မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ဂီနီ

၁၉၁၅-၁၉၄၇ အစောပိုင်းကာလ (အပိုင်း ၃)

၁၉၁၅-၁၉၄၇ အစောပိုင်းကာလ (အပိုင်း ၃)

ပြည်နယ်တွေသာမက အဲဒီထက်မက ကျော်လွန်သွား

ဖရီးတောင်းအသင်းတော်တစ်ခုလုံးဟာ အမှန်တရားအတွက် စိတ်ထက်သန်လွန်းလို့ “တရားဟောခြင်းအမှုကိုသာ အာရုံစိုက်ဆောင်ရွက်” လာကြတယ်။ (တ. ၁၈:၅) အဲဖရက် ဂျိုးဇက် ဒီလိုပြောပြတယ်– “ကျွန်တော့်ရဲ့ နော်တန်မော်တော်ဆိုင်ကယ်ကြီးမှာ ကျမ်းစာစာပေထည့်ထားတဲ့ စက္ကူပုံးတစ်ပုံး ချည်လိုက်တယ်။ အဲဒီနောက် ညီအစ်ကိုသောမတ်စ် ဒါမှမဟုတ် ဆီဗင်စတာ ဂရန့်က နောက်မှာ [ခရီးသည်တစ်ယောက်လို] ထိုင်ပြီး ဖရီးတောင်းအနီးအနားမှာရှိတဲ့ ကျေးလက်တောရွာနဲ့ မြို့ငယ်တွေမှာ သွားဟောပြောကြတယ်။

ကြေညာသူတွေဟာ ၁၉၂၇ ခုနှစ်အထိ အများအားဖြင့် ဖရီးတောင်းမြို့နဲ့ အဲဒီအနီးအနားက ကိုလိုနီလို့ခေါ်တဲ့နေရာမှာ ဟောကြတယ်။ ၁၉၂၈ ခုနှစ်ကစပြီး နှစ်တိုင်း မိုးရာသီမတိုင်ခင်မှာ ဘတ်စကားတစ်စီးငှားပြီး နယ်တွေမှာ သွားဟောကြတယ်။ မသွားနိုင်တဲ့သူတွေက ခရီးစဉ်အတွက်ပိုက်ဆံထည့်တယ်၊ အဲဒါကို မဲလ်ဘန်းဂါဘာက ဦးဆောင်တယ်။ ဘတ်စကားနဲ့သွားတဲ့အုပ်စုတွေဟာ အရှေ့ဘက် ကိုင်လာဟန်ကနေ တောင်ဘက် လိုင်ဘေးရီးယားနယ်စပ်အထိ မြို့တွေနဲ့တောရွာတွေမှာ ဟောပြောကြတယ်။ လရဲ့ ပထမတနင်္ဂနွေနေ့တိုင်းမှာ စိတ်ဝင်စားသူတွေဆီ ပြန်လည်ပတ်ကြတယ်။

 အဲဒီအချိန်လောက်တုန်းက ညီအစ်ကိုဘရောင်းဟာ အနောက်အင်းဒီးစ်ကို အလည်သွားတယ်၊ ပြန်လာတဲ့အခါ ကားတစ်စီးပါလာတယ်၊ အဲဒီကားက ဆီအဲရာလီယွန်ကိုရောက်လာတဲ့ ဦးဆုံးကားတွေထဲက တစ်စီးပဲ။ လူအများရှေ့သက်သေခံဖို့ ဒီကားမှာ အသံချဲ့စနစ်တပ်ဆင်ထားတယ်။ ညီအစ်ကိုဘရောင်းက ကားကို လူစည်တဲ့နေရာမှာရပ်ထားပြီး လူတွေရဲ့အာရုံကိုဆွဲဆောင်ဖို့ မြူးကြွတဲ့တေးသံကို ဖွင့်တယ်။ အဲဒီနောက် သူက ဟောပြောချက်တိုလေးတစ်ခု ဟောတယ်၊ ဒါမှမဟုတ် အသံသွင်းထားတဲ့ ဟောပြောချက်ကို ဖွင့်ပြတယ်၊ ကျမ်းစာစာပေတွေကိုယူဖို့ လူတွေကို ဖိတ်ခေါ်တယ်။ စကားပြောတဲ့ကားလို့ လူတွေခေါ်တဲ့အရာက လူအများစိတ်ဝင်စားစရာဖြစ်နေပြီး အဲဒါကို နားထောင်ဖို့ လူတွေ စုရုံးခဲ့ကြတယ်။

သတ္တိရှိရှိ သက်သေခံနေကြ

ညီအစ်ကိုဘရောင်းဟာ နောက်တစ်ဆင့်အနေနဲ့ သူတို့မရောက်သေးတဲ့ အနောက်အာဖရိမှာရှိတဲ့ အင်္ဂလိပ်စကားပြောဒေသတွေမှာ ဟောပြောဖို့ အာရုံစိုက်ခဲ့တယ်။ ၁၉၂၀ ပြည့်လွန်နှစ်နောက်ပိုင်းတွေမှာ သူဟာ ဂမ်ဘီယာ၊ ဂါနာ၊  လိုင်ဘေးရီးယားနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေမှာ လှည့်လည်ဟောပြောဖို့ ခရီးစဉ်တစ်ခုကို စီစဉ်ခဲ့တယ်။ နိုင်ငံတိုင်းမှာ စိတ်ဝင်စားသူတွေရှိတယ်ဆိုတာ ညီအစ်ကိုဘရောင်း တွေ့ရှိခဲ့တယ်၊ ဒါပေမဲ့ နိုင်ဂျီးရီးယားမှာတော့ ပိုပြီး တိုးတက်မယ့်ပုံပေါက်နေတယ်။ ၁၉၃၀ မှာ သူနဲ့သူ့မိသားစုဟာ ဖရီးတောင်းမြို့ကနေ လာဂို့စ်မြို့ကို ပြောင်းရွှေ့သွားတယ်။ အဲဒီကနေပြီး အနောက်အာဖရိရဲ့ ဟောပြောခြင်းလုပ်ငန်းကို ဆက်ကြီးကြပ်ခဲ့တယ်။

အခု အနောက်အာဖရိကမှာ သက်သေခံ ၅၀၀,၀၀၀ ကျော်ဟာ ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်နေ

၁၉၅၀ မှာ ညီအစ်ကိုဘရောင်းဟာ အနောက်အာဖရိကမှာ ထူးခြားတဲ့အမွေအနှစ်တစ်ခု ချန်ရစ်ပြီး ကျန်းမာရေးပြဿနာကြောင့် ဂျမေကာကို ပြန်သွားခဲ့တယ်။ ၂၇ နှစ်ကျော်အတွင်း အနောက်အာဖရိကမှာ သက်သေခံ ၂ ယောက်ကနေ ၁၁,၀၀၀ အထိ တိုးများလာတာကို ညီအစ်ကိုဘရောင်းတို့ ဇနီးမောင်နှံ တွေ့မြင်ခဲ့ရတယ်။ သူတို့ဟာ “သူငယ်တစ်ယောက်သည် လူတစ်ထောင် ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောသူဖြစ်ရလိမ့်မည်” ဆိုတဲ့ ဟေရှာယရဲ့ပရောဖက်ပြုချက် စာသားအတိုင်း ပြည့်စုံလာတာကို မြင်တွေ့ခဲ့ရတယ်။ (ဟေရှာ. ၆၀:၂၂) အနှစ် ၆၀ ကျော်ရှိပြီဖြစ်တဲ့ အခုချိန်မှာ “အားကြီးသောလူမျိုး” ဖြစ်တဲ့ သက်သေခံ ၅၀၀,၀၀၀ ကျော်ဟာ အနောက်အာဖရိကမှာ ယေဟောဝါကို အမှုဆောင်နေကြတယ်။

ပိတ်ပင်မှုအောက်မှာ ခိုင်မြဲစွာရပ်တည်

အာဖရိကမှာ ဒုတိယကမ္ဘာစစ်ရဲ့ စစ်ရိပ်သန်းလာတဲ့အခါ ဆီအဲရာလီယွန်မှာရှိတဲ့ ယေဟောဝါရဲ့လူတွေဟာ ခရစ်ယာန်ကြားနေသူတွေအဖြစ် ရပ်တည်ခဲ့တယ်။ (မိ. ၄:၃; ယော. ၁၈:၃၆) ဗြိတိသျှအာဏာပိုင်တွေက သူတို့ကို ဆန့်ကျင်ပုန်ကန်သူတွေအဖြစ် စွပ်စွဲခဲ့တယ်၊ အဲဒါကြောင့် သူတို့ရဲ့လုပ်ဆောင်မှုတွေကို စောင့်ကြည့်ပြီး စာပေတွေကို ပိတ်ပင်လိုက်တယ်။ အကောက်ခွန်ရုံးက ဖရီးတောင်းမြို့မှာရှိတဲ့ စာအုပ်တွေကိုသိမ်းပြီး မီးရှို့လိုက်တယ်။ ညီအစ်ကိုတချို့ဟာ ပိတ်ပင်ထားတဲ့စာပေတွေကို လက်ဝယ်ထားရှိမှုနဲ့ အဖမ်းခံရတယ်၊ ဒါပေမဲ့ သိပ်မကြာခင်မှာ ပြန်လွတ်လာတယ်။ *

 သက်သေခံတွေဟာ ပိတ်ပင်မှုကြားမှာ ဆက်ဟောပြောခဲ့ကြတယ်။ ပေါ်လင်း ကိုးလ်က ဒီလိုပြောပြခဲ့တယ်– “သင်္ဘောအမှုထမ်းတစ်ယောက်ဖြစ်တဲ့ ညီအစ်ကိုတစ်ယောက်ဟာ ကျွန်မတို့ဆီ ပုံမှန်လည်ပတ်ပြီး ကင်းမျှော်စင်တွေ ယူလာပေးတယ်။ အစည်းအဝေးတွေမှာသုံးဖို့ အဲဒါတွေကို လက်နှိပ်စက်ရိုက်ပြီး ထပ်ပွားတယ်။ ကျွန်မတို့ဟာ ကျမ်းစာအကြောင်းအရာတွေပါတဲ့ စာရွက်တွေကိုလည်း ပုံနှိပ်ပြီး လူတွေကို ဝေငှတယ်။ ညီအစ်ကိုတွေဟာ လူထုဟောပြောချက်တွေ ဆက်ပေးပြီး ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ရေဒီယိုအသံလွှင့်ဟောပြောချက်တွေကို ဖွင့်ပြတယ်၊ အထူးသဖြင့် ရွာတွေမှာ အဲဒီလိုလုပ်တယ်။”

အဲဒီလို မသိမသာကြိုးစားခဲ့တာတွေကို ယေဟောဝါ ကောင်းချီးပေးတယ်။ သက်တမ်းကြာအကြီးအကဲနဲ့ ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် ဂျရတ် ဒီလိုပြောပြတယ်– “စစ်အတွင်းမှာ ကျွန်တော်က ကျောက်တုံးတွေကိုဖြတ်တဲ့ အလုပ်လုပ်နေတုန်း သက်ကြီးညီအစ်မတစ်ယောက်က ကျွန်တော့်ကို ဒုက္ခသည်ဆိုတဲ့ စာအုပ်ပေးခဲ့တယ်။ ဖရီးတောင်းမြို့ကို စစ်ပြေးဒုက္ခသည်တွေ အများကြီးရောက်လာလို့ အဲဒီစာအုပ်ကို ကျွန်တော် စိတ်ဝင်စားသွားတယ်။ အဲဒီညမှာ စာအုပ်ကိုအပြီးဖတ်လိုက်ပြီး ဒါဟာ အမှန်တရားပဲဆိုတာ ချက်ချင်းသိသွားတယ်။ နောက်နေ့မနက်မှာ အဲဒီညီအစ်မကို လိုက်ရှာပြီး ကျွန်တော့်ညီအစ်ကိုသုံးယောက်အတွက် စာအုပ်တွေ တောင်းခဲ့တယ်။ ကျွန်တော်တို့ လေးယောက်စလုံး အမှန်တရားကို လက်ခံခဲ့တယ်။”

၁၉၄၅ ခုနှစ်မှာ စစ်ပြီးသွားတဲ့အခါ ဖရီးတောင်းအသင်းတော်မှာ ကြေညာသူ ၃၂ ယောက်ရှိတယ်။ ကြေညာသူတွေဟာ ဆက်သစ္စာရှိခဲ့ကြပြီး အမှုဆောင်လုပ်ငန်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ သူတို့တွေဟာ ရှေ့ဆက်လုပ်ဆောင်ဖို့ အသင့်ဖြစ်နေကြတယ်။

လူထုအစည်းအဝေး ကင်ပိန်း

၁၉၄၅၊ သြဂုတ် ၂၉ ရက်နေ့ ပတ်စဉ်စည်းဝေးတစ်ခုမှာ ဖရီးတောင်းအသင်းတော်ဟာ ၁၉၄၄၊ ဒီဇင်ဘာလထုတ် သံတော်ဆင့် (အခု နိုင်ငံတော်ဓမ္မအမှုလို့ခေါ်) မှာပါတဲ့ ကင်ပိန်းအသစ်တစ်ခုအကြောင်း ဆွေးနွေးကြတယ်။ အသင်းတော်တိုင်းဟာ မိမိတို့နယ်မြေမှာရှိတဲ့ “မြို့ကြီး၊ မြို့ငယ်နဲ့ ကျေးရွာတိုင်း” မှာ ဟောပြောချက်လေးခုပါတဲ့ ဟောပြောပွဲတစ်ခုကို ကြော်ငြာပြီး ကျင်းပရ မှာဖြစ်တယ်။ စည်းဝေးတစ်ခုစီမှာ ဟောပြောသွန်သင်ခြင်းသင်တန်းမှာ ကောင်းကောင်း တင်ဆက်နိုင်တဲ့ ညီအစ်ကိုတစ်ယောက် (အသက် ၁၈ နဲ့အထက်) က တစ်နာရီကြာ ဟောပြောချက်ပေးမှာဖြစ်တယ်။ စည်းဝေးလေးခုပြီးသွားတဲ့အခါ ညီအစ်ကိုတွေက စိတ်ဝင်စားသူတွေကို ကူညီဖို့အတွက် ဒေသတစ်ခုစီမှာ ကျမ်းစာလေ့လာမှုအုပ်စုတစ်ခု စီစဉ်ရမှာဖြစ်တယ်။

ဒီညွှန်ကြားချက်အသစ်ကို ကြေညာသူတွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ ဖရီးတောင်းအသင်းတော်ရဲ့ လုပ်ငန်းတော်စည်းဝေးမှတ်တမ်းကနေ ကောက်နုတ်ထားတဲ့ဖော်ပြချက်က အောက်ပါအတိုင်းဖြစ်တယ်–

သဘာပတိ– “ဒီကင်ပိန်းအသစ်ကို ကျွန်တော်တို့ လုပ်နိုင်ပါ့မလား၊ ခင်ဗျားတို့ ဘယ်လိုထင်သလဲ။”

ညီအစ်ကို တစ်– “အမေရိကန်နိုင်ငံမှာ အောင်မြင်သလို ကျွန်တော်တို့ဆီမှာ အောင်မြင်မယ်လို့ မယူဆသင့်ဘူး။ ဒီမှာက သူတို့နဲ့မတူဘူး။”

ညီအစ်ကို နှစ်– “ဟုတ်တယ်၊ ကျွန်တော်သဘောတူတယ်။”

ညီအစ်ကို သုံး– “စမ်းကြည့်မယ်လေ။”

ညီအစ်ကို လေး– “အခက်အခဲရှိနိုင်တယ်နော်။”

ညီအစ်ကို ငါး– “ဒါပေမဲ့၊ ယေဟောဝါအဖွဲ့အစည်းကပေးတဲ့ ညွှန်ကြားချက်ကို ကျွန်တော်တို့ လိုက်နာရမယ်။”

ညီအစ်ကို ခြောက်– “ဒီနိုင်ငံမှာတော့ အောင်မြင်မယ့်ပုံ မပေါက်ဘူး။”

ညီအစ်မ တစ်– “ဘာပဲဖြစ်ဖြစ်၊ သံတော်ဆင့်မှာ ရှင်းရှင်းလင်းလင်း ညွှန်ကြားထားတယ်။ လုပ်ကြည့်ကြစို့။”

ဒါနဲ့ သူတို့ လုပ်ခဲ့ကြတယ်။ ဖရီးတောင်းကမ်းခြေကစပြီး ကာဘလာမြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဘိုမြို့အထိ ညီအစ်ကိုတွေဟာ စာသင်ခန်းတွေ၊ ဈေးတွေ၊ အိမ်တွေမှာ အစည်းအဝေးတွေလုပ်ကြတယ်။ ဒီလုပ်ဆောင်မှုက အသင်းတော်ရဲ့ထက်သန်မှုကို အားသစ်လောင်းပေးခဲ့ပြီး ‘ယေဟောဝါဘုရား၏ တရားစကားတော် ထွန်းကားပျံ့နှံ့’ ခဲ့တယ်။—တ. ၁၂:၂၄

ဒါပေမဲ့ ကြေညာသူတွေဟာ လေ့ကျင့်မှု လိုအပ်နေတုန်းပဲ။ အဲဒါကို ယေဟောဝါ လုပ်ဆောင်ပေးခဲ့တယ်။

^ စာပိုဒ်၊ 10 ၁၉၄၈ ခုနှစ်မှာ ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်တယ်။