မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယေဟောဝါဘုရား၏ သွန်သင်တော်မူခြင်း” အတွက် လူမျိုးတွေကို အသင့်ပြင်ပေးခြင်း

“ယေဟောဝါဘုရား၏ သွန်သင်တော်မူခြင်း” အတွက် လူမျိုးတွေကို အသင့်ပြင်ပေးခြင်း

“နယ်စားမင်းသည် ယုံကြည်သူဖြစ်လာပြီး . . . ယေဟောဝါဘုရား၏ သွန်သင်တော်မူခြင်းတရားကို အလွန်အံ့သြလေ၏။”—တ. ၁၃:၁၂

၁–၃။ “လူမျိုးအပေါင်း” ကို သတင်းကောင်းဟောဖို့ ယေရှုရဲ့တပည့်တွေအတွက် ဘာကြောင့် မလွယ်ကူသလဲ။

ယေရှုခရစ်ဟာ နောက်လိုက်တွေကို လုပ်စရာတာဝန်များစွာ ပေးအပ်ခဲ့တယ်။ ‘လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေ’ ဖို့ မိန့်မှာခဲ့တယ်။ သူတို့ဟာ ‘လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံးမှာ ဟောပြော’ ဖို့ လိုအပ်တယ်။—မ. ၂၄:၁၄; ၂၈:၁၉

တပည့်တွေဟာ ယေရှုကိုရော သတင်းကောင်းကိုပါ ချစ်မြတ်နိုးတယ်။ ဒါပေမဲ့ ‘ယေရှုမိန့်မှာခဲ့တာကို ငါတို့ ဘယ်လိုလုပ်နိုင်မလဲ’ လို့ သူတို့တွေးမိမှာပဲ။ ဦးဆုံးတစ်ချက်အနေနဲ့ သူတို့ဟာ လူနည်းစုလေးပဲဖြစ်တယ်။ ယေရှုဟာ ဘုရားသခင့်သားတော်ဖြစ်တယ်ဆိုပြီး လူတွေကို ဟောရမှာဖြစ်ပေမဲ့ ယေရှု အသတ်ခံရတာကို လူတွေ သိတယ်။ အဲဒီအပြင် လူတွေက တပည့်တွေကို “ပညာတတ်များမဟုတ်၊ သာမန်လူများသာဖြစ်” တယ်ဆိုပြီး ရှုမြင်ကြတယ်။ (တ. ၄:၁၃) ဂျူးဘာသာရေးခေါင်းဆောင်တွေဟာ ဘာသာရေးကျောင်းတွေမှာ ပညာသင်ထားကြပေမဲ့ တပည့်တွေကတော့ အဲဒီကျောင်းတွေ မတက်ထားဘူး။ သူတို့ဟောတဲ့သတင်းကလည်း ဘာသာရေးခေါင်းဆောင်တွေ နှစ်ပေါင်းများစွာ သွန်သင်ခဲ့တဲ့ ဂျူးထုံးစံတွေနဲ့ ဆန့်ကျင်နေတယ်။ အဲဒီအပြင် တပည့်တွေဟာ အစ္စရေးနိုင်ငံမှာတောင် ရိုသေလေးစားခံရသူတွေမဟုတ်တဲ့အတွက် ကြီးမားတဲ့ရောမအင်ပါယာမှာ သူတို့ဟောတာကို နားထောင်သူရှိပါ့မလားလို့ တွေးမိမှာပဲ။

တပည့်တွေဟာ အမုန်းခံရမယ်၊ နှိပ်စက်ညှဉ်းပန်းခံရမယ်၊ တချို့ဆို အသတ်တောင်ခံရမယ်လို့ ယေရှုသတိပေးခဲ့တယ်။ (လု. ၂၁:၁၆၊ ၁၇) သူတို့ကို မိတ်ဆွေတွေ၊ မိသားစုတွေ သစ္စာဖောက်ကြမယ်။ ကိုယ့်ကိုယ်ကိုယ် ခရစ်တော်ရဲ့တပည့်လို့ ခေါ်သူတချို့ဟာ အလိမ်အညာစကားတွေ သွန်သင်ကြမယ်။ ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေ ပြည့်နေတဲ့နေရာတွေမှာ တပည့်တွေ ဟောရမယ်။ (မ. ၂၄:၁၀-၁၂) ဒါကြောင့် “မြေကြီးစွန်းတိုင်အောင်” ဘယ်လိုဟောနိုင်မလဲ။ (တ. ၁:၈) ဒီအခက်အခဲတွေကြားမှာ ဘယ်လိုဟောနိုင်မလဲလို့ တပည့်တွေ စဉ်းစားမိမှာပဲ။

၄။ ပထမရာစုမှာ ဟောပြောခြင်းလုပ်ငန်း ဘယ်လောက်အောင်မြင်ခဲ့သလဲ။

ဒီလုပ်ငန်းမလွယ်မှန်း တပည့်တွေသိပေမဲ့ ယေရှုရဲ့မိန့်မှာချက်ကို နာခံပြီး ဂျေရုဆလင်မြို့၊ ရှမာရိပြည်နဲ့ တခြားတိုင်းပြည်တွေမှာ ဟောပြောခဲ့ကြတယ်။ နှစ်ပေါင်း ၃၀ လောက် ကုန်လွန်ပြီးနောက်မှာတော့ နေရာဒေသများစွာကို သတင်းကောင်း ရောက်ရှိနေပြီ။ ဒါကြောင့် “ကောင်းကင်အောက် အရပ်ရပ်ရှိလူတို့တွင် ဟောပြော” ခဲ့ပြီလို့ တမန်တော်ပေါလု ပြောနိုင်ခဲ့တယ်။ နိုင်ငံများစွာကလူတွေ တပည့်ဖြစ်လာကြတယ်။ (ကော. ၁:၆၊ ၂၃) ဥပမာ၊ ဆိုက်ပရပ်စ်ကျွန်းမှာ ပေါလုဟောပြောတဲ့အခါ ရောမဘုရင်ခံဖြစ်တဲ့ နယ်စားမင်းတောင် “ယေဟောဝါဘုရား၏ သွန်သင်တော်မူခြင်းတရားကို အလွန်အံ့သြ” ပြီး တပည့်ဖြစ်လာတယ်။တမန်တော် ၁၃:၆–၁၂ ကိုဖတ်ပါ။

ယေရှုက တပည့်တွေနဲ့အတူရှိမယ်၊ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ကူညီပေးမယ်လို့ ကတိပေးထားတယ်

၅။ (က) တပည့်တွေကို ယေရှု ဘာကတိပေးခဲ့သလဲ။ (ခ) ပထမရာစုနဲ့ပတ်သက်ပြီး သမိုင်းစာအုပ်တစ်အုပ်မှာ ဘာပြောထားသလဲ။

တစ်ကမ္ဘာလုံးမှာ ဟောပြောဖို့ဆိုတာ ကိုယ့်အစွမ်းအစနဲ့ မဖြစ်နိုင်မှန်း တပည့်တွေသိတယ်။ ဒါပေမဲ့ ယေရှုက သူတို့နဲ့အတူရှိမယ်၊ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကူညီပေးမယ်လို့ ကတိပေးထားတယ်။ (မ. ၂၈:၂၀) အဲဒီခေတ်အခြေအနေတွေကလည်း တပည့်တွေကို ကူညီပေးခဲ့တယ်။ ပထမရာစုဟာ ဟောပြောခြင်းလုပ်ငန်းလုပ်ဆောင်ဖို့ အကောင်းဆုံးအချိန်အခါဖြစ်ပြီး ဘုရားသခင် အသင့်ပြင်ဆင်ပေးတယ်လို့တောင် တပည့်တွေ ခံစားခဲ့ရတယ်လို့ သမိုင်းစာအုပ်တစ်အုပ်က ဖော်ပြတယ်။

၆။ (က) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

ခရစ်ယာန်တွေ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ ပထမရာစုမှာ ကမ္ဘာ့အခြေအနေတွေကို ယေဟောဝါ ပြောင်းလဲပေးခဲ့သလား။ သမ္မာကျမ်းစာမှာ အဲဒီလိုမပြောထားဘူး။ ဒါပေမဲ့ ယေဟောဝါက သတင်းကောင်း ဟောပြောစေချင်တယ်၊ စာတန်ကတော့ တားဆီးပိတ်ပင်ချင်တယ်ဆိုတာ သေချာတယ်။ ဒီဆောင်းပါးမှာ ပထမရာစုတုန်းက တပည့်တွေကို ဟောပြောခြင်းလုပ်ငန်းလုပ်ဆောင်ဖို့ လွယ်ကူစေတဲ့ အချက်တချို့ ဆွေးနွေးပါမယ်။ နောက်ဆောင်းပါးမှာတော့ လက်ရှိအချိန်မှာ ကမ္ဘာတစ်ခွင် သတင်းကောင်းဟောပြောဖို့ကျွန်တော်တို့ကို အထောက်အကူပြုနေတဲ့ အချက်တချို့အကြောင်း ဆွေးနွေးပါမယ်။

ရောမငြိမ်းချမ်းရေးကာလ

၇။ ပထမရာစု ရောမအင်ပါယာမှာ ဘယ်လိုအခြေအနေတွေ ရှိသလဲ။ အဲဒီအချိန်ကာလဟာ တခြားအချိန်တွေနဲ့ ဘာကြောင့် ကွာခြားသလဲ။

ပထမရာစုတုန်းက ရောမအင်ပါယာမှာ ငြိမ်းချမ်းတဲ့အချိန်ကာလတစ်ခု ရှိခဲ့တယ်။ ဒါကြောင့် တပည့်တွေ ဟောပြောခြင်းလုပ်ငန်းလုပ်ဆောင်ဖို့ လွယ်ကူခဲ့တယ်။ အဲဒီအချိန်တုန်းက ရောမအစိုးရဟာ ပုန်ကန်မှုတွေကို နှိမ်နင်းနိုင်ခဲ့တယ်။ ယေရှုကြိုဟောတဲ့အတိုင်း စစ်ပွဲတချို့ ရှိခဲ့တာတော့ မှန်ပါတယ်။ (မ. ၂၄:၆) အေဒီ ၇၀ မှာ ဂျေရုဆလင်မြို့ကို ရောမတွေ ဖျက်ဆီးခဲ့တယ်။ ရောမအင်ပါယာရဲ့ နယ်စပ်တွေမှာလည်း တိုက်ပွဲလေးတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒေသအများစုမှာတော့ ငြိမ်းချမ်းနေတယ်။ တပည့်တွေ လွယ်လွယ်ကူကူ သွားလာဟောပြောနိုင်ခဲ့တယ်။ အဲဒီငြိမ်းချမ်းရေးကာလဟာ နှစ်ပေါင်း ၂၀၀ လောက် ကြာရှည်တယ်။ သမိုင်းတစ်လျှောက်လုံးမှာ ဒီလောက်ကြာကြာ ငြိမ်းချမ်းခဲ့တဲ့အချိန်ကာလ မရှိဖူးဘူးလို့ စာအုပ်တစ်အုပ်က ဖော်ပြတယ်။

၈။ ရောမငြိမ်းချမ်းရေးကာလက တပည့်တွေကို ဘယ်လိုကူညီပေးခဲ့သလဲ။

အေဒီ ၂၅၀ လောက်မှာ ကျမ်းပညာရှင် သြရီဂျင်က အဲဒီငြိမ်းချမ်းရေးကာလအကြောင်း ရေးသားခဲ့တယ်။ တိုင်းပြည်များစွာကို ရောမတွေ အုပ်စိုးတဲ့အတွက် အဲဒီဒေသအားလုံးမှာ တပည့်တွေ ဟောပြောဖို့ လွယ်ကူခဲ့တယ်လို့ သြရီဂျင် ပြောတယ်။ လူတွေဟာ ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့ စစ်မတိုက်ကြဘဲ ကိုယ့်ရပ်ရွာမှာပဲ အေးအေးချမ်းချမ်း နေထိုင်ကြတယ်။ ဒါကြောင့် တပည့်တွေဟောတဲ့ မေတ္တာနဲ့ ငြိမ်းချမ်းရေးအကြောင်း နားထောင်ဖို့ အခွင့်အရေးရခဲ့တယ်လို့ သြရီဂျင်ယူဆတယ်။ တပည့်တွေဟာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပေမဲ့ ငြိမ်းချမ်းတဲ့ကာလကို အကောင်းဆုံးအသုံးပြုပြီး နေရာတိုင်းမှာ သတင်းကောင်း ဟောပြောခဲ့တယ်။ရောမ ၁၂:၁၈–၂၁ ကိုဖတ်ပါ။

ခရီးသွားလာရေး လွယ်ကူလာ

၉၊ ၁၀။ ဘယ်အချက်တွေကြောင့် တပည့်တွေ လွယ်လွယ်ကူကူ ခရီးသွားလာနိုင်ခဲ့သလဲ။

ရောမတွေဟာ အင်ပါယာရဲ့ နယ်မြေတိုင်းလိုလိုကို ဆက်သွယ်ထားတဲ့ လမ်းတွေ ဖောက်လုပ်ခဲ့တယ်။ စုစုပေါင်း မိုင် ၅၀,၀၀၀ (ကီလိုမီတာ ၈၀,၀၀၀) ကျော်လောက်ရှည်တယ်။ ဒါကြောင့် ရောမစစ်သားတွေဟာ ကိုယ့်နယ်မြေကို ကာကွယ်ဖို့၊ လူတွေကို ဆက်ထိန်းချုပ်ထားဖို့ အဲဒီလမ်းတွေကနေ မြန်မြန်ဆန်ဆန် ခရီးသွားလာနိုင်တယ်။ ခရစ်ယာန်တွေလည်း ဒေသများစွာမှာ ဟောပြောနိုင်ဖို့ တောတောင်တွေ၊ ကန္တာရတွေကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ အဲဒီလမ်းတွေကို အသုံးပြုခဲ့ကြတယ်။

ရောမတွေဖောက်လုပ်ခဲ့တဲ့ လမ်းတွေကြောင့် ဒေသများစွာမှာ တပည့်တွေ ဟောပြောနိုင်ဖို့ ပိုလွယ်ကူသွားတယ်

၁၀ ရောမတွေဟာ ကုန်းလမ်းအပြင် ရေလမ်းကိုလည်း အသုံးပြုကြတယ်။ မြစ်တွေ၊ တူးမြောင်းတွေ၊ ပင်လယ်တွေကိုဖြတ်ပြီး အင်ပါယာတစ်ခွင်မှာရှိတဲ့ ဆိပ်ကမ်းတွေဆီ သွားကြတယ်။ ပင်လယ်လမ်းကြောင်း ၉၀၀ ကျော်ကို အသုံးပြုခဲ့ကြတယ်။ ဒါကြောင့် ခရစ်ယာန်တွေလည်း ဒေသများစွာဆီ ရောက်ရှိဖို့ ရေလမ်းခရီးကို အသုံးပြုနိုင်ခဲ့တယ်။ တခြားနိုင်ငံတွေထဲ ဝင်ခွင့်ရဖို့ နိုင်ငံကူးလက်မှတ်လို စာရွက်စာတမ်းတွေလည်း မလိုဘူး။ ရောမတွေက ရာဇဝတ်သားတွေကို ရက်ရက်စက်စက် ပြစ်ဒဏ်ပေးလေ့ရှိလို့ လမ်းတစ်လျှောက်မှာ ဓားပြတွေ မရှိသလောက်ပဲ။ ပင်လယ်လမ်းတစ်လျှောက်မှာ ရွက်လွှင့်နေတဲ့ ရောမစစ်သင်္ဘောတွေ အများကြီးရှိတဲ့အတွက် ပင်လယ်ဓားပြတွေ တိုက်ခိုက်မှာကိုလည်း ကြောက်စရာမလိုဘူး။ ပေါလုဟာ ပင်လယ်မှာ သင်္ဘောပျက်တာတွေ၊ ဘေးအန္တရာယ်တွေ ကြုံခဲ့ရတယ်လို့ ကျမ်းစာမှာပြောထားပေမဲ့ ပင်လယ်ဓားပြတွေ တိုက်ခိုက်တာကို ကြုံခဲ့ရတယ်လို့တော့ မပြောထားဘူး။ ဒါကြောင့် ကုန်းလမ်း၊ ရေလမ်းနဲ့ ခရီးသွားလာတာဟာ အများအားဖြင့် လုံခြုံမှုရှိတယ်။—၂ ကော. ၁၁:၂၅၊ ၂၆

ဂရိစကား

စာအုပ်ပုံစံ ရှေးလက်ရေးစာမူမှာ ကျမ်းချက်ကိုရှာဖို့ ပိုလွယ်ကူ (အပိုဒ် ၁၂ ကိုကြည့်ပါ)

၁၁။ ဂရိစကားကို တပည့်တွေ ဘာကြောင့် အသုံးပြုခဲ့သလဲ။

၁၁ ရောမအုပ်ချုပ်တဲ့ နယ်မြေများစွာဟာ တစ်ချိန်တုန်းက ဂရိအုပ်စိုးရှင် မဟာအလက်ဇန္ဒား သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေဖြစ်တယ်။ အဲဒီနယ်မြေတွေမှာ နေထိုင်သူတွေဟာ ဂရိစကားတစ်မျိုးဖြစ်တဲ့ ကွိုင်နေးစကား ပြောတတ်ကြတယ်။ ဒါကြောင့် တပည့်တွေဟာ အဲဒီစကားနဲ့ ဟောပြောနိုင်ခဲ့တယ်။ အဲဒီအပြင် ဟေဗြဲကျမ်းစောင်တွေကို ဂရိလို ဘာသာပြန်ဆိုထားတဲ့ စက်ပ်တွားဂျင့်ကျမ်းကိုလည်း လူတွေအကျွမ်းတဝင်ရှိတဲ့အတွက် တပည့်တွေ ကိုးကားနိုင်ခဲ့တယ်။ အဲဒီကျမ်းကို အီဂျစ်မှာနေထိုင်တဲ့ ဂျူးတွေ ဘာသာပြန်ဆိုထားတာဖြစ်တယ်။ ခရစ်ယာန်ကျမ်းရေးသူတွေကလည်း ကျမ်းစာရဲ့ ကျန်အပိုင်းတွေကို ဂရိစကားနဲ့ပဲ ရေးခဲ့ကြတယ်။ ဂရိစကားဟာ ဝေါဟာရကြွယ်တယ်။ နက်နဲတဲ့ ကျမ်းစာအမှန်တရားတွေကို ရှင်းပြရာမှာ သိပ်အသုံးဝင်တဲ့ ဘာသာစကားဖြစ်တယ်။ အသင်းတော်တွေမှာ ကောင်းကောင်း ပြောဆိုဆက်သွယ်နိုင်ဖို့နဲ့ စည်းလုံးမှုရှိဖို့ ထောက်ကူပေးတယ်။

၁၂။ (က) ရှေးလက်ရေးစာမူဆိုတာ ဘာလဲ။ စာလိပ်ထက် ဘာလို့ သုံးရပိုလွယ်တာလဲ။ (ခ)  ခရစ်ယာန်အများစုဟာ စာအုပ်တွေကို ဘယ်အချိန်ကစပြီး အသုံးပြုခဲ့ကြသလဲ။

၁၂ ပထမရာစု ခရစ်ယာန်တွေဟာ ကျမ်းစာအကြောင်းသွန်သင်ပေးတဲ့အခါ ဘာကို အသုံးပြုခဲ့သလဲ။ ပထမတော့ ကျမ်းလိပ်တွေကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ကျမ်းလိပ်တွေက သုံးရ၊ သယ်ရ မလွယ်ဘူး။ ကျမ်းချက်တစ်ချက်ရှာချင်တိုင်း ကျမ်းလိပ်ကို ဖြေရ၊ ပြီးနောက် ပြန်လိပ်ရတယ်။ အဲဒီအပြင် များသောအားဖြင့် မျက်နှာပြင် တစ်ဖက်တည်းမှာပဲ စာရေးလေ့ရှိတယ်။ မဿဲခရစ်ဝင်ကျမ်းဆိုရင် ကျမ်းလိပ်တစ်လိပ်လုံးမှာ တစ်ကျမ်းတည်းပဲ။ အဲဒီနောက် စာအုပ်ပုံစံတွဲချုပ်ထားတဲ့ ရှေးလက်ရေးစာမူတွေကို စတင်အသုံးပြုလာကြတယ်။ ဒါဟာ အစောဆုံး စာအုပ်အမျိုးအစားဖြစ်တယ်။ စာဖတ်သူဟာ စာအုပ်ဖွင့်ပြီး ကျမ်းချက်ကို အလွယ်တကူ ရှာနိုင်တယ်။ ခရစ်ယာန်တွေလည်း စာအုပ်တွေကို စသုံးလာပြီး အေဒီ ၁၀၀ နောက်ပိုင်းမှာတော့ ခရစ်ယာန်အများစုဟာ စာအုပ်တွေကို အသုံးပြုနေပြီလို့ သမိုင်းပညာရှင်တွေ ပြောတယ်။

ရောမဥပဒေ

၁၃၊ ၁၄။ (က) ပေါလုဟာ ရောမနိုင်ငံသားဖြစ်တဲ့အတွက် ဘယ်လိုအကာအကွယ် ရရှိခဲ့သလဲ။ (ခ) ခရစ်ယာန်တွေဟာ ရောမဥပဒေကနေ ဘယ်လိုအကျိုးရရှိခဲ့သလဲ။

၁၃ ပထမရာစုခရစ်ယာန်တွေဟာ ရောမဥပဒေကနေ အကျိုးရရှိကြတယ်။ ဥပမာ၊ ပေါလုဟာ ရောမနိုင်ငံသားဖြစ်တယ်။ ခရီးသွားလာချိန်တွေမှာ ရောမဥပဒေကနေ သူ အကာအကွယ်ရလေ့ရှိတယ်။ ဂျေရုဆလင်မှာ ပေါလုကို ရောမစစ်သားတွေဖမ်းဆီးပြီး ကြိမ်ဒဏ်ရိုက်ခါနီးမှာ ပေါလုက သူဟာ ရောမနိုင်ငံသားဖြစ်တယ်၊ ရောမနိုင်ငံသားတစ်ယောက်ကို သေချာမစစ်ဆေးဘဲ မရိုက်သင့်ဘူးလို့ တပ်မှူးကို ပြောလိုက်တယ်။ ဒါကြောင့် “စစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှ ချက်ချင်းဆုတ်ခွာသွားကြသဖြင့် သူသည် ရောမနိုင်ငံသားဖြစ်ကြောင်း၊ ရောမနိုင်ငံသားကို တုပ်နှောင်မိကြောင်း စစ်သူကြီးသိလျှင် ကြောက်ရွံ့လေ၏။”—တ. ၂၂:၂၅-၂၉

ခရစ်ယာန်တွေဟာ သူတို့ရဲ့ ဟောပြောပိုင်ခွင့်ကို ‘ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်စေ’ ဖို့ ရောမဥပဒေကို အသုံးပြုခဲ့တယ်

၁၄ ပေါလု ရောမနိုင်ငံသားဖြစ်တယ်ဆိုတဲ့အချက်က ဖိလိပ္ပိမြို့မှာ သူဆက်ဆံခံရပုံအပေါ် အကျိုးသက်ရောက်ခဲ့တယ်။ (တ. ၁၆:၃၅-၄၀) ဧဖက်မြို့မှာလည်း ဒေါသထွက်နေတဲ့လူအုပ်က ခရစ်ယာန်တချို့ကို အန္တရာယ်ပြုချင်တဲ့အခါ မြို့ဝန်က လူအုပ်ကို ဖျောင်းဖျပြီး ရောမဥပဒေကို ချိုးဖောက်ရာကျလိမ့်မယ်လို့ သတိပေးခဲ့တယ်။ (တ. ၁၉:၃၅-၄၁) နောက်ပိုင်း ကဲသရိမြို့မှာ ပေါလုဟာ သူ့အခွင့်အရေးကို သုံးပြီး ရောမဧကရာဇ်ဆီ အယူခံဝင်ဖို့ တောင်းဆိုခဲ့တယ်။ အဲဒီမှာ သတင်းကောင်းကို ခုခံကာကွယ်ခဲ့တယ်။ (တ. ၂၅:၈-၁၂) ဒါကြောင့် ခရစ်ယာန်တွေဟာ သူတို့ရဲ့ ဟောပြောပိုင်ခွင့်ကို ‘ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်စေ’ ဖို့ ရောမဥပဒေကို အသုံးပြုခဲ့တယ်။—ဖိ. ၁:၇

နိုင်ငံများစွာမှာ ဂျူးတွေပျံ့နှံ့နေထိုင်

၁၅။ ပထမရာစုတုန်းက ဘယ်နေရာတွေမှာ ဂျူးတွေ နေထိုင်သလဲ။

၁၅ ကမ္ဘာတစ်ခွင်မှာ သတင်းကောင်းဟောပြောဖို့ ပထမရာစုခရစ်ယာန်တွေကို ကူညီပေးခဲ့တဲ့ နောက်တစ်ချက်ရှိသေးတယ်။ အဲဒီတုန်းက ဂျူးတွေဟာ နိုင်ငံများစွာမှာ ပျံ့နှံ့နေထိုင်ကြတယ်။ အစောပိုင်း နှစ်ပေါင်းများစွာတုန်းက အဆီးရီးယားတွေဟာ ဂျူးတွေကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားတယ်။ နောက်နှစ်ပေါင်းများစွာကြာတဲ့အခါ ဗာဗုလုန်တွေက ဂျူးတွေကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားပြန်တယ်။ နောက်ပိုင်း ဗာဗုလုန်ကို ပါးရှားတွေ အုပ်ချုပ်တဲ့အခါ ပါးရှားအင်ပါယာတစ်ခွင်မှာ ဂျူးတွေ ပျံ့နှံ့သွားတယ်။ (ဧသ. ၉:၃၀) ယေရှု မြေကြီးပေါ်ရောက်လာတဲ့ ပထမရာစုမှာတော့ ဂျူးတွေဟာ အာဖရိကမြောက်ပိုင်းမှာရှိတဲ့ အီဂျစ်နဲ့ တခြားဒေသတွေအပြင် ဂရိ၊ အာရှမိုင်းနား (တူရကီ)၊ မက်ဆိုပိုတေးမီးယား (အီရတ်) စတဲ့ ရောမအင်ပါယာတစ်ခွင်မှာ ပျံ့နှံ့ရောက်ရှိနေပြီ။ ရောမအင်ပါယာမှာ လူပေါင်း သန်း ၆၀ လောက်ရှိတဲ့အထဲမှာ ၄ သန်းကျော်ဟာ ဂျူးတွေဖြစ်တယ်လို့ ခန့်မှန်းရတယ်။ ဂျူးတွေဟာ ဒေသများစွာမှာ တကွဲတပြား ရောက်ရှိသွားပေမဲ့ ကိုယ့်ဘာသာတရားကိုတော့ ဆက်စောင့်ထိန်းကြတယ်။—မ. ၂၃:၁၅

၁၆၊ ၁၇။ (က) နိုင်ငံများစွာမှာ ဂျူးတွေနေထိုင်တဲ့အတွက် ဂျူးမဟုတ်သူတွေ ဘယ်လိုအကျိုးရရှိခဲ့သလဲ။ (ခ) ဂျူးတွေရဲ့ ဘယ်အလေ့အထတွေကို ခရစ်ယာန်တွေ တုပနေသလဲ။

၁၆ နိုင်ငံများစွာမှာ ဂျူးတွေရှိတဲ့အတွက် ဂျူးမဟုတ်သူတွေလည်းဟေဗြဲကျမ်းစောင်တွေအကြောင်း၊ဂျူးတွေရဲ့ယုံကြည်ချက်အကြောင်း သိကြတယ်။ ဥပမာ၊ စစ်မှန်တဲ့ဘုရားသခင် တစ်ဆူတည်းရှိတယ်၊ အဲဒီဘုရားကို ကိုးကွယ်သူတွေဟာ သူ့ပညတ်တွေကို နာခံရမယ်ဆိုတာ သူတို့သိကြတယ်။ ဟေဗြဲကျမ်းစောင်တွေဟာ ဘုရားသခင်ဆီကဖြစ်ပြီး မေရှိယနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ ပါဝင်တယ်ဆိုတာလည်း သိကြတယ်။ (လု. ၂၄:၄၄) ဒါကြောင့် ဂျူးတွေရော ဂျူးမဟုတ်သူတွေပါ ခရစ်ယာန်တွေဟောပြောတဲ့ အကြောင်းအရာတချို့ကို အကျွမ်းတဝင်ရှိကြတယ်။ ပေါလုဟာ သတင်းကောင်းနားထောင်မယ့်သူတွေကို ရှာချင်တယ်။ ဂျူးတွေရဲ့ ဝတ်ပြုရာနေရာဖြစ်တဲ့ တရားဇရပ်တွေကို သွားလေ့ရှိတယ်။ အဲဒီမှာ ကျမ်းစာကို အခြေခံပြီး သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်လေ့ရှိတယ်။တမန်တော် ၁၇:၁၊ ၂ ကိုဖတ်ပါ။

၁၇ ဂျူးတွေဟာ တရားဇရပ်မှာဖြစ်ဖြစ်၊ တခြားနေရာမှာဖြစ်ဖြစ် ဝတ်ပြုကိုးကွယ်ဖို့ ပုံမှန်စုဝေးလေ့ရှိတယ်။ သီချင်းတွေဆို၊ ဆုတောင်းပြီး ကျမ်းချက်တွေကို ဆွေးနွေးကြတယ်။ ဒီနေ့ခေတ် ခရစ်ယာန်အသင်းတော်တွေမှာလည်း အဲဒီလိုလုပ်ဆောင်နေကြတယ်။

ဟောပြောဖို့ ယေဟောဝါ ကူညီထောက်မ

၁၈၊ ၁၉။ (က) ပထမရာစုရဲ့ ဘယ်အခြေအနေတွေက ခရစ်ယာန်တွေကို ကူညီပေးခဲ့သလဲ။ (ခ) ဒီဆောင်းပါးကို လေ့လာပြီးနောက် ယေဟောဝါနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။

၁၈ ပထမရာစုဟာ သမိုင်းမှာ ထူးခြားတဲ့အချိန်ကာလဖြစ်တယ်။ ရောမအင်ပါယာမှာ ငြိမ်းချမ်းတဲ့အချိန်ကာလတစ်ခု ရှိခဲ့တယ်။ လူများစွာက ဂရိစကားကို ကောင်းကောင်းပြောနိုင်တယ်။ ရောမဥပဒေကလည်း လူတွေကို ကာကွယ်ပေးတယ်။ ခရီးသွားလာရေး လွယ်ကူတယ်။ နိုင်ငံများစွာမှာနေထိုင်သူတွေဟာ ဂျူးတွေအကြောင်း၊ ဟေဗြဲကျမ်းစောင်တွေအကြောင်း သိတယ်။ ဒီအချက်တွေအားလုံးက ဘုရားသခင် ပေးအပ်ထားတဲ့လုပ်ငန်းကို ဆက်လုပ်ဆောင်နိုင်ဖို့ ခရစ်ယာန်တွေကို ကူညီပေးခဲ့တယ်။

၁၉ ယေရှု မြေကြီးပေါ်မလာခင် နှစ်ပေါင်း ၄၀၀ လောက်မှာ ဂရိအတွေးအခေါ်ပညာရှင် ပလေတိုက လူတွေ ဖန်ဆင်းရှင်အကြောင်းသိဖို့ အရမ်းခက်တယ်၊ လောကမှာရှိတဲ့လူတိုင်းကို သူ့အကြောင်း ပြောပြဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ‘လူမတတ်နိုင်တဲ့အမှုကို ဘုရားသခင် တတ်နိုင်တယ်’ လို့ ယေရှုပြောတယ်။ (လု. ၁၈:၂၇) ယေဟောဝါရဲ့ ကူညီထောက်မမှုကြောင့် ဟောပြောခြင်းလုပ်ငန်းလုပ်ဆောင်ဖို့ ဖြစ်နိုင်တယ်ဆိုတာ သိပ်ထင်ရှားပါတယ်။ ကိုယ်တော်က “လူမျိုးတကာမှ လူတို့ကို” သတင်းကောင်းကြားစေချင်ပြီး သူ့အကြောင်း သိစေချင်တယ်။ (မ. ၂၈:၁၉) ဒီနေ့ခေတ် ကမ္ဘာတစ်ဝန်းမှာ ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။