မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့သွန်သင်ခြင်း

သမုဒ္ဒရာကျွန်းနိုင်ငံများ

သမုဒ္ဒရာကျွန်းနိုင်ငံများ
  • နိုင်ငံ ၂၉

  • လူဦးရေ ၃၉,၅၀၈,၂၆၇

  • ကြေညာသူ ၉၆,၀၈၈

  • ကျမ်းစာသင်အံမှု ၆၃,၃၃၃

“အခုမှ နားလည်လာလို့ပါ”

နားမကြားတဲ့ ဖရီဒါဟာ သူနဲ့ သူ့ကိုကျမ်းစာသင်ပေးတဲ့ညီအစ်မက ပါပူဝါနယူးဂီနီရဲ့ ပထမဆုံး လက်သင်္ကေတပြအသင်းတော်နဲ့ ပူးပေါင်းရမယ်ဆိုတာသိရလို့ အရမ်းဝမ်းသာသွားတယ်။ အဲဒီအသင်းတော်ကို ၂၀၁၃၊ မတ် ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်။ ဖရီဒါဟာ စည်းဝေးတွေမှာ စာပေတွေကိုမသုံးဘဲ လက်သင်္ကေတနဲ့ စင်မြင့်ပေါ်မှာပြတဲ့ ရုပ်မြင်သင်ထောက်ကူပစ္စည်းတွေကို အာရုံစိုက်တဲ့အခါ ပိုနားလည်တယ်ဆိုတာ သိလာရတယ်။ ဒီလို နည်းနဲ့ သူဟာ မရှက်တော့ဘဲ စည်းဝေးတွေမှာ မကြာခဏ အဖြေပေးနိုင်တာ သူ့ကိုယ်သူ အံ့သြမိတယ်။ ၂၀၁၃၊ ဧပြီလမှာ သူဟာ နှစ်ခြင်းမခံသေးတဲ့ကြေညာသူအဖြစ် အရည်အချင်းပြည့်မီလာတယ်။ နားမကြားတဲ့ တခြားသူတွေကိုလည်း စည်းဝေးတွေတက်ဖို့ အားပေးနိုင်ခဲ့တယ်။ ဘာဖြစ်လို့ စည်းဝေးတွေမှာ ခဏခဏ မျက်ရည်ကျတာလဲလို့ သူ့ကိုမေးတဲ့အခါ “အခုမှ နားလည်လာလို့ပါ” ဆိုပြီး ပြန်ဖြေတယ်။

သူ ကားမှားပြီး တက်မိ

သြစတြေးလျနိုင်ငံက ဘာဘရာဟာ လယ်ကွင်းအုပ်စုရှိတဲ့နေရာကို ကားနဲ့သွားနေတုန်း ပြန်လည်ပတ်မှုမှတ်တမ်းစာအုပ် ပါမပါ စစ်ဆေးဖို့ ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်တယ်။ ရုတ်တရက် ကားတံခါးပွင့်သွားပြီး အမျိုးသမီးတစ်ယောက် ကားပေါ်တက်လာတယ်။

ဘာဘရာက “ခဏလေး၊ ရှင် ကားမှားနေပြီထင်တယ်” လို့ပြောလိုက်တယ်။

အမျိုးသမီးက “ဆောရီး၊ ကျွန်မက ရှင့်ကို ကျွန်မကိုလာကြိုတဲ့သူလို့ ထင်နေတာ” လို့ပြန်ပြောတယ်။ အမျိုးသမီးက ဘာဘရာရဲ့ ကင်းမျှော်စင်နဲ့ နိုးလော့! တွေကိုကြည့်ပြီး “အရင်က ကျွန်မကိုကျမ်းစာသင်ပေးတဲ့ အမျိုးသမီးနှစ်ယောက်ဆီက ဒီမဂ္ဂဇင်းတွေ ရဖူးတယ်” လို့ပြောတယ်။ ဘာဘရာက ဝမ်းသာအားရပဲ အဲဒီအမျိုးသမီးကို မဂ္ဂဇင်းတွေပေးလိုက်တယ်၊ နောက်ပိုင်းမှာ သူနဲ့ကျမ်းစာသင်အံမှုလုပ်ခဲ့တယ်။

“ဘုရားသခင်ဆီက စာတွေ”

ဗိုင်လက်ဟာ နယူးဇီလန်နိုင်ငံ၊ ခရိုက်စ်ချာ့ချ်မြို့က အသက် ၈၂ နှစ်ရှိတဲ့ အိုမင်းမစွမ်းညီအစ်မတစ်ယောက်ဖြစ်တယ်။ သူဟာ သူ့ဒေသမှာရှိတဲ့ ပြုစုစောင့်ရှောက်ရေးဂေဟာနဲ့ လူနာပြုစုစောင့်ရှောက်ရေးဆေးရုံတွေကို ပုံမှန်စာရေး ပြီး စာပေတွေ ပို့ပေးတယ်။ အဲဒီနေရာတွေမှာနေတဲ့ အသက်ကြီးသူတွေဟာ ဘုရားသခင်ဆီကစာလို့ သူတို့ခေါ်တဲ့ မဂ္ဂဇင်းတွေကို အမြဲစောင့်မျှော်နေတယ်လို့ စာဝေတဲ့သူနာပြုတွေက ပြောကြတယ်။ တချို့သူတွေဟာ သူတို့ရဲ့စာတွေနဲ့ စာပေကို အပြန်အလှန်လဲဖတ်ကြတယ်၊ မျက်စိမှုန်တဲ့သူတွေကို ဖတ်ပြကြတယ်။ အဲဒီစာတွေကို ဖတ်တဲ့သူတွေက မဖတ်တဲ့သူတွေထက် ပိုပြီး အေးအေးဆေးဆေးနေတယ်၊ အကောင်းမြင်တယ်၊ တခြားသူတွေနဲ့လည်း ပိုပြီး သင့်မြတ်အောင်နေတယ်လို့ သူနာပြုတွေကပြောတယ်။ သူ့ရဲ့ကြိုးစားမှုနဲ့ပတ်သက်ပြီး ဗိုင်လက်က “တခြားသူတွေကိုကူညီဖို့ ယေဟောဝါ ကျွန်မကို  အသုံးပြုနေသေးတယ်။ အမှန်တရားအကြောင်း ပြောပြရတာ တကယ်အားရှိတယ်” လို့ပြောတယ်။

သူ နှင်းဆီတွေအကြောင်းဖတ်ခဲ့

ဆိုက်ပန်ကျွန်းက ဘာနီဟာ စနေနေ့မနက်ပိုင်းမှာ နောက်ဆုံးထုတ် ကင်းမျှော်စင်တွေ ဝေငှနေတယ်။ အိမ်တံခါးပေါက်ကို ထွက်လာတဲ့ ကောလိပ်ကျောင်းသူ ဘာနတက်ဒ်က “အဲဒါကို ကျွန်မ ဖတ်ပြီးပြီ” လို့ ပြောလိုက်တော့ သူအံ့သြသွားတယ်။ ဒါနဲ့ အိတ်ထဲကနေ နောက်မဂ္ဂဇင်းတစ်စောင်ထုတ်ပေးတော့ “ဒါလည်း ဖတ်ပြီးပြီ” လို့ပြောတယ်။ ဘာနီက “ဒီမဂ္ဂဇင်းတွေကို ဘယ်ကရတာလဲ။ ရှင်က ဒီနေရာကိုလာလည်တဲ့ ယေဟောဝါသက်သေလား” လို့ မေးလိုက်တယ်။ ဘာနတက်ဒ်က သူသက်သေခံမဟုတ်တဲ့အကြောင်း၊ မဂ္ဂဇင်းတွေကို အွန်လိုင်းကနေ ဖတ်တဲ့အကြောင်း ပြောပြတယ်။ တစ်နေ့မှာ သူက အွန်လိုင်းကနေ ပန်းတွေအကြောင်း ရှာဖတ်ခဲ့တယ်။ “နှင်းဆီများ” ဆိုတဲ့စကားလုံးကို ရိုက်လိုက်တဲ့အခါ ယေဟောဝါသက်သေတွေရဲ့ ဝက်ဘ်ဆိုက်ကနေ “ညို့ယူဖမ်းစားနိုင်တဲ့ အာဖရိကနှင်းဆီများ” ဆိုတဲ့ နိုးလော့! ဆောင်းပါးပေါ်လာတယ်။ ဘာနတက်ဒ်က နှင်းဆီအကြောင်း ဆောင်းပါးတွေကို အရမ်းစိတ်ဝင်စားလို့ အဲဒီဝက်ဘ်ဆိုက်မှာ နောက်ထပ်ရှာဖွေပြီး ဖတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပြတယ်။ ပထမတော့ သူက အပင်နဲ့ တိရစ္ဆာန်တွေအကြောင်း အဓိကဖတ်တယ်၊ သိပ်မကြာခင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ကျမ်းစာထဲကအကြောင်းတွေ တွေ့သွားတယ်။ ဘာနတက်ဒ် စိတ်ဝင်စားတယ်ဆိုတာ သိတဲ့အခါ ဘာနီက သူ့ကို ကျမ်းစာသင်အံမှု ကမ်လှမ်းတယ်၊ နောက်တော့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲဆိုတဲ့စာအုပ်နဲ့ သူ့ဆီပြန်သွားတယ်။ တတိယအကြိမ် လည်ပတ်တဲ့အခါ အဲဒီစာအုပ်ရဲ့အခန်းတစ်ကို သူတို့လေ့လာကြတယ်။ တစ်နှစ်ကြာပြီးနောက် ၂၀၁၂၊ နိုဝင်ဘာလမှာ ဘာနတက်ဒ် နှစ်ခြင်းခံလိုက်တယ်။ သူ တိုးတက်တာသိပ်မြန်လို့ သူ့မိတ်ဆွေတွေက ဘာနတက်ဒ်ဟာ အမှန်တရားထဲ “ပြေးဝင်” သွားတယ်လို့ ပြောကြတယ်။ ဝက်ဘ်ဆိုက်က သူ့ကို မြန်မြန်ဆန်ဆန် အမှန်တရားအကြောင်း သိစေခဲ့တယ်။