မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

JW.ORG “လူမျိုးအပေါင်းတို့အတွက် သက်သေ” ခံချက်တစ်ခု

JW.ORG “လူမျိုးအပေါင်းတို့အတွက် သက်သေ” ခံချက်တစ်ခု

“လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မယ်။ သို့ပြီးမှ အဆုံးသည်ရောက်လိမ့်မည်” လို့ ယေရှု ပြောခဲ့တယ်။ (မ. ၂၄:၁၄) အဆုံးမရောက်ခင် ကျန်ရှိနေတဲ့ အချိန်တိုလေးမှာ jw.org ဝက်ဘ်ဆိုက်ဟာ “လူမျိုးအပေါင်း” ထံသတင်းကောင်းရောက်ရှိဖို့ အလွန်ထိရောက်တဲ့ ကိရိယာတစ်ခုပဲ။

စော်လမွန်ကျွန်းစုက သာသနာပြုလင်မယားနှစ်ယောက်ဟာ ပင်လယ်ကမ်းစပ်က တံငါရွာမှာ ဟောပြောနေတုန်း အသက်ကြီးအမျိုးသားလေးယောက်ကို တွေ့လိုက်တယ်။ အဲဒီလူတွေမှာ လက်ကိုင်ဖုန်းရှိတယ်ဆိုတာ သူတို့သတိထားမိလို့ အင်တာနက်သုံးသလားလို့ မေးလိုက်တယ်။ သူတို့ သုံးကြတယ်။ သာသနာပြုလင်မယားက jw.org ဝက်ဘ်ဆိုက်ထဲဝင်နိုင်ပုံ၊ သူတို့ရဲ့ဘာသာစကားကို ရှာနိုင်ပုံ၊ မဂ္ဂဇင်းနဲ့ကျမ်းစာကို ကူးယူနိုင်ပုံနဲ့ မိသားစုနဲ့ကလေးများအပိုင်းကို ဘယ်လိုအသုံး ပြုပုံတွေကို ပြောပြတယ်။ သာသနာပြုတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ကလေးတွေကို “အချိန်မရွေး ဆုတောင်းပါ” (“Pray Anytime”) ဗီဒီယို ပြပေးတယ်။ ကလေးတစ်အုပ်က အဲဒီဗီဒီယိုကိုကြည့်ပြီးနောက်မှာ “အချိန်တိုင်း၊ နေရာတိုင်း၊ ဆုတောင်းမယ်လေ . . .” (“Anytime anywhere I can pray . . .”) လို့ သီချင်းဆိုပြီး တောအုပ်ထဲ ပြေးဝင်သွားကြတယ်။

မွန်ဂိုလီယားနိုင်ငံ၊ အူလာဘတ်ထောမြို 

အောက်မှာဖော်ပြထားတဲ့စာတွေက နယူးယောက်ကမ္ဘာ့ဌာနချုပ်ကို ရောက်လာတဲ့ ကျေးဇူးတင်စာတွေထဲက တချို့ဖြစ်ပါတယ်–

“ကျွန်မနဲ့ ကျွန်မရဲ့ခင်ပွန်းဟာ မက္ကဆီကိုနိုင်ငံကို ပြောင်းရွှေ့ခဲ့ကြတယ်။ ကျွန်မတို့တွေ့တဲ့သူတွေကို ဟောပြောနိုင်ဖို့အတွက် စပိန်စကားသင်ခဲ့ကြတယ်။ jw.org ဝက်ဘ်ဆိုက်ထဲကို ဝင်လိုက်တဲ့အခါတိုင်း ကျွန်မ နားထောင်၊ လေ့လာဖို့ အကူအညီရလို့ ယေဟောဝါကို ကျေးဇူးတင်တယ်။ အဲဒီမှာ မဂ္ဂဇင်း၊ စာအုပ်၊ တေးသံနဲ့ ပြဇာတ်တွေကို ဘာသာစကားအများကြီးနဲ့ ရနိုင်တယ်။ ရှင်တို့လုပ်ပေးသမျှအတွက် ရှင်တို့ကိုချစ်တယ်၊ ကျေးဇူးလည်းတင်ပါတယ်။”—ဒီ အိတ်ချ်၊ မက္ကဆီကို။

“ကျွန်မက မျက်စိလုံးဝမမြင်တဲ့သူပါ။ ဝက်ဘ်ဆိုက်မှာ နားထောင်စရာတွေအများကြီးရှိလို့ အဲဒါကို ကျွန်မကြိုက်တယ်။ ကျွန်မတစ်နေ့လုံး နားထောင်နိုင်ဖို့အတွက် ရှင်တို့ရဲ့စာအုပ်တွေ၊ ဘရိုရှာတွေနဲ့ တခြားပုံနှိပ်စာပေတွေကို အမ်ပီသရီးနဲ့ ဆက်ထည့်ပေးပါလို့ စာရေးလိုက်တာပါ။”—ကေ ဂျီ၊ အမေရိကန်ပြည်ထောင်စု။

“jw.org ကိုကျွန်မကြိုက်တယ်။ အဲဒါက ကြည့်ရလွယ်တယ်၊ ကိုယ်ပိုင်လေ့လာမှုနဲ့ အမှုဆောင်လုပ်ငန်းမှာ ပိုထက်သန်မှုရှိဖို့ ကျွန်မကို အားပေးတယ်။ ကျွန်မအသက်က ၇၂ နှစ်ပါ၊ နှစ်ခြင်းခံပြီးတာ ၄၇ နှစ်ရှိပြီ၊ ရှေ့ဆောင်လုပ်တာ အနှစ် ၃၀ ရှိပြီ။ ကျွန်မမှာ နှစ်ခြင်းခံပြီးတဲ့ သားသမီး ၉ ယောက်ရှိတယ်။ အဲဒီအပြင် မြေး ၁၆ ယောက်နဲ့ မြစ် ၃ ယောက်လည်း ရှိတယ်။ ကျွန်မတို့မိသားစုမှာ မှန်မှန်ရှေ့ဆောင် မျိုးဆက်လေးဆက်ရှိတယ်။ ဒီလိုအချိန်တန်အစာအတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။”—အဲမ် တီ၊ အမေရိကန်ပြည်ထောင်စု။

 “ဒီစာကို ကျွန်တော် မနက် လေးနာရီမှာရေးတာပါ။ ကမ္ဘာတစ်ဝန်းက တချို့ညီအစ်ကိုညီအစ်မတွေလိုပဲ ကျွန်တော့်မှာ နာတာရှည် နာ့ဗ်ကြောရောဂါနဲ့ တခြားဝေဒနာတွေ ခံစားနေရလို့ ညတွေမှာ အိပ်မပျော်ဘူး။ ယေဟောဝါက ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးကို ဂရုစိုက်ပေးနေတယ်၊ အဲဒါကြောင့် ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က မြင်ယောင်ပြီး စဉ်းစားတတ်တဲ့အကျင့်ရှိတယ်။ အဲဒါကြောင့် အဲဒီဝက်ဘ်ဆိုက်ကို စီစဉ်ထားတဲ့ပုံက ကျွန်တော့်အတွက် ကောင်းတယ်။ ရုပ်ပုံတွေ၊ ဗီဒီယိုအတိုတွေနဲ့ ရှင်းလင်းချက်တွေက တကယ်ကောင်းတယ်၊ သိပ်ကျေးဇူးတင်တယ်။”—ဘီ ဘီ၊ နယူးဇီလန်။

“ကျေးဇူးတင်ကြောင်းပြောဖို့ စာရေးလိုက်တာပါ။ ကျွန်တော်က သီရိလင်္ကာနိုင်ငံရဲ့ ခေါင်တဲ့ဒေသမှာ အလုပ်လုပ်တဲ့ဆရာဝန်တစ်ယောက်ပါ။ အဲဒီနေရာမှာ ကျွန်တော့်ဘာသာစကားနဲ့ မဂ္ဂဇင်းတွေ မရနိုင်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ဝက်ဘ်ဆိုက်ကြောင့် ကျွန်တော့်ဘာသာစကားနဲ့ မဂ္ဂဇင်းတွေကို ကူးယူပြီး ဖတ်နိုင်တယ်။ ခင်ဗျားတို့ရဲ့ဝက်ဘ်ဆိုက်က ကျွန်တော့်လိုလူတွေအတွက် ယေဟောဝါပေးတဲ့ အကောင်းဆုံးလက်ဆောင်ပါပဲ။”—အဲန် အက်ဖ်၊ သီရိလင်္ကာ။

 “လူတွေ ယေဟောဝါအကြောင်း သင်ယူနိုင်ဖို့ လုပ်ဆောင်ပေးသမျှအတွက် ကျေးဇူးတင်ကြောင်းပြောဖို့ ဒီစာကိုရေးလိုက်တာပါ။ ကျေးဇူးပြု၍ jw.org မှာဗီဒီယိုတွေ ထပ်တင်ပေးပါဦး။ အဲဒီဗီဒီယိုတွေက ပြဿနာတွေဖြေရှင်းရာမှာ ကျွန်မရဲ့မိသားစုနဲ့ ကျွန်မအတွက် အထောက်အကူပြုတယ်။ အထောက်အကူအဖြစ်ဆုံးက “အနိုင်ကျင့်သူကို လက်သီးမသုံးဘဲ အနိုင်ယူပါ” ဆိုတဲ့ဗီဒီယိုပဲ။ အဖွဲ့အစည်းရဲ့ ကြိုးစားမှုတွေအတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်။”—ဝိုင် အက်စ်၊ အသက် ၉ နှစ်၊ အမေရိကန်။

“ကျွန်မတို့ရထားတဲ့ အချိန်တန်အစာတွေအတွက် ကျေးဇူးတင်ပါတယ်။ jw.org ဝက်ဘ်ဆိုက်က ကျွန်မအတွက် အများကြီးအထောက်အကူပြုတယ်၊ အထူးသဖြင့် ‘ဆယ်ကျော်သက်’ ကဏ္ဍပါပဲ။ “ယေဟောဝါရဲ့မိတ်ဆွေဖြစ်ပါ” ဆိုတာကိုလည်း ကြိုက်တယ်။ ကျွန်မမှာ ညီမလေးသုံးယောက်ရှိတယ်။ အဲဒါက သူတို့အပေါ် တကယ်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ကျွန်မမြင်တွေ့ရတယ်။ ရှင်တို့နဲ့ ဝေးတဲ့နေရာမှာနေပေမဲ့ ကျွန်မတို့အားလုံးက ယေဟောဝါရဲ့မေတ္တာကို ခံစားရလို့ စည်းလုံးတဲ့ ညီအစ်ကိုအသင်းအပင်းတစ်ခု ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။”—အေ ဘီ၊ ပီရူး။