မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံဆောင်ပရဒိသုကို ပိုလှပကျယ်ဝန်းစေပါ

ပုံဆောင်ပရဒိသုကို ပိုလှပကျယ်ဝန်းစေပါ

‘ငါ့ခြေတင်ရာနေရာကို ငါဂုဏ်တင်မယ်။’ဟေရှာ. ၆၀:၁၃ကဘ။

သီချင်း– ၁၀၂၊ ၇၅

၁၊ ၂။ ဟေဗြဲကျမ်းစောင်တွေမှာ “ခြေတင်ရာခုံ” ဆိုတဲ့စကားလုံးက ဘာကိုဆိုလိုသလဲ။

“ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏” လို့ ယေဟောဝါ ပြောတယ်။ (ဟေရှာ. ၆၆:၁) အဲဒီခြေတင်ရာခုံ မြေကြီးကို ‘ငါဂုဏ်တင်မယ်’ လို့လည်း ယေဟောဝါပြောတယ်။ (ဟေရှာ. ၆၀:၁၃ကဘ) ယေဟောဝါက သူ့ရဲ့ ခြေတင်ရာခုံကို ဘယ်လိုဂုဏ်တင်မလဲ။ ဒါက ကိုယ်တော်ရဲ့ ခြေတင်ရာခုံ မြေကြီးမှာနေထိုင်သူတွေအတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

“ခြေတင်ရာခုံ” ဆိုတဲ့စကားလုံးက မြေကြီးကိုပဲ ဆိုလိုတာမဟုတ်ဘူး။ ဟေဗြဲကျမ်းစောင်တွေမှာ အဲဒီစကားလုံးဟာ ရှေးအစ္စရေးတွေရဲ့ ဗိမာန်တော်ကိုလည်း ဆိုလိုတယ်။ (၅ ရာ. ၂၈:၂; ဆာ. ၁၃၂:၇) ဗိမာန်တော်ဟာ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ ဗဟိုဖြစ်လို့ ယေဟောဝါအတွက် သိပ်လှတယ်။ ဒါကြောင့် ဗိမာန်တော်တည်ရှိနေခြင်းက ယေဟောဝါရဲ့ ခြေတင်ရာခုံကို လှပစေတယ်။

၃။ ဒီနေ့ခေတ်မှာ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ ဗဟိုက ဘာလဲ။ ဘယ်အချိန်မှာ အစပြုခဲ့သလဲ။

ဒီနေ့ခေတ်မှာ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ ဗဟိုက ဘာလဲ။ ဗိမာန်တော်လို ပကတိအဆောက်အအုံတစ်ခုတော့ မဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ ဗဟိုက ပုံဆောင်ဗိမာန်တော်ဖြစ်ပြီး ဘယ်အဆောက်အအုံထက်မဆို ယေဟောဝါကို ဂုဏ်တင်နေတယ်။ ဒါဆို အဲဒီပုံဆောင်ဗိမာန်တော်က ဘာလဲ။ လူသားတွေကို ဘုရားသခင်နဲ့မိတ်ဆွေဖြစ်ခွင့်၊ ဝတ်ပြုခွင့်ရစေတဲ့ ဘုရားသခင့်အစီအစဉ်ဖြစ်တယ်။ အဲဒီအစီအစဉ်မှာ ယေရှုရဲ့ ရွေးနုတ်ဖိုး မရှိမဖြစ်လိုအပ်တယ်။ ယေရှု နှစ်ခြင်းခံပြီး ယေဟောဝါရဲ့ ပုံဆောင်ဗိမာန်တော်မှာ ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်ခံရတဲ့ အေဒီ ၂၉ မှာ ဒီအစီအစဉ် အစပြုခဲ့တယ်။—ဟေဗြဲ ၉:၁၁၊ ၁၂

ယေဟောဝါရဲ့လူမျိုးဟာ အခုကတည်းက မြေကြီးမှာ ဘုရားကိုချီးမွမ်းရမယ်

၄၊ ၅။ (က) ဆာလံ ၉၉ အရ ယေဟောဝါရဲ့ စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ ဘာလုပ်ဆောင်ဖို့ ဆန္ဒရှိကြသလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်း မေးသင့်သလဲ။

ပုံဆောင်ဗိမာန်တော်ကို ဘုရားသခင် စီစဉ်ပေးတဲ့အတွက် ကျွန်တော်တို့ သိပ်ကျေးဇူးတင်ကြတယ်။ ယေဟောဝါရဲ့နာမည်နဲ့ ရွေးနုတ်ဖိုးဆုကျေးဇူးအကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြနေကြတယ်။ ခရစ်ယာန်စစ် ရှစ်သန်းကျော်ဟာ ယေဟောဝါကို နေ့တိုင်းချီးမွမ်းနေမှန်း သိရတာ စိတ်လှုပ်ရှားစရာပဲ။ ဘုရားတရားကိုင်းရှိုင်းသူတချို့က သေပြီးနောက် ကောင်းကင်ရောက်မှ ဘုရားသခင်ကို ချီးမွမ်းမယ်လို့ မှားယွင်းစွာ ယူဆနေကြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့လူမျိုးကတော့ အခုကတည်းက မြေကြီးမှာ ဘုရားကိုချီးမွမ်းဖို့ အရေးကြီးမှန်းသိထားကြတယ်။

ဒီနည်းအားဖြင့် ဆာလံ ၉၉:၁–၃၊ (ဖတ်ပါ။) မှာဖော်ပြထားတဲ့ ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေရဲ့ ပုံနမူနာကို ကျွန်တော်တို့ လိုက်လျှောက်နေကြတယ်။ မောရှေ၊ အာရုန်၊ ရှမွေလစတဲ့ သစ္စာရှိသူတွေဟာ သူတို့ခေတ်မှာရှိတဲ့ စစ်မှန်တဲ့ဝတ်ပြုရေးအစီအစဉ်ကို သစ္စာရှိရှိ ကူညီထောက်မခဲ့ကြတယ်။ (ဆာ. ၉၉:၆၊ ၇) ဒီနေ့ခေတ်မှာလည်း ဘိသိက်ခံတွေဟာ ယေရှုနဲ့အတူ ယဇ်ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ ကောင်းကင်မသွားခင် မြေကြီးပေါ်ရှိနေတုန်း ပုံဆောင်ဗိမာန်တော်ရဲ့ မြေကြီးဆိုင်ရာအပိုင်းမှာ သစ္စာရှိရှိ အမှုဆောင်နေကြတယ်။ “အခြားသိုး” သန်းပေါင်းများစွာကလည်း သူတို့ကို သစ္စာရှိရှိ ကူညီထောက်မနေတယ်။ (ယော. ၁၀:၁၆) သူတို့အုပ်စုနှစ်ခုစလုံး ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ယောက်တိုင်းစီရော ‘ယေဟောဝါရဲ့ စစ်မှန်တဲ့ဝတ်ပြုရေး အစီအစဉ်ကို ငါ အပြည့်အဝ ကူညီထောက်မနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။

ဘုရားသခင့်ပုံဆောင်ဗိမာန်တော်မှာ အမှုဆောင်နေသူတွေကို ခွဲခြားသိရှိခြင်း

၆၊ ၇။ အစောပိုင်းခရစ်ယာန်အသင်းတော်မှာ ဘယ်ပြဿနာ ပေါ်ပေါက်လာသလဲ။ ၁၉၁၉ မှာ ဘာဖြစ်ခဲ့သလဲ။

ခရစ်ယာန်အသင်းတော် တည်ထောင်ပြီး နှစ် ၁၀၀ မပြည့်ခင်မှာပဲ ကြိုဟောထားတဲ့ အယူဖောက်ပြန်မှု ပေါ်ပေါက်လာတယ်။ (တ. ၂၀:၂၈-၃၀; ၂ သက်. ၂:၃၊ ၄) အဲဒီနောက်ပိုင်း ဘုရားသခင်ရဲ့ စစ်မှန်တဲ့ဝတ်ပြုသူတွေကို ခွဲခြားသိရှိဖို့ ပိုခက်လာတယ်။ ဒါပေမဲ့ ရာစုနှစ်များစွာကြာပြီးနောက်မှာတော့ ယေဟောဝါက ပုံဆောင်ဗိမာန်တော်မှာ ဝတ်ပြုနေသူတွေကို ခွဲခြားဖော်ပြဖို့ ယေရှုကိုအသုံးပြုခဲ့တယ်။

ဘုရားသခင်နှစ်သက်လက်ခံသူတွေ၊ ပုံဆောင်ဗိမာန်တော်မှာဝတ်ပြုနေသူတွေ ဘယ်သူဖြစ်တယ်ဆိုတာ ၁၉၁၉ မှာ သဲသဲကွဲကွဲ ထင်ရှားလာတယ်။ အဲဒီလူတွေဟာ သူတို့ရဲ့ဝတ်ပြုရေးကို ယေဟောဝါ နှစ်သက်လက်ခံဖို့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြတယ်။ (ဟေရှာ. ၄:၂၊ ၃; မာလ. ၃:၁-၄) ဒီနည်းနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက တမန်တော်ပေါလု မြင်ခဲ့တဲ့ရူပါရုံ စတင်ပြည့်စုံလာတယ်။

၈၊ ၉။ ရူပါရုံမှာ ပေါလုမြင်ခဲ့ရတဲ့ “ပရဒိသု” က ဘာကိုဆိုလိုသလဲ။

ပေါလုရဲ့ ရူပါရုံကို ၂ ကောရိန္သု ၁၂:၁–၄ (ဖတ်ပါ။) မှာဖော်ပြထားတယ်။ အနာဂတ်မှာ တည်ရှိမယ့်အရာကို အဲဒီရူပါရုံကတစ်ဆင့် ပေါလုကို ယေဟောဝါ ပြခဲ့တယ်။ ပေါလု မြင်ခဲ့ရတဲ့ “ပရဒိသု” က ဘာကိုဆိုလိုသလဲ။ ပထမ၊ မြေကြီးမှာ မကြာခင်ဖြစ်လာတော့မယ့် ပကတိပရဒိသုကို ဆိုလိုတာ ဖြစ်နိုင်တယ်။ (လု. ၂၃:၄၃) ဒုတိယ၊ ကမ္ဘာသစ်မှာ အပြည့်ဝဆုံးသဘောနဲ့ တည်ရှိလာမယ့် ပုံဆောင်ပရဒိသုကို ဆိုလိုတာ ဖြစ်နိုင်တယ်။ တတိယ၊ “ဘုရားသခင့်ပရဒိသု” ကို ဆိုလိုတာ ဖြစ်နိုင်တယ်။ အဲဒါကတော့ ကောင်းကင်မှာတည်ရှိတဲ့ သိပ်ကောင်းတဲ့အခြေအနေဖြစ်တယ်။—ဗျာ.၂:၇။

“လူတစ်ဦး မပြောသင့်၊ မပြောအပ်သော စကားများကို ကြားခဲ့ရ” တယ်လို့ ပေါလု ဘာကြောင့်ပြောတာလဲ။ ဘာကြောင့်လဲဆိုတော့ ရူပါရုံမှာ သူမြင်ခဲ့ရတဲ့ အံ့ဖွယ်ရာတွေကို အသေးစိတ်ရှင်းပြဖို့ အချိန်မတန်သေးလို့ပဲ။ ဒါပေမဲ့ ဒီနေ့ခေတ်ကတော့ ဘုရားသခင့်လူမျိုး လက်ရှိခံစားနေရတဲ့ကောင်းချီးတွေအကြောင်း တခြားသူတွေကို ပြောပြရမယ့်အချိန်ဖြစ်တယ်။

၁၀။ ပုံဆောင်ပရဒိသုနဲ့ ပုံဆောင်ဗိမာန်တော်က ဘာကြောင့်မတူတာလဲ။

၁၀ ပုံဆောင်ပရဒိသုအကြောင်း ကျွန်တော်တို့ ပြောလေ့ရှိကြတယ်။ အဲဒါ ဘာကိုဆိုလိုသလဲ။ ဘုရားသခင့်လူမျိုးကို ဘုရားပေးထားတဲ့ အထူးငြိမ်သက်အေးချမ်းတဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့် ပုံဆောင်ပရဒိသုနဲ့ ပုံဆောင်ဗိမာန်တော်က မတူဘူး။ ပုံဆောင်ဗိမာန်တော်က ဘုရားသခင့် စစ်မှန်တဲ့ဝတ်ပြုရေး အစီအစဉ်ဖြစ်ပြီး ပုံဆောင်ပရဒိသုကတော့ ဘုရားသခင်နှစ်သက်လက်ခံသူတွေ၊ ပုံဆောင်ဗိမာန်တော်မှာ ဝတ်ပြုနေသူတွေကို ခွဲခြားဖော်ပြတယ်။—မာလ. ၃:၁၈

၁၁။ ကျွန်တော်တို့ ဘယ်အခွင့်ထူး ရရှိထားသလဲ။

၁၁ ယေဟောဝါက မစုံလင်တဲ့လူသားတွေကို ၁၉၁၉ ကတည်းက ပုံဆောင်ပရဒိသုကို ပြုစုပျိုးထောင်ပြီး ခိုင်မာကျယ်ဝန်းအောင် လုပ်ဆောင်ခွင့်ပြုထားမှန်း သိရတာ စိတ်လှုပ်ရှားစရာပဲ။ ဒီလုပ်ငန်းကို သင် ကူညီထောက်မနေသလား။ မြေကြီးပေါ်မှာ ယေဟောဝါကို ဂုဏ်တင်ဖို့ ကိုယ်တော်နဲ့ တွဲဖက်လုပ်ဆောင်ရတဲ့ အခွင့်ထူးကို တန်ဖိုးထားလေးမြတ်သလား။

အဖွဲ့အစည်း ပိုလှပလာအောင် ယေဟောဝါ လုပ်ဆောင်နေ

၁၂။ ဟေရှာယ ၆၀:၁၇ ပြည့်စုံနေတယ်ဆိုတာ ဘယ်လိုသိရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၂ ဘုရားသခင့်အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းမှာ အံ့ဖွယ်ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မယ်လို့ ပရောဖက်ဟေရှာယ ကြိုပြောခဲ့တယ်။ (ဟေရှာယ ၆၀:၁၇ ကိုဖတ်ပါ။) ခရစ်ယာန်လူငယ်တွေ၊ လူသစ်တွေဟာ အဲဒီပြောင်းလဲမှုတွေအကြောင်း ဖတ်ဖူးရုံ၊ ကြားဖူးရုံလောက်ပဲ ရှိတယ်။ ဒါပေမဲ့ အဲဒီအပြောင်းအလဲတွေကို ကိုယ်တွေ့ ကြုံခဲ့တဲ့ ညီအစ်ကိုညီအစ်မများစွာရှိတယ်။ အဖွဲ့အစည်းကို လမ်းပြညွှန်ကြားဖို့ ဘုရင်ယေရှုကို ဘုရားသခင် အသုံးပြုနေမှန်း သူတို့ယုံကြည်စိတ်ချကြတယ်။ သူတို့ရဲ့အတွေ့အကြုံတွေကို ကြားရတဲ့အခါ ယေဟောဝါအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှု ပိုခိုင်မာလာပါလိမ့်မယ်။

ပုံဆောင်ပရဒိသုဟာ ဒီနေ့ခေတ် ခရစ်ယာန်စစ်တွေ အလယ်မှာ တည်ရှိတဲ့ အထူးငြိမ်သက်အေးချမ်းတဲ့ အခြေအနေဖြစ်တယ်

၁၃။ ဆာလံ ၄၈:၁၂-၁၄ အရ ကျွန်တော်တို့ ဘာလုပ်ရမလဲ။

၁၃ ခရစ်ယာန်စစ်အားလုံးဟာ ယေဟောဝါရဲ့အဖွဲ့အစည်းအကြောင်း တခြားသူတွေကို ပြောပြရမယ်။ စာတန့်လောကဆိုးမှာ နေထိုင်ရပေမဲ့ ငြိမ်းချမ်းစည်းလုံးတဲ့ ညီအစ်ကိုအသင်းအပင်း ရရှိထားတာ အံ့ဖွယ်ရာတစ်ခုပါပဲ။ ယေဟောဝါရဲ့ အဖွဲ့အစည်းအကြောင်း၊ ပုံဆောင်ပရဒိသုအကြောင်း နောင်လာနောက်သားတွေဖြစ်တဲ့ “သားမြေး” တွေကို ကျွန်တော်တို့ ဝမ်းသာအားရ ပြောပြရမယ်။ဆာလံ ၄၈:၁၂–၁၄ ကိုဖတ်ပါ။

၁၄၊ ၁၅။ ၁၉၇၀ နောက်ပိုင်းမှာ ဘာတွေကို ပြုပြင်ပြောင်းလဲခဲ့သလဲ။ အဖွဲ့အစည်း ဘယ်လိုအကျိုးခံစားရသလဲ။

၁၄ အသင်းတော်မှာရှိတဲ့ အသက်ကြီးသူများစွာဟာ ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ပိုလှပလာစေတဲ့ ပြောင်းလဲမှုတွေကို ကိုယ်တွေ့ ကြုံဖူးကြတယ်။ အသင်းတော်တွေမှာ အကြီးအကဲအဖွဲ့အစား အသင်းတော်အမှုထမ်းတစ်ယောက်ပဲ ရှိတာ၊ နိုင်ငံတွေမှာ ဌာနခွဲကော်မတီအစား ဌာနခွဲအမှုထမ်းတစ်ယောက်ပဲ ရှိတာ၊ တစ်ကမ္ဘာလုံးကို အုပ်ချုပ်ရေးအဖွဲ့အစား ကင်းမျှော်စင်အသင်းရဲ့ ဥက္ကဋ္ဌတစ်ယောက်ပဲ ညွှန်ကြားတာတွေကို သူတို့မှတ်မိကြတယ်။ အဲဒီညီအစ်ကိုအားလုံးကို သစ္စာရှိရှိကူညီထောက်မသူတွေ ရှိပေမဲ့ အသင်းတော်တွေမှာ၊ နိုင်ငံတွေမှာ၊ ကမ္ဘာ့ဌာနချုပ်မှာ ညီအစ်ကိုတစ်ယောက်ကပဲ ဒိုင်ခံဆုံးဖြတ်ခဲ့ရတယ်။ ၁၉၇၀ နောက်ပိုင်းမှာတော့ အကြီးအကဲတစ်ယောက်တည်းအစား အကြီးအကဲအုပ်စုလိုက် ဆုံးဖြတ်ချက်ချဖို့ ပြုပြင်ပြောင်းလဲခဲ့တယ်။

၁၅ အဖွဲ့အစည်းဟာ အဲဒီပြုပြင်ပြောင်းလဲမှုတွေကနေ ဘာကြောင့် အကျိုးခံစားရသလဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီပြုပြင်ပြောင်းလဲမှုတွေဟာ ပိုတိုးများလာတဲ့ ကျမ်းစာအသိပညာပေါ် အခြေခံလို့ပဲ။ အကြီးအကဲတစ်ယောက်တည်း ဒိုင်ခံဆုံးဖြတ်တာမျိုး မဟုတ်တော့တဲ့အတွက် အဖွဲ့အစည်းဟာ ယေဟောဝါပေးထားတဲ့ “လူ့အသွင်ဆုများ” ဖြစ်တဲ့ အကြီးအကဲအားလုံးရဲ့ အရည်အသွေးကောင်းတွေကနေ အကျိုးခံစားနေရတယ်။—ဧ. ၄:၈; သု. ၂၄:၆

လူသားတွေ အလိုအပ်ဆုံး လမ်းညွှန်ချက်တွေကို ယေဟောဝါ ပေးနေ (အပိုဒ် ၁၆၊ ၁၇ ကိုကြည့်ပါ)

၁၆၊ ၁၇။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဘယ်ပြုပြင်ပြောင်းလဲမှုတွေက သင့်ကို စိတ်စွဲမှတ်စေသလဲ။ ဘာကြောင့်လဲ။

၁၆ အဖွဲ့အစည်းထုတ်စာပေတွေနဲ့ပတ်သက်ပြီး မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပြောင်းလဲမှုတချို့အကြောင်း စဉ်းစားကြည့်ပါ။ အမှုဆောင်လုပ်ငန်းမှာ စွဲမက်စရာ အကျိုးပြုစာပေတွေ ဝေငှရတာကို ကျွန်တော်တို့ သိပ်ပျော်ကြတယ်။ သတင်းကောင်းဟောပြောရာမှာ jw.org ဝက်ဘ်ဆိုက်စတဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ဘယ်လိုအသုံးပြုနေတယ်ဆိုတာလည်း စဉ်းစားကြည့်ပါ။ ဒီနည်းအားဖြင့် လူများစွာဟာ သူတို့အမှန်တကယ်လိုအပ်နေတဲ့ အကူအညီကို ရရှိနိုင်ကြတယ်။ ဒီပြုပြင်ပြောင်းလဲမှုအားလုံးက လူတွေအပေါ်ထားတဲ့ ယေဟောဝါရဲ့ မေတ္တာနဲ့ စိတ်ဝင်စားမှုကို ဖော်ပြတယ်။

ကျမ်းစာသင်တန်းကျောင်းတွေကနေ ရရှိတဲ့ လေ့ကျင့်မှုတွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်တယ်

၁၇ အစည်းအဝေးအစီအစဉ်တွေနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှု အတွက်လည်း ကျွန်တော်တို့ ကျေးဇူးတင်တယ်။ အဲဒီပြောင်းလဲမှုကြောင့် မိသားစုဝတ်ပြုမှု ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်ပိုရလာတယ်။ စည်းဝေးပွဲတွေ၊ စည်းဝေးကြီးတွေနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက်လည်း ကျေးဇူးတင်တယ်။ အဲဒီအစီအစဉ်တွေက နှစ်တိုင်း ပိုကောင်းလာတယ်။ ကျမ်းစာသင်တန်းကျောင်းတွေကနေ ရရှိတဲ့ လေ့ကျင့်မှုတွေအတွက်လည်း ကျေးဇူးတင်တယ်။ အဲဒီပြုပြင်ပြောင်းလဲမှုအားလုံးက အဖွဲ့အစည်းကို ယေဟောဝါလမ်းညွှန်နေပြီး ပုံဆောင်ပရဒိသု ပိုလှပလာအောင် လုပ်ဆောင်ပေးနေတယ်ဆိုတာ အထင်အရှားဖော်ပြတယ်။

ပုံဆောင်ပရဒိသု ပိုလှပလာအောင် ကျွန်တော်တို့ ကူညီပေးနိုင်ပုံ

၁၈၊ ၁၉။ ပုံဆောင်ပရဒိသု ပိုလှပလာအောင် ကျွန်တော်တို့ ဘယ်လိုကူညီနိုင်သလဲ။

၁၈ ပုံဆောင်ပရဒိသု ပိုလှပလာအောင် ကူညီပေးနိုင်တဲ့အခွင့်ထူးကို ကျွန်တော်တို့ကို ယေဟောဝါ ပေးထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လိုကူညီနိုင်သလဲ။ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ဇွဲထက်သန်စွာ ပါဝင်ခြင်းအားဖြင့်ဖြစ်တယ်။ လူတစ်ယောက်ကို ဘုရားသခင့်ကျေးကျွန်ဖြစ်လာအောင် ကူညီလိုက်တိုင်း ပုံဆောင်ပရဒိသု ပိုကျယ်ဝန်းလာအောင် ကူညီပေးရာရောက်တယ်။—ဟေရှာ. ၂၆:၁၅; ၅၄:၂

၁၉ ခရစ်ယာန်အရည်အသွေးတွေ တိုးတက်လာအောင် ကြိုးစားခြင်းအားဖြင့်လည်း ပုံဆောင်ပရဒိသု ပိုလှပလာအောင် ကူညီပေးနိုင်တယ်။ ဒီနည်းအားဖြင့် တခြားသူတွေလည်း ပုံဆောင်ပရဒိသုကို ပိုစိတ်ဝင်စားလာနိုင်တယ်။ အဖွဲ့အစည်းကို၊ ယေဟောဝါနဲ့ယေရှုကို လူတွေ ဦးဆုံးစိတ်ဝင်စားလာတာက အများအားဖြင့် ကျွန်တော်တို့ရဲ့ ကျမ်းစာအသိပညာကြောင့်သာ မဟုတ်ဘူး။ သန့်ရှင်းပြီး အေးဆေးငြိမ်သက်တဲ့ အမူအကျင့်ကြောင့်လည်းဖြစ်တယ်။

ပုံဆောင်ပရဒိသု ပိုကျယ်ဝန်းလာအောင် သင် ကူညီပေးနိုင် (အပိုဒ် ၁၈၊ ၁၉ ကိုကြည့်ပါ)

၂၀။ သုတ္တံ ၁၄:၃၅ အရ ကျွန်တော်တို့ ဘယ်လိုဆန္ဒရှိသင့်သလဲ။

၂၀ ဒီနေ့ခေတ်ရဲ့ လှပတဲ့ပုံဆောင်ပရဒိသုကို ယေဟောဝါနဲ့ ယေရှုတွေ့တဲ့အခါ သိပ်ပီတိဖြစ်မှာပဲ။ ပုံဆောင်ပရဒိသု ပိုလှပလာအောင် လုပ်ဆောင်ရာမှာ ကျန်တော်တို့ အခုခံစားနေရတဲ့ ပျော်ရွှင်မှုဟာ အနာဂတ်မှာ မြေကြီးကို ပကတိပရဒိသုဖြစ်အောင် လုပ်ဆောင်ချိန်မှာ ခံစားရမယ့်ပျော်ရွှင်မှုရဲ့ အမြည်းသဘောပဲဖြစ်တယ်။ ‘ဘုရင်က ထိုးထွင်းဉာဏ်ရှိရှိ ပြုမူတဲ့ကျွန်ကို နှစ်သက်တယ်’ ဆိုတဲ့ သုတ္တံ ၁၄:၃၅ (ကဘ) ကို ကျွန်တော်တို့ အမြဲသတိရနေသင့်တယ်။ ပုံဆောင်ပရဒိသု ပိုလှပလာအောင် ကြိုးစားလုပ်ဆောင်ရင်း ထိုးထွင်းဉာဏ်ရှိရှိ ဆက်ပြုမူကြပါစို့။