မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ထိုအမှုသည် ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါ၏”

“ထိုအမှုသည် ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါ၏”

‘ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူတို့ မသိစေရန် ဝှက်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူ၏။’ —လု. ၁၀:၂၁

၁။ ယေရှု “သန့်ရှင်းသောစွမ်းအားတော်ကြောင့် အလွန်ဝမ်းမြောက်” နေတာ ဘာကြောင့်လဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ယေရှုဟာ “သန့်ရှင်းသောစွမ်းအားတော်ကြောင့် အလွန်ဝမ်းမြောက်” နေချိန်မှာ ဘယ်လိုပုံစံရှိမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အားရပါးရရယ်နေတာ၊ စိတ်အားတက်ကြွမှုနဲ့ မျက်လုံးတွေ တောက်ပနေတာ ဖြစ်နိုင်တယ်။ ဘာကြောင့် အဲဒီလိုဖြစ်နေတာလဲ။ နိုင်ငံတော်သတင်း ဟောပြောဖို့ တပည့် ၇၀ ကို စေလွှတ်ပြီးခါစပဲ ရှိသေးတယ်။ ဒီတာဝန်ကို တပည့်တွေ ဘယ်လိုထမ်းဆောင်မယ်ဆိုတာ ယေရှု သိပ်သိချင်နေတယ်။ သြဇာအာဏာရှိပြီး ပညာတတ်တဲ့ ဖာရိရှဲနဲ့ ကျမ်းတတ်လို ရန်သူတွေ အများကြီး ရှိနေတယ်။ သူတို့က ယေရှုကို သာမန်လက်သမားအဖြစ်၊ တပည့်တွေကို ‘ပညာမတတ်တဲ့ သာမန်လူတွေ’ အဖြစ် ရှုမြင်ဖို့ လူများစွာကို သြဇာလွှမ်းမိုးထားတယ်။ (တ. ၄:၁၃; မာ. ၆:၃) ဒီလိုအခြေအနေမျိုးမှာတောင် တပည့်တွေဟာ ဟောပြောခြင်းတာဝန်ကို ထမ်းဆောင်ပြီး ဝမ်းသာအားရ ပြန်လာကြတယ်။ နတ်ဆိုးတွေအပါအဝင် ဆန့်ကျင်မှုတွေကြားမှာ သူတို့ဟောခဲ့ကြတယ်။ သူတို့ ပျော်ရွှင်ပြီး သတ္တိရှိနေတာ ဘာကြောင့်လဲ။လုကာ ၁၀:၁၊ ၁၇–၂၁ ကိုဖတ်ပါ။

ဘုရားသခင့်လူမျိုးဟာ ပိုရိုးရိုးရှင်းရှင်း သွန်သင်ခြင်းအားဖြင့် သွန်သင်နည်းမှာတိုးတက်လာတယ်

၂။ (က) ယေရှုရဲ့တပည့်တွေဟာ ဘယ်လိုနည်းအားဖြင့် သူငယ်တွေနဲ့ တူသလဲ။ (ခ) နက်နဲတဲ့ကျမ်းစာအမှန်တရားတွေကို နားလည်နိုင်ဖို့ တပည့်တွေကို ဘာက ကူညီပေးသလဲ။

ယေရှုက “ကောင်းကင်နှင့်မြေကြီးကို အစိုးရသောအဖ၊ ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူတို့ မသိစေရန် ဝှက်ထား၍ သူငယ်များကို ဖော်ပြတော်မူသောကြောင့် ကိုယ်တော်အား ချီးမွမ်းပါ၏။ အိုအဖ၊ ထိုအမှုသည် ကိုယ်တော် အလိုရှိသည့်အတိုင်း ဖြစ်ပါ၏” လို့ ယေဟောဝါကို ပြောခဲ့တယ်။ (မ. ၁၁:၂၅၊ ၂၆) တပည့်တွေကို သူငယ်တွေလို့ ယေရှု ဘာကြောင့် ခေါ်တာလဲ။ ပညာတတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပညာရှိလို့ ထင်နေတဲ့ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေနဲ့မတူဘဲ ယေရှုရဲ့တပည့်တွေဟာ ကလေးတွေလို လိုလိုလားလား သင်ယူချင်စိတ်ရှိတယ်။ သူတို့ဟာ မာနမကြီးဘဲ နှိမ့်ချတတ်လာတယ်။ (မ. ၁၈:၁-၄) သူတို့မှာ နှိမ့်ချမှုရှိတဲ့အတွက် နက်နဲတဲ့ ကျမ်းစာအမှန်တရားတွေကို နားလည်နိုင်ဖို့ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ယေဟောဝါ ကူညီပေးခဲ့တယ်။ မာနကြီးတဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေကတော့ စာတန်နဲ့ ကိုယ်ကိုယ်တိုင်ရဲ့မာနစိတ်ကြောင့် အဲဒီအမှန်တရားတွေကို နားမလည်နိုင်ကြဘူး။

၃။ ဒီဆောင်းပါးမှာ ဘယ်အကြောင်း လေ့လာကြမလဲ။

ဒါကြောင့် ယေရှု ဝမ်းမြောက်တာ မဆန်းပါဘူး။ ပညာရေးနောက်ခံ ဘယ်လိုပဲရှိပါစေ ယေဟောဝါဟာ နှိမ့်ချသူတွေကို နက်နဲတဲ့ကျမ်းစာအမှန်တရားတွေ နားလည်စေတဲ့အတွက် ယေရှု သိပ်ပျော်ခဲ့တယ်။ ဘုရားသခင်ဟာ ရိုးရှင်းတဲ့သွန်သင်နည်းကို နှစ်သက်တယ်။ အခုအချိန်ထိလည်း မပြောင်းလဲပါဘူး။ အဲဒီသွန်သင်နည်းကို နှစ်သက်နေတုန်းပဲဆိုတာ ကိုယ်တော် ဘယ်လိုဖော်ပြသလဲ။ ဒီနေ့အချိန်မှာ ယေဟောဝါဟာ နှိမ့်ချသူတွေကို နက်နဲတဲ့ကျမ်းစာအမှန်တရားတွေအကြောင်း ဘယ်လိုနားလည်စေတယ်ဆိုတာ ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။

နက်နဲတဲ့အမှန်တရားတွေအကြောင်း လူတိုင်းကို သိနားလည်စေ

၄။ ပိုရိုးရှင်းတဲ့ ကင်းမျှော်စင် စာစောင်ဟာ ဘာကြောင့် လက်ဆောင်မွန်ဖြစ်သလဲ။

မကြာသေးခင်နှစ်တွေအတွင်း ဘုရားသခင့်အဖွဲ့အစည်းဟာ ပိုရိုးရှင်းတဲ့ သွန်သင်နည်းကို အလေးပေးလာတယ်။ ဥပမာသုံးခုကို လေ့လာကြည့်ကြစို့။ ပထမ၊ ပိုရိုးရှင်းတဲ့ ကင်းမျှော်စင် စာစောင်ဖြစ်တယ်။ * အဲဒီစာစောင်ဟာ စာသိပ်မဖတ်တတ်သူတွေ၊ ဘာသာစကား သိပ်မကျွမ်းကျင်သူတွေအပါအဝင် လူများစွာအတွက် လက်ဆောင်မွန်ပဲ။ ကလေးငယ်တွေဟာ ဒီရိုးရှင်းတဲ့စာစောင်ကြောင့် ကင်းမျှော်စင်ကို ပိုနားလည်လာကြတယ်ဆိုတာ မိဘတွေ တွေ့ရှိရတယ်။ အုပ်ချုပ်ရေးအဖွဲ့က ကျေးဇူးတင်စာအများကြီး လက်ခံရရှိတယ်။ ညီအစ်မတစ်ယောက်က ကင်းမျှော်စင် သင်တန်းမှာ မှတ်ချက်ပေးဖို့ အရင်ကကြောက်ပေမဲ့ အခု မကြောက်တော့ဘူးလို့ ပြောတယ်။ “အခုတော့ တစ်ကြိမ်ထက်မက မှတ်ချက်ပေးနေပြီ။ ကြောက်စိတ်လည်း မရှိတော့ဘူး။ ယေဟောဝါနဲ့ ညီအစ်ကိုတို့ကို သိပ်ကျေးဇူးတင်တယ်” လို့ သူရေးတယ်။

၅။ ပြန်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ ရဲ့ အကျိုးကျေးဇူးတချို့ကို ပြောပြပါ။

ဒုတိယ၊ ပြန်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ ဖြစ်တယ်။ ဒီကျမ်းစာကို ၂၀၁၃၊ အောက်တိုဘာ ၅၊ နှစ်ပတ်လည်အစည်းအဝေးမှာ အင်္ဂလိပ်စကားနဲ့ ထုတ်ဝေခဲ့တယ်။ * အခုဆိုရင် ကျမ်းချက်အတော်များများဟာ စကားလုံးနည်းနည်းနဲ့ ပိုကျစ်လျစ်သွားတယ်။ ဒါပေမဲ့ အဓိပ္ပာယ်မပြောင်းသွားဘူး။ နားလည်ရ ပိုလွယ်လာတယ်။ ဥပမာ၊ ယောဘ ၁၀:၁ မှာ အင်္ဂလိပ်စကားလုံး ၂၇ လုံးကနေ ၁၉ လုံး၊ သုတ္တံ ၈:၆ မှာ အင်္ဂလိပ်စကားလုံး ၂၀ ကနေ ၁၃ လုံး ဖြစ်သွားတယ်။ အဲဒီကျမ်းချက်နှစ်ချက်စလုံး အခုမှ ပိုရှင်းလာတယ်။ ယေဟောဝါကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်လာတဲ့ ဘိသိက်ခံညီအစ်ကိုတစ်ယောက်က “အခုမှပဲ ယောဘကျမ်းကို ဦးဆုံးအကြိမ် နားလည်လာတယ်လို့ ခံစားရတယ်” ဆိုပြီးပြောတယ်။ လူများစွာလည်း အဲဒီလိုပြောကြတယ်။

၆။ မဿဲ ၂၄:၄၅-၄၇ ကို ပိုရှင်းရှင်းလင်းလင်း နားလည်လာတာနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။

တတိယ၊ မကြာသေးခင်ကမှ ပိုနားလည်လာတဲ့ ကျမ်းချက်တချို့အကြောင်း စဉ်းစားကြည့်ပါ။ ဥပမာ၊ ၂၀၁၃၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာ “သစ္စာနှင့် သတိပညာရှိသောကျွန်” နဲ့ပတ်သက်ပြီး ပိုရှင်းလင်းလာတဲ့ နားလည်မှုအကြောင်း ဖော်ပြခဲ့တယ်။ (မ. ၂၄:၄၅-၄၇) အဲဒီဆောင်းပါးမှာ သစ္စာရှိကျွန်ဟာ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တယ်၊ “အိမ်သူအိမ်သား” တွေဟာ သစ္စာရှိကျွန်ကျွေးမွေးတာကို စားသုံးနေတဲ့ ဘိသိက်ခံနဲ့ “အခြားသိုး” အားလုံးဖြစ်တယ်လို့ ရှင်းပြထားတယ်။ (ယော. ၁၀:၁၆) ဒီအမှန်တရားတွေ သိလာရလို့ ကျွန်တော်တို့ သိပ်ဝမ်းသာပြီး တခြားသူတွေကိုလည်း သင်ပေးချင်ကြတယ်။ ရိုးရှင်းတဲ့ သွန်သင်နည်းကို ယေဟောဝါနှစ်သက်တယ်ဆိုတာ တခြားဘယ်နည်းတွေနဲ့ သိနိုင်သေးသလဲ။

ကျမ်းစာမှတ်တမ်းတွေကို ပိုရိုးရှင်းတဲ့နည်းနဲ့ ရှင်းပြခြင်း

၇၊ ၈။ အနာဂတ်မှာဖြစ်မယ့် ပိုကြီးမြတ်တဲ့အရာကို ပုံဆောင်တဲ့ ကျမ်းစာမှတ်တမ်းတချို့ကို ဖော်ပြပါ။

သင်ဟာ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုလာသူဖြစ်ရင် အဖွဲ့အစည်းထုတ်စာပေတွေမှာ ကျမ်းစာမှတ်တမ်းတချို့ကို ရှင်းပြပုံ ပြောင်းလဲသွားတာ သတိပြုမိပါလိမ့်မယ်။ အရင်တုန်းကတော့ တချို့မှတ်တမ်းတွေဟာ အနာဂတ်မှာဖြစ်မယ့် ပိုကြီးမြတ်တဲ့အရာကို ပုံဆောင်တယ်လို့ ရှင်းပြနေကျဖြစ်တယ်။ အဲဒီမှတ်တမ်းကို အနှိုင်းလို့ခေါ်တယ်။ အနှိုင်းပုံဆောင်တဲ့အရာကိုတော့ အနှိုင်းခံလို့ခေါ်တယ်။ ကျမ်းစာမှတ်တမ်းတွေကို အဲဒီလိုရှင်းပြရတဲ့ အကြောင်းရင်းတွေရှိသလား။ ရှိပါတယ်။ ဥပမာ၊ ယေရှုက “ပရောဖက်ယောန၏ နိမိတ်လက္ခဏာ” အကြောင်း ပြောခဲ့တယ်။ (မဿဲ ၁၂:၃၉၊ ၄၀ ကိုဖတ်ပါ။) ငါးကြီးဗိုက်ထဲမှာ ယောန နေခဲ့ရတဲ့အချိန်ဟာ သင်္ချိုင်းမှာ သူနေရမယ့်အချိန်ကို ပုံဆောင်တယ်လို့ ယေရှုရှင်းပြတယ်။

ကျမ်းစာမှတ်တမ်းတွေနဲ့ ပုံဆောင်ချက်တွေကို လေ့လာခြင်းက ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်

အနာဂတ်မှာဖြစ်မယ့် ပိုကြီးမြတ်တဲ့အရာကို ပုံဆောင်တဲ့ တခြားကျမ်းစာမှတ်တမ်းတွေ ရှိပါတယ်။ အတော်များများ အကြောင်းကို တမန်တော်ပေါလု ပြောခဲ့တယ်။ ဥပမာ၊ ဟာဂရနဲ့ အာဗြဟံရဲ့ဆက်ဆံရေးက ပကတိအစ္စရေးလူမျိုးနဲ့ ယေဟောဝါရဲ့ဆက်ဆံရေးကို ပုံဆောင်တယ်။ စာရာနဲ့ အာဗြဟံရဲ့ဆက်ဆံရေးက ဘုရားသခင့်အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းနဲ့ ယေဟောဝါရဲ့ဆက်ဆံရေးကို ပုံဆောင်တယ်။ (ဂလ. ၄:၂၂-၂၆) အဲဒီလိုပဲ၊ တဲတော်၊ ဗိမာန်တော်၊ အပြစ်ဖြေရာနေ့၊ ယဇ်ပုရောဟိတ်မင်းနဲ့ ပညတ်တရားမှာပါဝင်တဲ့ တခြားအချက်တွေဟာ “နောင်လာမည့် ကောင်းမြတ်သောအရာများ၏ ပုံရိပ်” ဖြစ်တယ်။ (ဟေဗြဲ ၉:၂၃-၂၅; ၁၀:၁) အဲဒီကျမ်းစာမှတ်တမ်းတွေနဲ့ ပုံဆောင်ချက်တွေကို လေ့လာခြင်းက ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်။ ဒါပေမဲ့ ကျမ်းစာမှာဖော်ပြထားတဲ့ ပုဂ္ဂိုလ်တိုင်း၊ ဖြစ်ရပ်တိုင်း၊ အရာတိုင်းဟာ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို ပုံဆောင်သလား။

၉။ နာဗုတ်နဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းကို အရင်က ဘယ်လိုရှင်းပြခဲ့သလဲ။

ကျမ်းစာမှတ်တမ်းတချို့မှာပါတဲ့ ပုဂ္ဂိုလ်တိုင်း၊ ဖြစ်ရပ်တိုင်း၊ အရာတိုင်းဟာ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို ပုံဆောင်တယ်လို့ အရင်တုန်းက အဖွဲ့အစည်းထုတ်စာပေတွေမှာ ရှင်းပြလေ့ရှိတယ်။ ဥပမာ၊ မိဖုရားဆိုး ယေဇဗေလက နာဗုတ်ကို သတ်လိုက်တယ်။ ဒါမှ နာဗုတ်ရဲ့စပျစ်ခြံကို ခင်ပွန်းအာဟပ် သိမ်းပိုက်နိုင်မယ်။ (၃ ရာ. ၂၁:၁-၁၆) အဲဒါနဲ့ပတ်သက်ပြီး ၁၉၃၂ ကင်းမျှော်စင် မှာ အာဟပ်နဲ့ ယေဇဗေလဟာ စာတန်နဲ့သူ့အဖွဲ့အစည်းကို ပုံဆောင်တယ်၊ နာဗုတ်ဟာ ယေရှုကို ပုံဆောင်တယ်၊ နာဗုတ်သေဆုံးခြင်းဟာ ယေရှုအသတ်ခံရခြင်းကို ပုံဆောင်တယ်လို့ ရှင်းပြခဲ့တယ်။ ဒါပေမဲ့ “နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” ဆိုတဲ့ ၁၉၆၁ ခုနှစ်ထုတ်စာအုပ်မှာတော့ နာဗုတ်ဟာ ဘိသိက်ခံတွေကို ပုံဆောင်ပြီး ယေဇဗေလဟာ အမည်ခံခရစ်ယာန်တွေကို ပုံဆောင်တယ်လို့ ရှင်းပြတယ်။ နာဗုတ်ကို ယေဇဗေလ နှိပ်စက်တာက နောက်ဆုံးကာလအတွင်း ဘိသိက်ခံတွေ နှိပ်စက်ခံရတာကို ပုံဆောင်တယ်လို့လည်း ရှင်းပြတယ်။ အဲဒီရှင်းပြချက်တွေက နှစ်ပေါင်းများစွာအတွင်း ဘုရားသခင့်လူမျိုးရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့တယ်။ ဒါဆို အခုအချိန်မှာ ရှင်းပြပုံရှင်းပြနည်း ဘာလို့ပြောင်းလိုက်ရတာလဲ။

၁၀။ (က) သစ္စာရှိကျွန်ဟာ ကျမ်းစာမှတ်တမ်းတချို့ကို ရှင်းပြတဲ့အခါ ဘာကို ပိုသတိထားလာသလဲ။ (ခ) အခု အဖွဲ့အစည်းထုတ်စာပေတွေမှာ ဘာကို ပိုအလေးပေးနေသလဲ။

၁၀ နှစ်တွေတစ်လျှောက်မှာ ယေဟောဝါဟာ ‘သစ္စာနဲ့သတိပညာရှိကျွန်’ ကို ပိုသတိပညာရှိလာဖို့ ကူညီပေးခဲ့တယ်။ ဒါကြောင့် ကျမ်းစာမှတ်တမ်းတစ်ခုဟာ ပိုကြီးမြတ်တဲ့အရာကို ပုံဆောင်တယ်ဆိုတဲ့ ရှင်းလင်းတဲ့ ကျမ်းစာအထောက်အထားရှိမှသာ အဲဒီလိုရှင်းပြဖို့ အခု သူတို့ ပိုသတိထားလာတယ်။ အနှိုင်း၊ အနှိုင်းခံနဲ့ပတ်သက်တဲ့ အရင်ကရှင်းပြချက်တချို့ဟာ နားလည်ဖို့၊ မှတ်မိဖို့၊ ကျင့်သုံးဖို့ ခက်တယ်။ အဲဒီအပြင် ပိုဆိုးတာက ကျမ်းစာမှတ်တမ်းတွေရဲ့ ဖြစ်နိုင်ခြေပုံဆောင်ချက်တွေကိုပဲ အလေးပေးတဲ့အတွက် အဲဒီမှတ်တမ်းမှာပါတဲ့ လက်တွေ့ကျသင်ခန်းစာတွေ ပျောက်ဆုံးသွားတယ်။ ဒါကြောင့် အခု အဖွဲ့အစည်းထုတ်စာပေတွေမှာ ကျမ်းစာမှတ်တမ်းတွေကနေ သင်ယူနိုင်တဲ့ ယုံကြည်ခြင်း၊ ခံနိုင်ရည်၊ ဘုရားတရားဆည်းကပ်ခြင်း စတဲ့ အဖိုးတန်အရည်အသွေးတွေနဲ့ပတ်သက်တဲ့ ရိုးရှင်းပြီး လက်တွေ့ကျတဲ့ သင်ခန်းစာတွေကိုပဲ ပိုအလေးပေးနေတာဖြစ်တယ်။ *

နာဗုတ်ရဲ့ ပုံနမူနာက သိပ်ထိရောက်တဲ့သင်ခန်းစာကို သွန်သင်ပေး (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ (က) နာဗုတ်နဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းကို အခု ဘယ်လိုနားလည်လာသလဲ။ သူ့ပုံနမူနာက ကျွန်တော်တို့ကို ဘယ်လိုကူညီပေးသလဲ။ (ခ) မကြာသေးခင်နှစ်တွေအတွင်း အဖွဲ့အစည်းထုတ်စာပေတွေမှာ အနှိုင်းနဲ့ အနှိုင်းခံတွေအကြောင်း ဘာကြောင့် သိပ်မဖော်ပြတော့တာလဲ။ (ဒီလထုတ် “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။)

၁၁ အခုဆိုရင် နာဗုတ်နဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းကို ပိုရိုးရိုးရှင်းရှင်း နားလည်လာတယ်။ နာဗုတ်ဟာ ယေရှုကို ပုံဆောင်လို့ ဒါမှမဟုတ် ဘိသိက်ခံတွေကို ပုံဆောင်လို့ သေဆုံးရတာမဟုတ်ဘူး။ ယေဟောဝါအပေါ် သစ္စာရှိနေဖို့ စိတ်ပိုင်းဖြတ်ထားလို့ သေဆုံးရတာဖြစ်တယ်။ သြဇာအာဏာရှိတဲ့ဘုရင်ရဲ့ နှိပ်စက်ညှဉ်းပန်းမှု ကြုံရပေမဲ့ ယေဟောဝါရဲ့ပညတ်ကို သူနာခံခဲ့တယ်။ (တော. ၃၆:၇; ၃ ရာ. ၂၁:၃) အဲဒီလိုနှိပ်စက်ညှဉ်းပန်းမှုတွေကို ကြုံရနိုင်တဲ့ ဒီနေ့ခေတ် ဘုရားသခင့်ကျေးကျွန်အားလုံးအတွက် တကယ့်ပုံနမူနာကောင်းပဲ။ (၂ တိမောသေ ၃:၁၂ ကိုဖတ်ပါ။) ခရစ်ယာန်အားလုံးဟာ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ အဲဒီသင်ခန်းစာကို နားလည်နိုင်တယ်၊ မှတ်မိနိုင်တယ်၊ လက်တွေ့ကျင့်သုံးနိုင်တယ်။

၁၂။ (က) ကျမ်းစာမှတ်တမ်းတွေနဲ့ပတ်သက်ရင် ဘယ်လိုကောက်ချက်မချသင့်သလဲ။ (ခ) နက်နဲတဲ့အရာတွေကိုတောင် ရိုးရိုးရှင်းရှင်း နားလည်နိုင်တာ ဘာကြောင့်လဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

၁၂ ဒါဆို ကျမ်းစာမှတ်တမ်းတွေမှာ သင်ခန်းစာတွေပဲပါဝင်ပြီး တခြားအဓိပ္ပာယ်မရှိတော့ဘူးလို့ ကောက်ချက်ချသင့်သလား။ မချသင့်ပါဘူး။ အခု အဖွဲ့အစည်းထုတ်စာပေတွေမှာ ကျမ်းစာမှတ်တမ်းတချို့ကို အနှိုင်းနဲ့ အနှိုင်းခံတွေအဖြစ် ဘောင်ခတ်ရှင်းပြမယ့်အစား ကျမ်းစာမှတ်တမ်းတစ်ခုက နောက်တစ်ခုနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကိုပဲ ပိုအလေးပေးနေတယ်။ ဥပမာ၊ နှိပ်စက်ညှဉ်းပန်းမှု ကြုံရပေမဲ့ နာဗုတ် သစ္စာရှိရှိ သေဆုံးခဲ့တာက ခရစ်တော်နဲ့ ဘိသိက်ခံတွေရဲ့ သစ္စာသမာဓိကို အမှတ်ရစေတယ်။ အဲဒီအပြင် “အခြားသိုး” ထဲက ညီအစ်ကိုညီအစ်မများစွာရဲ့ သစ္စာသမာဓိကိုလည်း အမှတ်ရစေတယ်။ ယေဟောဝါဟာ ကျွန်တော်တို့ကို ရိုးရှင်းတဲ့နည်းနဲ့ သွန်သင်ပေးနေတယ်ဆိုတာ အထင်အရှားတွေ့မြင်နိုင်ပါတယ်။ *

ယေရှုပြောခဲ့တဲ့ပုံဥပမာတွေကို ပိုရိုးရှင်းတဲ့နည်းနဲ့ ရှင်းပြလာ

၁၃။ ယေရှုရဲ့ ပုံဥပမာတချို့ကို ပိုရိုးရှင်းတဲ့နည်းနဲ့ ရှင်းပြနေတယ်ဆိုတာ ဘယ်သာဓကတွေက ဖော်ပြသလဲ။

၁၃ ယေရှုခရစ်ဟာ အသက်ရှင်ခဲ့သမျှမှာ အကြီးမြတ်ဆုံးသွန်သင်သူဖြစ်တယ်။ သွန်သင်ရာမှာ ပုံဥပမာတွေသုံးရတာကို ယေရှု နှစ်သက်တယ်။ (မ. ၁၃:၃၄) ပုံဥပမာတွေဟာ သိပ်ထိရောက်တယ်။ ဘာကြောင့်လဲဆိုတော့ ခက်ခဲနက်နဲတဲ့အကြောင်းအရာကို ရိုးရိုးလေး ရှင်းပြနိုင်တယ်၊ လူတွေကို စဉ်းစားစေပြီး စိတ်နှလုံးကို ထိမိစေနိုင်တယ်။ နှစ်တွေတစ်လျှောက် အဖွဲ့အစည်းထုတ်စာပေတွေမှာ ယေရှုရဲ့ပုံဥပမာတွေကို ပိုရိုးရှင်းတဲ့နည်းနဲ့ ရှင်းပြလာခဲ့တယ်။ ဥပမာ၊ ၂၀၀၈၊ ဇူလိုင် ၁၅၊ ကင်းမျှော်စင် မှာ တဆေး၊ မုန်ညင်းစေ့၊ ပိုက်ကွန်နဲ့ပတ်သက်တဲ့ ပုံဥပမာတွေကို ပိုရိုးရှင်းတဲ့နည်းနဲ့ ရှင်းပြထားတယ်။ အဲဒီပုံဥပမာတွေဟာ ဘုရားသခင့်နိုင်ငံတော်ကို ပုံဆောင်တယ်၊ နိုင်ငံတော်ဟာ ဆိုးညစ်တဲ့လောက,ကနေ ခရစ်တော်ရဲ့နောက်လိုက်စစ်တွေကို စုသိမ်းရာမှာ အောင်မြင်နေတယ်ဆိုတာ အခု ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း နားလည်လာတယ်။

ပုံဥပမာတွေဟာ သိပ်ထိရောက်တယ်။ ဘာကြောင့်လဲဆိုတော့ ခက်ခဲနက်နဲတဲ့အကြောင်းအရာကို ရိုးရိုးလေး ရှင်းပြနိုင်တယ်၊ လူတွေကို စဉ်းစားစေပြီး စိတ်နှလုံးကို ထိမိစေနိုင်တယ်

၁၄။ (က) ရှမာရိလူပုံဥပမာကို အရင်က ဘယ်လိုရှင်းပြခဲ့သလဲ။ (ခ) အဲဒီပုံဥပမာကို အခု ဘယ်လိုနားလည်လာသလဲ။

၁၄ ယေရှုဟာ ပုံဥပမာတချို့ကို ပိုအသေးစိတ်ကျကျပြောခဲ့တယ်။ အဲဒါတွေကိုရော ဘယ်လိုနားလည်ရမလဲ။ အဲဒီပုံဥပမာတချို့က ပုံဆောင်ချက်၊ ကြိုဟောချက်တွေဖြစ်တယ်။ တချို့ကတော့ လက်တွေ့ကျသင်ခန်းစာကိုပဲ ပိုအသားပေးတယ်။ ဒါပေမဲ့ ဘယ်ပုံဥပမာက ပုံဆောင်ချက်ဖြစ်တယ်၊ ဘယ်ပုံဥပမာကတော့ ပုံဆောင်ချက်မဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ အဲဒါနဲ့ပတ်သက်ပြီး နှစ်တွေတစ်လျှောက်မှာ ပိုရှင်းရှင်းလင်းလင်း နားလည်လာတယ်။ ဥပမာ၊ ယေရှုပြောခဲ့တဲ့ ရှမာရိလူပုံဥပမာကို အရင်က ဘယ်လိုရှင်းပြခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ (လု. ၁၀:၃၀-၃၇) ၁၉၂၄ ကင်းမျှော်စင်မှာ ရှမာရိလူဟာ ယေရှုကို ပုံဆောင်တယ်၊ ဂျေရုဆလင်မြို့ကနေ ဂျေရိခိုမြို့ကို ဆင်းသွားတဲ့လမ်းဟာ ဧဒင်မှာ ပုန်ကန်မှုဖြစ်ပေါ်ချိန်ကစပြီး လူသားတွေရဲ့အခြေအနေ ပိုဆိုးလာတာကို ပုံဆောင်တယ်လို့ ရှင်းပြခဲ့တယ်။ အဲဒီအပြင် လမ်းပေါ်က ဓားပြတွေဟာ အမြတ်ကြီးစား လောဘကြီးတဲ့ ကော်ပိုရေးရှင်းတွေနဲ့ စီးပွားရေးသမားတွေကို ပုံဆောင်တယ်၊ ယဇ်ပုရောဟိတ်နဲ့ လေဝိလူဟာ အမည်ခံခရစ်ယာန်တွေကို ပုံဆောင်တယ်လို့ ရှင်းပြခဲ့တယ်။ ဒီနေ့ခေတ် အဖွဲ့အစည်းထုတ်စာပေတွေမှာတော့ ခွဲခြားဆက်ဆံမှုကို ရှောင်ရမယ်ဆိုတာ ခရစ်ယာန်အားလုံးကို သတိပေးဖို့ အဲဒီပုံဥပမာကို သုံးတယ်။ ကျွန်တော်တို့ဟာ အကူအညီလိုအပ်နေသူတွေ၊ အထူးသဖြင့် ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း သင်ယူဖို့ အကူအညီလိုအပ်နေသူတွေကို ကူညီပေးရမယ်။ အဲဒီအမှန်တရားကို ရှင်းရှင်းလင်းလင်း နားလည်စေတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်စရာပဲ။

၁၅။ နောက်ဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးမလဲ။

၁၅ နောက်ဆောင်းပါးမှာ အပျိုကညာဆယ်ဦးနဲ့ပတ်သက်တဲ့ ယေရှုရဲ့ ပုံဥပမာကို ဆွေးနွေးပါမယ်။ (မ. ၂၅:၁-၁၃) ယေရှုဟာ နောက်ဆုံးကာလမှာ အသက်ရှင်နေတဲ့နောက်လိုက်တွေကို အဲဒီပုံဥပမာနဲ့ပတ်သက်ပြီး ဘယ်လိုနားလည်စေချင်သလဲ။ အဲဒီပုံဥပမာမှာပါတဲ့ ပုဂ္ဂိုလ်တိုင်း၊ ဖြစ်ရပ်တိုင်း၊ အရာတိုင်းဟာ အနာဂတ်မှာဖြစ်မယ့် ပိုကြီးမြတ်တဲ့ပုဂ္ဂိုလ် ဒါမှမဟုတ် အရာတစ်ခုခုကို ပုံဆောင်သလား။ ဒါမှမဟုတ် ယေရှုဟာ နောက်ဆုံးကာလအတွင်းမှာ ကျွန်တော်တို့ကို ကူညီပေးမယ့် လက်တွေ့ကျသင်ခန်းစာတွေကိုပဲ သင်ယူစေချင်သလား။ လေ့လာကြည့်ကြပါစို့။

^ စာပိုဒ်၊ 4 ပိုရိုးရှင်းတဲ့ ကင်းမျှော်စင် စာစောင်ကို ၂၀၁၁၊ ဇူလိုင်လမှာ အင်္ဂလိပ်စကားနဲ့ ဦးဆုံးထုတ်ဝေခဲ့တယ်။ အခု၊ တခြားဘာသာစကားတချို့နဲ့လည်း ထုတ်ဝေနေပါတယ်။

^ စာပိုဒ်၊ 5 ပြန်တည်းဖြတ်ထားတဲ့ကျမ်းစာကို တခြားဘာသာစကားတွေနဲ့လည်း ရရှိနိုင်အောင် ပြင်ဆင်နေပါတယ်။

^ စာပိုဒ်၊ 10 ဥပမာ၊ သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ စာအုပ်မှာ ကျမ်းစာဇာတ်ကောင် ၁၄ ယောက်ရဲ့ ဘဝဖြစ်ရပ်တွေကို ဆွေးနွေးထားတယ်။ အနှိုင်း၊ အနှိုင်းခံတွေကို မဟုတ်ဘဲ လက်တွေ့ကျသင်ခန်းစာတွေကိုပဲ အလေးပေးထားတယ်။

^ စာပိုဒ်၊ 12 ကျမ်းစာမှာ ပေါလုရဲ့ စာတချို့အပါအဝင် “နားလည်ရခက်” တဲ့အကြောင်းအရာတွေလည်း ပါဝင်တယ်။ ဒါပေမဲ့ ကျမ်းရေးသူအားလုံးဟာ သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို ရရှိခဲ့ကြတယ်။ ဒီနေ့အချိန်မှာ သန့်ရှင်းသောစွမ်းအားတော်က “ဘုရားသခင်၏ နက်နဲရာ” တွေအပါအဝင် ကျမ်းစာကို နားလည်နိုင်ဖို့ ခရစ်ယာန်စစ်တွေကို ကူညီပေးနေတယ်။—၂ ပေ. ၃:၁၆၊ ၁၇; ၁ ကော. ၂:၁၀။.