မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ ဂီနီ

၂၀၀၂-၂၀၁၃ မကြာသေးမီနှစ်များအတွင်း တိုးတက်မှုများ (အပိုင်း ၂)

၂၀၀၂-၂၀၁၃ မကြာသေးမီနှစ်များအတွင်း တိုးတက်မှုများ (အပိုင်း ၂)

နားမကြားသူများကို ကူညီပေးခြင်း

လေ့လာမှုတစ်ခုအရ ဆီအဲရာလီယွန်နိုင်ငံမှာ နားမကြားသူ ၃,၀၀၀ ကနေ ၅,၀၀၀ အထိရှိပြီး ဂီနီနိုင်ငံမှာ ရာပေါင်းများစွာရှိတယ်။ ‘လူအမျိုးမျိုး ကယ်တင်ခြင်း’ ရရှိဖို့က ယေဟောဝါဘုရားသခင်ရဲ့ အလိုတော်ဖြစ်တဲ့အတွက် နားမကြားသူတွေလည်း သတင်းကောင်းကို “သိရှိ” ဖို့လိုပါတယ်။ ဘယ်လိုနည်းနဲ့လဲ။—၁ တိ. ၂:၄

၁၉၉၈ ခုနှစ်မှာ ဆီအဲရာလီယွန်နိုင်ငံကို ဂိလဒ်သာသနာပြုအဖြစ် ရောက်လာတဲ့ မစ်ရှယ် ဝါရှင်တန် အခုလို ပြန်ပြောပြတယ်။ “ကျွန်မနဲ့ ကျွန်မခင်ပွန်း ကယ်ဗင်ကို နားမကြားသူလေးယောက် စည်းဝေးတက်ရောက်နေတဲ့ အသင်းတော်မှာ အမှုဆောင်ဖို့ တာဝန်ပေးတယ်။ အမေရိကန်လက်သင်္ကေတပြဘာသာစကားကို ကျွန်မ တက်မြောက်ထားတဲ့အတွက် သူတို့ကို သိပ်ကူညီပေးချင်ခဲ့တယ်။ အစည်းအဝေးတွေနဲ့ စည်းဝေးကြီးတွေမှာ နားမကြားသူတွေအတွက် ဘာသာပြန်ပေးဖို့ ဌာနခွဲက ကျွန်မကို ဖိတ်ခေါ်တယ်။ ပြီးတော့ အနီးအနားမှာရှိတဲ့ အသင်းတော်တွေကိုလည်း ဒီအစီအစဉ်အကြောင်း အသိပေးတယ်။ နားမကြားသူတွေကို ကူညီပေးဖို့စိတ်ဝင်စားတဲ့ ကြေညာသူတွေအတွက် လက်သင်္ကေတပြ သင်တန်းကို လည်း ဌာနခွဲက စီစဉ်ပေးခဲ့တယ်။ နားမကြားသူတွေကို စတင်ရှာဖွေပြီး သူတို့နဲ့ ကျမ်းစာသင်အံမှုတွေ ကျင်းပကြတယ်။ နားမကြားသူတွေကို ဒီလိုကူညီပေးတဲ့အတွက် ဒေသအတွင်းကလူတွေ ချီးမွမ်းကြတယ်။ ဒါပေမဲ့ လူတိုင်းချီးမွမ်းကြတာတော့ မဟုတ်ဘူး။ နားမကြားသူတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ပါစတာတစ်ယောက်က ကျွန်မတို့ကို ‘အယူမှားပရောဖက်’ တွေလို့ ပြောတယ်။ နားမကြားသူတွေနဲ့ သူတို့မိသားစုတွေကို သက်သေခံတွေနဲ့ မပတ်သက်ဖို့ ပြောတယ်။ ဆက်ပြီးပတ်သက်နေမယ်ဆိုရင် ငွေကြေးထောက်ပံ့ပေးနေတာကို ရပ်ပစ်လိုက်မယ်လို့ ခြိမ်းခြောက်တယ်။ သက်သေခံတွေကို ထောက်ခံတာကတစ်ဖက်၊ ပါစတာကို ထောက်ခံတာကတစ်ဖက် ဆိုပြီး နားမကြားသူအုပ်စု နှစ်စုကွဲသွားတယ်။ သက်သေခံတွေကို ထောက်ခံအားပေးတဲ့ နားမကြားသူတွေထဲက တချို့က အမှန်တရားမှာ ဆက်ခိုင်ခံ့မြဲမြံလာကြပြီး နှစ်ခြင်းခံတဲ့အထိ တိုးတက်လာခဲ့တယ်။”

ဥပမာ၊ အခြေခံလက်ဟန်လောက်ပဲတတ်တဲ့ မွေးရာပါနားမကြားသူ ဖယ်မီရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူက လူတိုင်းကို မယုံသင်္ကာဖြစ်တတ်တယ်၊ အထူးသဖြင့် နားကြားတဲ့လူတွေကိုပေါ့။ စိတ်ဆင်းရဲပြီး အချစ်မခံရဘူးလို့လည်း ခံစားရသူဖြစ်တယ်။ နောက်ပိုင်း လက်သင်္ကေတပြအုပ်စုက ညီအစ်ကိုတွေနဲ့ သမ္မာကျမ်းစာ စလေ့လာတယ်။ သိပ်မကြာခင်မှာပဲ အစည်းအဝေးတွေ ပုံမှန်တက်ရောက်လာတယ်။ သူကိုယ်တိုင်လည်း လက်သင်္ကေတပြဘာသာစကားကို လေ့လာတယ်။ ဖယ်မီ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာခဲ့ပြီး အခုဆိုရင် နားမကြားသူတွေကို အမှန်တရားအကြောင်း ပျော်ရွှင်စွာသင်ပေးနေပါတယ်။

ဖယ်မီ (ညာဘက်အစွန်ဆုံး) ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုနေ

၂၀၁၀ ပြည့်နှစ် ဇူလိုင်လရောက်တော့ ဖရီးတောင်းအမေရိကန်လက်သင်္ကေတပြ အုပ်စုလေးက အသင်းတော်ဖြစ်လာခဲ့ပါတယ်။ ဘို နဲ့ ကိုနာကရီမြို့တွေမှာလည်း လက်သင်္ကေတပြဘာသာစကား အုပ်စုတွေရှိနေပါပြီ။

ဆင်းရဲပေမဲ့ “ယုံကြည်ခြင်း၌ကြွယ်ဝ”

ပထမရာစုခရစ်ယာန် အများစုဟာ ရုပ်ပစ္စည်း မကြွယ်ဝဘူးလို့ ကျမ်းစာမှာဖော်ပြထားတယ်။ “ဘုရားသခင်သည် လောကတွင် ဆင်းရဲသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေရန် . . . ရွေးချယ်သည်မဟုတ်လော” ဆိုပြီး တပည့်တော်ယာကုပ် ရေးခဲ့တယ်။ (ယာ. ၂:၅) ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းက ဆီအဲရာလီယွန်နဲ့ ဂီနီမှာရှိတဲ့ သက်သေခံတွေ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ရှိဖို့ ထောက်ကူပေးခဲ့တယ်။

 ခရိုင်စည်းဝေးကြီး တက်ရောက်ဖို့လိုအပ်တဲ့ငွေကို စုဆောင်းထားဖို့ ဝေးလံတဲ့ဒေသတွေမှာနေထိုင်တဲ့ ဆင်းရဲတဲ့သက်သေခံတွေကို ယုံကြည်ခြင်းက လှုံ့ဆော်ပေးခဲ့တယ်။ စည်းဝေးကြီးသွားဖို့အတွက် တချို့က ကောက်ပဲသီးနှံတွေ စိုက်ပျိုးကြတယ်။ နေပူ၊ ဖုန်ထူ၊ ချိုင့်ခွက်ပေါများတဲ့ လမ်းပေါ်မှာ နာရီ ၂၀ ကျော်ကြာတဲ့ခရီးကို ကုန်တင်ကားထဲမှာ အယောက် ၂၀၊ ၃၀ လောက် ကျပ်သိပ်ထိုင်ပြီး သွားရတယ်။ တခြားသူတွေကျတော့ ခရီးတချို့တစ်ဝက်ကို လမ်းလျှောက်သွားကြတယ်။ “ငှက်ပျောသီးတွေသယ်ပြီး အရင်ဆုံး မိုင် ၅၀ လောက် လမ်းလျှောက်ကြတယ်။ လမ်းတစ်လျှောက်မှာ ငှက်ပျောသီးတွေကို ရောင်းပြီး ကျွန်တော်တို့ရဲ့ဝန်တွေကို ပေါ့သွားအောင်လုပ်တယ်။ ရောင်းလို့ရလာတဲ့ ပိုက်ဆံတွေနဲ့ ကျန်တဲ့ခရီးကို ကုန်တင်ကားစီးပြီး သွားကြရတယ်” လို့ ညီအစ်ကိုတစ်ယောက် ပြောပြတယ်။

ခရိုင်စည်းဝေးကြီးတက်ရောက်ဖို့ ကုန်တင်ကားနဲ့ ခရီးသွားကြ

ဒါ့အပြင် ယုံကြည်ခြင်းက ကြေညာသူများစွာကို ပိုချမ်းသာတဲ့နိုင်ငံကို ရွှေ့ပြောင်းနေထိုင်လိုတဲ့ စိတ်ဆန္ဒမရှိအောင်လည်း လှုံ့ဆော်ပေးတယ်။ “ယေဟောဝါ ဟာ ကျွန်တော်တို့ရဲ့လိုအပ်ရာတွေကို ထောက်မပေးမယ်ဆိုတာကို ယုံကြည်တယ်” လို့ တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ အီမဲန်နျူအယ်လ် ပါတန်က ပြောတယ်။ “သတင်းကောင်းကြေညာသူတွေ ပိုလိုအပ်နေတဲ့နေရာမှာ ကျွန်တော်တို့နေထိုင်တဲ့အတွက် ဘုရားအမှုဆောင်လုပ်ငန်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိမြင်လာတယ်” လို့ ဆက်ပြောပြတယ်။ (မ. ၆:၃၃) အခုဆိုရင် အီမဲန်နျူအယ်လ် ပါတန်ဟာ အကြီးအကဲတစ်ယောက်ဖြစ်နေပြီး ဇနီးယူနစ်စ် နဲ့အတူ ယေဟောဝါရဲ့လုပ်ငန်းမှာ အားကြိုးမာန်တက် လုပ်ဆောင်နေပါတယ်။ တခြားအိမ်ထောင်ဦးစီးတွေလည်း မိသားစုစည်းလုံးမှုနဲ့ ဝတ်ပြုရေးကို ထိခိုက်မခံချင်တဲ့အတွက် နိုင်ငံရပ်ခြားမှာ အလုပ်သွားမလုပ်ကြဘူး။ “မိသားစုနဲ့ အချိန်တော်တော်ကြာခွဲနေပြီး လုပ်ရမယ့်အလုပ်ကို လက်မခံခဲ့ဘူး” လို့ အထူးရှေ့ဆောင်လည်းဖြစ်၊ အရန်တိုက်နယ်လည်းဖြစ်တဲ့  ညီအစ်ကိုတိမောသေ နျူးမားက ပြောပြတယ်။ “ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဖလောရန့်စ်က ကလေးတွေကို တခြားဒေသကိုပို့ပြီး ပညာသင်ခိုင်းတာထက် ကိုယ့်ဒေသမှာပဲ ပညာသင်ကြားပေးတယ်” လို့ဆက်ပြောပြတယ်။

တခြားညီအစ်ကို၊ ညီအစ်မတွေလည်း အခက်အခဲတွေရှိနေပေမဲ့ ခရစ်ယာန်လုပ်ငန်းဆောင်တာတွေမှာ ဇွဲရှိရှိလုပ်ဆောင်ခြင်းဖြင့် ယုံကြည်ခြင်း တင်ပြခဲ့ကြတယ်။ အစောပိုင်းက ဖော်ပြခဲ့တဲ့ ကယ်ဗင် ဝါရှင်တန် ဒီလိုပြောပြတယ်– “တချို့သူတွေဟာ ပြဿနာကြုံလာရင် အိမ်တွင်းအောင်းနေပြီး စိတ်ပျက်နေကြပေမဲ့ ဒီက ကြေညာသူတော်တော်များများကတော့ အခက်အခဲတွေကြားမှာ ပုံမှန်ဟောပြောနေကြတယ်၊ အသင်းတော်တာဝန်တွေကို ကြိုးစားလုပ်ဆောင်နေကြတယ်။ ဥပမာ၊ တချို့ဆိုရင် နာတာရှည်ရောဂါဖြစ်နေကြပြီး ဆေးဝါးနဲ့ကုသမှုတွေကို တခြားဒေသလို အလွယ်တကူ မရရှိကြဘူး။ တချို့က စာရေးတတ်ဖတ်တတ်ဖို့ ကြိုးစားအားထုတ်ကြတယ်။ ညီအစ်ကိုတစ်ယောက်ကို သူ့ရဲ့တာဝန် လုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး အပြစ်ပြောချင်လာတိုင်း ‘အကယ်၍ ငါက အလုပ်ကိုလည်း အချိန်ပြည့်လုပ်ရ၊ ကျန်းမာရေးပြဿနာကလည်းရှိ၊ မျက်မှန်ကောင်းကောင်းမရှိလို့ ကောင်းကောင်းမမြင်နိုင်၊ စာပေတွေ အလုံအလောက်မရှိ၊ လျှပ်စစ်မီးလည်းမရှိဘူးဆိုရင် သူ့လိုပဲ လုပ်နိုင်ပါ့မလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးတယ်။”

အဲဒီနည်းတွေအပြင် တခြားနည်းများစွာနဲ့ ဆီအဲရာလီယွန်နဲ့ ဂီနီက ညီအစ်ကိုညီအစ်မတွေဟာ ယေဟောဝါဘုရားကို ချီးမွမ်းနေကြတယ်။ ပထမရာစုခရစ်ယာန်တွေလိုပါပဲ သူတို့တွေဟာ ‘စမ်းသပ်မှုအမျိုးမျိုးကို ခံရပ်ကြ၏။ ဆင်းရဲဒုက္ခများ၊ ဆင်းရဲနွမ်းပါးမှုများ၊ အခက်အခဲများအပြင်၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း လူအများကို ချမ်းသာစေသောသူ၊ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာခပ်သိမ်းကို ပိုင်ဆိုင်သောသူ ဖြစ်ခြင်းအားဖြင့်’ ဘုရားသခင်ရဲ့အမှုတော်ဆောင်များ ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။—၂ ကော. ၆:၄၊ ၁၀

ယုံကြည်စိတ်ချမှုနဲ့ အနာဂတ်ကို ရင်ဆိုင်ခြင်း

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ လောက်က အဲဖရက် ဂျိုးဇက်နဲ့ လဲန်းနတ် ဘလက်မင်းက ဆီအဲရာလီယွန်ဟာ ‘စပါးရိတ်သိမ်းဖို့ မှည့်ဝင်း’ နေတယ်လို့ သတင်းပေးပို့ခဲ့ကြတယ်။ (ယော. ၄:၃၅) ၃၅ နှစ်လောက် ကြာပြီးတဲ့နောက် ဂီနီကနေ မန်ဝဲလ် ဒီရိုဂိုက “ဒီမှာ စိတ်ဝင်စားသူတွေ အရမ်းများတယ်” လို့ရေးခဲ့တယ်။ ဒီနေ့အချိန်မှာ နှစ်နိုင်ငံစလုံးမှာရှိနေတဲ့ ယေဟောဝါသက်သေတွေက သတင်းကောင်း ကို နောက်ထပ်လူတော်တော်များများ တုံ့ပြန်ကြလိမ့်မယ်လို့ ယုံကြည်စိတ်ချနေကြတယ်။

၂၀၁၂ ခုနှစ်မှာ၊ ဂီနီမှာ အောက်မေ့ရာပွဲတက်ရောက်သူ ၃,၄၇၉ ယောက်ရှိခဲ့ပြီး စုစုပေါင်းကြေညာသူထက် လေးဆခွဲ ဖြစ်ပါတယ်။ ဆီအဲရာလီယွန်မှာ ကြေညာသူ ၂,၀၃၀ ရှိပြီး အောက်မေ့ရာပွဲကို ကြေညာသူအရေအတွက်ရဲ့ လေးဆနီးပါးဖြစ်တဲ့ ၇,၈၅၄ ယောက် တက်ရောက်ခဲ့တယ်။ အသက်အကြီးဆုံးတက်ရောက်သူကတော့ ၉၃ နှစ်ရှိပြီဖြစ်တဲ့ အထူးရှေ့ဆောင် ညီအစ်မ ဝင်နီဖရက် ရမ်မီ ဖြစ်ပါတယ်။ သူနဲ့ သူ့ခင်ပွန်း လစ်ချ်ဖီး ဟာ ဆီအဲရာလီယွန်ကို ၁၉၆၃ ခုနှစ်တုန်းက ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အချိန်ပြည့်လုပ်ငန်းမှာ နှစ်ပေါင်း ၆၀ ကြာအမှုဆောင်ခဲ့ပြီး အခုအချိန်အထိ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေတုန်းပါပဲ။ “ဆီအဲရာလီယွန် မှာ ဘုရားရေးရာဘက်မှာ ထက်သန်တဲ့ ညီအစ်ကိုညီအစ်မတွေ အများကြီး ရှိလာမယ်လို့ ဘယ်သူ ထင်ခဲ့မလဲ။ ကျွန်မ အသက်ကြီးနေပြီဖြစ်ပေမဲ့ ဒီလုပ်ငန်းမှာ ပါဝင်ချင်သေးတယ်” လို့ ညီအစ်မ ဝင်နီဖရက် ပြောပါတယ်။ *

ဆီအဲရာလီယွန်နဲ့ ဂီနီမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ ညီအစ်မ ဝင်နီဖရက်လိုပဲ ထပ်တူထပ်မျှခံစားရပါတယ်။ လှပပြီး ရေမပြတ်ရနေတဲ့ သစ်ပင်တွေလိုပါပဲ သူတို့ဟာ ယေဟောဝါကိုချီးမွမ်းခြင်း အသီးတွေသီးဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ (ဆာ. ၁:၃) ယေဟောဝါရဲ့အကူအညီနဲ့ သူတို့ဟာ “ဘုရားသခင့်သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေ” ဆိုတဲ့ လူသားထုကြီးအတွက် စစ်မှန်တဲ့ မျှော်လင့်ချက်ကို ဆက်ကြေညာသွားကြမှာ ဖြစ်ပါတယ်။—ရော. ၈:၂၁

ဌာနခွဲကော်မတီ၊ ဘယ်မှညာသို့– ကောလင်း အက်တစ်၊ အဲဖရက် ဂွန်၊ တမ်ဘာ ဂျိုဇိုင်းယား၊ ဒဲလ်ရွိုင်း ဝီလီယမ်ဆန်

^ စာပိုဒ်၊ 16 ဒီစာအုပ်ကို ပြင်ဆင်နေချိန်မှာ ညီအစ်မ ဝင်နီဖရက် ရမ်မီ ဆုံးပါးသွားပါတယ်။