မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ဝတ်ပြုတဲ့နေရာ

ယေဟောဝါကို ဝတ်ပြုတဲ့နေရာ

“ကိုယ်တော်၏အိမ်တော်အတွက် ငါ၏စိတ်ထက်သန်ခြင်းသည် ရဲရဲတောက်မီးကဲ့သို့ ဖြစ်ပါလိမ့်မည်။”—ယော. ၂:၁၇

သီချင်း– ၁၂၇၊ ၁၁၈

၁၊ ၂။ (က) ရှေးခေတ် ယေဟောဝါရဲ့ကျေးကျွန်တွေဟာ ဘယ်နေရာတွေမှာ ဝတ်ပြုကြသလဲ။ (ခ) ဂျေရုဆလင်မှာရှိတဲ့ ဗိမာန်တော်ကို ယေရှု ဘယ်လိုသဘောထားခဲ့သလဲ။ (ဂ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

ရှေးခေတ်နဲ့ အခုခေတ် ဘုရားသခင့်ကျေးကျွန်တွေမှာ ဝတ်ပြုတဲ့နေရာတွေ ရှိတယ်။ ဥပမာ၊ အာဗေလဟာ ယေဟောဝါဆီ ယဇ်ပူဇော်ဖို့ ယဇ်ပလ္လင်တစ်ခုဆောက်လုပ်ခဲ့ပုံရတယ်။ (က. ၄:၃၊ ၄) နောဧ၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နဲ့ မောရှေတို့လည်း ယဇ်ပလ္လင်တွေ တည်ဆောက်ခဲ့တယ်။ (က. ၈:၂၀; ၁၂:၇; ၂၆:၂၅; ၃၅:၁; ထွ. ၁၇:၁၅) တဲတော်ဆောက်လုပ်ဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ (ထွ. ၂၅:၈) နောက်ပိုင်း၊ ဗိမာန်တော်ဆောက်ဖို့ ညွှန်ကြားတယ်။ (၃ ရာ. ၈:၂၇၊ ၂၉) ဘုရားသခင့်လူမျိုးဟာ ဗာဗုလုန်သုံ့ပန်းဘဝကနေ လွတ်မြောက်လာပြီးနောက် တရားဇရပ်တွေမှာ ပုံမှန်စုဝေးခဲ့တယ်။ (မာ. ၆:၂; ယော. ၁၈:၂၀; တ. ၁၅:၂၁) ပထမရာစုခရစ်ယာန်တွေဟာ အိမ်တွေမှာ စည်းဝေးကြတယ်။ (တ. ၁၂:၁၂; ၁ ကော. ၁၆:၁၉) ဒီနေ့ခေတ် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါရဲ့လူမျိုးဟာ ယေဟောဝါအကြောင်း သင်ယူဖို့၊ ကိုယ်တော့်ကို ဝတ်ပြုဖို့ နိုင်ငံတော်ခန်းမ ထောင်ပေါင်းများစွာမှာ စည်းဝေးကြတယ်။

ယေရှုဟာ ဂျေရုဆလင်မှာရှိတဲ့ ယေဟောဝါရဲ့ ဗိမာန်တော်ကို သိပ်တန်ဖိုးထားတယ်။ ယေရှုရဲ့ တန်ဖိုးထားမြတ်နိုးမှုကို တပည့်တွေ မြင်တဲ့အခါ ‘အိမ်တော်အတွက် စိတ်ထက်သန်မှုက ကျွန်တော့်ရင်ထဲမှာ တောက်လောင်နေတယ်’ ဆိုတဲ့ ဆာလံဆရာရဲ့ စကားတွေကို အမှတ်ရခဲ့ကြတယ်။ (ဆာ. ၆၉:၉ကဘ; ယော. ၂:၁၇) နိုင်ငံတော်ခန်းမဟာ ဂျေရုဆလင်မှာရှိတဲ့ ဗိမာန်တော်လို ‘ယေဟောဝါရဲ့အိမ်တော်’ တော့ မဟုတ်ဘူး။ (၆ ရာ. ၅:၁၃; ၃၃:၄) ဒါပေမဲ့ ဝတ်ပြုတဲ့နေရာတွေကို သိပ်လေးစားသင့်တယ်။ နိုင်ငံတော်ခန်းမမှာ ဘယ်လိုပြုမူသင့်တယ်၊ ခန်းမကို ဘယ်လိုထိန်းသိမ်းသင့်တယ်၊ ဘယ်လို ငွေကြေးထောက်ပံ့နိုင်တယ်ဆိုတာ သင်ကြားပေးတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ *

အစည်းအဝေးတွေကို လေးစားကြောင်း တင်ပြခြင်း

၃–၅။ နိုင်ငံတော်ခန်းမဆိုတာ ဘာလဲ။ အစည်းအဝေးတွေကို ဘယ်လိုသဘောထားသင့်သလဲ။

နိုင်ငံတော်ခန်းမဟာ ယေဟောဝါကို ဝတ်ပြုဖို့ လူတွေစုဝေးတဲ့ အဓိကနေရာဖြစ်တယ်။ အစည်းအဝေးတွေဟာ ဘုရားပေးလက်ဆောင်ဖြစ်ပြီး ကိုယ်တော်နဲ့ ဆက်ဆံရေးပိုကောင်းလာစေဖို့ ကူညီပေးတယ်။ အစည်းအဝေးတွေမှာ အဖွဲ့အစည်းကလာတဲ့ လမ်းညွှန်မှုနဲ့ အားပေးမှုကို ရရှိတယ်။ “ယေဟောဝါဘုရား၏စားပွဲ” မှာ အပတ်စဉ် စားသုံးဖို့ ယေဟောဝါနဲ့ ယေရှုရဲ့ ဖိတ်ခေါ်မှုခံရတာ တကယ့်အခွင့်ထူးပဲ။ (၁ ကော. ၁၀:၂၁) ဒီအထူးဖိတ်ခေါ်ချက်ကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။

ယေဟောဝါက သူ့ကို ဝတ်ပြုဖို့၊ အချင်းချင်း အားပေးဖို့ အစည်းအဝေးတွေကို မပျက်မကွက် တက်ရောက်စေချင်တယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။) ယေဟောဝါကို ကျွန်တော်တို့ ရိုသေလေးစားတဲ့အတွက် အရေးကြီးကိစ္စမရှိဘဲ အစည်းအဝေးပျက်မှာ မဟုတ်ဘူး။ အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်ပြီး ပါဝင်ခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြကြတယ်။—ဆာ. ၂၂:၂၂

နိုင်ငံတော်ခန်းမမှာ ဘယ်လိုပြုမူတယ်၊ ခန်းမကို ဘယ်လိုထိန်းသိမ်းတယ် ဆိုတဲ့အချက်က ယေဟောဝါကို ဘယ်လောက်လေးစားကြောင်း တင်ပြတယ်။ ကျွန်တော်တို့ရဲ့ အပြုအမူအားဖြင့် နိုင်ငံတော်ခန်းမဆိုင်းဘုတ်မှာ ဖော်ပြထားလေ့ရှိတဲ့ ယေဟောဝါရဲ့နာမည်ကို ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်စေချင်တယ်။—၃ ဓမ္မရာဇဝင် ၈:၁၇ နဲ့နှိုင်းယှဉ်ပါ။

၆။ နိုင်ငံတော်ခန်းမတွေ၊ အစည်းအဝေးတက်ရောက်သူတွေနဲ့ပတ်သက်ပြီး လူတွေ ဘာပြောကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

နိုင်ငံတော်ခန်းမတွေကို လေးစားမှုပြတဲ့အခါ တခြားသူတွေ သတိထားမိလေ့ရှိတယ်။ ဥပမာ၊ တူရကီနိုင်ငံသားတစ်ယောက် အခုလိုပြောတယ်– “နိုင်ငံတော်ခန်းမရဲ့ သန့်ရှင်းမှုနဲ့ စနစ်ကျမှုကို အထင်ကြီးလေးစားမိတယ်။ လူတွေက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ပြုံးပျော်နေတာပဲ။ ကျွန်တော့်ကိုလည်း လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြတယ်။ တကယ်ပဲ သဘောကျမိတယ်။” အဲဒီအမျိုးသားဟာ အစည်းအဝေးအားလုံးကို စတက်လာပြီး မကြာခင်မှာ နှစ်ခြင်းခံလိုက်တယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တစ်မြို့မှာလည်း ညီအစ်ကိုတွေက အိမ်နီးချင်းတွေ၊ မြို့တော်ဝန်နဲ့ တခြားအရာရှိတွေကို နိုင်ငံတော်ခန်းမအသစ်ဆီ လာလည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ မြို့တော်ဝန်က အဆောက်အအုံရဲ့ အရည်အသွေး၊ ဒီဇိုင်းနဲ့ လှပတဲ့ဥယျာဉ်ကိုကြည့်ပြီး လေးစားသွားတယ်။ “ဒီခန်းမရဲ့ သန့်ရှင်းမှုက ခင်ဗျားတို့ရဲ့ စစ်မှန်တဲ့ယုံကြည်မှုကို ထင်ဟပ်ပြတယ်” လို့ သူပြောတယ်။

ကျွန်တော်တို့ရဲ့ အပြုအမူအားဖြင့် ယေဟောဝါကို မလေးစားကြောင်း တင်ပြမိနိုင်တယ် (အပိုဒ် ၇၊ ၈ ကိုကြည့်ပါ)

၇၊ ၈။ နိုင်ငံတော်ခန်းမမှာ ယေဟောဝါကို လေးစားကြောင်း ဘယ်လိုတင်ပြကြသလဲ။

ကျွန်တော်တို့ရဲ့ အပြုအမူနဲ့ ဝတ်စားဖြီးလိမ်းပုံက အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်တဲ့ ယေဟောဝါကို လေးစားကြောင်း ဖော်ပြနေသင့်တယ်။ ဒါကြောင့် တစ်ဖက်စွန်းရောက်တာမျိုးကို ရှောင်ရမယ်။ အစည်းအဝေးတွေမှာ ကျွန်တော်တို့ရဲ့ အပြုအမူက တင်းကျပ်လွန်းတာမျိုး မဖြစ်သင့်သလို လျော့ရဲလွန်းတာမျိုးလည်း မဖြစ်သင့်ဘူး။ ယေဟောဝါဟာ ကျွန်တော်တို့နဲ့ ဧည့်သည်တွေကို သက်သောင့်သက်သာ ဖြစ်စေချင်တာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း အစည်းအဝေးတွေကို မလေးစားတဲ့သဘော ဘယ်နည်းနဲ့မှ မတင်ပြသင့်ဘူး။ ဒါကြောင့် ဖိုသီဖတ်သီ၊ ဖြစ်ကတတ်ဆန်း မဝတ်ဆင်ကြဘူး။ အစည်းအဝေးချိန်အတွင်း စာပို့တာ၊ စကားပြောတာ၊ စားသောက်တာတွေ မလုပ်ကြဘူး။ မိဘတွေလည်း သားသမီးတွေကို နိုင်ငံတော်ခန်းမမှာ မပြေးဖို့၊ မဆော့ဖို့ ဆုံးမထားသင့်တယ်။—ဒေ. ၃:၁

ဗိမာန်တော်မှာ လူတွေ အရောင်းအဝယ်လုပ်နေတာကို ယေရှု မြင်တဲ့အခါ စိတ်ဆိုးပြီး အားလုံးကို မောင်းထုတ်ပစ်တယ်။ (ယော. ၂:၁၃-၁၇) နိုင်ငံတော်ခန်းမတွေဟာ ယေဟောဝါကို ဝတ်ပြုပြီး ကိုယ်တော့်အကြောင်း သင်ယူတဲ့နေရာဖြစ်တယ်။ ဒါကြောင့် အဲဒီမှာ စီးပွားရေးကိစ္စတွေ မလုပ်ဆောင်သင့်ဘူး။—နေဟမိ ၁၃:၇၊ ၈ နဲ့နှိုင်းယှဉ်ပါ။

နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ ကူညီထောက်ပံ့ခြင်း

၉၊ ၁၀။ (က) ယေဟောဝါရဲ့လူမျိုးဟာ နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ဖို့ ဘယ်လို ကူညီထောက်ပံ့ကြသလဲ။ ဘာရလဒ် ရရှိသလဲ။ (ခ) ငွေကြေးမတတ်နိုင်တဲ့ အသင်းတော်တွေ ကိုယ်ပိုင်နိုင်ငံတော်ခန်းမ ဆောက်လုပ်နိုင်ဖို့ ယေဟောဝါရဲ့အဖွဲ့အစည်းက ဘယ်လိုကူညီပေးသလဲ။

ကမ္ဘာတစ်ဝန်းက ယေဟောဝါရဲ့လူမျိုးဟာ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ ကူညီထောက်ပံ့နေကြတယ်။ လုပ်အားခမယူတဲ့ စေတနာ့ဝန်ထမ်းတွေက နိုင်ငံတော်ခန်းမတွေကို ဒီဇိုင်းဆွဲ၊ တည်ဆောက်ပြီး ပြုပြင်ထိန်းသိမ်းပေးကြတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ နိုင်ငံတော်ခန်းမပေါင်း ၂၈,၀၀၀ ကျော် ဆောက်လုပ်နိုင်ခဲ့တယ်။ အဲဒါက နေ့တိုင်း နိုင်ငံတော်ခန်းမ ၅ လုံး ဆောက်လုပ်ပြီးစီးတဲ့သဘောဖြစ်တယ်။

၁၀ ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ လိုအပ်တဲ့နေရာတိုင်းမှာ နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်။ ငွေကြေးတတ်နိုင်သူက မတတ်နိုင်သူကို ကူညီရမယ်ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကျွန်တော်တို့ လိုက်နာကြတယ်။ (၂ ကောရိန္သု ၈:၁၃–၁၅ ကိုဖတ်ပါ။) ဘာရလဒ် ရရှိသလဲ။ ငွေကြေးမတတ်နိုင်တဲ့ အသင်းတော်တွေအတွက် နိုင်ငံတော်ခန်းမများစွာ ဆောက်လုပ်ပေးနိုင်ခဲ့တယ်။

၁၁။ နိုင်ငံတော်ခန်းမအသစ်နဲ့ပတ်သက်ပြီး ညီအစ်ကိုတချို့ ဘာပြောကြသလဲ။ သင်ရော ဘယ်လိုခံစားရသလဲ။

၁၁ ကော်စတာရီကာနိုင်ငံ၊ အသင်းတော်တစ်ခုက ညီအစ်ကိုတွေ အခုလိုရေးခဲ့တယ်– “နိုင်ငံတော်ခန်းမရှေ့ရောက်တိုင်း အိပ်မက်မက်နေသလို ခံစားရတယ်။ မယုံနိုင်လောက်အောင်ပဲ။ ဒီခန်းမကို ရှစ်ရက်တည်းနဲ့ အချောသပ်နိုင်ခဲ့တယ်။ ဒါက ယေဟောဝါရဲ့ ကောင်းချီး၊ အဖွဲ့အစည်းရဲ့ စီစဉ်မှုနဲ့ ချစ်ရတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ ထောက်ပံ့မှုကြောင့်ပဲ။ ဒီခန်းမဟာ ယေဟောဝါပေးတဲ့ အဖိုးတန်ရတနာပါပဲ။ အတိုင်းထက်အလွန် ဝမ်းမြောက်မိတယ်။” ညီအစ်ကိုညီအစ်မတွေရဲ့ ကျေးဇူးတင်စကားကို ကြားရတဲ့အခါ ကျွန်တော်တို့လည်း ပျော်ရွှင်ကြတယ်။ ကမ္ဘာတစ်ဝန်းက ညီအစ်ကိုညီအစ်မတွေ ကိုယ်ပိုင်ခန်းမ ရရှိနိုင်ပြီဖြစ်လို့ ဝမ်းသာကြတယ်။ နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ပြီးသွားတာနဲ့ ယေဟောဝါအကြောင်း လေ့လာဖို့ အစည်းအဝေးတက်သူအရေအတွက် ပိုများလာလေ့ရှိတယ်။ ဒါကြောင့် ဒီလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးနေတာ ထင်ရှားပါတယ်။—ဆာ. ၁၂၇:၁

၁၂။ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို သင် ဘယ်လို ကူညီထောက်ပံ့နိုင်သလဲ။

၁၂ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို သင် ဘယ်လို ကူညီထောက်ပံ့နိုင်သလဲ။ စေတနာ့ဝန်ထမ်းအနေနဲ့ ကူညီပေးနိုင်တယ်။ ဆောက်လုပ်ရေးအတွက် ငွေကြေးလှူဒါန်းနိုင်တယ်။ ဒီလုပ်ငန်းကို အတတ်နိုင်ဆုံး ထောက်ပံ့မယ်ဆိုရင် ပေးကမ်းမှုကရတဲ့ ပျော်ရွှင်မှုကို ခံစားရမယ်။ ပိုအရေးကြီးတာက ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းနိုင်မယ်။ ကျွန်တော်တို့ဟာ ဝတ်ပြုရာနေရာတွေ ဆောက်လုပ်ဖို့ ထက်ထက်သန်သန် ငွေကြေးထောက်ပံ့ခဲ့တဲ့ ကျမ်းစာခေတ်က ဘုရားသခင့်လူမျိုးရဲ့ စံနမူနာကို တုပနေကြတယ်။—ထွ. ၂၅:၂; ၂ ကော. ၉:၇

နိုင်ငံတော်ခန်းမကို သန့်သန့်ရှင်းရှင်းထားခြင်း

၁၃၊ ၁၄။ ဘယ်ကျမ်းစာလမ်းညွှန်ချက်တွေက နိုင်ငံတော်ခန်းမကို သန့်ရှင်းသပ်ရပ်အောင်ထားခြင်းနဲ့ သက်ဆိုင်သလဲ။

၁၃ ယေဟောဝါဟာ သန့်ရှင်းပြီး စည်းစနစ်ကျတဲ့ ဘုရားဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်ခန်းမကို သန့်ရှင်းသပ်ရပ်အောင် ထားရမယ်။ (၁ ကောရိန္သု ၁၄:၃၃၊ ၄၀ ကိုဖတ်ပါ။) ယေဟောဝါရဲ့ နှစ်သက်မှုရချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု၊ အတွေးအခေါ်နဲ့ လုပ်ရပ်တွေသာမက ကိုယ်ခန္ဓာကိုပါ သန့်ရှင်းအောင်ထားရမယ်။—ဗျာ. ၁၉:၈

၁၄ နိုင်ငံတော်ခန်းမကို သန့်ရှင်းသပ်ရပ်အောင်ထားတဲ့အခါ လူတွေကို ဂုဏ်ယူဝင့်ကြွားစွာ အစည်းအဝေး ဖိတ်နိုင်မယ်။ သန့်ရှင်းတဲ့ကမ္ဘာသစ်အကြောင်း ဟောတဲ့အတိုင်း ကျွန်တော်တို့ တကယ်ကျင့်သုံးတယ်ဆိုတာ လူတွေ မြင်လာလိမ့်မယ်။ အဲဒီအပြင် ကျွန်တော်တို့ ဝတ်ပြုနေတဲ့ ဘုရားဟာ သန့်ရှင်းပြီး မကြာခင် ကမ္ဘာကို လှပတဲ့ပရဒိသုအဖြစ် ပြောင်းလဲပေးတော့မယ်ဆိုတာ သူတို့ သိရှိလာလိမ့်မယ်။—ဟေရှာ. ၆:၁-၃; ဗျာ. ၁၁:၁၈

၁၅၊ ၁၆။ (က) နိုင်ငံတော်ခန်းမကို သန့်ရှင်းအောင်ထားဖို့ ဘာကြောင့် အမြဲမလွယ်ကူသလဲ။ ဒါပေမဲ့ ဘာကြောင့် သန့်ရှင်းအောင်ထားရမလဲ။ (ခ) သင့်ဒေသမှာ နိုင်ငံတော်ခန်းမ သန့်ရှင်းရေးအတွက် ဘယ်လိုအစီအစဉ်တွေ ရှိသလဲ။ ကျွန်တော်တို့အားလုံး ဘယ်အခွင့်ထူး ရရှိထားသလဲ။

၁၅ သန့်ရှင်းမှုနဲ့ပတ်သက်ပြီး လူတိုင်းမှာ ဘာကြောင့် အမြင်အမျိုးမျိုးရှိကြသလဲ။ ကြီးပြင်းလာတဲ့ပုံစံကြောင့် ဖြစ်နိုင်တယ်။ တချို့က ဖုန်ထူ၊ ဗွက်ထူပြီး ညစ်ပတ်တဲ့လမ်းတွေရှိတဲ့ ဒေသတွေမှာ နေထိုင်ကြတယ်။ တချို့ဒေသမှာ ရေ ဒါမှမဟုတ် သန့်ရှင်းရေးပစ္စည်း အလုံအလောက်မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်မှာပဲနေထိုင်ပါစေ၊ သန့်ရှင်းရေးနဲ့ပတ်သက်ပြီး ကိုယ့်ဝန်းကျင်ကလူတွေမှာ ဘယ်လိုအမြင်မျိုးပဲ ရှိပါစေ နိုင်ငံတော်ခန်းမကိုတော့ သန့်ရှင်းသပ်ရပ်အောင် ထားသင့်တယ်။ အဲဒီနေရာဟာ ယေဟောဝါကို ဝတ်ပြုတဲ့နေရာဖြစ်တယ်။—တရား. ၂၃:၁၄

၁၆ နိုင်ငံတော်ခန်းမကို အတတ်နိုင်ဆုံး သန့်ရှင်းအောင်ထားဖို့ဆိုရင် စည်းစနစ်ကျဖို့ လိုအပ်တယ်။ အကြီးအကဲတွေဟာ အသင်းတော်အတွက် ဇယားဆွဲပြီး သန့်ရှင်းရေးပစ္စည်းကိရိယာတွေ အမြဲတမ်း အလုံအလောက်ရှိအောင် သေချာစီစဉ်ပေးတယ်။ လုပ်ဖြစ်အောင်လည်း ကြီးကြပ်ပေးတယ်။ အစည်းအဝေးပြီးတိုင်း သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တာတွေရှိသလို မလိုအပ်တာတွေလည်း ရှိတယ်။ ကျွန်တော်တို့အားလုံးဟာ နိုင်ငံတော်ခန်းမသန့်ရှင်းရေးမှာ ပါဝင်ကူညီဖို့ အခွင့်ထူးရရှိထားတယ်။

နိုင်ငံတော်ခန်းမကို ပြုပြင်ထိန်းသိမ်းခြင်း

၁၇၊ ၁၈။ (က) ဝတ်ပြုရာနေရာကို ပြုပြင်ထိန်းသိမ်းခဲ့တဲ့ ဘယ်ရှေးခေတ်ပုံနမူနာတွေ ရှိသလဲ။ (ခ) နိုင်ငံတော်ခန်းမကို ဘာကြောင့် ပြုပြင်ထိန်းသိမ်းရမလဲ။

၁၇ ယေဟောဝါရဲ့လူမျိုးဟာ နိုင်ငံတော်ခန်းမတွေကို ပြုပြင်ထိန်းသိမ်းဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ယေဟောဝါရဲ့ ရှေးခေတ်ကျေးကျွန်တွေလည်း အဲဒီလိုလုပ်ဆောင်ခဲ့တယ်။ ဥပမာ၊ ယုဒဘုရင်ယောရှ လက်ထက်မှာ လူတွေက ဗိမာန်တော်တည်ဆောက်ဖို့ အလှူငွေထည့်ကြတယ်။ ဗိမာန်တော် အပျက်အယွင်းမှန်သမျှကို အဲဒီအလှူငွေနဲ့ ပြုပြင်ဖို့ ယဇ်ပုရောဟိတ်တွေကို ဘုရင် မိန့်မှာတယ်။ (၄ ရာ. ၁၂:၄၊ ၅) နှစ်ပေါင်း ၂၀၀ ကြာပြီးနောက် ဘုရင်ယောရှိလည်း ဗိမာန်တော် အလှူငွေတွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ အသုံးပြုခဲ့တယ်။၂ ရာဇဝင်ချုပ် ၃၄:၉–၁၁ ကိုဖတ်ပါ။

၁၈ နိုင်ငံတချို့မှာ လူတွေက အဆောက်အအုံတွေ၊ ပစ္စည်းကိရိယာတွေကို ပြုပြင်ထိန်းသိမ်းလေ့မရှိဘူးဆိုတာ ဌာနခွဲကော်မတီတချို့ သတိထားမိတယ်။ ဘယ်လိုပြုပြင်ထိန်းသိမ်းရမယ်ဆိုတာ မသိလို့ ဒါမှမဟုတ် ငွေမတတ်နိုင်လို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ နိုင်ငံတော်ခန်းမကို လိုအပ်ချိန်မှာ မပြုပြင်ဘူးဆိုရင် တဖြည်းဖြည်း ပျက်စီးလာပြီး လူတွေ သတိထားမိလာနိုင်တယ်။ ကောင်းတဲ့သက်သေခံမှုလည်း ဖြစ်နိုင်တော့မှာမဟုတ်ဘူး။ အဲဒီအစား နိုင်ငံတော်ခန်းမကို အတတ်နိုင်ဆုံး ပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် ယေဟောဝါကို ဂုဏ်တင်ရာရောက်သလို ညီအစ်ကိုညီအစ်မတွေရဲ့ အလှူငွေကို ချွေတာရာလည်း ရောက်တယ်။

နိုင်ငံတော်ခန်းမ သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးကို လျစ်လျူမရှုသင့်ဘူး (အပိုဒ် ၁၆၊ ၁၈ ကိုကြည့်ပါ)

၁၉။ ဝတ်ပြုရာနေရာကို လေးစားကြောင်းပြဖို့ သင် ဘာလုပ်ဆောင်နိုင်သလဲ။

၁၉ နိုင်ငံတော်ခန်းမဆိုတာ ယေဟောဝါကို ဆက်ကပ်အပ်နှံထားတဲ့ အဆောက်အအုံဖြစ်တယ်။ အဲဒါကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်အသင်းတော်ကမှ မပိုင်ဆိုင်ဘူး။ ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း ကျမ်းစာလမ်းညွှန်ချက်တွေက ဝတ်ပြုရာနေရာတွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့သဘောထားရှိဖို့ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ ကျွန်တော်တို့က ယေဟောဝါကို ရိုသေလေးစားတဲ့အတွက် အစည်းအဝေးတွေနဲ့ နိုင်ငံတော်ခန်းမကို လေးစားမှု ပြကြတယ်။ နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်နိုင်ဖို့ အလှူငွေ ထည့်ဝင်ကြတယ်။ ခန်းမတွေကို ပြုပြင်ထိန်းသိမ်းဖို့၊ သန့်သန့်ရှင်းရှင်းထားဖို့ ကြိုးစားလုပ်ဆောင်ကြတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ဝတ်ပြုရာနေရာအတွက် ယေရှုတင်ပြခဲ့တဲ့ စိတ်ထက်သန်မှုမျိုး တင်ပြနိုင်ပါတယ်။—ယော. ၂:၁၇

^ စာပိုဒ်၊ 2 ဒီဆောင်းပါးက နိုင်ငံတော်ခန်းမတွေအကြောင်း အဓိကဆွေးနွေးထားပေမဲ့ စည်းဝေးပွဲခန်းမတွေ၊ ယေဟောဝါကိုဝတ်ပြုတဲ့ တခြားနေရာတွေနဲ့လည်း သက်ဆိုင်ပါတယ်။