မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့သွန်သင်ခြင်း

အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသ

အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသ
  • နိုင်ငံပေါင်း ၄၇

  • လူဦးရေ ၄,၂၈၂,၁၇၈,၂၂၁

  • ကြေညာသူ ၆၇၄,၀၁၁

  • ကျမ်းစာသင်အံမှု ၆၇၂,၃၁၈

မျက်မမြင်၊ ဆွံ့အ၊ နားမကြားသူ တစ်ယောက်အတွက် အကူအညီ

ဟီရိုဖူမီလို့ခေါ်တဲ့ နားမကြားသူ တစ်ယောက်ရှိတယ်ဆိုတာကို ဂျပန်နိုင်ငံ၊ ကိုဘေးမြို့က လက်သင်္ကေတပြအသင်းတော်ကညီအစ်ကိုတွေ သိခဲ့ရတယ်။ ညီအစ်ကိုတစ်ယောက်က ဟီရိုဖူမီဆီသွားတဲ့အခါ သူ့အမေက တွေ့ခွင့်မပေးဘူး။ ညီအစ်ကိုက ခဏခဏသွားပြီး တောင်းပန်တဲ့အခါ နောက်ဆုံးမှာ ဟီရိုဖူမီကို တံခါးပေါက်နားခေါ်လာ တယ်။ သူ့ပုံစံက လူမနေတဲ့ကျွန်းမှာ နှစ်ရှည်လများ တစ်ယောက်ထဲရောက်နေသလို ဆံပင်နဲ့မုတ်ဆိတ်တွေက ရှည်ပြီး ရှုပ်ပွနေတယ်။ သူ့မျက်နှာပေါ်မှာလည်း ဘာခံစားချက်မှမရှိဘူး။ သူ့ခမျာ နားမကြားတဲ့အပြင် မျက်စိလည်း မမြင်ရဘူး။ အဲဒါကိုတွေ့လိုက်တော့ ညီအစ်ကိုက ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ဒါပေမဲ့ ညီအစ်ကိုက ဟီရိုဖူမီရဲ့လက်ကိုကိုင်ပြီး မျက်မမြင် နားမကြားတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့စကားနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ ဘယ်လိုမှမတုံ့ပြန်ဘူး။ ဟီရိုဖူမီဟာ လွန်ခဲ့တဲ့ဆယ်နှစ်၊ သူ့အသက် ၃၁ နှစ်မှာ မျက်စိကွယ်သွားတယ်၊ အဲဒီအချိန်ကစပြီး လူတွေနဲ့အဆက်အသွယ် မရှိတော့ဘူး။

နောက်နှစ်ရက်အကြာမှာ ညီအစ်ကို သူ့ဆီပြန်သွားတယ်။ ဟီရိုဖူမီရဲ့အမေက အံ့သြသွားတယ်၊ သူ့သားရဲ့အခြေအနေကိုမြင်ပြီး ညီအစ်ကို ပြန်လာတော့မှာမဟုတ်ဘူးလို့ ထင်နေတာ။ ညီအစ်ကိုက ဟီရိုဖူမီနဲ့တွေ့ခွင့်ပေးဖို့ ပြောတဲ့အခါ တံခါးပေါက်ကို ခေါ်လာတယ်။ တစ်လကြာ ပုံမှန်သွားလည်တာတောင် ဘာတုံ့ပြန်မှုမှ မရှိဘူး။ အမေဖြစ်သူက နောက်တစ်ခါ ဒုက္ခခံပြီး မလာနဲ့တော့လို့ ညီအစ်ကိုကိုပြောတယ်။ ဒါပေမဲ့ ညီအစ်ကို ဇွဲမလျှော့ဘူး။ အဲဒီအိမ်ကို ကိတ်မုန့်တွေယူသွားတယ်၊ သူ ဂရုစိုက်တယ်ဆိုတာ အတတ်နိုင်ဆုံး ဖော်ပြတယ်။ ဒါပေမဲ့ နောက်ထပ်နှစ်လကြာပြီးတာတောင် ဟီရိုဖူမီက ဘာမှမတုံ့ပြန်လို့ အကျိုးမရှိဘူးလို့ ညီအစ်ကို ခံစားလိုက်ရတယ်။

နောက်ဆုံးတစ်ကြိမ်သွားကြည့်မယ်လို့ ညီအစ်ကိုက ဆုံးဖြတ်လိုက်တယ်။ အဲဒီအိမ်ကို မသွားခင် ညီအစ်ကိုက ဟီရိုဖူမီဆီ ဆက်သွားသင့်၊ မသွားသင့် ဆုံးဖြတ်နိုင်ဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းတယ်။ အဲဒီအိမ်ကိုရောက်တဲ့အခါ ညီအစ်ကိုက ဟီရိုဖူမီရဲ့လက်ကိုကိုင်ပြီး ယေဟောဝါလို့ခေါ်တဲ့ ဘုရားသခင်က ကောင်းကင်ကနေပြီး သူ့ကိုမပြတ်ကြည့်နေတယ်၊ သူ့ရဲ့ခံစားချက်တွေကို တခြားဘယ်သူထက်မဆို ယေဟောဝါ ပိုသိတယ်ဆိုပြီး  လက်သင်္ကေတနဲ့ ပြောပြခဲ့တယ်။ ယေဟောဝါ သူ့ကို ဂရုစိုက်တယ်၊ သူ့ရဲ့ဒုက္ခတွေကို ပယ်ရှားပေးချင်တယ်။ ဒါကြောင့် ယေဟောဝါသက်သေတစ်ယောက် သူ့ဆီ အလည်လာတာပါလို့ ပြောပြတယ်။ အစပိုင်းမှာတော့ ဟီရိုဖူမီ ဘာမှမတုံ့ပြန်ဘူး။ ဒါပေမဲ့ နောက်တော့ သူက ညီအစ်ကိုရဲ့လက်ကို တင်းတင်းဆုပ်ပြီး နှုတ်ဆက်တယ်၊ မျက်ရည်တွေလည်း ကျလာတယ်။ ညီအစ်ကိုလည်း စိတ်မထိန်းနိုင်တော့ဘဲ သူနဲ့အတူ မျက်ရည်ကျတယ်။ ဒါနဲ့ ကျမ်းစာသင်အံမှုစလိုက်တယ်။

၁၁ နှစ်ကြာ ကျမ်းစာလေ့လာပြီးတဲ့နောက်မှာ ဟီရိုဖူမီဟာ အရမ်းဝေးတဲ့ လက်သင်္ကေတပြအသင်းတော်ကို မသွားတော့ဘဲ သူ့ဒေသမှာရှိတဲ့ အသင်းတော်နဲ့ စပြီး ပူးပေါင်းခဲ့တယ်။ အဲဒီအသင်းတော်မှာ ဘယ်သူမှ လက်သင်္ကေတစကား မတတ်ဘူး။ ဒါပေမဲ့ နောက် ၁၈ လကြာတဲ့အခါ ညီအစ်ကိုညီအစ်မ  ၂၂ ယောက်ဟာ ဟီရိုဖူမီကို ကူညီပေးဖို့ လက်သင်္ကေတစကား သင်ခဲ့ကြတယ်။ ၂၀၁၂၊ ဇန်နဝါရီမှာ ဟီရိုဖူမီဟာ ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သူ့ရဲ့ပထမဆုံးတာဝန်ကို ဘာသာပြန်တစ်ယောက်ရဲ့အကူအညီနဲ့ လုပ်ဆောင်ခဲ့တယ်။ အဲဒီနှစ် အောက်တိုဘာလမှာ ဟီရိုဖူမီဟာ နှစ်ခြင်းမခံသေးတဲ့ ကြေညာသူဖြစ်လာတယ်။

လုံခြုံရေးအစောင့်တွေနဲ့ သူကျမ်းစာလေ့လာ

ဖိလစ်ပိုင်နိုင်ငံမှာနေတဲ့ ရှေ့ဆောင် ဖလောရင်ဟာ ပျမ်းမျှ ကျမ်းစာသင်အံမှု ၂၅ ခုရှိတယ်၊ အများစုက လုံခြုံရေးအစောင့်တွေဖြစ်တယ်။ အဲဒီလူတွေဟာ တစ်ညလုံးလိုလို အလုပ်လုပ်ရတယ်။ အဲဒါကြောင့် ဖလောရင်က အပြောင်းအလဲလုပ်ရတယ်။ လုံခြုံရေးအစောင့်တွေ ခဏနားတဲ့အချိန် ဒါမှမဟုတ် အလုပ်အတွက် အနှောင့်အယှက်မဖြစ်တဲ့ တခြားအချိန်တွေမှာ သူ ကျမ်းစာသွားသင်တယ်။ တချို့ကျမ်းစာသင်အံမှုတွေကို ည ခုနစ်နာရီကနေ ဆယ့်တစ်နာရီကြား၊ အချို့ကိုကျတော့ မနက် ငါးနာရီကနေ ကိုးနာရီကြားမှာ ကျမ်းစာသင်ပေးတယ်။ တစ်ခါတလေ ဂျူတီချိန်းတော့မယ့်အချိန်မှာ ရောက်သွားဖို့ သူစီစဉ်တယ်။ အဲဒီနည်းနဲ့ အလုပ်စဝင်တော့မယ့်သူနဲ့ ကျမ်းစာဖတ်တယ်၊ အဲဒီနောက် အလုပ်ချိန်ပြီးသွားတဲ့သူနဲ့ ဆက်ဖတ်မယ်။ “ကျမ်းစာသင်အံမှု အများကြီးရှိလို့ ကျွန်တော့်ဘဝမှာ တစ်ခါမှမခံစားဖူးတဲ့ ပျော်ရွှင်မှုကို ခံစားရတယ်” လို့ဖလောရင်က ပြောတယ်။ အခုဆိုရင် တချို့လုံခြုံရေးအစောင့်တွေ စည်းဝေးစတက်နေပြီ။ ဖလောရင်ရဲ့ ကျမ်းစာသင်အံမှုတွေထဲက တစ်ယောက်ဆိုရင် နှစ်ခြင်းခံပြီးလို့ မှန်မှန်ရှေ့ဆောင်တစ်ယောက် ဖြစ်နေပြီ။

ဖိလစ်ပိုင်– မနက်စောစောမှာ ဖလောရင် ကျမ်းစာသင်နေ

သူတို့ စွန့်စားလိုခဲ့ကြ

အာမေးနီးယားနိုင်ငံမှာ မိုးရွာတဲ့နေ့တစ်နေ့မှာ ညီအစ်မနှစ်ယောက် အမှုဆောင်ထွက်နေတုန်း လမ်းပေါ်မှာ သားအမိနှစ်ယောက်ကိုတွေ့လို့ ဝေစာဝေလိုက်တယ်။ မရုစ်ယာလို့ခေါ်တဲ့ အမေဖြစ်သူက သူ့သမီး ယဲ့ဗာနဲ့အတူ သက်သေခံတွေနဲ့တွေ့ဖို့ မိုးရွာထဲမှာစောင့်နေတာ နှစ်နာရီရှိပြီဆိုတာ  သိလိုက်ရလို့ ညီအစ်မတွေ အံ့သြသွားတယ်။ ဘာလုပ်ဖို့ စောင့်နေတာလဲ။ မရုစ်ယာရဲ့အကို ထောင်ထဲရောက်နေချိန်မှာ ကြားနေမှုကြောင့် ထောင်ကျနေတဲ့ ညီအစ်ကိုတွေဆီကနေ အမှန်တရား သိခဲ့ရတယ်။ သူ့အကိုကတော့ တဇွတ်ထိုးသမား၊ ဒေါသအိုးတစ်ယောက်လို ထောင်ထဲကနေ ထွက်လာမှာပဲလို့ မရုစ်ယာက ထင်နေတာ။ ဒါပေမဲ့ နားလည်ပေးတတ်သူ၊ အေးဆေးတည်ငြိမ်သူအဖြစ် ထွက်လာတယ်။ သက်သေခံတွေနဲ့ ဆက်ပူးပေါင်းနေရင်း မရုစ်ယာရဲ့အကိုဟာ ပိုကောင်းလာတယ်။ ဒါတွေကို မရုစ်ယာတို့သားအမိ နားမလည်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြို့မှာကပ်ထားတဲ့ ပိုစတာတွေနဲ့ တီဗီအစီအစဉ်တွေမှာ ယေဟောဝါသက်သေတွေအကြောင်း အဟုတ်မမှန်ပြောဆိုတာတွေကို သူတို့ မကြာခဏ မြင်နေ၊ ကြားနေရလို့ပဲ။ ယဲ့ဗာက ‘ငါ့ဦးလေးက ဒီလောက်ကောင်းတာ။ ဘာဖြစ်လို့ ယေဟောဝါသက်သေတွေအကြောင်း မကောင်းပြောတာလဲ’ လို့စဉ်းစားမိတယ်။ အကြောင်းရင်းကိုသိဖို့အတွက် ယဲ့ဗာက သူ့အမေကို “မစွန့်စားရင်တော့ အဲဒီလူတွေအကြောင်း သိမှာမဟုတ်ဘူး။ ရှင်းသွားအောင် အခုပဲ ယေဟောဝါသက်သေတွေကို သွားရှာကြစို့” လို့ပြောတယ်။ သူတို့ အဲဒီလိုလုပ်တဲ့နေ့မှာ ညီအစ်မတွေနဲ့ တွေ့ခဲ့တာဖြစ်တယ်။ နှစ်ရက်ကြာပြီးနောက်မှာ အဲဒီသားအမိနှစ်ယောက်နဲ့ ကျမ်းစာသင်အံမှု စလုပ်ခဲ့တယ်။ သူတို့ စည်းဝေးတွေကိုစတက်ပြီး နှစ်ခြင်းမခံသေးတဲ့ကြေညာသူ ဖြစ်တဲ့အထိ တိုးတက်လာကြတယ်။

မဂ္ဂဇင်းတွေကို ကလေးတွေ ယူလာ

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့– ညီအစ်ကိုတစ်ယောက်က သတင်းကောင်းဘရိုရှာကိုသုံးပြီး လမ်းပေါ် သက်သေခံနေ

တူရကီနိုင်ငံ၊ အာဒါနာမြို့က အမျိုးသမီးတစ်ယောက်ဟာ တကယ်ကြီးမားတဲ့ မိသားစုပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့တောင် စဉ်းစားထားတယ်။ တစ်နေ့ သူ့အိမ်တံခါးပေါက်မှာ အဖွဲ့အစည်းထုတ်မဂ္ဂဇင်းနှစ်စောင်ကို တွေ့လိုက်ရတယ်။ လမ်းမှာကျနေတဲ့ မဂ္ဂဇင်းတွေကို အဲဒီအမျိုးသမီးပိုင်တာလို့ ထင်ပြီး အိမ်နီးချင်းကလေးတွေက ကောက်လာပြီး ထားသွားပုံရတယ်။ အဲဒီအမျိုးသမီးက မဂ္ဂဇင်းမှာပါတဲ့ ဘဝအတ္ထုပ္ပတ္တိတွေကို စိတ်ဝင်စားသွားတယ်၊ သူ့ဘဝကိုလည်း အဲဒီလိုပြောင်းလဲချင်တယ်။ ဒါနဲ့ မဂ္ဂဇင်းတစ်စောင်မှာရေးထားတဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်လိုက်တော့  အဲဒီအနားမှာနေတဲ့ ရှေ့ဆောင်ညီအစ်မနဲ့ အဆက်အသွယ်ရသွားတယ်။ သူတို့ ကျမ်းစာသင်အံမှု စလိုက်ကြတယ်။ အမျိုးသမီးက သူသိရတာတွေကို တန်ဖိုးထားလေးမြတ်ပြီး စည်းဝေးတွေတက်ချင်တယ်လို့ ပြောတယ်။ သူနေတဲ့နေရာက နိုင်ငံတော်ခန်းမနဲ့ နီးတယ်။ ဒါနဲ့ သူ စည်းဝေးတွေကို စတက်ခဲ့တယ်။

အချုပ်ထဲမှာ ဆယ်ရက်နေခဲ့ရပေမဲ့ သူ့စိတ်မပြောင်းလဲ

ဘာမ်ဟာ နီပေါနိုင်ငံက ရဲတစ်ယောက်ဖြစ်ပြီး ချာ့ချ်မှန်မှန်တက်သူဖြစ်တယ်။ တစ်နေ့ကျတော့ သူ လမ်းပေါ်မှာ တာဝန်ထမ်းဆောင်နေတုန်း အထူးရှေ့ဆောင်လင်မယားနဲ့တွေ့ခဲ့တယ်။ သူတို့က မေးခွန်းတွေကို ကျမ်းစာနဲ့အဖြေပေးခဲ့လို့ ဘာမ်က အထင်ကြီးသွားတယ်။ ဘာမ်ဟာ ကျမ်းစာသင်အံမှုလက်ခံပြီး စည်းဝေးတွေကို စတက်ခဲ့တယ်။ ကျမ်းစာဆက်သင်နေရင်း သူ့အလုပ်နဲ့ပတ်သက်ပြီး သြတ္တပ္ပစိတ်က အနှောင့်အယှက်ပေးလာတယ်။ ဒါနဲ့ အရာရှိဆီသွားပြီး ရုံးမှာ လက်နက်မကိုင်ရတဲ့အလုပ်တစ်ခုပေးဖို့ တောင်းဆိုခဲ့တယ်။ အရာရှိက ခွင့်ပြုလိုက်တယ်။ ဘာမ် ခရိုင်စည်းဝေးတက်ပြီးနောက်မှာ သူ့သြတ္တပ္ပစိတ်က ထပ်ပြီးအနှောင့်အယှက်ပေးလာလို့ ရဲတပ်ဖွဲ့ကနေ ထွက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဘာမ်ရဲ့ဇနီးက သူအလုပ်ထွက်မှာကို သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရဲတွေက လေးစားခံရတဲ့အပြင် လစာကောင်းကောင်းရတယ်၊ အကျိုးအမြတ်လည်းရှိပြီး ပင်စင်လည်း ကောင်းကောင်းရတယ်။ ဒါနဲ့ သူ့ဇနီးက သူအလုပ်မထွက်အောင် ဒီလိုပြောတယ်– “ရှင် ရဲတပ်ဖွဲ့က မထွက်ဘူးဆိုရင် ကျွန်မ သက်သေခံတွေနဲ့ ကျမ်းစာသင်မယ်။” အဲဒီလိုပြောလည်း အရာမရောက်တဲ့အခါမှာ သူ့ဇနီးက ဘာမ်အလုပ်မထွက်အောင် အချုပ်ထဲထည့်လိုက်ဖို့ အရာရှိကို သွားပြောတယ်။ ဘာမ် အချုပ်ထဲမှာဆယ်ရက်နေပြီး ပြန်ထွက်လာတယ်၊ ဒါပေမဲ့ နောက်အလုပ်တစ်ခုရှာဖို့ စိတ်ပိုင်းဖြတ်ထားတုန်းပဲ။ ဒါနဲ့ သူ ဆိုက်ကားနင်းပြီး ဝမ်းစာရှာတယ်၊ နေပူကျဲကျဲမှာ အချိန်အကြာကြီး ဆိုက်ကားနင်းရတယ်။ အခက်အခဲတွေရှိပေမဲ့ သူပျော်တယ်။ သူ အမှန်တရားမှာ ဆက်တိုးတက်လာပြီး ကြေညာသူတစ်ယောက်  ဖြစ်လာတယ်။ နောက်တော့ သူ့မိန်းမလည်း အတိုက်အခံ သိပ်မလုပ်တော့ဘူး။ အသင်းတော်က ညီအစ်ကိုညီအစ်မတွေပြတဲ့ မေတ္တာကြောင့် သူ ကျမ်းစာစလေ့လာခဲ့တယ်။ ဘာမ်ဟာ သူ့မိသားစုကို ဆက်ထောက်ပံ့တယ်၊ သူဆိုက်ကားနင်းလို့ရတဲ့ ဝင်ငွေက သူ ရဲလုပ်တုန်းက ရတဲ့ဝင်ငွေထက် ပိုများတယ်။ ၂၀၁၃၊ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ စည်းဝေးပွဲမှာ သူ နှစ်ခြင်းခံလိုက်တယ်။ အခုဆိုရင် သူ့မိန်းမနဲ့သားက သူ့နဲ့အတူ အစည်းအဝေးတွေ တက်နေပြီ။

နီပေါ– ဘာမ် အလုပ်ပြောင်းပြီးနောက်မှာ သူနဲ့သူ့မိသားစု အမှန်တရားမှာ တိုးတက်လာ

သူ အရန်ရှေ့ဆောင်လုပ်ချင်

ကိုရီးယားနိုင်ငံက ညီအစ်မ မြောင်ဟီးဟာ အသက်နှစ်နှစ်တုန်းက ရောဂါဖြစ်ခဲ့လို့ ခြေထောက်တစ်ဖက် မသန်မစွမ်းဖြစ်နေတယ်။ သူက နည်းနည်းလေးဆို မောတတ်ပြီး ခဏခဏ ချော်လဲတယ်။ မကြာခဏ ထိတ်လန့်တတ်ပြီး သူသောက်တဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားရတယ်။ မြောင်ဟီးဟာ အသက်ရှူဖို့ခက်ပြီး စိတ်တင်းကျပ်မှု၊ စိတ်ပူပန်မှုကြောင့် နာကျင်မှုခံစားရတယ်။ အဲဒီလိုအခက်အခဲတွေ ရှိပေမဲ့ မြောင်ဟီးဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကဆိုရင် လတိုင်းနီးပါး အရန်ရှေ့ဆောင်လုပ်ခဲ့တယ်။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နိုင်ဖို့ ခွန်အားပေးလို့ ယေဟောဝါကို သူကျေးဇူးတင်တယ်။

“အဲဒါကို ကျွန်မ ရှာနေတာ အနှစ် ၃၀ ရှိပြီ”

အင်ဒိုနီးရှားနိုင်ငံက အဲဂ်နက်ဆိုတဲ့ သာသနာပြုညီအစ်မတစ်ယောက်ဟာ ဈေးထဲမှာ ကုန်စိမ်းရောင်းတဲ့ သက်လတ်ပိုင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို သက်သေခံလေ့ရှိတယ်။ အဲဒီအမျိုးသမီးဟာ အဖွဲ့အစည်းထုတ်မဂ္ဂဇင်းတွေကို ဖတ်ရတာ၊ အလုပ်မများတဲ့အချိန်မှာ ကျမ်းစာအကြောင်း ဆွေးနွေးရတာကို ကြိုက်တယ်။ တစ်နေ့ အဲဂ်နက်က အဲဒီအမျိုးသမီး ဈေးရောင်းတဲ့နေရာကိုသွားတော့ သူမရှိဘူး။ သူ့ယောက်ျားက သူ့မိန်းမ ကလေးမီးဖွားနေတဲ့အကြောင်း အဲဂ်နက်ကိုပြောပြတယ်။ သူ့ဆီသွားဖို့ အဲဂ်နက် ဆုံးဖြတ်လိုက်တယ်။ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ကို လက်ဆောင် အဖြစ် ယူသွားတယ်။ အဲဒီအမျိုးသမီးဟာ သူနဲ့ သူ့ကလေးကိုကြည့်ဖို့ အဲဂ်နက် လိုက်လာတယ်ဆိုတာ သိရလို့ အံ့သြဝမ်းသာသွားတယ်။ ဒါပေမဲ့ အဲဂ်နက်ပေးတဲ့ လက်ဆောင်ကြောင့် သူ ပိုပြီးအံ့သြသွားတယ်။ အဲဒီအမျိုးသမီးက လက်ဆောင်ကိုဖွင့်ကြည့်လိုက်တဲ့အခါ မယုံနိုင်အောင်ဖြစ်ပြီး ဒီလိုပြောတယ်– “ရှင် ဒါကိုဘယ်ကရတာလဲ။ အဲဒါကို ကျွန်မရှာနေတာ အနှစ် ၃၀ ရှိပြီ။ စာအုပ်ဆိုင်အားလုံးမှာ ကျွန်မရှာတယ်၊ လူတိုင်းကိုမေးတယ်။ ဘယ်သူ့ဆီမှာမှ မရှိဘူး၊ သိလည်း မသိကြဘူး။ ဒီလောက်ကောင်းတဲ့စာအုပ် မရှိဘူး။” အဲဒီအမျိုးသမီး ကလေးဘဝတုန်းက သူ့ဦးလေးဆီမှာ ကျမ်းစာပုံပြင်စာအုပ်ရှိတယ်၊ အဲဒါကို သူကြိုက်တယ်။ အခု အဲဒီအမျိုးသမီးဟာ ကျမ်းစာပုံပြင်စာအုပ်ကို ပြန်ဖတ်တယ်၊ သူ့ရဲ့သမီးကြီးကလည်း ကြိုက်တယ်။ သူတို့နှစ်ယောက်နဲ့ ကျမ်းစာသင်အံမှု စလိုက်တယ်။