မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ရိုးအတဲ့သူက ပြောသမျှယုံတတ်တယ်’

‘ရိုးအတဲ့သူက ပြောသမျှယုံတတ်တယ်’

“သတင်းစာမဖတ်သူဟာ လူမိုက်ပဲ။ ဒါပေမဲ့ သတင်းစာထဲပါရုံနဲ့ ပါသမျှယုံသူဟာ အဲဒီလူမိုက်ထက် ပိုမိုက်တယ်။”—သြဂတ်စ် ဗောန် ရှလော့ဆာ၊ ဂျာမန်သမိုင်းပညာရှင်နဲ့ စာရေးဆရာ (၁၇၃၅–၁၈၀၉)။

လူတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ် ၂၀၀ ကျော်တုန်းကတောင် သတင်းစာထဲပါသမျှကို ယုံလို့မရဘူးဆိုရင် ဒီနေ့ခေတ် အင်တာနက်မှာပါသမျှကို ပိုလို့တောင် ယုံလို့မရတော့ဘူး။ ခေတ်သစ်နည်းပညာကြောင့် အွန်လိုင်းမှာ သတင်းအချက်အလက် အမြောက်အမြား ရရှိနိုင်ပြီ။ မှန်တဲ့၊ အသုံးဝင်တဲ့၊ အန္တရာယ်ကင်းတဲ့ သတင်းအချက်အလက်တွေ ရှိသလို မှားတဲ့၊ အသုံးမဝင်တဲ့၊ အန္တရာယ်ရှိတဲ့ သတင်းအချက်အလက်တွေလည်း ရှိတယ်။ ဒါကြောင့် သေချာစိစစ်ရွေးချယ်ရမယ်။ အင်တာနက် စသုံးတဲ့သူတချို့ဟာ သတင်းတစ်ပုဒ်ကို အွန်လိုင်းပေါ်မှာတွေ့ရုံ၊ သူငယ်ချင်းတစ်ယောက်ဆီက အီးမေးလ်ရရုံနဲ့ ယုံတတ်ကြတယ်။ မဖြစ်နိုင်လောက်အောင် ထူးဆန်းနေတဲ့ သတင်းကိုလည်း ယုံတတ်ကြတယ်။ ‘ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်’ လို့ ကျမ်းစာမှာ သတိပေးထားတယ်။—သု. ၁၄:၁၅ကဘ။

ရိုးအသူ၊ ပြောသမျှယုံတဲ့ လူမိုက်နဲ့ ဆန့်ကျင်ဘက်ကတော့ အမြော်အမြင်ရှိသူပဲ။ အမြော်အမြင်ရှိသူဟာ သေချာစိစစ်ရွေးချယ်တယ်။ မှန်တယ်လို့သိထားတဲ့အရာကိုပဲ ယုံတယ်။ သူ့ကို လှည့်စားလို့မရဘူး။ အင်တာနက်မှာ ဘယ်လောက်ရေပန်းစားနေတဲ့ သတင်းဖြစ်ပါစေ သတင်းမှားတွေကို မယုံဘူး။ အမြော်အမြင်ရှိအောင် သင့်ကို ဘာက ကူညီပေးနိုင်သလဲ။ ဦးဆုံး၊ ကိုယ့်ကိုယ်ကိုယ် အခုလိုမေးပါ– ‘ဒီသတင်းဟာ ယုံကြည်စိတ်ချရတဲ့ တရားဝင်ဝက်ဘ်ဆိုက်ကလား။ ဒါမှမဟုတ် ဘယ်သူမဆို ဝေဖန်အကြံပြုနိုင်တဲ့ ဝက်ဘ်ဆိုက်ကလား။ ဇာစ်မြစ်မသေချာတဲ့ ဝက်ဘ်ဆိုက်ကလား။ ယုံကြည်စိတ်ချရတဲ့ ဝက်ဘ်ဆိုက်တစ်ခုခုက ဒီသတင်းကို သတင်းမှားအဖြစ် ဖော်ပြထားသလား။’ * ပြီးနောက် ကိုယ့်ရဲ့ ‘ဆင်ခြင်ဉာဏ်’ ကို အသုံးပြုပါ။ (သု. ၇:၇ကဘ) သတင်းတစ်ပုဒ်ဟာ ယုတ္တိရှိပုံမရဘူးဆိုရင် တကယ်ယုတ္တိမရှိတာဖြစ်နိုင်တယ်။ အဲဒီအပြင် တခြားသူတွေရဲ့ မကောင်းသတင်းတွေကို ဖတ်ရတဲ့အခါ ဒီသတင်းကို ဖြန့်လိုက်ရင် ဘယ်သူအကျိုးရမလဲ၊ တစ်ယောက်ယောက်က ဒီသတင်းကို ဘာကြောင့်ပျံ့စေချင်သလဲဆိုတာ စဉ်းစားပါ။

အီးမေးလ်တွေကို တခြားသူတွေဆီ ငါ အမြဲလက်ဆင့်ကမ်းပို့ပေးသလား

လူတချို့က သတင်းမှန်မမှန် မစစ်ဘဲ၊ ပို့ပြီးနောက် ဘာဖြစ်နိုင်တယ်ဆိုတာ မစဉ်းစားဘဲ သတင်းတွေကို ကိုယ်နဲ့အဆက်အသွယ်ရှိသူအားလုံးဆီ လက်ဆင့်ကမ်းပို့ပေးကြတယ်။ လူတွေရဲ့အာရုံစိုက်မှုကို အမြဲရချင်လို့၊ ဦးဆုံးသတင်းဖြန့်သူဖြစ်ချင်လို့ ဖြစ်နိုင်တယ်။ (၂ ရာ. ၁၃:၂၈-၃၃) ဒါပေမဲ့ အမြော်အမြင်ရှိသူဟာ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို စဉ်းစားတယ်။ ဥပမာ၊ အဲဒီသတင်းကြောင့် လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားနိုင်တယ်။

သတင်းမှန်မမှန် စစ်ဆေးရတာ အချိန်စားပြီး လူပင်ပန်းတယ်။ ဒါကြောင့်လည်း သတင်းပို့သူတွေက မစစ်ဆေးတာဖြစ်တယ်။ လက်ခံရရှိသူ စစ်ဆေးမှာပေါ့လို့ လွယ်လွယ်တွေးကြတယ်။ ဒါပေမဲ့ ကိုယ့်အချိန်ပဲ တန်ဖိုးရှိတာမဟုတ်ဘူး။ လက်ခံရရှိသူတွေရဲ့ အချိန်လည်း တန်ဖိုးရှိတယ်။ (ဧ. ၅:၁၅၊ ၁၆) ဒါကြောင့် မသေချာတဲ့သတင်းတွေကို ပို့လိုက်မယ့်အစား “ငါမှမသေချာတာ။ ဖျက်လိုက်တာကောင်းပါတယ်” လို့ တွေးသင့်တယ်။

ကိုယ့်ကိုယ်ကိုယ် အခုလိုမေးပါ– ‘အီးမေးလ်တွေကို တခြားသူတွေဆီ ငါ အမြဲလက်ဆင့်ကမ်းပို့ပေးသလား။ သတင်းမှားပေးမိလို့ မိတ်ဆွေတွေကို တောင်းပန်ရတာမျိုး ဖြစ်ဖူးသလား။ အီးမေးလ်တွေ မပို့ပေးပါနဲ့တော့လို့ တစ်ယောက်ယောက် တားရတာမျိုး ကြုံဖူးသလား။’ သင့်မိတ်ဆွေတွေမှာ အီးမေးလ်ရှိတယ်ဆိုကတည်းက အင်တာနက်သုံးနိုင်သူတွေဖြစ်မှန်း၊ သူတို့စိတ်ဝင်စားရာကို ရှာဖွေဖို့ သင့်အကူအညီကို မလိုအပ်မှန်း သတိရပါ။ ဟာသပုံပြင်၊ ဗီဒီယို၊ ဓာတ်ပုံတွေပါတဲ့ အီးမေးလ်တစ်ပုံတစ်ခေါင်းကြီးကို သူတို့မလိုချင်ဘူး။ အသံသွင်းထားတဲ့ ဒါမှမဟုတ် အသေးစိတ်မှတ်စုယူထားတဲ့ ကျမ်းစာဟောပြောချက်တွေကို ပို့ပေးတာလည်း ပညာမဲ့ရာကျတယ်။ * သင့်မိတ်ဆွေဟာ သင်ပို့ပေးတဲ့ အချက်အလက်ကို အလွယ်ရလိုက်တာထက် ကိုယ်တိုင်ရှာဖွေလေ့လာ၊ ကျမ်းချက်တွေ ကိုယ်တိုင်လိုက်ကြည့်၊ အစည်းအဝေးအတွက် မှတ်ချက်တွေကို ကိုယ်တိုင်ပြင်ဆင်မှသာ ပိုအကျိုးရရှိမယ်ဆိုတာလည်း အမှတ်ရပါ။

ဒီသတင်းကို . . . တစ်ယောက်ယောက်ဆီ ငါ လက်ဆင့်ကမ်းပို့ပေးသင့်သလား

ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အလိမ်အညာစကားတွေကို အင်တာနက်မှာ တွေ့ရတဲ့အခါ သင် ဘာလုပ်သင့်သလဲ။ ချက်ချင်းပိတ်ပစ်လိုက်ပါ။ အဲဒါတွေကို မယုံပါနဲ့။ ကိုယ်ဖတ်ရတဲ့အကြောင်းကို တခြားသူတွေဆီ ဝေမျှတာ၊ ထင်မြင်ချက်တောင်းခံတာတွေဟာ ပညာမဲ့ရာကျတယ်။ အကြောင်းကတော့ အန္တရာယ်ရှိတဲ့အချက်အလက်တွေကို ပိုပျံ့စေလို့ပဲ။ အင်တာနက်မှာဖတ်ရတဲ့ အကြောင်းအရာတစ်ခုခုကြောင့် သင် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် ဉာဏ်ပညာရဖို့ ယေဟောဝါဆီဆုတောင်းပါ။ ရင့်ကျက်တဲ့ညီအစ်ကိုတွေနဲ့ စကားပြောပါ။ (ယာ. ၁:၅၊ ၆; ယု. ၂၂၊ ၂၃) အဖွဲ့အစည်းနဲ့ပတ်သက်ပြီး လူတွေ လိမ်ညာပြောတာကို မအံ့သြသင့်ဘူး။ ယေရှုတောင် မဟုတ်မမှန် ပြောဆိုခံရတာပဲ။ ရန်သူတွေက တပည့်တွေကို ညှဉ်းပန်းနှိပ်စက်ပြီး “မဟုတ်မမှန် ပြစ်တင်ပြောဆို” ကြမယ်လို့ ယေရှု သတိပေးခဲ့တယ်။ (မ. ၅:၁၁; ၁၁:၁၉; ယော. ၁၀:၁၉-၂၁) ဒါကြောင့် မဟုတ်မမှန်စကားလား၊ လှည့်စားတဲ့စကားလားဆိုတာ ပိုင်းခြားသိနိုင်အောင် သင့်ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုပါ။—သု. ၂:၁၀-၁၆

တခြားသူတွေကို လေးစားကြောင်း တင်ပြပါ

ညီအစ်ကိုညီအစ်မတွေရဲ့ သတင်းတွေကို ဖြန့်တာ၊ တွေ့ကြုံမှုတွေ ဝေမျှတာကိုလည်း သတိထားရမယ်။ သတင်းအချက်အလက်တစ်ခု မှန်တယ်ဆိုရင်တောင် အမြဲဖြန့်သင့်တာမဟုတ်ဘူး။ ဖြန့်ဖို့ မသင့်တော်တဲ့အခါမျိုး၊ ဖြန့်လိုက်လို့ မေတ္တာပြရာမကျတဲ့အခါမျိုးတွေ ရှိနိုင်တယ်။ (မ. ၇:၁၂) ဥပမာ၊ တခြားသူတွေရဲ့ မကောင်းသတင်းတွေကို ပို့ပေးတာက မေတ္တာပြရာ၊ အားပေးတည်ဆောက်ရာမကျဘူး။ (၂ သက်. ၃:၁၁; ၁ တိ. ၅:၁၃) တချို့သတင်းတွေက လျှို့ဝှက်ထားရမယ့်ကိစ္စတွေဖြစ်တယ်။ သက်ဆိုင်သူတွေက အဲဒီသတင်းအချက်အလက်ကို နောက်ပိုင်းမှ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ အသိပေးဖို့ ရည်ရွယ်ထားတာဖြစ်နိုင်တယ်။ ဒါကြောင့် ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ အသိပေးမယ်ဆိုတဲ့ လူတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားကြောင်း ကျွန်တော်တို့ တင်ပြသင့်တယ်။ တကယ်တော့ တခြားသူတွေကို ဦးဦးဖျားဖျား သတင်းပေးလိုက်လို့ အကြီးအကျယ် ထိခိုက်စရာတွေ ဖြစ်လာနိုင်တယ်။

ဒီနေ့ခေတ်မှာ သတင်းတွေဟာ မှန်မှန်,မှားမှား၊ အသုံးဝင်ဝင်,မဝင်ဝင်၊ အန္တရာယ်ရှိရှိ,မရှိရှိ ချက်ချင်း ပျံ့သွားနိုင်တယ်။ သင်က လူတစ်ယောက်ဆီပဲ မက်ဆေ့ခ်ျပို့လိုက်ပေမဲ့ အဲဒီလူက စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးက လူတွေဆီ ပြန်ပို့နိုင်တယ်။ ဒါကြောင့် ကိုယ်သိတဲ့လူတွေဆီ သတင်းအချက်အလက်တွေ ချက်ချင်းပို့ပေးချင်စိတ်ကို တွန်းလှန်ပါ။ မေတ္တာဟာ သံသယမဖြစ်ဘဲ “အရာရာကို ယုံတတ်” ပေမဲ့ စိတ်ဝင်စားစရာ သတင်းအချက်အလက်တိုင်းကိုယုံတဲ့ ရိုးအသူတော့ မဖြစ်သင့်ဘူး။ (၁ ကော. ၁၃:၇) ကျွန်တော်တို့ဟာ ကိုယ်ချစ်တဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ ညီအစ်ကိုညီအစ်မတွေအကြောင်း မဟုတ်မမှန်၊ မလိုမုန်းထားစကားတွေကို ဘယ်တော့မှ ယုံမှာမဟုတ်ဘူး။ အဲဒီအလိမ်အညာစကားတွေကို အစပြုဖြန့်ဝေသူတွေဟာ “မုသာ၏အဖ” စာတန်မာရ်နတ်ရဲ့ အလိုလိုက် အကြိုက်ဆောင်နေတယ်ဆိုတာ သတိရပါ။ (ယော. ၈:၄၄) ဒါကြောင့် နေ့စဉ်ရရှိနေတဲ့ သတင်းအချက်အလက်တွေကို အသုံးပြုပုံနဲ့ပတ်သက်ပြီး အမြော်အမြင်ရှိကြောင်း တင်ပြကြပါစို့။ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုကြပါစို့။ ကျမ်းစာပြောတဲ့အတိုင်း ‘ရိုးအတဲ့သူက မိုက်မဲခြင်းကို အမွေရလိမ့်မယ်။ အမြော်အမြင်ရှိသူကတော့ အသိပညာကို သရဖူဆောင်းရလိမ့်မယ်။’—သု. ၁၄:၁၈ကဘ။

^ စာပိုဒ်၊ 4 လူတွေဟာ မှားမှန်းဖော်ထုတ်ခံရပြီးသား သတင်းတစ်ပုဒ်ကို အမှန်လို့ထင်ရအောင် အနည်းငယ်ပြောင်းလဲပြီး ထပ်ခါထပ်ခါ ပြန်တင်လေ့ရှိတယ်။

^ စာပိုဒ်၊ 8 ၂၀၁၀၊ ဧပြီ၊ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုပါ “မေးခွန်းသေတ္တာ” ကိုကြည့်ပါ။