မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ဟာ “လူသားချင်းကို ကိုယ်နှင့်အမျှချစ်” သလား

သင်ဟာ “လူသားချင်းကို ကိုယ်နှင့်အမျှချစ်” သလား

“လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။”—. ၂၂:၃၉

သီချင်း– ၇၃၊ ၃၆

၁၊ ၂။ မေတ္တာရဲ့အရေးကြီးမှုကို ကျမ်းစာက ဘယ်လိုဖော်ပြသလဲ။

မေတ္တာဟာ ယေဟောဝါရဲ့ အဓိကအရည်အသွေးဖြစ်တယ်။ (၁ ယော. ၄:၁၆) ယေဟောဝါ ဦးဆုံးဖန်ဆင်းခဲ့တဲ့ ယေရှုခရစ်ဟာ ဖခင်ယေဟောဝါနဲ့အတူ ကောင်းကင်မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ဘုရားသခင့်မေတ္တာကို သင်ယူသိရှိခဲ့တယ်။ (ကော. ၁:၁၅) ယေရှုဟာ အဲဒီမေတ္တာကို ကောင်းကင်မှာရော မြေကြီးမှာပါ အသက်တာတစ်လျှောက်လုံး တင်ပြတယ်။ ဒါကြောင့် ယေဟောဝါနဲ့ ယေရှုရဲ့အုပ်ချုပ်မှုဟာ အမြဲမေတ္တာပြည့်ဝမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။

အကြီးမြတ်ဆုံးပညတ်က ဘာပညတ်လဲလို့ ယေရှုကို လူတစ်ယောက်မေးမြန်းချိန်မှာ ယေရှု အခုလိုပြန်ဖြေတယ်– “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏။ ဤပညတ်နှင့်ဆင်တူသည့် ဒုတိယပညတ်ကား ‘လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ဖြစ်၏။”—မ. ၂၂:၃၇-၃၉

၃။ “လူသားချင်း” မှာ ဘယ်သူတွေပါဝင်သလဲ။

ဘဝကဏ္ဍအားလုံးမှာ မေတ္တာပြဖို့ အရေးကြီးတယ်။ ယေဟောဝါကိုရော လူသားချင်းကိုပါ ချစ်ရမယ်လို့ ယေရှုပြောတယ်။ ဒါပေမဲ့ “လူသားချင်း” မှာ ဘယ်သူတွေပါဝင်သလဲ။ သင်ဟာ အိမ်ထောင်သည်ဖြစ်မယ်ဆိုရင် သင့်ရဲ့အရင်းနှီးဆုံးလူသားဟာ သင့်အိမ်ထောင်ဖက်ဖြစ်တယ်။ လူသားချင်းထဲမှာ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေလည်း ပါဝင်တယ်။ အမှုဆောင်လုပ်ငန်းမှာ ဆုံတွေ့ရသူတွေလည်း ပါဝင်တယ်။ လူသားချင်းကို ဘယ်လိုမေတ္တာပြနိုင်တယ်ဆိုတာ ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။

သင့်အိမ်ထောင်ဖက်ကို မေတ္တာပြပါ

၄။ မစုံလင်ပေမဲ့ အောင်မြင်တဲ့အိမ်ထောင်ရေး ဘယ်လိုရရှိနိုင်သလဲ။

ယေဟောဝါဟာ အာဒံနဲ့ဧဝကို ဖန်ဆင်းပြီး ပေါင်းဖက်ပေးခဲ့တယ်။ အဲဒါဟာ ပထမဦးဆုံးအိမ်ထောင်ဖြစ်တယ်။ ဘုရားသခင်ဟာ သူတို့ရဲ့အိမ်ထောင်ကို သာယာပျော်ရွှင်စေချင်တယ်။ ကမ္ဘာကို သူတို့ရဲ့သားသမီးတွေနဲ့ ပြည့်စေချင်တယ်။ (က. ၁:၂၇၊ ၂၈) ဒါပေမဲ့ ယေဟောဝါကို သူတို့ပုန်ကန်ပြီးနောက် သူတို့ရဲ့အိမ်ထောင်ရေး ပျက်စီးသွားပြီး လူသားအားလုံး အပြစ်နဲ့သေခြင်းကို အမွေဆက်ခံခဲ့ရတယ်။ (ရော. ၅:၁၂) ဒါပေမဲ့ ဒီနေ့ခေတ်မှာ အောင်မြင်တဲ့အိမ်ထောင်ရေး ရရှိနိုင်ပါတယ်။ အိမ်ထောင်ကို အစပြုဖန်တီးရှင် ယေဟောဝါဟာ အိမ်ထောင်သည်တွေအတွက် အကောင်းဆုံးအကြံဉာဏ်ကို ကျမ်းစာမှာ ဖော်ပြပေးထားတယ်။၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပါ။

ယေဟောဝါက လင်ယောက်ျားတွေကို မေတ္တာရှိတဲ့အိမ်ထောင်ဦးစီး ဖြစ်စေချင်တယ်

၅။ အိမ်ထောင်မှာ မေတ္တာပြဖို့ ဘာကြောင့်အရေးကြီးသလဲ။

လူသားချင်းဆက်ဆံရေးကောင်းဖို့နွေးထွေးကြင်နာတဲ့မေတ္တာ မရှိမဖြစ်လိုအပ်တယ်လို့ ကျမ်းစာမှာဖော်ပြတယ်။ အထူးသဖြင့် အိမ်ထောင်မှာ အဲဒီလိုမေတ္တာ လိုအပ်တယ်။ တမန်တော်ပေါလုက မေတ္တာစစ်မေတ္တာမှန်အကြောင်း အခုလိုပြောတယ်– “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ့်အကျိုးကို မရှာတတ်။ အမျက်မထွက်တတ်။ ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်။ မတရားသောအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်။ အမှန်တရား၌ ဝမ်းမြောက်တတ်၏။ မေတ္တာသည် အရာရာကို သည်းခံတတ်၏။ အရာရာကို ယုံတတ်၏။ အရာရာကို မျှော်လင့်တတ်၏။ အရာရာကို ခံရပ်နိုင်၏။ မေတ္တာသည် အစဉ်တည်၏။” (၁ ကော. ၁၃:၄-၈) ပေါလုရဲ့စကားတွေကို သေချာတွေးတောဆင်ခြင်ပြီး လက်တွေ့ကျင့်သုံးမယ်ဆိုရင် ပျော်ရွှင်တဲ့အိမ်ထောင် တည်ဆောက်နိုင်ပါတယ်။

ပျော်ရွှင်တဲ့အိမ်ထောင် တည်ဆောက်နိုင်ပုံကို ကျမ်းစာမှာ ဖော်ပြထား (အပိုဒ် ၆၊ ၇ ကိုကြည့်ပါ)

၆၊ ၇။ (က) ဦးစီးမှုနဲ့ပတ်သက်ပြီး ကျမ်းစာဘာပြောသလဲ။ (ခ) ခရစ်ယာန်လင်ယောက်ျားတွေဟာ ဇနီးကို ဘယ်လိုပြုမူဆက်ဆံသင့်သလဲ။

အိမ်ထောင်မှာ ဘယ်သူက အိမ်ထောင်ဦးစီးဖြစ်သင့်တယ်ဆိုတာ ယေဟောဝါ ပြောထားတယ်။ ပေါလု အခုလိုပြောတယ်– “ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်ကြောင်း၊ မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်ကြောင်း၊ ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင် ဖြစ်တော်မူကြောင်းကို သင်တို့အား ငါသိစေလို၏။” (၁ ကော. ၁၁:၃) ဒါပေမဲ့ ယေဟောဝါက လင်ယောက်ျားတွေကို မေတ္တာရှိတဲ့အိမ်ထောင်ဦးစီးပဲ ဖြစ်စေချင်တယ်။ ကောက်ကျစ်ရက်စက်တဲ့ အိမ်ထောင်ဦးစီး မဖြစ်စေချင်ဘူး။ ယေဟောဝါကိုယ်တိုင်လည်း ကြင်နာမှုရှိပြီး ကိုယ်ကျိုးစွန့်တဲ့ ဦးစီးခေါင်းဆောင်ဖြစ်တယ်။ ရလဒ်အနေနဲ့ ဘုရားသခင့်မေတ္တာပါဦးစီးမှုကို ယေရှုလေးစားပြီး “ငါသည် ခမည်းတော်ကို ချစ်” တယ်လို့ ပြောခဲ့တယ်။ (ယော. ၁၄:၃၁) ယေဟောဝါသာ ယေရှုကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမယ်ဆိုရင် ယေရှု အဲဒီလိုခံစားရမှာမဟုတ်ဘူး။

ယောက်ျားဟာ ဇနီးရဲ့ ဦးစီးဖြစ်ပေမဲ့ ဇနီးကို ဂုဏ်တင်ရမယ်လို့ ကျမ်းစာပြောတယ်။ (၁ ပေ. ၃:၇) ဘယ်လိုနည်းနဲ့ ဂုဏ်တင်နိုင်သလဲ။ ဇနီးလိုအပ်တဲ့အရာကို ထည့်သွင်းစဉ်းစားပြီး သူ့ရဲ့အကြိုက်ကို ဦးစားပေးနိုင်တယ်။ “ခင်ပွန်းဖြစ်သူတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့” လို့ ကျမ်းစာပြောတယ်။ (ဧ. ၅:၂၅) မှန်ပါတယ်။ ယေရှုက တပည့်တွေအတွက် အသက်ကိုတောင် စတေးခဲ့တယ်။ လင်ယောက်ျားဟာ ယေရှုလို မေတ္တာရှိတဲ့ ဦးစီးခေါင်းဆောင်ဖြစ်မယ်ဆိုရင် ဇနီးအနေနဲ့ သူ့ကိုချစ်ဖို့၊ လေးစားဖို့၊ လက်အောက်ခံဖို့ ပိုလွယ်ကူပါလိမ့်မယ်။တိတု ၂:၃–၅ ကိုဖတ်ပါ။

သင့်ရဲ့ ညီအစ်ကိုညီအစ်မတွေကို မေတ္တာပြပါ

၈။ ညီအစ်ကိုညီအစ်မတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားမျိုး ရှိသင့်သလဲ။

ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါကိုဝတ်ပြုသူ သန်းပေါင်းများစွာရှိတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုညီအစ်မတွေ ဖြစ်တယ်။ သူတို့နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားမျိုးရှိသင့်သလဲ။ “ငါတို့သည် အခွင့်အခါသင့်နေသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။ အထူးသဖြင့် ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့ကို ကောင်းမှုပြုကြစို့” လို့ ကျမ်းစာပြောတယ်။ (ဂလ. ၆:၁၀; ရောမ ၁၂:၁၀ ကိုဖတ်ပါ။) “သင်တို့သည် ဟန်ဆောင်မှုမရှိဘဲ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်းနှင့်တကွ အမှန်တရားကို နာခံခြင်းဖြင့် သင်တို့ကိုယ်ကို စင်ကြယ်စေပြီဖြစ်ရာ အချင်းချင်း စိတ်နှလုံးထဲမှ နက်ရှိုင်းစွာ ချစ်ကြလော့” လို့ တမန်တော်ပေတရု ရေးတယ်။ “ထိုအရာအားလုံးတို့ထက် အချင်းချင်း အားကြီးသောမေတ္တာဖြင့် ချစ်ကြလော့” လို့လည်း ပေတရု ပြောတယ်။—၁ ပေ. ၁:၂၂; ၄:၈

၉၊ ၁၀။ ဘုရားသခင့်လူမျိုး ဘာကြောင့် စည်းလုံးသလဲ။

ကျွန်တော်တို့ရဲ့ ကမ္ဘာချီအဖွဲ့အစည်းဟာ ထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ ညီအစ်ကိုညီအစ်မအချင်းချင်း အားကြီးတဲ့မေတ္တာနဲ့ ချစ်ကြလို့ပဲ။ အဲဒီအပြင် ယေဟောဝါကို ချစ်ပြီး ကိုယ်တော့်ပညတ်တွေကို နာခံတဲ့အတွက် စကြဝဠာမှာ တန်ခိုးအရှိဆုံးစွမ်းအားဖြစ်တဲ့ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကျွန်တော်တို့ကို ကိုယ်တော်ကူညီထောက်မတယ်။ ဘုရားသခင့်စွမ်းအားတော်က အမှန်တကယ်စည်းလုံးတဲ့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဖြစ်နိုင်ဖို့ ကူညီပေးတယ်။၁ ယောဟန် ၄:၂၀၊ ၂၁ ကိုဖတ်ပါ။

၁၀ ခရစ်ယာန်အချင်းချင်းကြားမှာ မေတ္တာရှိဖို့လိုအပ်မှန်း ပေါလု အခုလိုအလေးပေးပြောခဲ့တယ်– “သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။ တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။ ယေဟောဝါဘုရားသည် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့လည်း ထိုနည်းတူပြုကြလော့။ ထိုအရာများအပြင် ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသော နှောင်ကြိုးဖြစ်၏။” (ကော. ၃:၁၂-၁၄) ဘယ်လိုလူမျိုး၊ နောက်ခံပဲဖြစ်ပါစေ ကျွန်တော်တို့ကြားမှာ “စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုး” ဖြစ်တဲ့မေတ္တာရှိနေလို့ ကျေးဇူးတင်စရာပဲ။

မေတ္တာနဲ့ စည်းလုံးမှုက ယေဟောဝါသက်သေတွေကို ခရစ်တော်ရဲ့ နောက်လိုက်စစ်တွေအဖြစ်၊ ကမ္ဘာတစ်ဝန်းမှာ သတင်းကောင်း ဟောဖို့ ဘုရားသခင် အသုံးပြုနေသူတွေအဖြစ် ခွဲခြားဖော်ပြတယ်

၁၁။ ဘယ်အရာက ဘုရားသခင့်အဖွဲ့အစည်းကို ခွဲခြားဖော်ပြသလဲ။

၁၁ စစ်မှန်တဲ့မေတ္တာနဲ့ စည်းလုံးမှုက ယေဟောဝါရဲ့လူမျိုးကို စစ်မှန်တဲ့ဘာသာရေး လိုက်စားသူတွေအဖြစ် ခွဲခြားဖော်ပြတယ်။ “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” လို့ ယေရှုပြောတယ်။ (ယော. ၁၃:၃၄၊ ၃၅) တမန်တော်ယောဟန်လည်း အခုလိုပြောတယ်– “ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများသည် ဤသို့ ကွဲပြားထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို ကျင့်မနေသူတိုင်း ဘုရားသခင်နှင့်မစပ်ဆိုင်။ မိမိညီအစ်ကိုကို မုန်းသောသူတိုင်းလည်း ဘုရားသခင်နှင့် မစပ်ဆိုင်။ အချင်းချင်း ချစ်ကြရမည်ဟူသော သတင်းတရားကို အစကတည်းက သင်တို့ကြားခဲ့ရပြီ။” (၁ ယော. ၃:၁၀၊ ၁၁) မေတ္တာနဲ့ စည်းလုံးမှုက ယေဟောဝါသက်သေတွေကို ခရစ်တော်ရဲ့ နောက်လိုက်စစ်တွေအဖြစ်၊ ကမ္ဘာတစ်ဝန်းမှာ သတင်းကောင်းဟောဖို့ ဘုရားသခင် အသုံးပြုနေသူတွေအဖြစ် ခွဲခြားဖော်ပြတယ်။—မ. ၂၄:၁၄

“လူအုပ်ကြီး” ကို စုသိမ်းခြင်း

၁၂၊ ၁၃။ ဒီနေ့အချိန်မှာ “လူအုပ်ကြီး” ဘာလုပ်ဆောင်နေသလဲ။ မကြာခင်မှာ သူတို့ ဘာကြုံတွေ့ရမလဲ။

၁၂ ဒီနေ့ခေတ် ယေဟောဝါရဲ့ကျေးကျွန်အများစုဟာ “လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများ အားလုံးထဲမှ ထွက်လာ” တဲ့ “လူအုပ်ကြီး” အဖွဲ့ဝင်တွေဖြစ်တယ်။ သူတို့ဟာ ‘[ဘုရားသခင့်] ပလ္လင်တော်ရှေ့၊ သိုးသငယ် [ယေရှုခရစ်] ရှေ့မှာ ရပ်နေကြ’ တယ်။ “ကြီးစွာသောဒုက္ခမှ ထွက်လာသူများ” ဖြစ်တယ်။ သူတို့ဟာ ယေရှုရဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြတဲ့အတွက် “သိုးသငယ်၏သွေးဖြင့် မိမိတို့၏ ဝတ်လုံများကို ဖြူစင်အောင် လျှော်ဖွပ်” ထားကြတယ်။ ယေဟောဝါနဲ့ ယေရှုကို ချစ်မြတ်နိုးပြီး ယေဟောဝါကို “နေ့ညမပြတ်” ဝတ်ပြုနေကြတယ်။—ဗျာ. ၇:၉၊ ၁၄၊ ၁၅

၁၃ မကြာခင်၊ “ကြီးစွာသောဒုက္ခ” မှာ ဒီဆိုးညစ်တဲ့လောကကို ဘုရားသခင် ဖျက်ဆီးပါတော့မယ်။ (မ. ၂၄:၂၁; ယေရမိ ၂၅:၃၂၊ ၃၃ ကိုဖတ်ပါ။) ဒါပေမဲ့ မိမိကျေးကျွန်တွေကို ချစ်မြတ်နိုးတဲ့အတွက် သူတို့ကို ဘုရားသခင်ကာကွယ်ပြီး ကမ္ဘာသစ်ထဲ ပို့ဆောင်ပေးပါလိမ့်မယ်။ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ နီးပါးမှာ ကတိပေးခဲ့တဲ့အတိုင်း “ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့” မှာမဟုတ်ဘူး။ ဆိုးသွမ်းမှု၊ ဆင်းရဲဒုက္ခနဲ့ သေခြင်းမရှိတော့တဲ့ ပရဒိသုမှာ အသက်ရှင်ဖို့ သင် ဆန္ဒပြင်းပြနေသလား။—ဗျာ. ၂၁:၄

၁၄။ လူအုပ်ကြီးအရေအတွက် ဘယ်လောက်တိုးများလာပြီလဲ။

၁၄ နောက်ဆုံးကာလ အစပြုတဲ့ ၁၉၁၄ တုန်းက တစ်ကမ္ဘာလုံးမှာ ဘုရားသခင့်ကျေးကျွန် ၅,၀၀၀ လောက်ပဲရှိတယ်။ လူသားချင်းကို ချစ်တဲ့မေတ္တာနဲ့ ဘုရားသခင့်စွမ်းအားတော်ရဲ့ ကူညီထောက်မမှုကြောင့် အဲဒီဘိသိက်ခံအကြွင်းအကျန် အုပ်စုငယ်လေးဟာ အခက်အခဲတွေကြား နိုင်ငံတော်သတင်းကောင်း ဟောပြောခဲ့တယ်။ ရလဒ်အနေနဲ့ မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ လူအုပ်ကြီးအဖွဲ့ဝင်တွေ စုသိမ်းခံခဲ့ရတယ်။ ဒီနေ့၊ ကမ္ဘာတစ်ခုလုံးမှာ ယေဟောဝါသက်သေ ၈,၀၀၀,၀၀၀ လောက်ရှိနေပြီး အသင်းတော်ပေါင်း ၁၁၅,၄၀၀ ကျော်ရှိတယ်။ အဲဒီအရေအတွက် ဆက်တိုးများနေတယ်။ ဥပမာ၊ ၂၀၁၄ လုပ်ငန်းတော်နှစ်မှာ လူသစ် ၂၇၅,၅၀၀ ကျော် နှစ်ခြင်းခံခဲ့တယ်။ ဒါက အပတ်တိုင်း လူပေါင်း ၅,၃၀၀ လောက် နှစ်ခြင်းခံတဲ့သဘောဖြစ်တယ်။

၁၅။ ဒီနေ့ခေတ် ဟောပြောခြင်းလုပ်ငန်းရဲ့ ကျယ်ပြန့်မှုအကြောင်း ရှင်းပြပါ။

၁၅ ဟောပြောခြင်းလုပ်ငန်းရဲ့ ကျယ်ပြန့်မှုကလည်း အံ့သြစရာပဲ။ ဒီနေ့အချိန်မှာ ကျမ်းစာ,စာပေတွေကို ဘာသာစကား ၇၀၀ ကျော်နဲ့ ထုတ်ဝေနေတယ်။ ကင်းမျှော်စင် ဟာ တစ်ကမ္ဘာလုံးမှာ အဖြန့်ဝေရဆုံးစာပေဖြစ်တယ်။ လတိုင်း စောင်ရေပေါင်း ၅၂,၀၀၀,၀၀၀ ကျော် ပုံနှိပ်နေတယ်။ ဘာသာစကား ၂၄၇ မျိုးနဲ့ ထုတ်ဝေနေတယ်။ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ ဆိုတဲ့ ကျမ်းစာလေ့လာမှုစာအုပ်ကိုလည်း ဘာသာစကား ၂၅၀ ကျော်နဲ့ ဘာသာပြန်ဆိုပြီး စောင်ရေပေါင်း ၂၀၀,၀၀၀,၀၀၀ ကျော် ပုံနှိပ်ထုတ်ဝေပြီးဖြစ်တယ်။

၁၆။ ယေဟောဝါရဲ့အဖွဲ့အစည်း ဘာကြောင့်ဆက်တိုးတက်နေသလဲ။

၁၆ ဘုရားသခင်အပေါ် ယုံကြည်မှု၊ ကျမ်းစာကို ယေဟောဝါရဲ့ နှုတ်မြွက်တော်အဖြစ် လက်ခံမှုကြောင့် အဖွဲ့အစည်း ဆက်တိုးတက်နေတယ်။ (၁ သက်. ၂:၁၃) စာတန်ရဲ့ မုန်းတီးမှုနဲ့ ဆန့်ကျင်မှုကြား ယေဟောဝါရဲ့ ကောင်းချီးကို ကျွန်တော်တို့ ဆက်ခံစားနေရတယ်။—၂ ကော. ၄:၄

တခြားသူတွေကို အမြဲမေတ္တာပြပါ

၁၇၊ ၁၈။ မယုံကြည်သူတွေနဲ့ပတ်သက်ပြီး ဘုရားသခင့်လူမျိုးမှာ ဘယ်လိုသဘောထားမျိုး ရှိသင့်သလဲ။

၁၇ မယုံကြည်သူတွေနဲ့ပတ်သက်ပြီး ဘုရားသခင့်လူမျိုးမှာ ဘယ်လိုသဘောထားမျိုး ရှိသင့်သလဲ။ လူတွေဟာ ဟောပြောခြင်းလုပ်ငန်းကို နည်းအမျိုးမျိုးနဲ့ တုံ့ပြန်နေတယ်။ သတင်းကောင်းကို တချို့နားထောင်ပေမဲ့ တချို့လည်း မုန်းတီးဆန့်ကျင်တယ်။ လူတွေ ဘယ်လိုပဲတုံ့ပြန်ပါစေ “လူအသီးသီးတို့အား မည်ကဲ့သို့ဖြေကြားရမည်ကို သိနိုင်မည်အကြောင်း သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ် ဖြစ်ပါစေ” ဆိုတဲ့ ကျမ်းစာအကြံဉာဏ်ကို ကျွန်တော်တို့လိုက်နာကြတယ်။ (ကော. ၄:၆) ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကို ခုခံကာကွယ်တဲ့အခါတိုင်း “နူးညံ့သောသဘော၊ အလွန်လေးစားသောသဘော” နဲ့ လုပ်ဆောင်ကြတယ်။—၁ ပေ. ၃:၁၅

၁၈ လူတွေ ဒေါသထွက်ပြီး သတင်းကောင်းကို ငြင်းပယ်ချိန်မှာတောင် သူတို့ကို ကျွန်တော်တို့ မေတ္တာပြပြီး ယေရှုရဲ့ ပုံသက်သေကို တုပကြတယ်။ ယေရှုဟာ “ကဲ့ရဲ့ရှုတ်ချခံရသောအခါ ပြန်၍ကဲ့ရဲ့ရှုတ်ချခြင်းမပြု။ ဆင်းရဲဒုက္ခခံရသောအခါ ခြိမ်းခြောက်ခြင်းမပြုဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောအရှင်ထံ မိမိကိုယ်ကို အပ်” ခဲ့တယ်။ (၁ ပေ. ၂:၂၃) ဒါကြောင့် ကျွန်တော်တို့လည်း နှိမ့်ချမှုတင်ပြပြီး “အဆိုးကို အဆိုးနှင့်တုံ့ပြန်ခြင်း၊ ပြန်၍ကဲ့ရဲ့ပြစ်တင်ခြင်းတို့ကို မပြုဘဲ ကောင်းချီးပေးကြလော့” ဆိုတဲ့ အကြံဉာဏ်ကို လိုက်လျှောက်ကြတယ်။—၁ ပေ. ၃:၈၊ ၉

ရန်သူတွေ ဘယ်လိုပဲ ပြုမူဆက်ဆံပါစေ သူတို့ကို ကျွန်တော်တို့ ချစ်ရမယ်

၁၉။ ရန်သူတွေကို ဘယ်လိုပြုမူဆက်ဆံသင့်သလဲ။

၁၉ ဘုရားသခင့်လူမျိုးဟာ နှိမ့်ချမှုရှိတဲ့အတွက် ယေရှုပေးခဲ့တဲ့ ဒီမူကို လိုက်နာကြတယ်– “‘လူသားချင်းကို ချစ်လော့။ သင့်ရန်သူကိုမူ မုန်းလော့’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ သို့သော် ငါဆိုသည်ကား သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။ သို့ဖြင့် လူဆိုး၊ လူကောင်းတို့အပေါ် နေကို ထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေတော်မူသော ကောင်းကင်ဘုံရှိ သင်တို့အဖ၏ သားများဖြစ်ကြောင်း ဖော်ပြနိုင်ကြမည်။” (မ. ၅:၄၃-၄၅) ရန်သူတွေ ဘယ်လိုပဲပြုမူဆက်ဆံပါစေ သူတို့ကို ကျွန်တော်တို့ ချစ်ရမယ်။

၂၀။ ကမ္ဘာသစ်မှာ ဘုရားသခင်နဲ့ လူသားချင်းကို ချစ်တဲ့မေတ္တာ ဘာကြောင့်လွှမ်းခြုံနေမလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၂၀ ယေဟောဝါနဲ့ လူသားချင်းကို ချစ်ကြောင်း ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍတိုင်းမှာ ဖော်ပြရမယ်။ သတင်းကောင်းကို လူတွေ ဆန့်ကျင်ရင်တောင် သူတို့လိုအပ်တဲ့အခါ ကျွန်တော်တို့ ကူညီပေးကြတယ်။ တမန်တော်ပေါလု အခုလိုရေးတယ်– “အချင်းချင်း ချစ်ခြင်းမေတ္တာအကြွေးမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေနှင့်။ လူသားချင်းကို ချစ်သောသူသည် ပညတ်တရားကို အပြည့်အစုံ စောင့်ရှောက်လေပြီ။ အကြောင်းမူကား ‘လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူသောပညတ်သည် ‘အိမ်ထောင်ရေး မဖောက်ပြန်ရ။ လူ့အသက်ကို မသတ်ရ။ သူ့ဥစ္စာကို မခိုးရ။ တပ်မက်သောစိတ် မရှိရ’ ဟူသောပညတ်မှစ၍ အခြားသောပညတ်ရှိသမျှ၏ အချုပ်ဖြစ်၏။ ချစ်ခြင်းမေတ္တာသည် လူသားချင်း၏အကျိုးကို မဖျက်ဆီးတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာ ဖြစ်၏။” (ရော. ၁၃:၈-၁၀) စာတန်အုပ်ချုပ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဒီလောကမှာ ဘုရားသခင့်လူမျိုးဟာ လူသားချင်းကို စစ်မှန်တဲ့မေတ္တာပြနေတယ်။ (၁ ယော. ၅:၁၉) စာတန်၊ နတ်ဆိုးတွေနဲ့ ဆိုးသွမ်းတဲ့ဒီလောကကို ယေဟောဝါ ဖျက်ဆီးပြီးနောက် ကမ္ဘာသစ်မှာ ကမ္ဘာတစ်ခုလုံး မေတ္တာလွှမ်းခြုံနေပါလိမ့်မယ်။ လူသားအားလုံးဟာ ဘုရားသခင်ကိုရော လူသားချင်းကိုပါ ချစ်ကြမှာဖြစ်လို့ ဘယ်လောက်ကောင်းမယ်ဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။