မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

တရားရေးသတင်း

တရားရေးသတင်း

အာမေးနီးယား ခရစ်ယာန်ကြားနေမှုကို လေးစားတဲ့အနေနဲ့ အရပ်ဘက်ဆိုင်ရာလုပ်ငန်း လုပ်ခွင့်ပြုတဲ့အစီအစဉ်ကို အစပြုပေး

အာမေးနီးယား– အစိုးရက ညီအစ်ကိုတချို့ကို ဝေးလံခေါင်သီတဲ့ဒေသတွေမှာ အရပ်ဘက်ဆိုင်ရာလုပ်ငန်းတွေ လုပ်ခိုင်းတယ်။ အဲဒီမှာရှိနေတုန်း ညီအစ်ကိုတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ ဇွဲရှိရှိပါဝင်နေကြ

၂၀၁၃ ခုနှစ်မှာ အာမေးနီးယားအစိုးရက အရပ်ဘက်ဆိုင်ရာလုပ်ငန်းတွေ လုပ်ခွင့်ပြုတဲ့အစီအစဉ်ကို အစပြုပေးခဲ့တယ်။ ဒါကြောင့် ခံယူချက်အရ စစ်မှုထမ်းဖို့ငြင်းဆိုတဲ့ ယေဟောဝါသက်သေတွေဟာ ထောင်ဒဏ်ကျခံမယ့်အစား အရပ်ဘက်ဆိုင်ရာလုပ်ငန်းတွေကို ရွေးချယ်နိုင်ပြီ။ ၂၀၁၄၊ ဇန်နဝါရီလမှာ ညီအစ်ကို ၇၁ ယောက်ဟာ ဒီအစီအစဉ်သစ်အောက်မှာ အရပ်ဘက်လုပ်ငန်းတွေစလုပ်နေပြီလို့ ဌာနခွဲက သတင်းပေးပို့တယ်။ ဥပမာ၊ ညီအစ်ကိုတချို့က စားဖိုဆောင်လုပ်သားတွေအဖြစ်၊ တချို့က ဆေးရုံမှာ သူနာပြုအကူတွေအဖြစ် တာဝန်ရကြတယ်။ ခက်ခဲတဲ့အလုပ်တွေ လုပ်ရရင်တောင် လုပ်ငန်းအပေါ်ထားတဲ့ ညီအစ်ကိုတွေရဲ့ သဘောထားနဲ့ အမူအကျင့်ကို အစီအစဉ်ကြီးကြပ်သူတွေ ချီးမွမ်းကြတယ်။ အရပ်ဘက်ဆိုင်ရာလုပ်ငန်း လုပ်ခွင့်ပြုတဲ့အစီအစဉ်ကြောင့် ကြည်လင်တဲ့သြတ္တပ္ပစိတ်ကို ဆက်ထိန်းထားနိုင်ပြီဖြစ်လို့ ညီအစ်ကိုတွေ ဝမ်းသာကြတယ်။ * ညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်- “အရပ်ဘက်ဆိုင်ရာလုပ်ငန်းတွေ လုပ်ခွင့်ရလို့ ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။ အဲဒီအစီအစဉ်က ခရစ်ယာန်ကြားနေမှုကို ဆက်ထိန်းထားနိုင်ဖို့၊ တစ်ချိန်တည်းမှာ ကိုယ်တော့်ကို လွတ်လပ်စွာကိုးကွယ်ခွင့်ရဖို့ ကူညီပေးတယ်။”

ဒိုမီနီကန် ကက်သလစ်မဟုတ်တဲ့ တခြားဘာသာရေးတွေလည်း မင်္ဂလာပွဲကျင်းပခွင့်ရပြီး သက်သေခံတွေ ဦးဆုံးကျင်းပခဲ့

၁၉၅၄ ခုနှစ်မှာ ဒိုမီနီကန်သမ္မတနိုင်ငံဟာ ဗက်တီကင်နဲ့ ဘဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်။ ဒါကြောင့် ကက်သလစ်ချာ့ခ်ျဟာ လက်ထပ်ပေးခွင့်ရှိတဲ့ တစ်ခုတည်းသောဘာသာရေးအဖွဲ့ဖြစ်တယ်။ စုံတွဲတစ်တွဲကို ကက်သလစ်ချာ့ခ်ျက လက်မထပ်ပေးဘူးဆိုရင် မှတ်ပုံတင်ရုံးအရာရှိက လက်ထပ်ပေးနိုင်တယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ်မှာ အစိုးရက ဥပဒေအသစ် ပြဋ္ဌာန်းလိုက်တဲ့အတွက် တခြားဘာသာရေးအဖွဲ့အစည်းတွေရဲ့ အရည်အချင်းရှိ ကိုယ်စားလှယ်တွေလည်း လက်ထပ်ပေးခွင့်ရလာတယ်။ လက်ထပ်လိုင်စင်ရချင်သူတွေကို သင်တန်းပေးဖို့ အစိုးရကစီစဉ်ခဲ့တယ်။ ဒိုမီနီကန်ဌာနခွဲဟာ အကြီးအကဲအယောက် ၃၀ ကို ရွေးချယ်ပြီး သင်တန်းတက်ခိုင်းတယ်။ လိုင်စင်လျှောက်ထားသူ ၂,၀၀၀ ကျော်မှာ ၃၂ ယောက်ပဲ လိုင်စင်ရဖို့ အရည်အချင်းပြည့်မီခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကိုအယောက် ၃၀ လုံး လိုင်စင်ရခဲ့တာကြောင့် သက်သေခံစုံတွဲတွေကို လက်ထပ်ပေးနိုင်ကြပြီ။

အိန္ဒိယ မကြောက်မရွံ့ဟောပြောဖို့ ဆုံးဖြတ်ထား

ဆွန်ဒီပ် မူနီစွာမီနဲ့ ဒီပါလက်ရှ်မီး မူနီစွာမီ

ကာနတာကာပြည်နယ်၊ အိုးလ်ဟူဘလီမြို့ ရဲစခန်းရဲ့ ဒုရဲအုပ်ဟာ ညီအစ်ကိုဆွန်ဒီပ် မူနီစွာမီရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ ကာနတာကာပြည်နယ် လူ့အခွင့်အရေးကော်မရှင်က ၂၀၁၄၊ ဇန်နဝါရီ ၂၇ ရက်မှာ ဆုံးဖြတ်ခဲ့တယ်။ အကြောင်းကတော့ ၂၀၁၁၊ ဇွန်လ ၂၈ ရက်တုန်းက လူအုပ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ဒုရဲအုပ်က မကာကွယ်ပေးခဲ့လို့ပဲ။ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့အတွက် ဒုရဲအုပ်မှာ တာ၀န်ရှိတယ်လို့ ကော်မရှင်က ယူမှတ်ခဲ့တယ်။ ဒါ့အပြင် ဒုရဲအုပ်ကို အရေးယူဖို့၊ ညီအစ်ကိုမူနီစွာမီအတွက် လျော်ကြေးအဖြစ် ရူပီ ၂၀,၀၀၀ (ယူအက်စ်ဒေါ်လာ ၃၂၆) ပေးဖို့ ကာနတာကာပြည်နယ်အစိုးရကို ညွှန်ကြားတယ်။ အဲဒီလျော်ကြေးငွေကို ဒုရဲအုပ်ရဲ့လစာထဲကနေ ဖြတ်ဖို့လည်း ကော်မရှင်က ညွှန်ကြားခဲ့တယ်။

ညီအစ်ကိုမူနီစွာမီက သူနဲ့သူ့မိသားစုဟာ အဲဒီထူးခြားတဲ့ဆုံးဖြတ်ချက်အတွက် ယေဟောဝါကို ကျေးဇူးတင်ကြောင်း၊ မကြောက်မရွံ့ဘဲ သတင်းကောင်းဆက်ဟောဖို့ ဆုံးဖြတ်ထားကြောင်း ပြောပြတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် ညီအစ်ကိုရဲ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာပြီး လူမျိုးတော်ကို ယေဟောဝါ ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း ပိုယုံကြည်စိတ်ချလာတယ်။ ဒါ့အပြင် ကာနတာကာပြည်နယ်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးရမယ်ဆိုတာ အာဏာပိုင်တွေ ကောင်းကောင်းသဘောပေါက်သွားတယ်။ ဇွန်လ ၂၈ ရက် ဖြစ်ရပ်မှာပဲ ညီအစ်ကိုမူနီစွာမီနဲ့ နောက်ညီအစ်ကိုတစ်ယောက်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကိုတော့ တရားရုံးမှာ ဆိုင်းငံ့ထားဆဲဖြစ်တယ်။

ကာဂျစ္စတန် ခံယူချက်အရ စစ်မှုထမ်းဖို့ငြင်းဆိုခွင့်ကို တရားရုံးချုပ်ရဲ့ ဥပဒေပြုအဖွဲ့က အတည်ပြု

၂၀၁၃၊ နို၀င်ဘာ ၁၉ ရက်ဟာ ခံယူချက်အရ စစ်မှုထမ်းဖို့ငြင်းဆိုသူတွေအတွက် ထူးခြားတဲ့နေ့တစ်နေ့ပါပဲ။ တရားရုံးချုပ်ရဲ့ဥပဒေပြုအဖွဲ့က ယေဟောဝါသက်သေ ၁၁ ယောက်ရဲ့အမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကိုကြေညာပြီး ကာဂျစ္စတန်နိုင်ငံရဲ့ အရပ်ဘက်ဆိုင်ရာ လုပ်ငန်းအစီအစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ အရပ်ဘက်ဆိုင်ရာလုပ်ငန်းလုပ်သူတွေဟာ စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေကိုထောက်ပံ့ဖို့ စစ်တပ်ကို ငွေပေးရမယ်လို့ ဥပဒေကတောင်းဆိုတယ်။ ဒါ့အပြင် အရပ်ဘက်ဆိုင်ရာလုပ်ငန်းလုပ်တဲ့ အချိန်ကာလပြီးသွားတဲ့အခါ စစ်တပ်ရဲ့အရန်တပ်ဖွဲ့မှာ စာရင်းသွင်းရမယ်လို့လည်း တောင်းဆိုတယ်။ အဲဒါက ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ပြီး ခံယူချက်အရစစ်မှုထမ်းဖို့ငြင်းဆိုသူတွေကို အထက်ပါအခြေအနေတွေမှာ အရပ်ဘက်ဆိုင်ရာလုပ်ငန်းလုပ်ဖို့ အတင်းအကျပ်စေခိုင်းတာဖြစ်တယ်လို့ ဥပဒေပြုအဖွဲ့က ဆုံးဖြတ်ခဲ့တယ်။ ၂၀၁၄ ခုနှစ်အစောပိုင်းမှာ ကာဂျစ္စတန်တရားရုံးချုပ်က ဥပဒေပြုအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာပြီး အရင်ဥပဒေကြောင့် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ယေဟောဝါသက်သေ ၁၄ ယောက်ကို တရားသေလွှတ်ပေးလိုက်တယ်။ အဲဒီဆုံးဖြတ်ချက်တွေကြောင့် ဘာသာရေးလွတ်လပ်ခွင့်ရဖို့ တိုက်ခဲ့တဲ့ ခုနစ်နှစ်ကြာတိုက်ပွဲ ပြီးဆုံးသွားပြီ။ အေးအေးဆေးဆေးနေတတ်တဲ့ အဲဒီလူငယ်လေးတွေရဲ့ဆုံးဖြတ်ချက်ကြောင့် ကာဂျစ္စတန်မှာ ယေဟောဝါရဲ့နာမည်ချီးမွမ်းခံရပြီး လွတ်လပ်စွာဝတ်ပြုခွင့်ရရှိခဲ့တယ်။

ကာဂျစ္စတန်– ကာဂျစ္စတန်တရားရုံးချုပ်မှာ အမှုရင်ဆိုင်ခဲ့ရတဲ့ သက်သေခံများ

နိုင်ဂျီးရီးယား “ကျွန်တော့်ကို ယေဟောဝါ ဆုချလိုက်တာ”

နိုင်ဂျီးရီးယားနိုင်ငံ၊ အဘီးယားပြည်နယ်က ယေဟောဝါသက်သေတွေဟာ သက်တူရွယ်တူအသင်းတွေမှာ * မပါတဲ့အတွက် ခြိမ်းခြောက်ခံရ၊ ဝိုင်းပယ်ခံရတယ်။ အဲဒီအသင်းတွေရဲ့လုပ်ဆောင်မှုမှာ အကြမ်းဖက်မှုနဲ့ နတ်ဆိုးပညာတွေပါဝင်တယ်။ ၂၀၀၅၊ နိုဝင်ဘာလရဲ့ တစ်မနက်မှာ အဆာဂါ အိုဟာဖီယာရွာက သက်တူရွယ်တူအသင်းသားတွေဟာ ညီအစ်ကိုအီမန်နူဝဲလ်အိုဂိုနဲ့သူ့ဇနီးရဲ့ အိမ်ထဲဝင်လာပြီး ပစ္စည်းအားလုံးကို အသင်းသားအခွန်အဖြစ် အတင်းအဓမ္မယူသွားကြတယ်။ သူတို့လင်မယားခမျာ အဝတ်တစ်ထည်ကိုယ်တစ်ခုပဲ ကျန်ခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ရွာသားတွေက ညီအစ်ကိုအိုဂိုကို ရွာကနေ နှင်ထုတ်လိုက်တယ်။ ဒါနဲ့ သူတို့လင်မယားဟာ တခြားရွာက ညီအစ်ကိုတစ်ယောက်အိမ်မှာ သွားနေရတယ်။ နောက်တစ်နှစ်မှာ ညီအစ်ကိုအိုဂိုက သူ့အိမ်ကိုပြန်လာတော့ သက်တူရွယ်တူအသင်းထဲ၀င်ဖို့ ဆက်ဖိအားပေးခံရတယ်။ သူ့ပစ္စည်းတွေ ပြန်တောင်းတော့လည်း မပေးကြဘူး။

၂၀၁၄၊ ဧပြီ ၁၅ ရက်မှာတော့ အဘီးယားပြည်နယ် အထက်တရားရုံးက ညီအစ်ကိုအိုဂိုကို အနိုင်ပေးလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့မှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာပေါင်းသင်းခွင့် ရှိတယ်ဆိုတာ ထောက်ခံခဲ့တယ်။ ညီအစ်ကိုအိုဂိုရဲ့ ပစ္စည်းတွေလည်း ပြန်ရခဲ့တယ်။ သက်သေခံတွေဟာ အရင်ကလို ဆိုးဆိုးရွားရွားဝိုင်းပယ်တာ မခံရတော့ဘူး။ အခုဆိုရင် အဆာဂါ အိုဟာဖီယာရွာမှာ လွတ်လွတ်လပ်လပ် ဟောပြောနိုင်ပြီ။

တရားရုံးဆုံးဖြတ်ချက်ကို ကြေညာလိုက်တဲ့အချိန်မှာ ညီအစ်ကိုအိုဂို အခုလိုပြောတယ်- “ကျွန်တော် ဝမ်းသာလွန်းလို့ ထခုန်မိတယ်။ အရမ်းပျော်တာပဲဗျာ။ ဒီအမှုနိုင်အောင် ယေဟောဝါ လုပ်ပေးတယ်၊ ကျွန်တော်နဲ့အတူ ကောင်းကင်တမန်တွေရှိတယ်လို့ ခံစားရတယ်။ ကျွန်တော့်ကို ယေဟောဝါ ဆုချလိုက်တာ။”

ရုရှား JW.ORG ဝက်ဘ်ဆိုက်ကို အနိုင်ပေးလိုက်တဲ့ဆုံးဖြတ်ချက်

ရုရှားနိုင်ငံမှာ ညီအစ်ကိုတွေရင်ဆိုင်နေရတဲ့ အမှုများစွာက “သတင်းကောင်းကို မတားဆီးဘဲ တိုးပွားစေ” တယ်။ (ဖိ. ၁:၁၂) အစိုးရအရာရှိတွေနဲ့ ဘာသာရေးခေါင်းဆောင်တချို့က ပြင်းပြင်းထန်ထန်အတိုက်အခံလုပ်ပေမဲ့ ရုရှားနိုင်ငံကညီအစ်ကိုတွေဟာ ဆက်ပြီးသမာဓိစောင့်ထိန်းကြတယ်။ ယေဟောဝါလည်း သူတို့ရဲ့ကြိုးစားမှုကို ကောင်းချီးပေးနေတယ်။

အဲဒီအချက်ကို တီဗာမြို့မှာရရှိတဲ့ တရားဥပဒေအောင်ပွဲက သက်သေထူပါတယ်။ ၂၀၁၃ ခုနှစ်မှာ တီဗာမြို့အစိုးရရှေ့နေက ရုရှားတစ်နိုင်ငံလုံးမှာ jw.org ဝက်ဘ်ဆိုက်ကို ပိတ်ပင်ဖို့ ဒေသခံတရားရုံးမှာ အမှုဖွင့်တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ယေဟောဝါသက်သေကိုယ်စားလှယ်တွေကို ဘာမှအကြောင်းမကြားဘဲ တရားရုံးက အစိုးရရှေ့နေကို အနိုင်ပေးလိုက်တယ်။ ညီအစ်ကိုတွေက တရားရုံးဆုံးဖြတ်ချက်ကို သိသွားတဲ့အခါ အယူခံဝင်တယ်။ ၂၀၁၄၊ ဇန်နဝါရီ ၂၂ ရက်မှာ တီဗာမြို့ ဒေသန္တရတရားရုံးက အောက်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး ညီအစ်ကိုတွေကို အနိုင်ပေးလိုက်တယ်။ ယေဟောဝါရဲ့ကျေးဇူးကြောင့်၊ ကမ္ဘာချီညီအစ်ကိုအသင်းပင်းရဲ့ ဆုတောင်းချက်တွေကြောင့် အခုဆိုရင် ရုရှားနိုင်ငံက ညီအစ်ကိုတွေဟာ jw.org ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး အကျိုးခံစားနေရတယ်။

တူရကီ ခံယူချက်အရ စစ်မှုထမ်းဖို့ငြင်းဆိုခွင့်ကို ဆက်လျစ်လျူရှု

တူရကီနိုင်ငံက ညီအစ်ကိုဘာရစ်ရှ် ဂေါ်မက်ဇ်ဟာ စစ်မှုထမ်းဖို့ငြင်းဆိုတဲ့အတွက် လေးနှစ်ကျော် ထောင်ကျခဲ့တယ်။ သူ့ကိုထိန်းသိမ်းထားတုန်းမှာ ရဲတွေက နှိပ်စက်တယ်၊ ကန်တယ်၊ တုတ်နဲ့ရိုက်တယ်။ ထောင်ထဲမှာလည်း နှိပ်စက်ခံရတယ်။ သူ့အရပ်က ခုနစ်ပေရှည်တော့ ပေးထားတဲ့ခုတင်မှာ အိပ်လို့မရဘူး။ ဒါနဲ့ ခုတင်နှစ်လုံးမှာ ကန့်လန့်ဖြတ်အိပ်ခိုင်းလို့ ကွေးကွေးလေးအိပ်ရတယ်။ နောက်ဆုံးတော့ ထောင်အရာရှိတွေက ဒေသခံအသင်းတော်ပေးထားတဲ့ မွေ့ရာအကြီးကြီးပေါ်မှာ အိပ်ခွင့်ပြုလိုက်တယ်။

၂၀၀၈ ခုနှစ်မှာ ညီအစ်ကိုဂေါ်မက်ဇ်နဲ့ တခြားသက်သေခံသုံးယောက်က လူ့အခွင့်အရေးဆိုင်ရာဥရောပတရားရုံးမှာ အမှုတင်သွင်းတယ်။ တူရကီအစိုးရဟာ ခံယူချက်အရ စစ်မှုထမ်းဖို့ငြင်းဆိုတာကို အသိအမှတ်မပြုခြင်းအားဖြင့် ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တယ်လို့ သူတို့အဆိုပြုကြတယ်။ ၂၀၁၄၊ ဇွန်လ ၃ ရက်မှာ တရားရုံးက ယေဟောဝါသက်သေတွေကို * အနိုင်ပေးလိုက်ပြီး ညီအစ်ကိုတွေအတွက် နစ်နာကြေးနဲ့ကုန်ကျစရိတ်ပေးဖို့ တူရကီအစိုးရကို ညွှန်ကြားခဲ့တယ်။ ဥရောပတရားရုံးက တူရကီအစိုးရကိုဆန့်ကျင်ပြီး ယေဟောဝါသက်သေတွေကို အနိုင်ပေးတာ ဒီအမှုနဲ့ဆို သုံးကြိမ်ရှိပြီ။ အခုအချိန်မှာ တူရကီနိုင်ငံက ယေဟောဝါသက်သေတစ်ယောက်မှ ထောင်ထဲမှာမရှိတော့ပါဘူး။ ဒါပေမဲ့ ခံယူချက်အရ စစ်မှုထမ်းဖို့ငြင်းဆိုခွင့်ကို တူရကီအစိုးရ အသိအမှတ်မပြုသရွေ့ ဒီကိစ္စကို အပြီးဖြေရှင်းနိုင်အုံးမှာမဟုတ်ဘူး။

အရင်ကတရားရေးသတင်းတွေရဲ့အဆက်

အဇာဘိုင်ဂျန်– စည်းဝေးတွေကို ရဲတွေနှောင့်ယှက်တာ၊ ဘာသာရေးစာပေတွေကို ဆင်ဆာဖြတ်တာ၊ ဟောပြောနေတုန်း ဖမ်းဆီးတာနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ညီအစ်ကိုတွေ ဆက်ကြုံနေရတယ်။ အစိုးရကလည်း ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးအသင်း ပြန်လည်မှတ်ပုံတင်ခွင့်ကို ဆက်ပြီးပယ်ချတယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာဥရောပတရားရုံးမှာ တင်ပြတာ ဆယ့်ကိုးကြိမ်ရှိပြီ။ ဒီလိုအခက်အခဲတွေကြားမှာ ကြေညာသူအရေအတွက် ဆက်တိုးများလာတာက ယေဟောဝါ ကောင်းချီးပေးနေမှန်း ထင်ရှားပါတယ်။ အဇာဘိုင်ဂျန်စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ထုတ်ဝေနိုင်ခဲ့တာကလည်း ရွှင်လန်းဝမ်းမြောက်စရာ အကြောင်းရင်းနောက်တစ်ခုပါပဲ။

အဲရိထရိအာ– ဒီနိုင်ငံကညီအစ်ကိုတွေဟာ ပြင်းထန်တဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကြားမှာ ယေဟောဝါကို ဆက်သစ္စာရှိနေကြတယ်။ ပေါ်လိုစ် အီယာဆူ၊ အိုင်းဇက် မိုဂိုစ်နဲ့ နီဂီဒီ တက်ကလီမာရီယမ်ဆိုတဲ့ ညီအစ်ကိုသုံးယောက်ဟာ ၁၉၉၄၊ စက်တင်ဘာ ၂၄ ရက်ကစပြီး ထောင်ကျတာ အခုဆိုရင် အနှစ်နှစ်ဆယ်ရှိနေပြီ။ ၂၀၁၄၊ ဧပြီ ၁၄ ရက် အောက်မေ့ရာပွဲမှာ အာဏာပိုင်တွေက စိတ်ဝင်စားသူတွေနဲ့သက်သေခံတွေ စုစုပေါင်း ၁၅၀ လောက်ကို ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးခံရသူတွေဟာ ၁၆ လအရွယ်ကနေ ၈၅ နှစ်အရွယ်အထိ အသီးသီးရှိကြတယ်။ ၂၀၁၄၊ ဧပြီ ၂၇ ရက်မှာ အထူးဟောပြောချက်ပေးနေတုန်း အာဏာပိုင်တွေက စိတ်ဝင်စားသူတွေနဲ့သက်သေခံတွေ စုစုပေါင်း ၃၀ ကျော်ကို ဖမ်းဆီးခဲ့တယ်။ အများစုကတော့ ပြန်လွတ်လာကြပြီ။

ကာဇက်စတန်– သက်သေခံတွေရဲ့စာပေ ၁၄ မျိုးကို တင်သွင်းတာ၊ နိုင်ငံတွင်းဖြန့်ချိတာတွေကို သာသနာရေးဌာနတစ်ခုက ခွင့်မပြုဘူး။ ဒါ့အပြင် ညီအစ်ကိုတွေဟာ မှတ်ပုံတင်ထားတဲ့ဝတ်ပြုရာနေရာတွေကလွဲရင် တခြားနေရာတွေမှာ ကိုယ့်ဘာသာရေးယုံကြည်ချက်ကို ပြောလို့မရဘူး။ ညီအစ်ကို ၅၀ လောက်ဟာ သာသနာပြုလုပ်ငန်းကို တရားမဝင်ဆောင်ရွက်တယ်ဆိုတဲ့ စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်ခံရတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာကော်မတီမှာ အမှု ၂၆ ခု တင်သွင်းထားတယ်။

^ စာပိုဒ်၊ 1 အရပ်ဘက်ဆိုင်ရာလုပ်ငန်းတွေကို လုပ်တာ၊ မလုပ်တာက ဩတ္တပ္ပစိတ်နဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။

^ စာပိုဒ်၊ 1 သက်တူရွယ်တူအသင်းဆိုတာ တစ်ခေတ်တည်းကြီးပြင်းလာတဲ့ တစ်ရွာတည်းသားတွေ၊ အများအားဖြင့် အမျိုးသားတွေနဲ့ဖွဲ့စည်းထားတဲ့ အသင်းဖြစ်တယ်။

^ စာပိုဒ်၊ 2 ဘူလ်ဒူ၊ တခြားသူတွေနဲ့ တူရကီအစိုးရ၊ နံပါတ် ၁၄၀၁၇/၀၈၊ ဇွန် ၃၊ ၂၀၁၄