မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့သွန်သင်ခြင်း

ဥရောပ

ဥရောပ
  • နိုင်ငံ ၄၇

  • လူဦးရေ ၇၄၁,၈၉၂,၈၇၁

  • ကြေညာသူ ၁,၆၀၁,၉၁၅

  • ကျမ်းစာသင်အံမှု ၈၆၂,၅၅၅

“ခင်ဗျား နေရာမှားပြီး ရောက်လာ တာလား”

ဆွီဒင်နိုင်ငံက ဆိုမာလီအမျိုးသမီး တစ်ယောက်ဟာ နိုင်ငံတော်ခန်းမတစ်ခုမှာ စည်းဝေးတက်ဖို့ ဖိတ်ခေါ်ခံရလို့ သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ထင်သလို မဖြစ်ခဲ့ဘူး။ အဲဒီကလူတွေက သူ့ကိုမကြိုဆိုဘဲ ဒီအတိုင်းကြည့်နေကြတယ်။ သူ တော်တော် အနေရခက်သွားတယ်။ သူ အနေရခက်နေတာကို သတိထားမိတဲ့သူတစ်ယောက်က “ခင်ဗျားနေရာမှားပြီး ရောက်လာတာလား” လို့မေးလိုက်တယ်။

 သူက “ဟုတ်မယ်ထင်တယ်” လို့ပြောပြီး ထွက်သွားတယ်။ နောက်ပိုင်းမှာ သူ့ကိုစည်းဝေးဖိတ်တဲ့ သက်သေခံနဲ့ပြန်တွေ့တဲ့အခါ သူ စိတ်မကောင်းဖြစ်တဲ့အကြောင်း၊ နောက် အဲဒီကို ဘယ်တော့မှမသွားတော့ဘူး ဆိုတဲ့အကြောင်း ပြောပြတယ်။ နိုင်ငံတော်ခန်းမမှာ အဲဒီအမျိုးသမီးကို မတွေ့ပါဘူး၊ ဘယ်လိုဖြစ်တာလဲလို့ သူတို့ စဉ်းစားကြတယ်။ စကားနည်းနည်း ထပ်ပြောကြည့်တဲ့အခါ အဲဒီအမျိုးသမီးက ချာ့ချ်တစ်ခုကို မှားပြီးရောက်သွားတယ်ဆိုတာ သိသွားတယ်။

သက်သေခံတွေက သူ့ကို နိုင်ငံတော်ခန်းမလာဖို့ ဖိတ်ခေါ်ပြန်တယ်။ သူသဘောတူလိုက်ပြီး အနေရခက်တယ်ဆိုရင် ဆယ်မိနစ်ထက် ပိုမနေဘူးလို့ပြော တယ်။ ဒါပေမဲ့ သူ နိုင်ငံတော်ခန်းမထဲ ဝင်လိုက်တာနဲ့ အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ သူ အရမ်းပျော်သွားတယ်၊ စည်းဝေးပြီးသွားတော့ နိုင်ငံတော်ခန်းမထဲကနေ နောက်ဆုံးထွက်သွားတာက သူဖြစ်နေတယ်။ အဲဒီအချိန်ကစပြီး သူဟာ စည်းဝေးတွေကို မှန်မှန်တက်တယ်၊ အခုဆိုရင် နှစ်ခြင်းပြီးသား ကြေညာသူဖြစ်နေပြီ။

လမ်းပေါ်မှာ ဖိတ်စာတစ်စောင် တွေ့ရ

ဂရိနိုင်ငံ– စတီးရော့စ်ဟာ သူရထားတဲ့အမှန်တရားကို တခြားသူတွေကို ဝေမျှနေ

စတီးရော့စ်ဟာ ဂရိနိုင်ငံမှာနေတဲ့ လူငယ်လေးတစ်ယောက်ဖြစ်တယ်။ တစ်မနက်မှာ သူအလုပ်ကနေ လမ်းလျှောက်ပြီး ပြန်လာတဲ့အခါ ပြန်နေကျလမ်းက မပြန်ဘဲ နောက်တစ်လမ်းကနေ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ လမ်းပေါ်မှာ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲ ဖိတ်စာတစ်စောင်ကို စတီးရော့စ် တွေ့သွားတယ်။ အဲဒီဖိတ်စာမှာ “ယေရှုကို ဘယ်လိုပုံစံနဲ့ သင်မြင်ယောင်မိသလဲ” ဆိုတဲ့မေးခွန်းမေးထားတယ်။ အနားမှာလည်း လူတွေရှိနေလို့ အဲဒီဝေစာကို စတီးရော့စ် မကောက်ရဲဘူး။ သူ့ အိမ်ပြန်ရောက်တဲ့အခါ အဲဒီမေးခွန်းကို စဉ်းစားပြီး ထပ်သိချင်နေတယ်။

နေ့လယ်ပိုင်းမှာ စတီးရော့စ်က သူငယ်ချင်းတွေနဲ့အတူ ကော်ဖီသောက်ဖို့ ချိန်းထားတယ်။ သူငယ်ချင်းတွေနဲ့တွေ့ဖို့ သွားတဲ့အခါ ဖိတ်စာကို တွေ့များတွေ့ဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီလမ်းကိုပဲ ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီနေရာတစ်ဝိုက်မှာ လူတွေရှိနေလို့ ဝေစာကို မကောက်ရဲပြန်ဘူး။ သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်ပြီး ပြန်လာတဲ့အခါ စတီးရော့စ်က အဲဒီလမ်းကနေပဲ ပြန်လာတယ်၊ ဝေစာက လမ်းပေါ်မှာ ရှိနေတုန်းပဲ။ ဒီတစ်ခါတော့ သူကောက်ပြီး ဖတ်လိုက်တယ်။ ဖတ်ပြီးတဲ့အခါ အောက်မေ့ရာပွဲတက်ဖို့ ဆုံးဖြတ်လိုက်တယ်။

အောက်မေ့ရာပွဲတက်ပြီးနောက်မှာ စတီးရော့စ်က ကျမ်းစာသင်အံမှုကမ်းလှမ်းတာကို လက်ခံလိုက်တယ်။ သူ စည်းဝေးတွေကိုစတက်ပြီး အမှန်တရားမှာ ကောင်းကောင်း တိုးတက်လာတယ်။ ၂၀၁၃၊ မေလမှာကျင်းပတဲ့ အထူးစည်းဝေးပွဲနေ့မှာ သူ နှစ်ခြင်းခံလိုက်ပြီ။

 ရေဒီယိုဆွေးနွေးခန်းက အမြင်စောင်းနေတာကို ပယ်ဖျက်ပေး

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့က ဖဲန်ဆိုတဲ့ ညီအစ်ကိုတစ်ယောက်က ၂၀၁၀၊ ဇန်နဝါရီလမှာ မဂ္ဂဇင်းတချို့ယူပြီး လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းကျဉ်းလေးတစ်ခုမှာ လျှောက်နေတုန်း အသက်ကြီးတဲ့ လူကြီးလူကောင်းတစ်ယောက် သူ့ဆီလာနေတာကို တွေ့လိုက်တယ်။ ဖဲန်က သူ့ကို ခရစ္စမတ်အကြောင်း ဆောင်းပါးပါတဲ့ ဒီဇင်ဘာ၊ ၂၀၀၉ နိုးလော့! ကို ဝေလိုက်တယ်။ အဲဒီအသက်ကြီးတဲ့ လူကြီးလူကောင်း စကားပြောတဲ့အခါ သူ့ရဲ့အသံကို ဖဲန် မှတ်မိတယ်။ သူက ရေဒီယိုအသံလွှင့်အစီအစဉ် တင်ဆက်သူ ပညာတတ်တစ်ယောက်ပဲ။ နောက်တစ်နေ့ ဖဲန် ရေဒီယိုနားထောင်တဲ့အခါ အသံလွှင့်အစီအစဉ် တင်ဆက်သူက မနေ့က သူ မဂ္ဂဇင်းတချို့ရခဲ့တဲ့အကြောင်း ပြောတော့ အံ့သြသွားတယ်။ အဲဒီနောက်မှာ တင်ဆက်သူက ရေဒီယိုအသံလွှင့်အစီအစဉ်မှာ ဆောင်းပါးတချို့ထဲက အပိုင်းတွေကို ဖတ်ပြတယ်။ သူဖတ်ပြတဲ့အထဲမှာ ယေရှုမွေးဖွားခြင်းနဲ့ ဆက်စပ်ထားတဲ့ ထူးဆန်းတဲ့ “ကြယ်” အကြောင်းပါတယ်။ တကယ်တော့ အဲဒီကြယ်က စာတန်ဆီကလာတယ် ဖြစ်ရမယ်လို့လည်း ပြောခဲ့တယ်။

အဲဒါကိုကြားတဲ့အခါ ဖဲန်က အားတက်သွားပြီး အစီအစဉ်တင်ဆက်သူဆီသွားဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့စကားပြောတဲ့အခါမှာ ဖဲန်က အသံလွှင့်အစီအစဉ်မှာ ကျမ်းစာအကြောင်း ဟောပြောတဲ့အစီအစဉ် ထည့်လို့ရမလားလို့ ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။ နောက်နှစ်ပတ်ကြာတဲ့အခါ အားရှိစရာအဖြေတစ်ခု ကြားရတယ်။ အဲဒီနောက် နှစ်နာရီကြာတဲ့အစီအစဉ် အကြိမ် ၃၀ ကျော်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာအကြောင်းကို သူ တင်ဆက်ပေးခဲ့တယ်။ အစီအစဉ်တင်ဆက်သူနဲ့ ဖဲန်ဟာ ရွေးချယ်ထားတဲ့အကြောင်းအရာတွေကို ဆွေးနွေးပြီး နားဆင်သူပရိသတ်တွေမေးတဲ့ ရာနဲ့ချီတဲ့မေးခွန်းတွေကို အဖြေပေးခဲ့တယ်။

ပရိသတ်တစ်ယောက်ဟာ အသံလွှင့်ရုံက တာဝန်ရှိသူတစ်ယောက်ကို ဖုန်းဆက်ပြီး သူ့ရဲ့ဖုန်းနံပါတ်ပေးခဲ့တယ်။ သူ ညီအစ်ကိုတွေနဲ့ ဆက်သွယ်ချင်တယ်လို့ ပြောတယ်။ အဲဒါကို စီစဉ်ပေးလိုက်တယ်။ အဲဒီလူက သူ့မိတ်ဆွေတွေနဲ့  မိသားစုဝင်တွေ ယေဟောဝါသက်သေအကြောင်း အပုပ်ချပြောဆိုတာတွေကို နှစ်နဲ့ချီပြီး ကြားခဲ့ရတယ်။ ဒါပေမဲ့ ရေဒီယိုအသံလွှင်အစီအစဉ်ကြောင့် ယေဟောဝါသက်သေတွေအပေါ် အမြင်စောင်းနေတာတွေ ပျောက်သွားတယ်။ သူနဲ့ကျမ်းစာသင်အံမှု စခဲ့ပြီး ၂၀၁၃ အောက်မေ့ရာပွဲနဲ့ အထူးဟောပြောချက်ကို သူတက်ခဲ့တယ်။ တနင်္ဂနွေစည်းဝေးအားလုံးကို တက်ပြီး ကင်းမျှော်စင်သင်တန်းမှာ မှတ်ချက်တွေပေးတယ်။ အဲဒီဒေသက တခြားလူတွေလည်း ရေဒီယိုအသံလွှင့်အစီအစဉ်ကို နားထောင်ပြီး အမှန်တရားကို လိုလိုလားလား တုံ့ပြန်ခဲ့ကြတယ်။

သူတို့ရဲ့တံခါးပေါက်မှာ ဖိတ်စာတစ်စောင်ထားခဲ့

အီတလီနိုင်ငံမှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီးတစ်ခုရဲ့ နောက်ဆုံးနေ့ဖြစ်တယ်။ လူစီအိုဟာ မိတ်ဆွေတချို့ကို နှုတ်ဆက်နေတုန်း စုံတွဲတစ်တွဲ သူတို့အနား ချဉ်းကပ်လာတယ်။ လူစီအိုက ဘယ်အသင်းတော်ကလဲလို့ သူတို့ကို မေးလိုက်တယ်။ “ကျွန်တော်တို့က အသင်းတော်က မဟုတ်ဘူး” လို့ သူတို့ပြန်ဖြေတယ်။

လူစီအိုက “တစ်ယောက်ယောက်က ဖိတ်ထားလို့လား” လို့မေးလိုက်တယ်။

“မဟုတ်ပါဘူး၊ ကိုယ့်ဘာသာ ကိုယ်လာတာ” လို့ သူတို့ကပြန်ဖြေတယ်။

လူစီအိုက စပ်စုပြီး “ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ” လို့မေးလိုက်တယ်။

သူတို့က “ကျွန်တော်တို့အိမ်တံခါးပေါက်မှာ ဖိတ်စာတွေ့လို့ လာဖို့ဆုံးဖြတ်လိုက်တာ” လို့ပြန်ပြောတယ်။

သူတို့နေတဲ့နေရာကို လူစီအိုကိုပြောပြတော့ လူစီအိုရဲ့ဇနီး အက်စတာက “အဲဒါ ကျွန်မထားခဲ့တာ။ အဲဒီနေ့က ကင်ပိန်းနောက်ဆုံးနေ့ဖြစ်လို့ ဖိတ်စာကို ပစ်လိုက်မယ့်အစား လူမရှိတဲ့အိမ်မှာ ထားခဲ့တာပိုကောင်းမယ်လို့ ကျွန်မစဉ်းစားခဲ့တယ်” လို့ပြောတယ်။ အဲဒီဖိတ်စာကိုတွေ့လိုက်တဲ့အခါ အိမ်ရှင်စုံတွဲက တနင်္ဂနွေနေ့အစီအစဉ်ကိုတက်ဖို့ စည်းဝေးပွဲခန်းမသွားမယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ စကားနည်းနည်းပါးပါး ပြောပြီးနောက်မှာ လူစီအိုနဲ့အက်စတာက ညစာစားဖို့ အဲဒီစုံတွဲကို ဖိတ်လိုက်တယ်။ အဲဒီမှာ သူတို့စကားဆက်ပြောကြတယ်။ အဲဒီစုံတွဲက ကျမ်းစာသင်အံမှုကို လက်ခံလိုက်တယ်။ သူတို့ဟာ သင်အံမှုတိုင်းအတွက် သေချာပြင်ဆင်တယ်၊ စည်းဝေးတွေမှာလည်း ပါဝင်တယ်။