအစ်မက ထိုင်ခုံပေါ်ကနေထ လက်ခုပ်တီးပြီး ကခုန်နေတော့တယ်။ အဲဒါက လက်နဲ့ရော ခြေထောက်နဲ့ပါ လက်ခုပ်တီးတဲ့ သဘောပဲလေ။”

၂၀၁၀ ပြည့်နှစ်ရောက်တော့ လူ ၈၀၀ အထိဆံ့တဲ့ စည်းဝေးပွဲခန်းမအဖြစ် ချဲ့လို့ရတဲ့ နိုင်ငံတော်ခန်းမအသစ်တစ်လုံးကို ဝါတာလူအသင်းတော်မှာ အပ်နှံခဲ့တယ်။ အသင်းတော်က အဲဒီမြေကွက်ကို ဝယ်တုန်းက ပိုင်ရှင်ကို တခြားတစ်ယောက်က ပိုမြင့်တဲ့စျေးနဲ့ ကမ်းလှမ်းလာတယ်။ သူဒီလိုပြောတယ်– “ကျွန်မရဲ့ မြေကွက်ကို စီးပွားရေးအတွက် သုံးတာထက် ဘာသာရေး စည်းဝေးပွဲတွေအတွက် အသုံးပြုစေချင်တယ်။”

ငွေကြေးအကန့်အသတ်ရှိတဲ့ ဒေသတွေအတွက် အစီအစဉ်နဲ့ ဆီအဲရာလီယွန်မှာ နိုင်ငံတော်ခန်းမ ၁၇ လုံးနဲ့ ဂီနီမှာ ၆ လုံး ဆောက်လုပ်ခဲ့တယ်။ ရိုးရှင်းပြီး လှပတဲ့ နိုင်ငံတော်ခန်းမတွေက လူပိုများများ အစည်းအဝေးကို တက်ရောက်ဖို့ လှုံ့ဆော်ပေးပါတယ်။

ယေဟောဝါရဲ့ ပျောက်ဆုံးနေတဲ့ သိုးတွေကို ရှာခြင်း

ဟောပြောခြင်းလုပ်ငန်း အရှိန်ရလာတာနဲ့ သိပ်မဟောဖြစ်တဲ့ ဒေသတွေမှာ ဟောပြောဖို့ နှစ်လကြာ ကင်ပိန်းတစ်ခုကို ဌာနခွဲက စီစဉ်ခဲ့တယ်။ ကြေညာသူတွေက စာအုပ် ၁၅,၀၀၀ နီးပါးလောက် ဝေငှနိုင်ခဲ့ပြီး တွေ့ကြုံမှုကောင်းတွေ အများကြီး ရရှိခဲ့ကြတယ်။ လူတချို့က သူတို့ရဲ့မြို့တွေမှာ ယေဟောဝါသက်သေတွေရဲ့အသင်းတော် တည်ထောင်ဖို့တောင် တောင်းဆိုကြတယ်။ ဒါနဲ့ မကြာခင်မှာ အသင်းတော်သစ်နှစ်ခုကို တည်ထောင်နိုင်ခဲ့ကြတယ်။ ရွာတစ်ရွာမှာဆိုရင် စစ်ပွဲကြောင့် အိမ်ကိုစွန့်ခွာသွားရတဲ့အတွက် အသင်းတော်နဲ့ အဆက်အသွယ်ပြတ်သွားတဲ့ ညီအစ်မနှစ်ယောက်နဲ့ ပြန်ဆုံဖြစ်ခဲ့ကြတယ်။ အဲဒီရွာမှာ ပုံမှန်အစည်းအဝေးကျင်းပဖို့ ချက်ချင်းစီစဉ်ခဲ့ပြီး ကျမ်းစာသင်အံမှု အမြောက်အများ စတင်နိုင်ခဲ့တယ်။

၂၀၀၉ ခုနှစ်မှာ ဂီနီက လူသူအရောက်အပေါက်နည်းတဲ့ တောရွာလေးတစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါသက်သေတွေပါဆိုပြီး ပြောတဲ့လူတွေ  ရှိတယ်လို့ ဌာနခွဲရုံးက သတင်းရရှိတယ်။ စုံစမ်းဖို့ ညီအစ်ကိုတွေကို ဌာနခွဲရုံးက စေလွှတ်လိုက်တယ်။ အဲဒီနောက် အကြောင်းစုံကို ဌာနခွဲရုံးက သိလိုက်ရပါပြီ။ သက်ကြီးညီအစ်ကိုတစ်ယောက်က အငြိမ်းစားယူပြီးနောက် သူ့ရဲ့ဇာတိရွာလေးဆီ ပြန်သွားခဲ့တယ်။ သူက လူတော်တော်များများကို သူမသေဆုံးခင်မှာ ကျမ်းစာသင်ပေးခဲ့တယ်။ ယေဟောဝါကိုယုံကြည်လာသူ တစ်ယောက်ဆိုရင် သိရှိခဲ့တာတွေကို တခြားသူတွေကို ပြန်ဝေမျှနေပြီ။ သေဆုံးသွားပြီဖြစ်တဲ့ ညီအစ်ကိုရဲ့စာပေတွေကို အသုံးပြုပြီး အစည်းအဝေးတွေလည်း ကျင်းပနေတယ်။ အဲဒီအုပ်စုက ယေဟောဝါကို ဝတ်ပြုနေတာ နှစ် ၂၀ လောက်ကြာပြီးနောက်မှပဲ ကြေညာသူတစ်ယောက်က တွေ့ရှိခဲ့တာဖြစ်တယ်။ ဌာနခွဲရုံးက အဲဒီအုပ်စုကို ကူညီပေးဖို့ ညီအစ်ကိုတွေကို ချက်ချင်း စေလွှတ်ပေးခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ အဲဒီရွာမှာကျင်းပတဲ့ ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်သူ ၁၇၂ ယောက် ရှိခဲ့တယ်။

‘ပျောက်သောသိုး’ တော်တော်များများကို ပြန်ရှာတွေ့ခဲ့ပါတယ်။ သူတို့တွေက အသင်းတော်ကနေ တဖြည်းဖြည်း ဝေးကွာသွားတဲ့သူတွေ၊ ဖယ်ရှားခံရသူတွေ ဖြစ်ပါတယ်။ တော်တော်များများက အသင်းတော်နဲ့ ပြန်ပူးပေါင်းခဲ့ကြတယ်။ ယေဟောဝါရဲ့လူမျိုးက ဝမ်းမြောက်ဝမ်းသာစွာနဲ့ သူတို့ကို လက်ကမ်းကြိုဆိုခဲ့ကြပါတယ်။—လု. ၁၅:၁၁-၂၄

စိတ်ရင်းမှန်တဲ့ အစ္စလာမ်တွေ အမှန်တရားကို လက်ခံ

သတင်းကောင်းကို ဟောပြောရာမှာ တမန်တော်ပေါလုက “လူအမျိုးမျိုးတို့တွင် အမျိုးမျိုး” ဖြစ်လာတယ်။ (၁ ကော. ၉:၂၂၊ ၂၃) ထပ်တူပါပဲ၊ ဆီအဲရာလီယွန်နဲ့ ဂီနီမှာရှိတဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေလည်း လူအမျိုးမျိုး သတင်းကောင်းကို နှစ်သက်လာစေဖို့ သူတို့ရဲ့ချဉ်းကပ်နည်းကို ပြုပြင်ချိန်ညှိခဲ့ကြတယ်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ၊ နှစ်နိုင်ငံစလုံးမှာ အဓိကကိုးကွယ်တဲ့ဘာသာဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ကျိုးကြောင်းဆင်ခြင်ပုံဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့ဖူးသူ ဆိုင်ဒူ ဂျူအန်နာ က ဒီလိုပြောပြတယ်– “အာဒံဟာ မြေမှုန့်ကနေ ဖန်ဆင်းခံရတယ်လို့ အစ္စလာမ်တွေက လက်ခံကြတယ်။ ဒါပေမဲ့ အရင်ဆုံး ကောင်းကင်ပရဒိသုမှာနေတယ်လို့ ယုံကြည်ကြတယ်။ သူတို့တွေ မှန်ကန်စွာနားလည်နိုင်ဖို့ ‘မြေမှုန့်က ဘယ်မှာရှိတာလဲ’ လို့ ကျွန်တော်မေးလိုက်တယ်။”

 “‘မြေကြီးမှာ’ လို့သူတို့ပြန်ဖြေတယ်။

“‘ဒါဆိုရင် အာဒံက ဘယ်မှာ ဖန်ဆင်းခံရတာဖြစ်မလဲ’ လို့ ကျွန်တော် ပြန်မေးလိုက်တယ်။

“‘ကမ္ဘာမြေကြီး’ လို့ သူတို့ပြန်ဖြေတယ်။

“ဆိုလိုရင်းအဓိပ္ပာယ်ကို ရောက်စေဖို့ ကမ္ဘာဦး ၁:၂၇၊ ၂၈ ကို ဖတ်ပြီး ‘ကောင်းကင်မှာ ကလေးတွေမွေးသလား’ လို့ကျွန်တော် မေးတယ်။

“‘မမွေးကြပါဘူး။ ကောင်းကင်တမန်တွေက မိန်းမ၊ ယောက်ျား ဆိုတာမျိုးမှ မရှိတာ’ လို့ သူတို့ပြန်ဖြေကြတယ်။

“‘ဒါဆိုရင် အာဒံနဲ့ဧဝကို ကလေးတွေ မွေးဖွားကြလို့ ဘုရားသခင်မိန့်မှာတုန်းက သူတို့ ဘယ်မှာ ရှိနေကြမလဲ’ လို့ ကျွန်တော် ဆင်ခြင်ပြတယ်။

“‘မြေကြီးမှာ’ လို့ သူတို့ပြန်ဖြေတယ်။

“‘ဒါဆိုရင် ဘုရားသခင်က ပရဒိသု ပြန်လုပ်ပေးတဲ့အခါ ဘယ်နေရာမှာဖြစ်မလဲ’ လို့ ကျွန်တော် ပြန်မေးလိုက်တယ်။

“‘ဒါဆိုရင်တော့ မြေကြီးမှာပေါ့’ လို့ သူတို့ပြန်ဖြေတယ်။”

ဆိုင်ဒူ ဒီလို ကောက်ချက်ချတယ်၊ “ဒီလိုမျိုး ကျိုးကြောင်းဆင်ခြင်လိုက်ခြင်းက စိတ်ရင်းမှန်တဲ့ အစ္စလာမ်တော်တော်များများကို နောက်ထပ်နားထောင်ဖို့၊ ကျမ်းစာ စာပေတွေကို လက်ခံဖို့ ဖြစ်စေတယ်။”

မိုမိုဟာ စျေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီး ဗလီဆရာတစ်ဦး ဖြစ်ချင်သူ ဖြစ်ပါတယ်။ သက်သေခံသာသနာပြုတွေက မိုမိုနဲ့အတူတူ ကျမ်းစာထဲက အချက်တွေကို ကျိုးကြောင်းဆင်ခြင်တဲ့အခါ သူစိတ်ဝင်စားလာတယ်။ တိုက်နယ်အစည်းအဝေးအစီအစဉ်ပိုင်းတချို့ကို တက်ရောက်ပြီး ကြားခဲ့တာတွေကို သဘောကျသွားတယ်။ လေးရက်ကြာပြီးနောက် သူ၊ သူ့ဇနီးရမာတူနဲ့ ကလေးငါးယောက်က အောက်မေ့ရာပွဲကို လာတက်ကြတယ်။ အဲဒီနောက်မှာတော့ မိုမိုဟာ သမ္မာကျမ်းစာကို ထက်ထက်သန်သန် လေ့လာပါတော့တယ်။ အတော်ကြာ လေ့လာပြီးတဲ့နောက် စီးကရက်မရောင်းတော့ဘူး။ စီးကရက်က ကျန်းမာရေးကိုထိခိုက်စေပြီး ဘုရားသခင်လည်း မကြိုက်ဘူးလို့ သူ့ဖောက်သည်တွေကို ပြောတယ်။ သူ့ဆိုင်မှာ ဇနီး၊ သားသမီးတွေနဲ့အတူတူ မိသားစုလေ့လာမှုတွေလည်း လုပ်နေပြီ။ အဲဒီလို လေ့လာမှုလုပ်နေတဲ့အချိန် စျေးဝယ်လာရင် မိသားစုအတွက် အရမ်းအရေးကြီးတဲ့  လေ့လာမှုလုပ်နေတယ်လို့ စျေးဝယ်သူကိုပြောပြီး စောင့်ခိုင်းထားတယ်။ သူနဲ့ ရမာတူတို့ တရားဝင်လက်ထပ်လိုက်တဲ့အခါမှာ သူတို့ရဲ့ဆွေမျိုးတွေ အကြီးအကျယ် အတိုက်အခံလုပ်ကြတယ်။ မိုမိုနဲ့ ရမာတူတို့ဟာ သူတို့ရဲ့ဆွေမျိုးတွေကို သတ္တိရှိရှိ သက်သေခံကြတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ကောင်းမွန်တဲ့ အမူအကျင့်ကို လေးစားလာကြတယ်။ ၂၀၀၈ ခုနှစ်မှာ မိုမိုနှစ်ခြင်းခံခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ရမာတူက နှစ်ခြင်းခံလိုက်တယ်။

သွေးရဲ့မြင့်မြတ်မှုကို စွဲကိုင်ထားခြင်း

ယေဟောဝါရဲ့လူမျိုးဟာ ဘုရားသခင်ရဲ့စံနှုန်းတွေကို လိုက်လျှောက်ကြတယ်။ အဲဒီထဲမှာ သွေးနဲ့ပတ်သက်တဲ့ ကိုယ်တော်ရဲ့ရှုမြင်ပုံလည်းပါတယ်။ (တ. ၁၅:၂၉) ဒီရှုမြင်ချက်ကို ဆီအဲရာလီယွန်နဲ့ ဂီနီမှာရှိတဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ တဖြည်းဖြည်း လေးစားလာကြပြီ။

ဆေးရုံတက်နေတဲ့ ညီအစ်မတစ်ယောက်ကို ညီအစ်ကိုတွေ နှစ်သိမ့်ပေးနေ

၁၉၇၈ ခုနှစ်မှာ ညီအစ်တွေဟာ ယေဟောဝါသက်သေများနှင့် သွေးနှင့်ပတ်သက် သော မေးခွန်းများ ဆိုတဲ့စာအုပ်ငယ်လေးကို ဆီအဲရာလီယွန်နိုင်ငံတစ်လျှောက်မှာရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးရုံတာဝန်ခံတွေ၊ ရှေ့နေတွေနဲ့ တရားသူကြီးတွေကို ဝေငှခဲ့တယ်။ သိပ်မကြာခင်မှာ ညီအစ်မတစ်ယောက်ဟာ မီးဖွားရင်း ကိုယ်တွင်းသွေးယိုစိမ့်မှု ဖြစ်လာတယ်။ ဆရာဝန်တွေက သွေးမဲ့ကုသပေးဖို့ ငြင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဆရာဝန်တစ်ယောက်က ကုသပေးဖို့ လက်ခံလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သူဖတ်ရတဲ့ သွေးစာအုပ်ထဲက ဖော်ပြချက်တွေက အသိပညာပေးပြီး ယုတ္တိရှိလို့ပဲ။ အဲဒီညီအစ်မဟာ ကျန်းမာတဲ့ကလေးကို မွေးဖွားနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း ကောင်းမွန်စွာ သက်သာလာတယ်။

၁၉၉၁ ခုနှစ်လောက်မှာ ကန်နမာမြို့ ဆေးရုံက ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ဘရှီရူ ကိုရိုမာ ဟာ သွေးသည် သင့်အသက်ကို မည်သို့ကယ်နိုင်သနည်း ဆိုတဲ့ ဘရိုရှာကို ဖတ်လိုက်ရတယ်။ အဲဒီမှာ ဖော်ပြထားတဲ့အချက်တွေကို သဘောကျသွားပြီး ကျမ်းစာ စလေ့လာတယ်၊ အစည်းအဝေးတွေလည်း တက်လာတယ်။ ကိုးနှစ်အရွယ် သက်သေခံလူငယ်လေးတစ်ယောက်က မတော်တဆဖြစ်မှုကြောင့် သရက်ရွက် ထိခိုက်သွားတဲ့အခါ ဆရာဝန်တွေက သွေးမဲ့ကုသပေးဖို့ ငြင်းဆန်ကြတယ်။ သူတို့က ကောင်လေးရဲ့ မိဘတွေကို “ခင်ဗျားတို့ရဲ့သားကို အိမ်ပြန်ခေါ်သွားပြီး သေခိုင်းလိုက်တော့” လို့ပြောတယ်။ မိဘတွေက ဒေါက်တာ ကိုရိုမာကို အကူအညီတောင်းတော့ အောင်မြင်စွာနဲ့ ခွဲစိတ်နိုင်ခဲ့တယ်။

မကြာခင်မှာ ဒေါက်တာ ကိုရိုမာဟာ သွေးမဲ့ကုထုံးဘက် ရပ်တည်ပေးတဲ့ ညီအစ်ကို ကိုရိုမာ ဖြစ်လာတယ်။ တခြားဆရာဝန်တွေက သူ့ရဲ့ရပ်တည်ချက်ကြောင့် သူ့ကို ဝိုင်းပယ်ထားကြပေမဲ့ သူ့ရဲ့လူနာတွေကတော့ ကောင်းကောင်း ဆက်ဆံကြတယ်။ နောက်ပိုင်းမှာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ခက်ခဲတဲ့ ခွဲစိတ်ကုသမှုတွေအတွက် သူ့ဆီ အကူအညီလာတောင်းကြပါတယ်။

၁၉၉၄ ခုနှစ်ကစပြီး ဖရီးတောင်း ဌာနခွဲမှာရှိတဲ့ ဆေးရုံနှင့်သတင်းအချက်အလက်ဆိုင်ရာအဖွဲ့က ဆီအဲရာလီယွန်နဲ့ ဂီနီနိုင်ငံတစ်လျှောက်မှာ ဆေးရုံဆက်သွယ်ရေးကော်မတီတွေ ဖွဲ့စည်းခဲ့တယ်။ ဒီကော်မတီတွေဟာ နာမကျန်းဖြစ်တဲ့ သက်သေခံမြောက်များစွာကို မေတ္တာနဲ့ထောက်မပေးခဲ့ပြီး သက်သေခံတွေကို သွေးမဲ့ကုသပေးဖို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ တော်တော်များများကို ဖျောင်းဖျနိုင်ခဲ့ကြတယ်။