ဆီအဲရာလီယွန်နဲ့ ဂီနီ
ဆီအဲရာလီယွန်ကို ချစ်မိသွားပြီ
စင်ဒီ မက်ကင်တိုင်ရာ
မွေးဖွားသည့်နှစ် ၁၉၆၀
နှစ်ခြင်းခံသည့်နှစ် ၁၉၇၄
ကိုယ်ရေးအကျဉ်း ၁၉၉၂ ခုနှစ်ကတည်းက သာသနာပြုအနေနဲ့ အမှုဆောင်ခဲ့။ ဂီနီနဲ့ ဆီနီဂေါမှာ အမှုဆောင်ခဲ့ပြီး ယခု ဆီအဲရာလီယွန်မှာ အမှုဆောင်နေ။
ကျွန်မ ဒီကိုစရောက်ပြီး နှစ်ပတ်အကြာမှာပဲ ဒီနိုင်ငံကို ချစ်မိသွားတယ်။ လူတွေက သူတို့ခေါင်းပေါ်မှာ လေးလံတဲ့ဝန်တွေကို အားမစိုက်ဘဲ သယ်ဆောင်သွားတာတွေကို ကြည့်ပြီး ကျွန်မအံ့သြရတယ်။ ပတ်ဝန်းကျင်မှာ လူတွေကြီးပဲ။ ကလေးတွေက လမ်းပေါ်မှာ ပြေးလွှားဆော့ကစားနေကြတယ်။ သူတို့ခြေထောက်လေးတွေကို စည်းချက်အလိုက်လှုပ်ရှားပြီး လက်ခုပ်တီး ကခုန်နေကြတယ်။ ကျွန်မ ပတ်ဝန်းကျင်မှာ အရောင်အသွေးအစုံ၊ လှုပ်ရှားမှုအစုံ၊ တေးဂီတတွေအစုံပဲ။
အပျော်ဆုံးကတော့ ဒီမှာ ဟောပြောရတာပါ။ ဆီအဲရာလီယွန်ကလူတွေဟာ သူစိမ်းတွေကို ကြိုဆိုရတာကို ဂုဏ်ယူကြတယ်။ သမ္မာကျမ်းစာကို စိတ်ဝင်တစားနဲ့ နားထောင်ကြတယ်။ အိမ်ထဲကိုလည်း ဖိတ်ခေါ်လေ့ရှိတယ်။ အိမ်ပြန်တဲ့အခါ လမ်းထိပ်အထိ လိုက်ပို့ပေးကြတယ်။ အဲဒီလိုချစ်စရာကောင်းတဲ့ အပြုအမူလေးတွေက ရေမီးပြဿနာကြောင့် အဆင်မပြေတာမျိုး ကြုံရတဲ့အခါ ခံနိုင်ရည်ရှိဖို့ ကျွန်မကို ကူညီပေးတယ်။
ကျွန်မက တစ်ကိုယ်ရေဖြစ်တဲ့အတွက် လူတွေက တစ်ခါတစ်ခါ အထီးကျန်သလားလို့ မေးကြတယ်။ တကယ်တော့ လုပ်စရာများလွန်းလို့ အထီးကျန်မယ့်အချိန်တောင် မရှိပါဘူး။ ကျွန်မဘဝမှာ ရည်ရွယ်ချက်တွေ အပြည့်ရှိနေတယ်။