မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှင်ထုတ်ခြင်းက ဘာကြောင့် မေတ္တာပါအစီအစဉ်ဖြစ်

နှင်ထုတ်ခြင်းက ဘာကြောင့် မေတ္တာပါအစီအစဉ်ဖြစ်

သားဖြစ်သူ ယေဟောဝါသက်သေမဟုတ်တော့ဘူးဆိုတဲ့ ကြေညာချက်ကို ကြားရတုန်းက ခံစားခဲ့ရတာကို ဂျူလီယန် အမှတ်ရနေတုန်းပဲ။ “ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲပျက်စီးသွားသလိုပါပဲ။ သူက သားအကြီးဆုံးလေ။ ဘာမဆို အတူလုပ်ဖြစ်သလောက်ပဲ။ ဒါကြောင့် သိပ်ရင်းနှီးတယ်။ သူဟာ သားလိမ္မာလေးဖြစ်ပေမဲ့ တဖြည်းဖြည်း ဆိုးလာတယ်။ သူ့အမေက တစ်ငိုတည်းငိုနေလို့ ဘယ်လိုနှစ်သိမ့်ရမှန်း မသိအောင် ဖြစ်ခဲ့ရတယ်။ မိဘတာဝန်များ မကျေခဲ့ဘူးလားလို့ ကိုယ့်ကိုယ်ကိုယ် မေးနေမိတယ်” လို့ ဂျူလီယန် ပြောတယ်။

တစ်ယောက်ယောက်ကိုနှင်ထုတ်ရတဲ့ ဘယ်အကြောင်းရင်းတွေကို ကျမ်းစာမှာ ဖော်ပြထားသလဲ။ နှင်ထုတ်ခြင်းကြောင့် နာကျင်ခံစားရပေမဲ့ ဒါဟာ မေတ္တာပါအစီအစဉ်ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

နှင်ထုတ်ခံရနိုင်တဲ့ အကြောင်းရင်းများ

နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေတစ်ယောက်ဟာ ကြီးလေးတဲ့အပြစ်ကျူးလွန်ပြီး နောင်တမရဘူးဆိုရင် နှင်ထုတ်ခံရပါလိမ့်မယ်။

ကျွန်တော်တို့ဆီက စုံလင်မှုကို ယေဟောဝါ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ သူ့ပညတ်တွေကို နာခံဖို့၊ သန့်ရှင်းမှုရှိနေဖို့ မျှော်လင့်တယ်။ ဥပမာ၊ ယေဟောဝါက သူ့ကျေးကျွန်တွေကို လိင်အကျင့်ပျက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ခိုးခြင်း၊ လုယက်ခြင်း၊ လူသတ်ခြင်းနဲ့ နတ်ဆိုးပညာလိုက်စားခြင်းတို့လို ကြီးလေးတဲ့အပြစ်တွေကို ရှောင်ဖို့ မိန့်မှာထားတယ်။—၁ ကော. ၆:၉၊ ၁၀; ဗျာ. ၂၁:၈

ကျွန်တော်တို့ဆီက ယေဟောဝါမျှော်လင့်တဲ့အရာဟာ သင့်တော်မျှတပါတယ်။ ကျွန်တော်တို့ကိုလည်း ကာကွယ်ပေးတယ်။ ဥပမာ၊ ကျွန်တော်တို့အားလုံးဟာ အေးချမ်း၊ ရည်မွန်၊ ရိုးသားသူတွေအလယ်မှာ နေထိုင်ချင်ကြတယ်။ ညီအစ်ကိုညီအစ်မ အသိုင်းအဝိုင်းမှာပဲ အဲဒီလို နေထိုင်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားပြီး ကျမ်းစာစံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ ကတိပေးထားသူတွေ ဖြစ်လို့ပဲ။

ဒါပေမဲ့ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက်ဟာ အားနည်းချက်ကြောင့် ကြီးလေးတဲ့အပြစ် ကျူးလွန်မိရင်ကော။ ယေဟောဝါရဲ့ ရှေးခေတ်ကျေးကျွန်တချို့ အဲဒီလိုဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ လုံးလုံး မစွန့်ပစ်ခဲ့ပါဘူး။ ဥပမာ၊ ဘုရင်ဒါဝိဒ်ဟာ အိမ်ထောင်ရေးဖောက်ပြန်ပြီး လူသတ်မှုကျူးလွန်ခဲ့ပေမဲ့ သူ့အပြစ်ကို ယေဟောဝါ ခွင့်လွှတ်တယ်လို့ ပရောဖက်နာသန်ပြောတယ်။—၂ ရာ. ၁၂:၁၃

ဒါဝိဒ်ကို ယေဟောဝါ ဘာကြောင့် ခွင့်လွှတ်ခဲ့တာလဲ။ ဒါဝိဒ် အမှန်တကယ် နောင်တရတယ်ဆိုတာ ယေဟောဝါ မြင်လို့ပဲ။ (ဆာ. ၃၂:၁-၅) ဒီနေ့လည်း အပြစ်ကျူးလွန်သူဟာ အမှန်တကယ် နောင်တရပြီး မကောင်းတာကို ဆက်မလုပ်တော့ဘူးဆိုရင် ခွင့်လွှတ်ခံရပါလိမ့်မယ်။ (တ. ၃:၁၉; ၂၆:၂၀) ဒါပေမဲ့ သူ အမှန်တကယ် နောင်တမရဘူးလို့ တရားရေးကော်မတီမှာပါဝင်တဲ့ အကြီးအကဲတွေ သုံးသပ်တယ်ဆိုရင်တော့ နှင်ထုတ်ခံရပါလိမ့်မယ်။

သင့်မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်ယောက် နှင်ထုတ်ခံရတဲ့အခါ အဲဒီဆုံးဖြတ်ချက်ကို လက်ခံဖို့ ခက်နေနိုင်တယ်။ ရက်စက်လွန်းတယ်လို့လည်း ခံစားရနိုင်တယ်။ ဒါပေမဲ့ နှင်ထုတ်ခြင်းဟာ မေတ္တာပါအစီအစဉ်ဖြစ်မှန်း ယေဟောဝါရဲ့ နှုတ်မြွက်စကားတော်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။

နှင်ထုတ်ခြင်းရဲ့ အကျိုးကျေးဇူးများ

“ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ရပ်များဖြင့် သက်သေထူ၏’’ လို့ ယေရှုပြောတယ်။ (မ. ၁၁:၁၉) နောင်တမရသူကို နှင်ထုတ်ခြင်းဟာ ဘာကြောင့် ပညာရှိဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းသုံးခုကို လေ့လာကြည့်ကြစို့။

နှင်ထုတ်ခြင်းက ယေဟောဝါရဲ့နာမည် ရှုတ်ချမခံရအောင် ကာကွယ်ပေးတယ်။ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့နာမည်ကို ခံယူထားတဲ့ သက်သေတွေဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့လုပ်ရပ်က ယေဟောဝါကို ဂုဏ်တက်စေနိုင်သလို ရှုတ်ချစရာလည်း ဖြစ်စေနိုင်တယ်။ (ဟေရှာ. ၄၃:၁၀) သားတစ်ယောက်ရဲ့ လုပ်ရပ်က မိဘတွေကို ဂုဏ်တက်စေနိုင်သလို သိက္ခာလည်း ကျစေနိုင်တယ်။ အဲဒီလိုပဲ ဘုရားသခင့်ကျေးကျွန်တွေရဲ့လုပ်ရပ်က ကိုယ်တော့်ကို ဂုဏ်တက်စေနိုင်သလို ရှုတ်ချစရာလည်း ဖြစ်စေနိုင်တယ်။ ယေဇကျေလခေတ်မှာ လူမျိုးခြားတွေက ဂျူးတွေကို ယေဟောဝါရဲ့နာမည်နဲ့ တွဲပြောလေ့ရှိတယ်။ (ယေဇ. ၃၆:၁၉-၂၃) ဒီနေ့လည်း လူတွေက ယေဟောဝါသက်သေတွေကို ယေဟောဝါရဲ့နာမည်နဲ့ တွဲပြောကြတယ်။ ဒါကြောင့် ယေဟောဝါရဲ့ပညတ်တွေကို ကျွန်တော်တို့ နာခံတဲ့အခါ ကိုယ်တော့်ကို ဂုဏ်တက်စေပါလိမ့်မယ်။

“သင်တို့သည် နာခံတတ်သော ကလေးများအနေနှင့် ယခင် မသိနားမလည်စဉ်က ရှိခဲ့သောအလိုဆန္ဒအတိုင်း မလိုက်ကြနှင့်တော့။ သင်တို့ကိုခေါ်တော်မူသောအရှင်သည် သန့်ရှင်းတော်မူသည့်နည်းတူ သင်တို့သည်လည်း ပြုမူကျင့်ကြံလေသမျှ၌ သန့်ရှင်းကြလော့။ အကြောင်းမူကား ‘ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းရမည်’ ဟု ကျမ်းစာ၌ရေးထား၏” လို့ ခရစ်ယာန်တွေကို တမန်တော်ပေတရု သတိပေးတယ်။ (၁ ပေ. ၁:၁၄-၁၆) ဥပမာ၊ ကျွန်တော်တို့က လိင်အကျင့်ယိုယွင်းနေမယ်ဆိုရင် ဘုရားသခင့်နာမည်ကို ရှုတ်ချစရာဖြစ်စေနိုင်တယ်။ အပြုအမူအကျင့်အကြံ သန့်ရှင်းနေမယ်ဆိုရင်တော့ ယေဟောဝါကို ဘုန်းထင်ရှားစေနိုင်တယ်။

ယေဟောဝါသက်သေတစ်ယောက် မကောင်းတာတစ်ခုခု ပြုကျင့်နေတယ်ဆိုရင် သူ့ကိုသိတဲ့လူတွေ သတိထားမိနိုင်တယ်။ ဒါပေမဲ့ သူ ယေဟောဝါသက်သေမဟုတ်တော့ဘူးဆိုတာ သိသွားတဲ့အခါ ယေဟောဝါသက်သေတွေဟာ ကျမ်းစာတောင်းဆိုချက်တွေအတိုင်း နာခံပြီး အသင်းတော်သန့်ရှင်းမှုရှိအောင် လုပ်ဆောင်ကြတယ်ဆိုတာ သူတို့သဘောပေါက်လာပါလိမ့်မယ်။ ဥပမာ၊ ဆွစ်ဇလန်နိုင်ငံမှာ လူတစ်ယောက်က အစည်းအဝေးလာတက်ပြီး အသင်းသားဖြစ်ချင်တယ်လို့ ပြောတယ်။ သူ့ညီမဖြစ်သူဟာ လိင်အကျင့်ပျက်မှုကြောင့် နှင်ထုတ်ခံခဲ့ရတယ်။ “မကောင်းတဲ့အကျင့်ကို သည်းမခံခွင့်မပြုတဲ့” အဖွဲ့အစည်းနဲ့ ပူးပေါင်းချင်တယ်လို့ သူပြောတယ်။

နှင်ထုတ်ခြင်းက ခရစ်ယာန်အသင်းတော်ကို ဆက်သန့်ရှင်းနေစေတယ်။ နောင်တမယူတဲ့ အပြစ်ပြုကျင့်သူကို အသင်းတော်မှာ ဆက်ရှိနေခွင့်ပြုခြင်းဟာ အန္တရာယ်ရှိတယ်လို့ ကောရိန္သုအသင်းတော်ကို တမန်တော်ပေါလု သတိပေးခဲ့တယ်။ အဲဒီလူတွေရဲ့ မကောင်းတဲ့သြဇာကို တဆေးနဲ့ ခိုင်းနှိုင်းခဲ့တယ်။ “အနည်းငယ်သောတဆေးသည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေတတ်” တယ်လို့ ပေါလုပြောတယ်။ ပြီးနောက် “ထိုဆိုးညစ်သူကို သင်တို့အထဲမှ နှင်ထုတ်ကြလော့” လို့ သတိပေးခဲ့တယ်။—၁ ကော. ၅:၆၊ ၁၁-၁၃

အဲဒီ “ဆိုးညစ်သူ” ဟာ အရှက်မရှိဘဲ လိင်အကျင့်ယိုယွင်းနေသူဖြစ်တယ်။ အသင်းတော်ထဲက လူတချို့တောင် သူ့ရဲ့အကျင့်ဆိုးအတွက် ကာကွယ်ပြောဆိုပေးလာကြတယ်။ (၁ ကော. ၅:၁၊ ၂) အဲဒီလိုကြီးလေးတဲ့အပြစ်ကို သည်းခံခွင့်ပြုထားမယ်ဆိုရင် တခြားခရစ်ယာန်တွေလည်း ကောရိန္သုမြို့မှာခေတ်စားနေတဲ့ အကျင့်ပျက်ဘဝပုံစံနောက် လိုက်မိဖို့ သွေးဆောင်ခံရနိုင်တယ်။ ဒီနေ့လည်း အလားတူပဲ။ အသင်းတော်မှာ ကြီးလေးတဲ့အပြစ်ကို လျစ်လျူရှုထားမယ်ဆိုရင် တချို့က ယေဟောဝါရဲ့ စံနှုန်းတွေကို အရေးမပါတဲ့အရာအဖြစ် ရှုမြင်လာနိုင်တယ်။ (ဒေ. ၈:၁၁) “ရေအောက်ကျောက်ဆောင်များ” က သင်္ဘောပျက်စေနိုင်သလို နောင်တမယူတဲ့အပြစ်ပြုကျင့်သူတွေဟာ အသင်းတော်မှာရှိတဲ့ တခြားသူတွေရဲ့ ယုံကြည်ခြင်းကို ပျက်စီးစေနိုင်တယ်။—ယု. ၄၊ ၁၂

နှင်ထုတ်ခြင်းက အပြစ်ပြုသူကို အသိတရားပြန်ရစေနိုင်တယ်။ ယေရှုက လူငယ်တစ်ယောက်နဲ့ပတ်သက်တဲ့ ပုံဥပမာတစ်ခု ပြောခဲ့တယ်။ အဲဒီလူငယ်ဟာ အဖေ့အိမ်ကနေထွက်ပြီး အပျော်အပါးလိုက်စားရင်း အမွေအားလုံးကို ဖြုန်းပစ်လိုက်တယ်။ နောက်ဆုံး အဖေ့အိမ်နဲ့ဝေးနေတဲ့ဘဝဟာ ဘာမှအဓိပ္ပာယ်မရှိမှန်း သိလာတယ်။ ဒါနဲ့ နောင်တရပြီး အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဖေခမျာ သားပြန်လာတာတွေ့တော့ ဝမ်းပန်းတသာ ပြေးကြိုခဲ့တယ်။ (လု. ၁၅:၁၁-၂၄) ဒီပုံဥပမာက လူတစ်ယောက် နောင်တရတဲ့အခါ ယေဟောဝါ ဘယ်လိုခံစားရတယ်ဆိုတာ နားလည်စေတယ်။ ‘လူဆိုးတစ်ယောက်သေတာကို ငါဝမ်းမသာဘူး။ လူဆိုးက သူ့လမ်းစဉ်ကိုပြောင်းလဲပြီး အသက်ဆက်ရှင်တာကိုပဲ ငါနှစ်သက်တယ်’ လို့ ယေဟောဝါပြောတယ်။—ယေဇ. ၃၃:၁၁ကဘ။

ခရစ်ယာန်အသင်းတော်ဟာ ကျွန်တော်တို့ရဲ့ ပုံဆောင်မိသားစုပါပဲ။ တစ်ယောက်ယောက်နှင်ထုတ်ခံရတဲ့အခါ သူဟာ အဲဒီမိသားစုဝင်မဟုတ်တော့ဘူး။ ကိုယ့်အကျင့်ဆိုးတွေရဲ့ ဆိုးကျိုးတွေကို ခံစားရပြီးနောက် သူအသိတရားပြန်ရလာနိုင်တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိတုန်းက၊ အသင်းတော်ထဲရှိတုန်းက ဘယ်လောက်ပျော်ခဲ့တယ်ဆိုတာ ပြန်အမှတ်ရလာနိုင်တယ်။ ဒါက ပုံဆောင်မိသားစုဆီပြန်လာဖို့ သူ့ကို လှုံ့ဆော်ပေးနိုင်တယ်။

နှင်ထုတ်ခံရသူတစ်ယောက်ကို အသင်းတော်ထဲပြန်လာဖို့ ကူညီပေးရာမှာ မေတ္တာနဲ့ ပြတ်သားမှုရှိဖို့ လိုအပ်တယ်။ ဥပမာ၊ အေးခဲနေတဲ့နေ့တစ်နေ့မှာ လမ်းပျောက်နေတဲ့ တောင်တက်သမားနှစ်ယောက်ဟာ လာကယ်မယ့်သူကို မျှော်နေကြတယ်။ အေးလွန်းလို့ တစ်ယောက်က မောပန်းပြီး အိပ်ငိုက်လာတယ်။ ဒါပေမဲ့ နှင်းတောထဲအိပ်ပျော်သွားရင် သေသွားလိမ့်မယ်။ ဒါနဲ့ သူ မအိပ်ငိုက်စေဖို့ နောက်တစ်ယောက်က ပါးကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်တယ်။ ပါးရိုက်ခံရလို့ နာကျင်ပေမဲ့ ဒါက သူ့အသက်ကို ကယ်တင်နိုင်တယ်။ အဲဒီလိုသဘောမျိုး ဒါဝိဒ်လည်း ပြောခဲ့တယ်။ ‘ဖြောင့်မတ်သူက ကျွန်တော့်ကိုရိုက်ပါစေ။ ဒါက ခိုင်မြဲတဲ့မေတ္တာပြတာပဲ’ လို့သူပြောတယ်။ (ဆာ. ၁၄၁:၅ကဘ) ဆုံးမခြင်းက နာကျင်စေပေမဲ့ အကူအညီဖြစ်စေနိုင်တယ်ဆိုတာ ဒါဝိဒ်သိတယ်။

များသောအားဖြင့် အပြစ်ပြုသူအနေနဲ့ ယေဟောဝါဆီ ပြန်လာဖို့ဆိုရင် နှင်ထုတ်ခံရဖို့ လိုအပ်နိုင်တယ်။ ဆောင်းပါးအစမှာဖော်ပြခဲ့တဲ့ ဂျူလီယန်ရဲ့သားဟာ နှင်ထုတ်ခံရပြီးနောက် ဆယ်နှစ်အကြာမှာ သူ့ဘဝကိုပြောင်းလဲပြီး အသင်းတော်ထဲ ပြန်လာခဲ့တယ်။ အခုဆို အကြီးအကဲဖြစ်နေပြီ။ “နှင်ထုတ်ခံရတဲ့အတွက် အပြစ်ရဲ့ဆိုးကျိုးတွေကို တနင့်တပိုး ခံစားခဲ့ရတယ်။ အဲဒီလို ဆုံးမမှုမျိုးကိုပဲ ကျွန်တော်လိုအပ်တာ” လို့ သူပြောတယ်။—ဟေဗြဲ ၁၂:၇-၁၁

နှင်ထုတ်ခံရသူတွေကို ချစ်ကြောင်း ဖော်ပြနိုင်ပုံ

တစ်ယောက်ယောက်နှင်ထုတ်ခံရတဲ့အခါ ဝမ်းနည်းစရာပဲ။ ဒါပေမဲ့ ယေဟောဝါဆီ သူ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ နှင်ထုတ်ရတဲ့ရည်ရွယ်ချက် အထမြောက်အောင် ကျွန်တော်တို့အားလုံး လုပ်ဆောင်ရမယ်။ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

နောင်တရသူတွေကို ယေဟောဝါဆီ ပြန်လှည့်လာဖို့ ကြိုးစားကူညီပေးနေ

အကြီးအကဲတွေဟာ ယေဟောဝါရဲ့မေတ္တာကို တုပဖို့ အမြဲကြိုးစားကြတယ်။ အထူးသဖြင့် တစ်ယောက်ယောက်ကို နှင်ထုတ်ဖို့ ဆုံးဖြတ်ချိန်မှာ ဖြစ်တယ်။ ကာယကံရှင်ကို အဲဒီဆုံးဖြတ်ချက်အကြောင်း အသိပေးတဲ့အခါ အသင်းတော်ထဲပြန်လာဖို့ သူ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို ကြင်ကြင်နာနာ ရှင်းရှင်းလင်းလင်း ပြောပြကြတယ်။ နှင်ထုတ်ခံရသူဟာ ယေဟောဝါဆီ ပြန်လာဖို့ ကြိုးစားနေတဲ့ အထောက်အထားတချို့ကို အကြီးအကဲတွေတွေ့တဲ့အခါ သူ့ဆီ မကြာခဏလည်ပတ်ပြီး အသင်းတော်ထဲပြန်လာဖို့ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ ပြန်သတိပေးနိုင်တယ်။ *

မိသားစုဝင်တွေဟာ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားခြင်းအားဖြင့် အသင်းတော်နဲ့ နှင်ထုတ်ခံရသူကို မေတ္တာပြနိုင်တယ်။ ဆောင်းပါးအစမှာဖော်ပြခဲ့တဲ့ ဂျူလီယန်က နှင်ထုတ်ခံရတဲ့သားနဲ့ပတ်သက်ပြီး အခုလိုပြောတယ်– “သူဟာ ကျွန်တော့်သားဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ သူ့ရဲ့ဘဝပုံစံကြောင့် ကျွန်တော်တို့ကြားမှာ စည်းခြားသွားပြီ။”

အသင်းတော်သားအားလုံးဟာ နှင်ထုတ်ခံရသူနဲ့ အဆက်အသွယ်မလုပ်ခြင်း၊ လုံးဝစကားမပြောခြင်းအားဖြင့် စစ်မှန်တဲ့မေတ္တာပြနိုင်တယ်။ (၁ ကော. ၅:၁၁; ၂ ယော. ၁၀၊ ၁၁) ဒီနည်းအားဖြင့် အကြီးအကဲတွေကတစ်ဆင့် ယေဟောဝါဆုံးမတာကို ထောက်ခံကြောင်း ဖော်ပြနိုင်တယ်။ အဲဒီအပြင် နှင်ထုတ်ခံရသူရဲ့ မိသားစုကိုလည်း မေတ္တာပြနိုင်တယ်၊ ကူညီထောက်မပေးနိုင်တယ်။ ဒီအချိန်ဟာ မိသားစုအတွက် သိပ်ခက်ခဲတဲ့အချိန်ဖြစ်တယ်။ အသင်းတော်ကနေ ဝိုင်းပယ်ထားတယ်လို့ သူတို့ ခံစားရအောင် လုံးဝမလုပ်သင့်ဘူး။—ရော. ၁၂:၁၃၊ ၁၅

ဂျူလီယန် အခုလိုပြောတယ်– “နှင်ထုတ်ခြင်းဟာ ကျွန်တော်တို့လိုအပ်တဲ့ အစီအစဉ်ဖြစ်တယ်။ ဒီအစီအစဉ်က ယေဟောဝါရဲ့စံနှုန်းတွေအတိုင်း အသက်ရှင်နိုင်အောင် ကူညီပေးတယ်။ လောလောဆယ် နာကျင်ခံစားရပေမဲ့ ရေရှည်အတွက် အကျိုးရှိတယ်။ ကျွန်တော်သာ သားရဲ့အကျင့်ဆိုးတွေကို သည်းခံခွင့်ပြုလိုက်ရင် သူဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ဘူး။”

^ စာပိုဒ်၊ 24 ၁၉၉၁၊ ဧပြီ ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၁၉-၂၂ ကိုကြည့်ပါ။