မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆီအဲရာလီယွန်နဲ့ဂီနီ

၁၉၄၈-၁၉၉၀ ‘လူအများကြီးကို ဖြောင့်မတ်လာစေ’—ဒံ ၁၂:၃ (အပိုင်း ၂)

၁၉၄၈-၁၉၉၀ ‘လူအများကြီးကို ဖြောင့်မတ်လာစေ’—ဒံ ၁၂:၃ (အပိုင်း ၂)

ဘုရားပေးဆုဖြစ်တဲ့ အိမ်ထောင်မင်္ဂလာကို လေးမြတ်ခြင်း

ဝီလျံ နူရှီးဟာ သူ့ရဲ့တာဝန်မှာ နေသားတကျဖြစ်လာတဲ့အခါ တချို့ကြေညာသူတွေ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့စံနှုန်းတွေကို မလိုက်နာကြဘူးဆိုတာ သတိထားမိတယ်။ တချို့စုံတွဲတွေဟာ ဓလေ့ထုံးစံအတိုင်း လက်ထပ်ပြီး အတူနေကြတယ်၊ ရုံးမှာ လက်မှတ်ထိုးပြီး လက်ထပ်တာမျိုး မလုပ်ကြဘူး။ တချို့ကြတော့ သူတို့ဒေသရဲ့ထုံးစံအတိုင်း အမျိုးသမီးမှာ ကိုယ်ဝန်ရလာတဲ့အထိ လက်ထပ်တာကို ဆိုင်းထားကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးရနိုင်တယ်ဆိုတာ သေချာမှ တရားဝင်လက်ထပ်ကြတယ်။

အဲဒါကြောင့် ဌာနခွဲရုံးက အသင်းတော်အားလုံးကို မေ၊ ၁၉၅၃ နေ့စွဲပါစာတစ်စောင်ရေးပြီး ထိမ်းမြားခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာစံနှုန်းကို သေချာ ရှင်းပြခဲ့တယ်။ (က. ၂:၂၄; ရော. ၁၃:၁; ဟေဗြဲ ၁၃:၄) အတူနေတဲ့စုံတွဲတွေကို လက်ထပ်မှတ်ပုံတင်ဖို့ အချိန်ပေးခဲ့တယ်။ အဲဒီလိုမလုပ်ရင် အသင်းတော်ကနေ နှင်ထုတ်ခံရမှာဖြစ်တယ်။—၁ ကော. ၅:၁၁၊ ၁၃

ကြေညာသူတွေဟာ ဒီအစီအစဉ်ကို ဝမ်းသာအားရ လက်ခံခဲ့တယ်။ ဒါပေမဲ့ တချို့ကြေညာသူတွေက အဲဒီလိုလုပ်ဖို့မလိုဘူးလို့ ယူဆကြတယ်။ အသင်းတော်နှစ်ခုမှာ ကြေညာသူတစ်ဝက်ကျော်ဟာ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ ဆက်မပူးပေါင်းကြတော့ဘူး။ ဒါပေမဲ့ ဆက်သစ္စာရှိတဲ့သူတွေဟာ သူတို့ရဲ့လုပ်ဆောင်မှုကို တိုးချဲ့ခဲ့ကြပြီး ယေဟောဝါ သူတို့ကို ကောင်းချီးပေးတယ်ဆိုတာ အထင်အရှား မြင်တွေ့ခဲ့ရတယ်။

ညီအစ်ကိုတွေဘက်ကနေ အကြီးအကျယ် ကြိုးစားအားထုတ်ပြီးနောက်မှာ ဖရီးတောင်းနိုင်ငံတော်ခန်းမဟာ လက်ထပ်မင်္ဂလာပွဲလုပ်ဖို့ သင့်တော်တဲ့နေရာတစ်ခု ဖြစ်သွားတယ်။ ၁၉၅၄၊ စက်တင်ဘာ ၃ ရက်နေ့မှာ ညီအစ်ကိုတွေဟာ တရားဝင်မင်္ဂလာပွဲကို ပထမဆုံးအကြိမ် ကျင်းပကြတယ်။ နောက်ပိုင်းမှာ  အစိုးရက ခရိုင်ခုနစ်ခုမှာရှိတဲ့ အရည်အချင်းပြည့်မီတဲ့ ညီအစ်ကိုတွေကို လက်ထပ်ပေးနိုင်တဲ့မှတ်ပုံတင် ထုတ်ပေးခဲ့တယ်။ ဒါနဲ့ပဲ စိတ်ဝင်စားသူတွေဟာ တရားဝင်လက်ထပ်နိုင်ပြီး သတင်းကောင်းကြေညာသူတွေ ဖြစ်လာနိုင်ကြတယ်။

နိုင်ငံတော်ခန်းမမှာ ကျင်းပတဲ့ မင်္ဂလာပွဲတစ်ခု

မိန်းမတစ်ယောက်ထက်မက ယူထားတဲ့ စိတ်ဝင်စားသူတွေလည်း ဘုရားသခင့်စံနှုန်းတွေကို လိုက်နာဖို့ လုပ်ဆောင်ခဲ့ကြတယ်။ ဘွန့်မြို့မှာနေတဲ့ ဆမ်မြူ ရယ်လ် ကူးပါး ဒီလိုပြောပြတယ်– “၁၉၅၇ ခုနှစ်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးနှစ်ယောက်ဟာ အစည်းအဝေးတွေ စတက်ခဲ့ပြီး ဟောပြောသွန်သင်ခြင်းသင်တန်းမှာ စာရင်းပေးခဲ့ကြတယ်။ တစ်နေ့မှာ ကျွန်တော်ဟာ ခရစ်ယာန်အိမ်ထောင်နဲ့ပတ်သက်တဲ့အကြောင်းပြောဖို့ တာဝန်ရတယ်။ အဲဒီအကြောင်းကို ရှာဖွေလေ့လာလိုက်တဲ့အခါ ကျွန်တော့်ဇနီး အငယ်နဲ့ လမ်းခွဲရမယ်ဆိုတာ သိလာတယ်။ ကျွန်တော့်ဆွေမျိုးတွေကို အဲဒီအကြောင်း ပြောပြတဲ့အခါ သူတို့အားလုံးက ကန့်ကွက်ကြတယ်။ ကျွန်တော် ဇနီးအကြီးက မြုံနေပေမဲ့ ဇနီးအငယ်က ကျွန်တော့်အတွက် သမီးတစ်ယောက် မွေးပေးခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာလမ်းညွှန်ချက်အတိုင်းလိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ဇနီးအငယ် သူ့မိသားစုဆီပြန်သွားတဲ့အခါ ကျွန်တော့်ဇနီးအကြီးမှာ ကိုယ်ဝန်ရှိလာလို့ ကျွန်တော် အံ့သြသွားတယ်။ အခုဆိုရင် အရင်ကမြုံနေတဲ့ ကျွန်တော့်ဇနီးနဲ့ သားသမီးငါးယောက် ရနေပြီ။”

စိတ်ဝင်စားသူ နောက်တစ်ယောက်ဖြစ်တဲ့ အိုနိုရေး ကမာနိုဟာ ဂီနီနယ်စပ်မှာနေတယ်၊ သူက သူ့ဇနီးသုံးယောက်ထဲက အငယ်နှစ်ယောက်နဲ့ လမ်းခွဲခဲ့တယ်။ သူ့ဇနီးအကြီးက သူ့လုပ်ရပ်ကို လေးစားခဲ့ပြီး အမှန်တရားကို ပိုလေးမြတ်လာတယ်။ လမ်းခွဲခဲ့ရတဲ့ ဇနီးအငယ်တစ်ယောက်ဟာ စိတ်မကောင်းဖြစ်ပေမဲ့ ကျမ်းစာလမ်းညွှန်ချက်ကို အလေးထားတဲ့ အိုနိုရေးကမာနိုရဲ့ သဘောထားကို လေးစားခဲ့တယ်။ အဲဒီဇနီးအငယ်လည်း ကျမ်းစာသင်ပေးဖို့ တောင်းဆိုခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံခဲ့တယ်။

ယေဟောဝါသက်သေတွေဟာ အိမ်ထောင်မင်္ဂလာကို လေးမြတ်သူ တွေဖြစ်တယ်လို့ လူသိများ

ယနေ့အချိန်မှာ ဆီအဲရာလီယွန်နဲ့ ဂီနီမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ အိမ်ထောင်မင်္ဂလာကို လေးမြတ်သူတွေဖြစ်တယ်လို့ လူသိများတယ်။ အိမ်ထောင်အပေါ် သူတို့ရဲ့သစ္စာရှိမှုက ဘုရားသခင့်သွန်သင်ချက်တွေ ဘယ်လောက်ကောင်းတယ်ဆိုတာ ပေါ်လွင်စေပြီး အိမ်ထောင်မင်္ဂလာကိုအစပြုသူ ယေဟောဝါကို ချီးမွမ်းမှုဖြစ်စေတယ်။—မ. ၁၉:၄-၆; တိ. ၂:၁၀

ဖရီးတောင်းမှာ စိတ်ဝမ်းကွဲပြားမှုဖြစ်ပေါ်လာ

၁၉၅၆ ခုနှစ်မှာ ဂိလဒ်ကျောင်းဆင်း ချားလ်စ်နဲ့ ရီဗာ ချာပယ်လ်ဟာ ဖရီးတောင်းကိုရောက်လာတယ်။ သာသနာပြုအိမ်ကို လာတဲ့လမ်းမှာ ဝီဘာဖို့စ် အောက်မေ့ရာခန်းမမှာ ကပ်ထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးကို တွေ့လို့ သူတို့ အံ့သြသွားတယ်။ “ဟောပြောမယ့်သူက ယေဟောဝါသက်သေခရစ်ယာန်အသင်းတော်ရဲ့ ကိုယ်စားလှယ် စီ အဲန် ဒီ ဂျုံးစ်ဆိုပြီး ကြော်ငြာထားတယ်” လို့ ချားလ်စ်ကပြောတယ်။

ဂျုံးစ်ဟာ သူ့ကိုယ်သူ ဘိသိက်ခံလို့ပြောပြီး လွန်ခဲ့တဲ့နှစ်များစွာက ဖရီးတောင်းအသင်းတော်ကနေ ခွဲထွက်သွားတဲ့ အုပ်စုတစ်ခုကို ဦးဆောင်နေသူဖြစ်တယ်။ သူတို့ကိုသူတို့ ယေဟောဝါသက်သေ “စစ်” လို့ခေါ်ပြီး သာသနာပြုတွေနဲ့ အဖွဲ့အစည်းရဲ့ကိုယ်စားလှယ်တွေအပေါ် သစ္စာရှိသူတွေကို “အလိမ်အညာသမားတွေ” နဲ့ “ဂိလဒ်ကလာတဲ့ ဟောချင်ရာဟောတဲ့သူတွေ” လို့ခေါ်တယ်။

ဂျုံးစ်နဲ့ သူ့ကိုထောက်ခံသူတွေ နှင်ထုတ်ခံရတဲ့အခါ အခြေအနေက ပိုဆိုးလာတယ်။ “ကြေညာချက်ကို ကြားတဲ့အခါ ခွဲထွက်သွားသူတွေကို ကြိုက်နှစ်သက်တဲ့ ညီအစ်ကိုတချို့ ထိတ်လန့်တုန်လှုပ်သွားတယ်” လို့ ချာပယ်လ်က ပြောတယ်။ “သူတို့ရဲ့မကျေနပ်သံတွေက ပိုကျယ်လာတယ်။ သူတို့နဲ့ တခြားသူတွေဟာ ပုန်ကန်သူတွေနဲ့ ဆက်ပူးပေါင်းခဲ့ပြီး အစည်းအဝေးနဲ့ လယ်ကွင်းလုပ်ငန်းအစီအစဉ်တွေကို အနှောင့်အယှက်ပေးဖို့ ကြိုးစားကြတယ်။ မကျေနပ်တဲ့သူတွေဟာ အစည်းအဝေးတွေမှာ စုထိုင်ကြတယ်၊ သူတို့ထိုင်တဲ့နေရာကို ခွဲထွက်သွားသူတွေရဲ့ခုံတန်းလို့ ခေါ်ကြတယ်။ နောက်ဆုံးမှာ အများစုဟာ အမှန်တရားကနေ ထွက်သွားခဲ့တယ်။ ဒါပေမဲ့ တချို့သူတွေဟာ အသင်းတော်ထဲပြန်ဝင်လာကြပြီး ထက်သန်တဲ့ကြေညာသူတွေ ပြန်ဖြစ်လာကြတယ်။

အများစုရဲ့ သစ္စာရှိရှိရပ်တည်မှုကြောင့် ဘုရားသခင့်စွမ်းအားတော်ဟာ လွတ်လွတ်လပ်လပ် စီးဆင်းခဲ့တယ်။ နောင်တစ်နှစ်မှာ ဇုန်ကြီးကြပ်မှူး ဟယ်ရီ အာရ်နာတ် ဖရီးတောင်းကို လာလည်ပတ်တဲ့အခါ သူ ဒီလိုပြောခဲ့တယ်– “ဒါက နှစ်တွေတစ်လျှောက် ဆီအဲရာလီယွန်မှာ အများဆုံးတိုးတက်မှုပဲ။ ဒါကြောင့်လည်း အနာဂတ်မှာတိုးတက်မှုရှိလိမ့်မယ်လို့ မျှော်လင့်နိုင်တယ်။”

ကီစီလူမျိုးကို သွန်သင်ပေးခြင်း

ညီအစ်ကိုအာရ်နာတ် လည်ပတ်ပြီး သိပ်မကြာခင်မှာ ချားလ်စ် ချာပယ်လ်ဟာ အိမ်နီးချင်းနိုင်ငံ လိုင်ဘေးရီးယားက ညီအစ်ကိုတစ်ယောက်ရေးလိုက်တဲ့  စာတစ်စောင်ရတယ်။ သူက ဆီအဲရာလီယွန်မှာရှိတဲ့ သူ့ရဲ့ဆွေမျိုးတွေကို ဟောပြောချင်တယ်။ သူက ကီစီလူမျိုးဖြစ်တယ်။ ကီစီလူမျိုးဟာ ဆီအဲရာလီယွန်၊ လိုင်ဘေးရီးယားနဲ့ ဂီနီနိုင်ငံ ထိစပ်တဲ့နယ်မြေမှာ နေထိုင်ကြတယ်။ အဲဒီနယ်မြေဟာ တောထူထပ်တဲ့တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေဖြစ်တယ်။ ကီစီစကားပြောတဲ့ လူများစွာဟာ ကျမ်းစာကိုနားလည်ချင်ပုံပေါက်တယ်။

ကီစီလူမျိုးအများစုက စာမတတ်ကြဘူး။ ကျမ်းစာအမှန်တရား သင်ပေးဖို့အတွက် ကွိုင်ဒူးမြို့မှာ အရေးအဖတ်သင်တန်းတွေ ဖွင့်ခဲ့ရတယ်။ ရာနဲ့ချီတဲ့လူတွေက ဒီသင်တန်းတွေကို စိတ်ဝင်စားခဲ့ကြတယ်။ “သိပ်မကြာပါဘူး ကြေညာသူအသစ် ၅ ယောက်ရှိလာတယ်၊ အဲဒီနောက်မှာ ၁၀ ယောက်၊ ၁၅ယောက်၊ အယောက် ၂၀ တိုးလာတယ်။ လူတွေက အမှန်တရားရတာ မြန်လွန်းလို့ စိတ်ရင်းမှန်တဲ့ကြေညာသူတွေမှ ဟုတ်ရဲ့လားလို့ ကျွန်တော် သံသယဝင်မိတယ်။ ဒါပေမဲ့ ကျွန်တော် မှားသွားတယ်။ အဲဒီထဲက အများစုဟာ သစ္စာရှိရုံသာမက ထက်သန်မှုလည်း ရှိကြတယ်” လို့ချားလ်စ်က ပြောတယ်။

စိတ်အားထက်သန်တဲ့ ကြေညာသူတွေဟာ ကွိုင်ဒူးမြို့မှာသာမက နောက်ဆုံးမှာ အိမ်နီးချင်းနိုင်ငံ ဂီနီအထိ သတင်းကောင်းရောက်အောင် ဟောပြောခဲ့ကြတယ်။ သူတို့တွေဟာ နာရီနဲ့ချီပြီး တောတောင်တွေကြား တက်လိုက်ဆင်းလိုက်နဲ့ စိုက်ပျိုးရေးခြံတွေ၊ ရွာတွေမှာ ဟောပြောကြတယ်။ “အပတ်နဲ့ချီ၊ တစ်ခါတလေ လနဲ့ချီပြီး မော်တော်ကားသံ မကြားရတဲ့အခါတွေလည်းရှိတယ်” လို့ တိုက်နယ်ကြီးကြပ်မှူးလုပ်ခဲ့ဖူးတဲ့ အဲလီယေဇာ အိုဝူးဒူဝီးက ပြောတယ်။

ကီစီညီအစ်ကို ညီအစ်မတွေက သမ္မာတရားမျိုးစေ့ကို ကြဲပြီး ရေလောင်းတယ်၊ ဘုရားသခင်က ကြီးထွားစေတယ်။ (၁ ကော. ၃:၇) မျက်မမြင်လူငယ်တစ်ယောက်ဟာ အမှန်တရားကြားတဲ့အခါ ၃၂ မျက်နှာရှိတဲ့ “ဤနိုင်ငံတော်သတင်းကောင်း” ဆိုတဲ့စာအုပ်ကို အလွတ်ကျက်တယ်။ နောက်ပိုင်းမှာ သူဟာ ဟောပြောတဲ့အခါ၊ ကျမ်းစာသင်အံမှုတွေလုပ်တဲ့အခါမှာ စာပိုဒ်တိုင်းကို အလွတ်ပြောနိုင်တယ်။ အဲဒါကိုတွေ့တဲ့သူတွေ အံ့သြခဲ့ကြတယ်။ နားမကြားတဲ့အမျိုးသမီးတစ်ယောက်ဟာ အမှန်တရားကို လက်ခံပြီး အကြီးအကျယ်ပြောင်းလဲသွားလို့ သူ့ရဲ့ယောင်းမက ခြောက်မိုင်လောက်ဝေးတဲ့နေရာကို လမ်းလျှောက်သွားပြီး စည်းဝေးတွေစတက်ခဲ့တယ်။

 ကီစီမှာ လုပ်ငန်းတိုးတက်နှုန်း သိပ်မြန်တယ်။ အသင်းတော်တစ်ခုပြီးတစ်ခု တည်ထောင်ခဲ့တယ်။ ကြေညာသူ ၃၀ လောက်က ရှေ့ဆောင်လုပ်ခဲ့ကြတယ်။ ကွိုင်ဒူးမြို့ရဲ့ မြို့အုပ်က အမှန်တရားကိုစိတ်ဝင်စားလာပြီး နိုင်ငံတော်ခန်းမဆောက်ဖို့ မြေတစ်ကွက် လှူခဲ့တယ်။ ကိုင်လာဟန်မြို့မှာလည်း အသင်းတော်တစ်ခု တည်ထောင်ခဲ့တယ်၊ အဲဒီမှာကျင်းပတဲ့ တိုက်နယ်စည်းဝေးပွဲမှာ လူ ၅၀၀ ကျော်တက်ရောက်ခဲ့တယ်။ မကြာခင်မှာ ဆီအဲရာလီယွန်မှာရှိတဲ့ သက်သေခံတစ်ဝက်လောက်က ကီစီလူမျိုးတွေဖြစ်လာတယ်၊ တကယ်တော့ အဲဒီလူမျိုးက တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေရဲ့ နှစ်ရာခိုင်နှုန်းတောင် မရှိဘူး။

အဲဒီတိုးတက်မှုကို လူတိုင်းက မကြိုက်ကြဘူး၊ အထူးသဖြင့် ကီစီဘာသာရေးခေါင်းဆောင်တွေပဲ။ သူတို့ဟာ မနာလိုစိတ်အပြည့်နဲ့ သူတို့ရဲ့အာဏာကို “ခြိမ်းခြောက်” နေတဲ့ ဒီဘာသာကို ချေမှုန်းပစ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ မေးစရာက ဘယ်အချိန်နဲ့ ဘယ်နေရာမှာ သူတို့တိုက်ခိုက်ကြမလဲ။