မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ဆီကစာ

အုပ်ချုပ်ရေးအဖွဲ့ဆီကစာ

ချစ်ရတဲ့ လုပ်ဖော်ဆောင်ဖက်တို့–

တကယ်ထူးခြားတဲ့ဒီနှစ်ရဲ့ နှစ်ဦးပိုင်းမှာ သင်တို့ထံ စာရေးရလို့ ဝမ်းသာပါတယ်။ ၂၀၁၄ နှစ်ကုန်ပိုင်းလောက်မှာဆိုရင် ကျွန်တော်တို့ချစ်ရတဲ့ဘုရင် ယေရှုခရစ် ရန်သူတွေအလယ်မှာ ဘုရင်အဖြစ်အုပ်စိုးတာ အနှစ်တစ်ရာပြည့်မှာဖြစ်တယ်။—ဆာ. ၁၁၀:၁၊ ၂

ဒီလုပ်ငန်းတော်နှစ်ရဲ့အစပိုင်းမှာ ကျင်းပခဲ့တဲ့ ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာအသင်းရဲ့ နှစ်ပတ်လည်စည်းဝေးမှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကော်မတီက အင်္ဂလိပ်ဘာသာနဲ့ ကျမ်းစာအသစ်ကို ထုတ်ဝေခဲ့တယ်။ အဲဒီကျမ်းစာက ရှိသမျှဘာသာပြန်ကျမ်းတွေထဲမှာ အကောင်းဆုံးပဲ။ ယေဟောဝါဟာ လွန်ခဲ့တဲ့အနှစ်ခြောက်ဆယ်ကျော်ကတည်းက စွမ်းအားတော်နဲ့မွေးစားထားတဲ့ သားတွေကို အသုံးပြုပြီး ကမ္ဘာသစ်ပြန်ကျမ်းကို ပေးခဲ့တယ်။ (ရော. ၈:၁၅၊ ၁၆) ဒီအချက်တစ်ချက်တည်းကပဲ ဒီဘာသာပြန်ကျမ်းကို ထူးခြားစေခဲ့တယ်ဆိုတာ သင်တို့သဘောတူတယ် မဟုတ်လား။

နှစ်တွေတစ်လျှောက်မှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာပေပြုစုရေးကော်မတီဟာ ကျမ်းစာဘာသာ ပြန်တဲ့လုပ်ငန်းကို အဓိကဦးစားပေးခဲ့တယ်။ အခုချိန်မှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တစ်အုပ်လုံးအနေနဲ့ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်စေ ဘာသာစကား ၁၂၁ မျိုးနဲ့ ရနေပြီ။ သင်တို့မှာရှိတဲ့ကျမ်းစာကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ယေဟောဝါကိုဖော်ပြဖို့ သင်တို့ကို အားပေးပါတယ်။ ကျမ်းစာကို နေ့တိုင်းဖတ်ပြီး တွေးတောဆင်ခြင်ပါ။ အဲဒီနည်းအားဖြင့် သင်တို့ဟာ ကျမ်းစာပေးတဲ့အရှင် ယေဟောဝါဘုရားသခင်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။—ယာ. ၄:၈

ညီအစ်ကိုညီအစ်မတွေ အခက်အခဲတွေ ကြုံတွေ့ခံစားနေရတာကို ကြားရလို့ ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ အဲဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ သူတို့ဟာ ညီအစ်ကိုညီအစ်မတွေနဲ့အတူ ဝမ်းမြောက်ဖို့ ခက်မယ်ဆိုတာ နားလည်ပါတယ်။ အာရှက မိသားစုတစ်စုဟာ အမေဖြစ်သူ လေဖြတ်သွားလို့ သူတို့ဘဝ ကမောက်ကမ ဖြစ်သွားတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်တွေတောင် သူ့ရောဂါကို မကုသပေးနိုင်လို့ စိတ်မကောင်းစရာပါပဲ။ အခု သူ့ရဲ့ခင်ပွန်းက သူ့ကို အချိန်ပြည့်ပြုစုပေးနေတယ်။ သားနဲ့သမီးနှစ်ယောက်ကလည်း မိဘတွေကို မေတ္တာနဲ့ထောက်မပေးခြင်းအားဖြင့် ခရစ်ယာန်ပုံသက်သေကောင်း ပြသကြပါတယ်။ ဒီမိသားစုအပါအဝင် အခက်အခဲတွေကို ရင်ဆိုင်ခံရပ်နိုင်တဲ့သူတွေဟာ ယုံကြည်ခြင်းစမ်းသပ်မှုတွေကို ခံရပ်နိုင်လို့ ဝမ်းမြောက်နိုင်ကြပါတယ်။ (ယာ. ၁:၂-၄) အခက်အခဲတွေကို ဆက်ပြီး ရင်ဆိုင်ခံရပ်နိုင်ကြတဲ့အတွက် ဘိသိက်ခံနဲ့ အခြားသိုးတွေဟာ ပျော်ရွှင်ပြီး ထာဝရအသက်ဆု ကောင်းချီးရလိမ့်မယ်လို့ ယေဟောဝါ အာမခံတယ်။—ယာ. ၁:၁၂

လွန်ခဲ့နှစ်က အောက်မေ့ရာပွဲတက်ရောက်သူ ၁၉,၂၄၁,၂၅၂ ယောက်ရှိတယ်။ ဘုရားသခင့်ကျေးကျွန်တွေ နှစ်စဉ်ကျင်းပတဲ့ အရေးကြီးဆုံးပွဲကို တက်ရောက်ပြီး ယေဟောဝါနဲ့ ယေရှုခရစ်ကို ဂုဏ်တင်ကြသူအများကြီးကို မြင်တွေ့ရတာ တကယ်အားရှိစရာပါပဲ။ အောက်မေ့ရာပွဲကာလဖြစ်တဲ့ မတ်နဲ့ ဧပြီမှာ သန်းနဲ့ချီတဲ့သူတွေဟာ အရန်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ပြီး သူတို့ရဲ့ချီးမွမ်းခြင်းအသံကို ကျယ်လောင်စေခဲ့ကြတယ်။ အဲဒါက တကယ်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်က မတ်လ၊ ဧပြီလ မဟုတ်ရင်တောင် တိုက်နယ်လည်ပတ်ချိန်မှာ အရန်ရှေ့ဆောင်လုပ်သူတွေဟာ ရှေ့ဆောင်စည်းဝေးကို အပြည့်တက်ခွင့်ရတယ်ဆိုတာ သိရလို့ သင်တို့ဝမ်းသာတယ်မဟုတ်လား။ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းရှိသူတွေဟာ ဟောပြောခြင်းနဲ့ အသင်းတော်လုပ်ဆောင်မှုတွေမှာ အလုပ်များနေခြင်းရဲ့တန်ဖိုးကို သိတယ်။ အဲဒီလိုအလုပ်များနေတာက မြဲမြံတည်ကြည်ဖို့၊ မယိမ်းယိုင်ဖို့ကူညီပေးတယ်။ ကျွန်တော်တို့ကို ယုံကြည်ခြင်းအားနည်းသွားအောင်၊ လမ်းလွဲသွားအောင်လုပ်ဖို့ ကြိုးစားနေတဲ့ မာရ်နတ်ကို တိုက်လှန်နိုင်စေတယ်။—၁ ကော. ၁၅:၅၈

လွန်ခဲ့တဲ့လုပ်ငန်းတော်နှစ်မှာ ၂၇၇,၃၄၄ ယောက်ဟာ ဆက်ကပ်အပ်နှံမှု အထိမ်းအမှတ်အဖြစ် ရေမှာနှစ်ခြင်းခံခဲ့ကြပြီး ကမ္ဘာချီညီအစ်ကိုညီအစ်မတွေနဲ့အတူ အသက်လမ်းမှာ ရှိနေကြတယ်၊ အဲဒါကလည်း ကျွန်တော်တို့ကို တကယ်အားရှိစေတယ်။ (မ. ၇:၁၃၊ ၁၄) ဒီလူသစ်တွေ ‘ယုံကြည်ခြင်းမှာတည်မြဲ’ ဖို့ ကျွန်တော်တို့ ကူညီပေးရမှာဖြစ်တယ်။ (ကော. ၂:၇) အဆုံးထိခံနိုင်ရည်ရှိဖို့ အချင်းချင်း ဆက်အားပေးကြစို့။ (မ. ၂၄:၁၃) ‘စိတ်အားငယ်သူတွေကို နှစ်သိမ့်စကားဆို၊ အားနည်းသူတွေကို ထောက်မပြီး ရှိသမျှသောသူတွေကို စိတ်ရှည်ကြစို့။’ (၁ သက်. ၅:၁၄) နောက်ဆုံးအနေနဲ့ ကျွန်တော်တို့အားလုံး “နိုင်ငံတော်လာပါစေ” လို့ “မခြားမလပ်” ဆုတောင်းကြပါစို့။—၁ သက်. ၅:၁၇; မ. ၆:၁၀

ဒီ နှစ်ချုပ်စာအုပ်ကိုဖတ်ပြီး အားရှိလာကြပါစေ။ ယေဟောဝါကိုချစ်တဲ့ သင်တို့အားလုံးကို ကျွန်တော်တို့ချစ်တယ်ဆိုတာ သိစေချင်ပါတယ်။

သင်တို့ရဲ့ညီအစ်ကိုများ၊

ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့