မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့သွန်သင်ခြင်း

သမုဒ္ဒရာကျွန်းနိုင်ငံများ

သမုဒ္ဒရာကျွန်းနိုင်ငံများ
  • နိုင်ငံပေါင်း ၂၉

  • လူဦးရေ ၄၀,၂၀၈,၃၉၀

  • ကြေညာသူ ၉၇,၅၈၃

  • ကျမ်းစာသင်အံမှု ၆၄,၆၇၅

စာအုပ်ထုပ်တွေ ပေးထားခဲ့

မာရှယ်ကျွန်းစုက ကြေညာသူအုပ်စုဟာ သတင်းကောင်းသိပ်မရောက်တဲ့ မိုက်ခရိုနီးရှားကျွန်းတွေဆီ စက်လှေနဲ့ နှစ်ပတ်ကြာခရီးထွက်ဖို့ စီစဉ်ကြတယ်။ မဂျူရိုကျွန်းကနေထွက်လာပြီးနောက် ဝါဂျီသန္တာကျောက်ကျွန်းမှာရှိတဲ့ ဝါဂျီကျွန်းနဲ့အော်မက်ကျွန်းတွေဆီ ရောက်လာတယ်။

သူတို့ဟာ လူများနိုင်သမျှများများကို သက်သေခံနိုင်ဖို့ ခရီးမထွက်ခင်ကတည်းက စာအုပ်ထုပ်တွေ ပြင်ဆင်ထားကြတယ်။ စာအုပ်ထုပ်တစ်ထုပ်မှာ မဂ္ဂဇင်းလေးစောင်နဲ့ ဘရိုရှာနှစ်စောင်ပါတယ်။ ကြေညာသူတွေက ကျွန်းတွေဆီ ဘယ်တော့ပြန်လာနိုင်မယ်ဆိုတာ မသိတဲ့အတွက် စိတ်ဝင်စားသူတွေကို စာအုပ်ထုပ်တွေပေးထားခဲ့ပြီး မိသားစုတွေ၊ မိတ်ဆွေတွေကိုလည်း ဝေပေးခိုင်းတယ်။ နှစ်ပတ်ကြာခရီးစဉ်အတွင်း ကြေညာသူတွေဟာ ဘရိုရှာ ၅၃၁ စောင်၊ မဂ္ဂဇင်း ၇၅၆ စောင်နဲ့ စာအုပ် ၇ အုပ် ဝေငှခဲ့ကြတယ်။

“ကျွန်မတို့ကို မေ့မထားတဲ့အတွက် ကျေးဇူးတင်လိုက်တာ”

၂၀၁၄၊ ဖေဖော်ဝါရီလမှာ ပါပူဝါနယူးဂီနီနိုင်ငံက သက်သေခံခြောက်ယောက်ဟာ မီးတောင်ကျွန်းဖြစ်တဲ့ ကာကာကျွန်းပေါ်က ရွာတွေမှာ ဆယ်ရက်ကြာ ဟောပြောခဲ့ကြတယ်။ စိတ်ဝင်စားသူအများကြီးတွေ့ခဲ့ပြီး စာပေ ၁,၀၆၄ စောင် ဝေငှခဲ့ရတယ်။ ညီအစ်မရယ်ဗီ အခုလိုပြောပြတယ်– “အမှုဆောင်စထွက်တဲ့နေ့မှာ ညနေ ၃ နာရီအထိ ဟောနေကြတုန်းပဲ။ ရေဗူးထဲကရေလည်း ကုန်နေပြီ။ ဆက်တိုက်စကားပြောရလို့ ပါးစပ်တွေလည်းညောင်း၊ အာခေါင်တွေလည်း ခြောက်ကုန်ပြီ။ မိန်းကလေးတစ်ယောက်ကိုတွေ့တော့ ကျမ်းချက်တစ်ချက်ဖတ်ပြချင်ပေမဲ့ ရေငတ်လွန်းလို့ မဖတ်ပြနိုင်တော့ဘူး။ ဒါနဲ့ သူက ရေတစ်ခွက် ယူလာပေးတယ်။”

ရွာတစ်ရွာကနေမပြန်ခင်ညမှာ ရွာသားတွေ၊ ဒေသခံချာ့ခ်ျခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲကြီးတစ်ခုလုပ်တယ်။ ညီအစ်မရယ်ဗီ အခုလိုပြန်ပြောပြတယ်– “ဆန်ဟီဒရင်ရှေ့မှာရပ်ပြီး အမှန်တရားကိုခုခံပြောဆိုတဲ့ သတေဖန်လိုပဲ ကျွန်မခံစားရတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ပရိသတ်ကတော့ သဘောကောင်းကြတယ်။” ရွာသားတွေကို အမှန်တရားလာပြောပြတဲ့ကြေညာသူတွေထဲမှာ လူသာရင်ဆန်းဒေးစကူးက ညှိနှိုင်းရေးမှူးအမျိုးသမီးရဲ့အဒေါ်လည်းပါတယ်။ ကြေညာသူခြောက်ယောက် ဆွေးနွေးပြီးတဲ့အခါ အဲဒီအမျိုးသမီးက မတ်တပ်ရပ်ပြီး သူ့အဒေါ်ကို ကျေးဇူးတင်ကြောင်း အခုလိုပြောတယ်– “အဒေါ်က တကယ်ပုံသက်သေကောင်းတယ်။ ယေရှုဆီကကြားတဲ့သတင်းကောင်းကို မိသားစုဆီလာပြောပြတဲ့ ရှမာရိအမျိုးသမီးလိုပဲ။ ကျွန်မတို့ကို မေ့မထားတဲ့အတွက် ကျေးဇူးတင်လိုက်တာ။”

ဟောပြောဖို့ငယ်လွန်းတယ်ဆိုတာ ဟုတ်ရဲ့လား

ကီရီဘာတီကျွန်း– တီယာရီကီနဲ့ တူတီ

ကီရီဘာတီကျွန်းအပိုင်ဖြစ်တဲ့ တာရဝါးကျွန်းမှာနေတဲ့ အသက်ခုနစ်နှစ်အရွယ် တီယာရီကီဟာ တစ်မနက်မှာ ဖခင်ဖြစ်သူတူတီနဲ့ အမှုဆောင်ထွက်တယ်။ အိမ်တစ်အိမ်ကိုဝင်တော့ အသက် ၂၀ ဝန်းကျင် ယောက်ျားလေးမိန်းကလေး ဆယ်ယောက်လောက်ကို တွေ့တယ်။ တီယာရီကီရဲ့အဖေက အဲဒီအုပ်စုကို သတင်းကောင်းဟောနေတုန်း တစ်ယောက်က “ခင်ဗျားတို့တရားဟောထွက်တဲ့အခါ ကလေးတွေကိုလည်းခေါ်သွားတာ သတိထားမိတယ်။ ဘာဖြစ်လို့ ကလေးတွေကို ခေါ်သွားတာလဲ။ သူတို့က ဘုရားသခင်အကြောင်းဟောပြောဖို့ ငယ်လွန်းတယ်” လို့ပြောတယ်။

ဒါနဲ့ တူတီက “ကျွန်တော့်သား ဟောတတ်ရဲ့လားဆိုတာ သိချင်ရင် ခင်ဗျားတို့နားထောင်ကြည့်ပါ။ ကျွန်တော်အပြင်ထွက်နေမယ်” လို့ပြောတော့ အားလုံးက “နားထောင်ချင်တယ်” လို့ပြောတယ်။

တူတီ အပြင်ထွက်သွားတဲ့အခါ တီယာရီကီက “ဘုရားသခင့်နာမည်ကိုသိသလား” လို့စမေးလိုက်တယ်။

ဒါနဲ့ “ယေရှု၊” “ဘုရားသခင်၊” “သခင်” ဆိုပြီးတော့ တစ်ယောက်တစ်မျိုး ဖြေကြတယ်။

တီယာရီကီက “ကျမ်းစာပြောတာကို သိနိုင်ဖို့ ဟေရှာယ ၄၂:၅ ကိုဖွင့်ပြီး အတူတူဖတ်ရအောင်” လို့ပြောလိုက်တယ်။ ကျမ်းချက်ဖတ်ပြီးတဲ့နောက် “ဒီကျမ်းချက်က ဘယ်သူ့အကြောင်းပြောနေတာလဲ” လို့မေးတယ်။

“ဘုရားသခင်အကြောင်း” ဆိုပြီး မိန်းကလေးတစ်ယောက်ကဖြေတော့ တီယာရီကီက “ဟုတ်တယ်၊ စစ်မှန်တဲ့ဘုရားသခင်အကြောင်း ပြောနေတာ။ အခန်းငယ် ရှစ်ကို ဆက်ဖတ်ကြည့်မယ်ဆိုရင် စစ်မှန်တဲ့ဘုရားသခင်က ‘ငါဟာ ယေဟောဝါဖြစ်တယ်။ ဒီနာမည်ဟာ ငါ့နာမည်ပဲ။ ငါ့ဂုဏ်ကျက်သရေကို ဘယ်သူ့ကိုမှ မပေးဘူး’ လို့ပြောတယ်။ ဒီအခန်းငယ်မှာ ဘုရားသခင့်နာမည်ကို တွေ့လား” ဆိုပြီးမေးတယ်။

“ယေဟောဝါ” လို့ ပြန်ဖြေကြတယ်။

အားလုံးက သူပြောတာကို စိတ်ဝင်တစားနားထောင်နေတုန်း အခုလိုထပ်ပြောတယ်– “ယေဟောဝါဆိုတဲ့ ဘုရားသခင့်နာမည်ကို သုံးမယ်ဆိုရင် ဘာအကျိုးရမလဲ။ အဖြေရဖို့ တမန်တော် ၂:၂၁ ကိုဖတ်ကြည့်ရအောင်– ‘ယေဟောဝါဘုရား၏နာမတော်ကို ခေါ်၍ဆုတောင်းသောသူရှိသမျှတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။’ ဒါဆို ဘုရားသခင့်နာမည် သုံးမယ်ဆိုရင် ဘာအကျိုးရမလဲ။”

“ကယ်တင်ခြင်းရမယ်” ဆိုပြီး မိန်းကလေးတစ်ယောက်ကဖြေတယ်။

အဲဒီအချိန်မှာ တီယာရီကီရဲ့အဖေ ပြန်ဝင်လာပြီး “ကဲ ခင်ဗျားတို့ ဘယ်လိုထင်သလဲ။ ကျွန်တော်တို့ကလေးတွေ ဟောတတ်ရဲ့လား။ တရားဟောထွက်တဲ့အခါ သူတို့ကိုခေါ်သွားတာ မှန်ရဲ့လား” လို့မေးလိုက်တယ်။ ကလေးတွေ ကောင်းကောင်းဟောတတ်တယ်၊ သူတို့ကိုခေါ်သွားတာ မှန်တယ်ဆိုတာ အားလုံးလက်ခံကြတယ်။ အဲဒီနောက် တူတီက “ခင်ဗျားတို့လည်း ကျမ်းစာအမှန်တရားအကြောင်းသင်ယူရင် တီယာရီကီလိုပဲ ဟောပြောတတ်မှာပေါ့” လို့ပြောလိုက်တယ်။

တောင်ပေါ်ရွာလေးတစ်ရွာကို သတင်းကောင်းရောက်ရှိ

၂၀၁၃၊ နိုဝင်ဘာလမှာ ဗာနူဝါတူးကျွန်း၊ ပေါ့တ်ဗီလာမြို့က ဘာသာပြန်ရုံးခွဲမှာ အလုပ်လုပ်တဲ့ ဇန်ပီယာဟာ တိုက်နယ်စည်းဝေးတက်ဖို့ သူ့ရဲ့ဇာတိကျွန်းဆီ သွားခဲ့တယ်။ လေယာဉ်ဆိုက်တဲ့အခါ ကျွန်းရဲ့တောင်ပိုင်းက စိတ်ဝင်စားသူတွေ သူ့ဆီလာပြီး ကျမ်းစာစာပေတွေ တောင်းကြတယ်။ ဒါနဲ့ ပါလာတဲ့မဂ္ဂဇင်းအားလုံးနီးပါးကို ဝေငှလိုက်တယ်။ အဲဒီနောက် ဓမ္မဆရာတစ်ယောက်လည်း စာပေတွေ လာတောင်းပြီး “ကျွန်တော်တို့က အမှန်တရား ဆာငတ်နေတာ။ ရွာကိုလာပြီး ကျွန်တော်တို့သိချင်တဲ့မေးခွန်းတွေကို ဖြေပေးပါ” လို့တောင်းဆိုတယ်။ ဒါကြောင့် စည်းဝေးပြီးတဲ့ နောက်တစ်နေ့မနက်စောစောမှာ ဇန်ပီယာဟာ မတ်စောက်နေတဲ့တောင်တက်ခရီးရှည်ကြီးကို စလျှောက်တော့တယ်။ နောက်ဆုံး တောင်ထိပ်ပေါ်က ဝေးခေါင်တဲ့ရွာလေးဆီ ရောက်သွားတဲ့အခါ ရွာသားတွေက လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။ သူက “သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်သလား” ဆိုတဲ့ နိုင်ငံတော်သတင်း နံပါတ် ၃၈ ဝေစာကို ဆွေးနွေးတယ်။ ဆွေးနွေးခန်းကို လူ ၃၀ လောက် လာနားထောင်ကြတယ်။ သူတို့အားလုံးကို ကိုယ်ပိုင်ကျမ်းစာဖွင့်ပြီး လိုက်ကြည့်ခိုင်းတယ်။ ဆွေးနွေးတာ ခုနစ်နာရီနီးပါးကြာတယ်။ ရွာသားတွေက အမှန်တရားကို တကယ်ဆာငတ်နေကြတာ။ အသက် ၇၀ အရွယ် လူကြီးက “ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ သေခြင်းနဲ့ပတ်သက်ပြီး အခုလိုရှင်းပြတာ တစ်ခါမှမကြားဖူးဘူး” လို့ပြောတယ်။

ညရောက်တော့ ဇန်ပီယာက ဓမ္မဆရာနဲ့ တစ်ခန်းတည်းမှာအိပ်တယ်။ မနက် သူအိပ်ရာနိုးတော့ ဓမ္မဆရာက အဖွဲ့အစည်းထုတ်မဂ္ဂဇင်းကို ဖတ်နေတယ်။ ဘာအကြောင်းဖတ်နေတာလဲလို့မေးလိုက်တော့ ဘုရားသခင့်နိုင်ငံတော်အကြောင်းဆိုပြီး အားရပါးရပြောတယ်။ ဘုရားသခင့်နိုင်ငံတော်ဟာ လုကာ ၁၇:၂၁ မှာ ယေရှု ပြစ်တင်ရှုတ်ချတဲ့ ဖာရိရှဲတွေရဲ့စိတ်နှလုံးထဲရှိတဲ့အရာမဟုတ်ဘူးဆိုတာ သူလက်ခံတယ်။ ဒါကြောင့် ချာ့ခ်ျမှာသွန်သင်သလို နိုင်ငံတော်က လူ့စိတ်နှလုံးထဲမှာ ရှိတဲ့အရာမဟုတ်ဘူးဆိုပြီး သူပြောတယ်။ ဇန်ပီယာက ပေါ့တ်ဗီလာမြို့ကိုပြန်လာပြီးနောက် စိတ်ဝင်စားတဲ့ရွာသားတွေကို ဖုန်းနဲ့အဆက်အသွယ်လုပ်တယ်။ အနီးနားအသင်းတော်က ညီအစ်ကိုသုံးယောက်ဟာ အဲဒီရွာမှာ အောက်မေ့ရာပွဲ သွားလုပ်ပေးတဲ့အခါ တက်ရောက်သူ ၁၀၉ ယောက် ရှိခဲ့တယ်။

ဗာနူဝါတူးကျွန်း