မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှု နှစ်ပေါင်းတစ်ရာတိုင်ပြီ

ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှု နှစ်ပေါင်းတစ်ရာတိုင်ပြီ

“ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့ကို မိမိအလိုတော်ဆောင်ရွက်ရန် ကောင်းသောအရာရှိသမျှနှင့် ပြည့်စုံစေတော်မူပါစေ။”—ဟေဗြဲ ၁၃:၂၀၊ ၂၁

သီချင်း– ၁၃၆၊ ၁၄

၁။ ဟောပြောခြင်းလုပ်ငန်းဟာ ယေရှုအတွက် ဘယ်လောက်အရေးကြီးသလဲ။ ရှင်းပြပါ။

ယေရှုဟာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောရတာကို ကြိုက်နှစ်သက်တယ်။ မြေကြီးပေါ်ရှိချိန်မှာ တခြားအကြောင်းအရာတွေထက် နိုင်ငံတော်အကြောင်းကို ပိုပြောခဲ့တယ်။ အမှုဆောင်လုပ်ငန်းအတွင်း နိုင်ငံတော်အကြောင်း အကြိမ်တစ်ရာကျော် ပြောခဲ့တယ်။ ယေရှုရဲ့စိတ်နှလုံးထဲမှာ နိုင်ငံတော်အကြောင်း အမြဲရှိတယ်။မဿဲ ၁၂:၃၄ ကိုဖတ်ပါ။

၂။ မဿဲ ၂၈:၁၉၊ ၂၀ မှာပါတဲ့ မိန့်မှာချက်ကို လူဘယ်နှယောက် ကြားခဲ့တာဖြစ်နိုင်သလဲ။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

ယေရှုဟာ ထမြောက်ပြီးနောက် မကြာခင်မှာ လူ ၅၀၀ ကျော်ရှိတဲ့ အုပ်စုနဲ့ တွေ့ဆုံတယ်။ (၁ ကော. ၁၅:၆) “လူမျိုးတကာမှ လူတို့ကို” ဟောပြောပါဆိုတဲ့ မိန့်မှာချက်ကို အဲဒီအချိန်မှာ ပေးခဲ့တာဖြစ်နိုင်တယ်။ သိပ်ခက်ခဲတဲ့ တာဝန်ပဲ။ * ဒီလုပ်ငန်းကို “ဤလောကစနစ် နိဂုံးပိုင်း” အထိ ဆက်လုပ်ဆောင်လိမ့်မယ်လို့ ယေရှုကြိုဟောတယ်။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ သင်ပါဝင်တာက အဲဒီကြိုဟောချက်ပြည့်စုံအောင် ကူညီပေးရာကျတယ်။—မ. ၂၈:၁၉၊ ၂၀

၃။ သတင်းကောင်းဟောပြောနိုင်ဖို့ ဘယ်အရာသုံးခုက ကျွန်တော်တို့ကို ကူညီပေးသလဲ။

ယေရှုက ဟောပြောပါလို့ နောက်လိုက်တွေကို မိန့်မှာပြီးနောက် ‘သင်တို့နဲ့အတူ ရှိမယ်’ လို့ ကတိပေးခဲ့တယ်။ (မ. ၂၈:၂၀) ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းကို ယေရှု လမ်းညွှန်ပေးမယ်၊ ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ အဲဒီအပြင် ဟောပြောခြင်းလုပ်ငန်းကို ထမ်းဆောင်နိုင်ဖို့ “ကောင်းသောအရာရှိသမျှ” ကို ဘုရားသခင် ပြင်ဆင်ပေးထားတယ်။ (ဟေဗြဲ ၁၃:၂၀၊ ၂၁) ဒီဆောင်းပါးမှာ ကောင်းသောအရာ သုံးခုဖြစ်တဲ့ (၁) ကျွန်တော်တို့ရရှိထားတဲ့ ကိရိယာတွေ၊ (၂) အသုံးပြုနေတဲ့ နည်းလမ်းတွေ၊ (၃) ရရှိနေတဲ့ လေ့ကျင့်မှုတွေအကြောင်း ဆွေးနွေးပါမယ်။ ဦးဆုံး၊ လွန်ခဲ့တဲ့နှစ် ၁၀၀ အတွင်း အသုံးပြုခဲ့တဲ့ ကိရိယာတချို့အကြောင်း ဆွေးနွေးကြည့်ကြစို့။

ဟောပြောနိုင်ဖို့ ထောက်ကူပေးတဲ့ ကိရိယာတွေ

၄။ ကိရိယာအမျိုးမျိုးက ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ကို ဘယ်လိုထောက်ကူပေးသလဲ။

ယေရှုဟာ နိုင်ငံတော်သတင်းတရားကို မြေအမျိုးမျိုးမှာ ကြဲတဲ့မျိုးစေ့နဲ့ ခိုင်းနှိုင်းခဲ့တယ်။ (မ. ၁၃:၁၈၊ ၁၉) ဥယျာဉ်မှူးတစ်ယောက်ဟာ မြေကို ပြုပြင်ဖို့ ကိရိယာမျိုးစုံ အသုံးပြုတယ်။ အဲဒီလိုပဲ၊ သတင်းကောင်းကို လူတွေ လက်ခံလာအောင် ကူညီပေးနိုင်တဲ့ကိရိယာတွေကို ဘုရင်ယေရှု ပေးအပ်ထားတယ်။ ကိရိယာတချို့က အချိန်အတိုင်းအတာတစ်ခုထိပဲ အသုံးဝင်တယ်။ တချို့ကိုတော့ ဒီနေ့ခတ်အထိ အသုံးပြုနေတယ်။ ဒါပေမဲ့ ကိရိယာအားလုံးက ဟောပြောခြင်းစွမ်းရည်တိုးတက်လာအောင် ကျွန်တော်တို့ကို ကူညီပေးတယ်။

သက်သေခံကတ်ပြားဟာ ဟောပြောခြင်းလုပ်ငန်းမှာ စပါဝင်ဖို့ ကြေညာသူများစွာကို ကူညီပေးခဲ့တယ်

၅။ သက်သေခံကတ်ပြားဆိုတာ ဘာလဲ။ အဲဒါကို ဘယ်လိုအသုံးပြုခဲ့သလဲ။

၁၉၃၃ မှာ ကြေညာသူတွေဟာ သက်သေခံကတ်ပြားကို စတင်အသုံးပြုခဲ့ကြတယ်။ အဲဒီကိရိယာဟာ ဟောပြောခြင်းလုပ်ငန်းမှာ စပါဝင်ဖို့ ကြေညာသူများစွာကို ကူညီပေးခဲ့တယ်။ အလျားငါးလက်မ၊ အနံသုံးလက်မလောက်ရှိတဲ့ အဲဒီကတ်ပြားမှာ ရိုးရှင်းတိုတုတ်တဲ့ ကျမ်းစာသတင်းစကားတစ်ခု ရေးထားတယ်။ တစ်ခါတလေ ကျမ်းစာသတင်းစကားနောက်တစ်ခု ရေးထားတဲ့ ကတ်အသစ်ကို ထုတ်ဝေလေ့ရှိတယ်။ ညီအစ်ကို အယ်လန်မီယာဟာ သက်သေခံကတ်ပြားကို စအသုံးပြုတုန်းက အသက်ဆယ်နှစ်လောက်ပဲ ရှိသေးတယ်။ “‘ဒီကတ်ကို ကျေးဇူးပြု၍ ဖတ်ကြည့်ပါ’ ဆိုတာကတော့ ပြောနေကျ နိဒါန်းစကားပဲ။ အိမ်ရှင် ဖတ်ပြီးတဲ့အခါ သူ့ကို ကျွန်တော်တို့ စာပေတွေဝေငှပြီး ပြန်ထွက်လာတယ်” လို့ သူပြောတယ်။

၆။ သက်သေခံကတ်ပြားက ဘယ်နည်းနဲ့ ထောက်ကူပေးသလဲ။

သက်သေခံကတ်ပြားက ကြေညာသူတွေကို နည်းအမျိုးမျိုးနဲ့ ထောက်ကူပေးတယ်။ ဥပမာ၊ ကြေညာသူတချို့က သိပ်ဟောပြောချင်ပေမဲ့ ဘာပြောရမှန်းမသိတဲ့အပြင် ဟောဖို့ ရှက်ကြတယ်။ တချို့ကျတော့လည်း တအားသတ္တိရှိပြီး မိနစ်ပိုင်းအတွင်းမှာ အိတ်သွန်ဖာမှောက် ပြောလိုက်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ တင်ဆက်မှုက အမြဲလိုလို လိမ္မာပါးနပ်မှုမရှိဘူး။ ဒါကြောင့် သက်သေခံကတ်ပြားက ကြေညာသူတွေကိုယ်စား ရိုးရှင်းတဲ့သတင်းတရားကို တင်ဆက်ပေးတယ်။

၇။ သက်သေခံကတ်ပြား သုံးတဲ့အခါ ဘာအခက်အခဲတွေ ကြုံတွေ့ရသလဲ။

အခက်အခဲတွေလည်းရှိတယ်။ “တစ်ခါတလေ အိမ်ရှင်က ‘ဘာပြောချင်လို့လဲ။ ရှင်ပဲပြောလိုက်ပါလား’ လို့ ပြောတဲ့အခါတွေရှိတယ်” ဆိုပြီး ညီအစ်မဂရေ့စ်အက်စတက် ပြောတယ်။ တချို့အိမ်ရှင်တွေက စာမဖတ်တတ်ကြဘူး။ တချို့ကလည်း ကတ်ကိုယူပြီး တံခါးပြန်ပိတ်လိုက်တယ်။ တချို့ကျတော့လည်း သတင်းစကားကို မကြိုက်လို့ ဆွဲဆုတ်ပစ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သက်သေခံကတ်ပြားက ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နိုင်ဖို့ ညီအစ်ကိုတွေကို ထောက်ကူပေးပြီး သတင်းကောင်းဟောပြောသူတွေအဖြစ် ခွဲခြားဖော်ပြပေးတယ်။

၈။ ခရီးဆောင်ဓာတ်ပြားစက်ကို ဘယ်လိုအသုံးပြုခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၉၃၀ နောက်ပိုင်း အသုံးပြုခဲ့တဲ့ ကိရိယာနောက်တစ်ခုကတော့ ခရီးဆောင်ဓာတ်ပြားစက်ဖြစ်တယ်။ သက်သေခံတချို့က အဲဒီစက်ကို အာရုန်လို့ခေါ်တယ်။ စက်က သူတို့ကိုယ်စား စကားပြောပေးလို့ပဲ။ (ထွက်မြောက်ရာ ၄:၁၄–၁၆ ကိုဖတ်ပါ။) အိမ်ရှင်က နားထောင်မယ်လို့ပြောတဲ့အခါ ကြေညာသူက လေးမိနစ်ခွဲကြာ ကျမ်းစာဟောပြောချက်ကို ဖွင့်ပြပြီး စာပေဝေငှလေ့ရှိတယ်။ တစ်ခါတလေ မိသားစုတစ်ခုလုံး နားထောင်လေ့ရှိတယ်။ ၁၉၃၄ မှာ ကင်းမျှော်စင်အသင်းဟာ အမှုဆောင်လုပ်ငန်းမှာအသုံးပြုဖို့ အထူးဒီဇိုင်းဆွဲထားတဲ့ ခရီးဆောင်ဓာတ်ပြားစက်တွေကို စတင်ထုတ်လုပ်ခဲ့တယ်။ တဖြည်းဖြည်း၊ အသံသွင်းဟောပြောချက် ၉၂ မျိုးထိ ရရှိနိုင်ခဲ့တယ်။

၉။ ခရီးဆောင်ဓာတ်ပြားစက်က ဘယ်လောက်ထိရောက်သလဲ။

အသံသွင်းဟောပြောချက်တစ်ခုကို ဟီလာရီဂေါ့စလင်း ကြားတဲ့အခါ အိမ်နီးချင်းတွေကိုလည်း ဝေမျှချင်တာကြောင့် ဓာတ်ပြားစက်ကို တစ်ပတ်ငှားလိုက်တယ်။ ရလဒ်အနေနဲ့ အမှန်တရားကို လူပေါင်းများစွာ စိတ်ဝင်စားလာပြီး နှစ်ခြင်းခံခဲ့ကြတယ်။ နောက်ပိုင်း၊ ညီအစ်ကိုဂေါ့စလင်းရဲ့ သမီးနှစ်ယောက်ဟာ ဂိလဒ်ကျောင်းတက်ပြီး သာသနာပြုတွေဖြစ်လာတယ်။ သက်သေခံကတ်ပြားလိုပဲ ခရီးဆောင်ဓာတ်ပြားစက်ဟာလည်း သတင်းကောင်းစတင်ဟောပြောဖို့ ကြေညာသူများစွာကို ကူညီပေးခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘုရင်ယေရှုဟာ ဟောပြောသွန်သင်ခြင်းသင်တန်း (သီအိုကရက်တစ် ဓမ္မအမှုကျောင်း) အားဖြင့် မိမိလူတွေ ထိထိရောက်ရောက် သွန်သင်တတ်အောင် လေ့ကျင့်ပေးခဲ့တယ်။

ဟောပြောနိုင်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြု

၁၀၊ ၁၁။ သတင်းကောင်းဟောပြောခြင်းမှာ သတင်းစာနဲ့ ရေဒီယိုကို ဘယ်လိုအသုံးပြုခဲ့သလဲ။ အဲဒီနည်းလမ်းတွေက ဘာကြောင့်ထိရောက်သလဲ။

၁၀ ဘုရင်ယေရှုရဲ့ လမ်းညွှန်မှုအောက်မှာ ဘုရားသခင့်လူမျိုးဟာ လူများနိုင်သမျှများများကို ဟောပြောနိုင်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့တယ်။ လုပ်သားအနည်းငယ်ပဲရှိတဲ့အချိန်မှာ အဲဒီနည်းလမ်းတွေဟာ သိပ်ထိရောက်တယ်။ (မဿဲ ၉:၃၇ ကိုဖတ်ပါ။) ဥပမာ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက သတင်းကောင်းဟောပြောဖို့ သတင်းစာတွေ အသုံးပြုခဲ့တယ်။ ညီအစ်ကိုရပ်စယ်လ်ဟာ အပတ်တိုင်း ကျမ်းစာဟောပြောချက်တစ်ခုကို သတင်းစာဌာနဆီ ပို့ပေးတယ်။ သူတို့ကတစ်ဆင့် ကနေဒါ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်မှာရှိတဲ့ သတင်းစာတိုက်တွေဆီ ပြန်ပို့တယ်။ ၁၉၁၃ မှာ ညီအစ်ကိုရပ်စယ်လ်ရဲ့ ဟောပြောချက်တွေကို သတင်းစာ ၂,၀၀၀ မှာ ထည့်သွင်းခဲ့တယ်။ လူပေါင်း ၁၅,၀၀၀,၀၀၀ လောက် ဖတ်ရှုခဲ့ရတယ်။

သတင်းစာနဲ့ ရေဒီယိုဟာ ကြေညာသူနည်းနည်းပဲရှိတဲ့ ဒေသတွေဆီ သတင်းကောင်း ရောက်ရှိဖို့ ကူညီပေးခဲ့တယ်

၁၁ ညီအစ်ကိုရပ်စယ်လ် သေဆုံးပြီးနောက် သတင်းကောင်းပျံ့နှံ့ဖို့ ကူညီပေးတဲ့ နောက်နည်းလမ်းတစ်ခုကတော့ ရေဒီယိုဖြစ်တယ်။ ၁၉၂၂၊ ဧပြီ ၁၆ မှာ ညီအစ်ကိုရပ်သဖော့ဒ်ဟာ ကျမ်းစာဟောပြောချက်တစ်ခုကို ရေဒီယိုကနေ ဦးဆုံးအကြိမ် အသံလွှင့်ခဲ့တယ်။ လူပေါင်း ၅၀,၀၀၀ လောက် နားထောင်ခဲ့ရတယ်။ မကြာခင်မှာပဲ ဒဗလျူဘီဘီအာရ်လို့ခေါ်တဲ့ ကိုယ်ပိုင်ရေဒီယိုအသံလွှင့်ရုံကို တည်ထောင်ပြီး ၁၉၂၄၊ ဖေဖော်ဝါရီ ၂၄ မှာ စတင်အသံလွှင့်ခဲ့တယ်။ “အမှန်တရားသတင်း ပျံ့နှံ့စေရေးအတွက် အသုံးပြုခဲ့သမျှမှာ ရေဒီယိုဟာ အကုန်အကျအနည်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်း ဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်တယ်” ဆိုပြီး ၁၉၂၄၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် မှာ ရှင်းပြတယ်။ သတင်းစာလိုပဲ ရေဒီယိုဟာလည်း ကြေညာသူနည်းနည်းပဲရှိတဲ့ ဒေသတွေဆီ သတင်းကောင်းရောက်ရှိဖို့ ကူညီပေးခဲ့တယ်။

သတင်းကောင်းကြေညာသူများစွာဟာ လူထုရှေ့သက်သေခံခြင်းလုပ်ငန်းမှာ ပါဝင်နေပြီး လူတွေကို jw.org ဝက်ဘ်ဆိုက်အကြောင်း ပြောပြနေကြ (အပိုဒ် ၁၂၊ ၁၃ ကိုကြည့်ပါ)

၁၂။ (က) ဘယ်လူထုရှေ့သက်သေခံခြင်း အမျိုးအစားကို သင်အနှစ်သက်ဆုံးလဲ။ (ခ) လူထုရှေ့သက်သေခံခြင်းမှာပါဝင်ဖို့ ကြောက်စိတ်ကို ဘယ်လိုကျော်လွှားနိုင်သလဲ။

၁၂ သတင်းကောင်းပျံ့နှံ့ဖို့ ဒီနေ့ခေတ်မှာ အသုံးပြုနေတဲ့ နည်းတစ်နည်းကတော့ လူထုရှေ့သက်သေခံခြင်း ဖြစ်တယ်။ ကားဂိတ်၊ ရထားဘူတာ၊ ကားရပ်နားတဲ့နေရာ၊ လူစုဝေးရာနေရာနဲ့ စျေးတွေမှာဟောပြောဖို့ အခု ပိုအာရုံစိုက်လာတယ်။ အဲဒီလူထုရှေ့သက်သေခံခြင်း အမျိုးအစားတစ်ခုခုမှာ ပါဝင်ဖို့ သင်ကြောက်နေသလား။ အကူအညီရဖို့ ယေဟောဝါဆီဆုတောင်းပါ။ နယ်လှည့်ကြီးကြပ်မှူး ညီအစ်ကိုမာနီရာ အခုလိုပြောတယ်– “အမှုဆောင်လုပ်ငန်း နည်းသစ်တိုင်းကို ဘုရားအမှုဆောင်နိုင်တဲ့ နည်းတစ်နည်း၊ သစ္စာရှိကြောင်း တင်ပြနိုင်တဲ့ နည်းတစ်နည်း၊ သမာဓိကို စမ်းသပ်တဲ့ နည်းတစ်နည်းအဖြစ် ကျွန်တော်တို့ ယူမှတ်တယ်။ ယေဟောဝါတောင်းဆိုတဲ့ ဘယ်နည်းနဲ့မဆို လိုလိုလားလား အမှုဆောင်လိုစိတ်ရှိမှန်း ဖော်ပြဖို့ ကျွန်တော်တို့ စိတ်ပြင်းပြနေတယ်။” ကြောက်စိတ်ကို ကျော်လွှားပြီး ဟောပြောနည်းသစ်တွေကို အသုံးပြုမယ်ဆိုရင် ယေဟောဝါအပေါ် ယုံကြည်ခြင်းတိုးများလာပြီး ဟောပြောခြင်းစွမ်းရည် တိုးတက်လာပါလိမ့်မယ်။၂ ကောရိန္သု ၁၂:၉၊ ၁၀ ကိုဖတ်ပါ။

၁၃။ အမှုဆောင်လုပ်ငန်းမှာ ဝက်ဘ်ဆိုက်အသုံးပြုခြင်းက ဘာကြောင့်ထိရောက်သလဲ။ သင့်မှာ ဘယ်တွေ့ကြုံမှုတွေ ရှိသလဲ။

၁၃ ကြေညာသူများစွာဟာ လူတွေကို jw.org ဝက်ဘ်ဆိုက် အကြောင်းပြောပြရတာ နှစ်သက်ကြတယ်။ အဲဒီမှာ ဘာသာစကား ၇၀၀ ကျော်နဲ့ တင်ထားတဲ့ ကျမ်းစာစာပေတွေကို ဖတ်ရှုနိုင်၊ ကူးယူနိုင်တယ်။ အဲဒီဝက်ဘ်ဆိုက်ကို နေ့တိုင်း လူပေါင်း ၁.၆ သန်းကျော် ဝင်ကြည့်ကြတယ်။ အရင်က အသုံးပြုခဲ့တဲ့ ရေဒီယိုလိုပဲ ဒီနေ့ခေတ်မှာလည်း jw.org ဝက်ဘ်ဆိုက်အားဖြင့် နယ်စွန်နယ်ဖျားဒေသတွေကိုတောင် သတင်းကောင်း ရောက်ရှိနေပြီ။

သတင်းကောင်းဟောပြောသူတွေကို လေ့ကျင့်ပေးခြင်း

၁၄။ ကြေညာသူတွေဟာ ဘယ်လေ့ကျင့်မှုလိုအပ်သလဲ။ ထိရောက်တဲ့သွန်သင်သူတွေဖြစ်အောင် ဘယ်သင်တန်းက ကူညီပေးသလဲ။

၁၄ အထက်မှာဆွေးနွေးခဲ့တဲ့ ကိရိယာတွေနဲ့ နည်းလမ်းတွေဟာ သိပ်ထိရောက်တယ်။ ဒါပေမဲ့ အဲဒီအစောပိုင်းနှစ်တွေတုန်းက ကြေညာသူတွေဟာ အမှုဆောင်ကောင်းတွေဖြစ်အောင် လေ့ကျင့်ခံရဖို့လည်း လိုအပ်တယ်။ ဥပမာ၊ ဓာတ်ပြားစက်နဲ့ဖွင့်ပြတဲ့အကြောင်းအရာကို အိမ်ရှင်သဘောမတူတဲ့အခါတွေ ရှိတယ်။ တစ်ခါတလေကျပြန်တော့လည်း အိမ်ရှင်က စိတ်ဝင်စားပြီး ထပ်သိချင်တယ်။ ဒါကြောင့် ကြေညာသူတွေဟာ ဆန့်ကျင်မှုတွေကို ဘယ်လိုပါးပါးနပ်နပ်ဖြေရှင်းရမယ်၊ စိတ်ဝင်စားသူတွေကို ဘယ်လိုထိထိရောက်ရောက် သွန်သင်ရမယ်ဆိုတာ သိနားလည်ဖို့ လိုအပ်တယ်။ စကားပြောနိုင်စွမ်း ဆုကျေးဇူးကို အမှုဆောင်လုပ်ငန်းမှာ အသုံးပြုတတ်အောင် ကြေညာသူတွေကို လေ့ကျင့်ပေးဖို့ လိုအပ်မှန်း သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းမှုကြောင့် ညီအစ်ကိုနောရ် သိရှိလာတယ်။ ဒါကြောင့် ၁၉၄၃ မှာ ဟောပြောသွန်သင်ခြင်းသင်တန်း (သီအိုကရက်တစ် ဓမ္မအမှုကျောင်း) ကို စတင်ခဲ့တယ်။ အဲဒီသင်တန်းဟာ ထိရောက်တဲ့သွန်သင်သူတွေဖြစ်အောင် ကြေညာသူတွေကို ကူညီပေးခဲ့တယ်။

၁၅။ (က) ဟောပြောသွန်သင်ခြင်းသင်တန်းမှာ ဟောပြောချက်ပေးတဲ့အခါ တချို့ ဘယ်လိုကြုံတွေ့ခဲ့ရသလဲ။ (ခ) ဆာလံ ၃၂:၈ မှာပါတဲ့ ယေဟောဝါရဲ့ကတိ မှန်ကန်တာကို သင်ကိုယ်တိုင် ဘယ်လိုကြုံတွေ့ခဲ့ရသလဲ။

၁၅ ညီအစ်ကိုများစွာဟာ ပရိသတ်ရှေ့ စကားပြောရတာကို အကျွမ်းမဝင်ကြဘူး။ ညီအစ်ကိုရာမူးဟာ ၁၉၄၄ တုန်းက ဦးဆုံးဟောပြောချက်ပေးခဲ့ရချိန်ကို သတိရမိတယ်။ ဟောပြောချက်က ကျမ်းစာဇာတ်ကောင် ဒေါဂအကြောင်း ဖြစ်တယ်။ “ဒူးချင်းရိုက်ပြီး လက်တွေ၊ မေးတွေ တဆတ်ဆတ်တုန်နေတယ်” လို့ သူပြောတယ်။ “အဲဒါကတော့ ဦးဆုံး စင်မြင့်အတွေ့အကြုံပါပဲ။ ဒါပေမဲ့ ကျွန်တော် အရှုံးမပေးပါဘူး” လို့ သူဆက်ပြောတယ်။ ကလေးတွေလည်း ဟောပြောချက်တာဝန် ရတယ်။ ညီအစ်ကိုလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ညီအစ်ကိုမာနီရာ အမှတ်ရနေတုန်းပဲ။ “သူ့ခမျာ စင်ပေါ်မှာစဟောတာနဲ့ ကြောက်လွန်းလို့ ငိုပါလေရော။ ဒါပေမဲ့ ပြီးအောင်ပြောချင်လို့ ဟောပြောချက်တစ်ခုလုံး ငိုရင်းနဲ့ ပြောသွားတယ်” လို့ ညီအစ်ကိုမာနီရာ ပြောပြတယ်။ သင်လည်း ရှက်စိတ်ကြောင့်ဖြစ်စေ၊ အရည်အချင်းမပြည့်မီဘူးဆိုတဲ့ ခံစားချက်ကြောင့်ဖြစ်စေ အစည်းအဝေးတွေမှာ မှတ်ချက်မပေးတာ၊ မပါဝင်တာဖြစ်နိုင်တယ်။ ကြောက်စိတ်ကို ကျော်လွှားနိုင်ဖို့ ယေဟောဝါဆီ အကူအညီတောင်းပါ။ အရင်တုန်းက ဟောပြောသွန်သင်ခြင်းသင်တန်းမှာ ပါဝင်ခဲ့သူတွေကို ယေဟောဝါကူညီခဲ့သလို သင့်ကိုလည်း ကူညီပေးပါလိမ့်မယ်။ဆာလံ ၃၂:၈ ကိုဖတ်ပါ။

၁၉၄၃ ကစပြီး ဂိလဒ်ကျောင်းဆင်း ၈,၅၀၀ ကျော်ကို နိုင်ငံပေါင်း ၁၇၀ ဆီ စေလွှတ်နိုင်ခဲ့တယ်

၁၆။ ဂိလဒ်ကျောင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။

၁၆ ဘုရားသခင့်အဖွဲ့အစည်းက ဂိလဒ်ကျောင်း အားဖြင့်လည်း လေ့ကျင့်ပေးတယ်။ ဂိလဒ်ကျောင်းရဲ့ ရည်ရွယ်ချက်တစ်ခုကတော့ ကျောင်းသားတွေကို ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ချင်တဲ့ဆန္ဒ ပြင်းပြလာစေဖို့ဖြစ်တယ်။ ၁၉၄၃ မှာ ဂိလဒ်ကျောင်း စတင်ခဲ့တယ်။ အဲဒီအချိန်ကတည်းက ကျောင်းသားပေါင်း ၈,၅၀၀ ကို လေ့ကျင့်ပေးပြီး နိုင်ငံပေါင်း ၁၇၀ ဆီ စေလွှတ်နိုင်ခဲ့တယ်။ ၂၀၁၁ ကစပြီး ဂိလဒ်ကျောင်းကို အထူးရှေ့ဆောင်၊ နယ်လှည့်ကြီးကြပ်မှူး၊ ဗေသလအိမ်သား၊ ဂိလဒ်ကျောင်းမတက်ရသေးတဲ့ သာသနာပြု စတဲ့ အထူးအချိန်ပြည့်လုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်နေသူတွေပဲ တက်ရောက်နိုင်ဖို့ ကန့်သတ်လိုက်တယ်။

၁၇။ ဂိလဒ်ကျောင်းက ဘယ်လောက်ထိရောက်သလဲ။

၁၇ ဂိလဒ်ကျောင်းက ထိရောက်မှုရှိသလား။ ရှိပါတယ်။ ဂျပန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာကို သုံးသပ်ကြည့်ပါ။ ၁၉၄၉၊ သြဂုတ်တုန်းက အဲဒီနိုင်ငံမှာ ကြေညာသူ ၁၀ ယောက်တောင် မပြည့်ဘူး။ အဲဒီနှစ်ကုန်ပိုင်းမှာတော့ သာသနာပြု ၁၃ ယောက် ရောက်လာပြီး ဒေသခံကြေညာသူတွေနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ အခု၊ ဂျပန်နိုင်ငံမှာ ကြေညာသူ ၂၁၆,၀၀၀ လောက်ရှိနေပြီး တစ်ဝက်နီးပါးက ရှေ့ဆောင်တွေဖြစ်တယ်။

၁၈။ ဘယ်သင်တန်းကျောင်းတွေ ရှိသေးလဲ။

၁၈ တခြားသင်တန်းကျောင်းတွေလည်း ရှိသေးတယ်။ ဥပမာ၊ နိုင်ငံတော်ဓမ္မအမှုကျောင်း၊ ရှေ့ဆောင်လုပ်ငန်းကျောင်း၊ သတင်းကောင်းကြေညာသူများအတွက် သင်တန်း၊ နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ ဇနီးတွေအတွက် သင်တန်း၊ ဌာနခွဲကော်မတီဝင်တွေနဲ့ ဇနီးတွေအတွက် သင်တန်းတို့ဖြစ်တယ်။ ဒီသင်တန်းကျောင်းတွေက ညီအစ်ကိုညီအစ်မတွေကို လေ့ကျင့်ပေးပြီး ယုံကြည်ခြင်းခိုင်မာစေတယ်။ မိမိရဲ့လက်အောက်ခံတွေကို ယေရှု ဆက်လေ့ကျင့်ပေးနေတာ ထင်ရှားတယ်။

၁၉။ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ညီအစ်ကိုရပ်စယ်လ် ဘာပြောခဲ့သလဲ။ သူ့စကားအတိုင်း ဘယ်လိုဖြစ်ပျက်နေသလဲ။

၁၉ ဘုရားသခင့်နိုင်ငံတော် စိုးစံလာတာ နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ အဲဒီအချိန်တစ်လျှောက်လုံး ကျွန်တော်တို့ရဲ့ဘုရင် ယေရှုခရစ်ဟာ ဟောပြောခြင်းလုပ်ငန်းကို လမ်းညွှန်ပေးနေတယ်။ ဟောပြောခြင်းလုပ်ငန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ကျယ်ပြန့်လာမယ်လို့ ၁၉၁၆ တုန်းက ညီအစ်ကိုရပ်စယ်လ် ယုံကြည်ခဲ့တယ်။ “လုပ်ငန်းက အရမ်းတိုးတက်နေတယ်။ ‘နိုင်ငံတော်သတင်းကောင်းကို’ တစ်ကမ္ဘာလုံးမှာ ဟောရမှာဖြစ်လို့ ဒီလုပ်ငန်းက ဆက်ပြီးတိုးတက်နေအုံးမှာပဲ” လို့သူပြောတယ်။ (အေ အိတ်ခ်ျ မက်ခ်မီလန် ရေးသားတဲ့ ယုံကြည်ခြင်းချီတက်ပွဲ စာအုပ်၊ စာမျက်နှာ ၆၉) သူပြောတဲ့စကား သိပ်မှန်တယ်။ ငြိမ်သက်ခြင်းရဲ့အရှင် ယေဟောဝါဟာ မိမိအလိုတော်ကိုဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ကို လိုအပ်ရာမှန်သမျှ ပြင်ဆင်ပေးထားလို့ ကျေးဇူးတင်စရာပါပဲ။

^ စာပိုဒ်၊ 2 အဲဒီအုပ်စုထဲက အများစုဟာ ခရစ်ယာန်တွေဖြစ်လာပုံရတယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ တမန်တော်ပေါလုက သူတို့ကို “ညီအစ်ကို ၅၀၀” လို့ ခေါ်ခဲ့လို့ပဲ။ “ထိုသူတို့တွင် အများစုသည် ယခုတိုင်အောင် အသက်ရှင်ကြသေး၏။ အချို့မူကား သေခြင်း၌ အိပ်ပျော်ကြလေပြီ” လို့လည်း ပေါလုပြောတယ်။ ဒါကြောင့် ဟောပြောပါဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကို ကိုယ်တိုင်ကိုယ်ကျ ကြားခဲ့ရသူများစွာကို ပေါလုနဲ့ တခြားခရစ်ယာန်တွေ သိကျွမ်းပုံရတယ်။