မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ဝတ်ပြုဖို့ သင့်သားသမီးကို လေ့ကျင့်ပေးပါ

ယေဟောဝါကို ဝတ်ပြုဖို့ သင့်သားသမီးကို လေ့ကျင့်ပေးပါ

“အကျွန်ုပ်တို့သည် ဖွားမြင်လတ္တံ့သောသူငယ်၌ အဘယ်သို့ပြုရမည်ကို ဘုရားသခင်၏တမန်တော်သည် . . . သွန်သင်စေတော်မူပါ။”သူကြီး. ၁၃:၈

သီချင်း– ၈၈၊ ၁၂၀

၁။ ကလေးရတော့မယ့်အကြောင်း မာနော် ကြားတဲ့အခါ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

မာနော်ရဲ့ဇနီးဟာ မယုံနိုင်စရာသတင်းတစ်ခု ကြားလိုက်ရတယ်။ တကယ်တော့ သူတို့ သားသမီးမရနိုင်တော့တာ သိပ်သေချာနေပြီ။ ဒါပေမဲ့ ယေဟောဝါရဲ့ကောင်းကင်တမန်က သူတို့ သားတစ်ယောက်ရမယ်လို့ ပြောတယ်။ အဲဒီအကြောင်း မာနော်ကို လာပြောပြတဲ့အခါ သူလည်း တအားစိတ်လှုပ်ရှား ဝမ်းသာသွားတယ်။ သိပ်ကြီးလေးတဲ့ တာဝန်တစ်ခုရလာပြီဆိုတာ မာနော် သိတယ်။ ဆိုးသွမ်းမှုပြည့်နေတဲ့ တိုင်းပြည်မှာ နေထိုင်ရတဲ့အတွက် ယေဟောဝါကို ချစ်ပြီး ဝတ်ပြုသူတစ်ယောက်ဖြစ်လာအောင် ကလေးကို သူတို့ ဘယ်လိုထိန်းကျောင်းရမလဲ။ ဒါကြောင့် ‘အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဖွားမြင်လတ္တံ့သောသူငယ်၌ အဘယ်သို့ပြုရမည်ကို ဘုရားသခင်၏တမန်တော်သည် တစ်ဖန်လာ၍ သွန်သင်စေတော်မူပါဟု ယေဟောဝါအား တောင်းလျှောက်’ ခဲ့တယ်။—သူကြီး. ၁၃:၁-၈

၂။ ကလေးတွေကို ဘယ်နည်းတွေနဲ့ လေ့ကျင့်ပေးနိုင်သလဲ။ (“ သင့်ရဲ့ အရေးကြီးဆုံး ကျမ်းစာသင်သားများ” ဆိုတဲ့ လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

သင်ဟာ မိဘတစ်ယောက်ဆိုရင် မာနော်ရဲ့ ခံစားချက်ကို နားလည်မှာပဲ။ ယေဟောဝါကို သိလာအောင်၊ ချစ်လာအောင် သင့်ကလေးကို လေ့ကျင့်ပေးဖို့ သင့်မှာလည်း တာဝန်ရှိတယ်။ (သု. ၁:၈) မိသားစုဝတ်ပြုမှု ပြုလုပ်ချိန်မှာ အဲဒီလိုလေ့ကျင့်ပေးနိုင်တယ်။ ဒါပေမဲ့ သင့်ကလေးနဲ့အတူ အပတ်တိုင်း ကျမ်းစာလေ့လာရုံထက်မက ပြုလုပ်ဖို့ လိုအပ်တယ်။ (တရားဟောရာ ၆:၆–၉ ကိုဖတ်ပါ။) ယေဟောဝါကို သူတို့ သိလာအောင်၊ ဝတ်ပြုလာအောင် လေ့ကျင့်ပေးရာမှာ ဘာတွေလုပ်နိုင်သေးလဲ။ ယေရှုရဲ့ပုံနမူနာကို ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ ယေရှုဟာ ဖခင်မဟုတ်ပေမဲ့ တပည့်တွေကို မေတ္တာ၊ နှိမ့်ချမှု၊ ထိုးထွင်းသိမြင်မှုနဲ့ သွန်သင်လေ့ကျင့်ပေးခဲ့တယ်။ ယေရှုရဲ့ သွန်သင်နည်းကို ကျွန်တော်တို့ တုပနိုင်တယ်။ ဘယ်လိုတုပနိုင်တယ်ဆိုတာ ကြည့်ကြစို့။

သားသမီးတွေကို မေတ္တာပြပါ

၃။ တပည့်တွေကို ချစ်ကြောင်း ယေရှု ဘယ်လိုဖော်ပြခဲ့သလဲ။

ယေရှုက တပည့်တွေကို ချစ်ကြောင်း မကြာခဏ ဖွင့်ပြောလေ့ရှိတယ်။ (ယောဟန် ၁၅:၉ ကိုဖတ်ပါ။) သူတို့နဲ့ အချိန်ပေးပေါင်းသင်းတယ်။ (မာ. ၆:၃၁၊ ၃၂; ယော. ၂:၂; ၂၁:၁၂၊ ၁၃) ယေရှုဟာ သူတို့ရဲ့ ဆရာလောက်သာမဟုတ်ဘဲ မိတ်ဆွေလည်း ဖြစ်တယ်။ ဒါကြောင့် ယေရှုရဲ့မေတ္တာကို သူတို့ လုံးဝသံသယဝင်မှာ မဟုတ်ဘူး။ ယေရှုဆီကနေ ဘာသင်ယူနိုင်သလဲ။

၄။ သားသမီးတွေကို ချစ်ကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ကလေးတွေကို ချစ်ကြောင်း ဖွင့်ပြောပါ။ သူတို့ဟာ သင့်အတွက် အရေးကြီးသူတွေဖြစ်ကြောင်း ဖော်ပြပါ။ (သု. ၄:၃; တိ. ၂:၄) သြစတြေးလျမှာနေတဲ့ စမ်မြူရယ် အခုလိုပြောတယ်– “ကျွန်တော် ငယ်ငယ်တုန်းက ကျမ်းစာပုံပြင်စာအုပ်ကို အဖေ ညတိုင်းဖတ်ပြတယ်။ ကျွန်တော်မေးသမျှ ဖြေတယ်။ ကျွန်တော့်ကို ဖက်ပြီး အိပ်ရာဝင်အနမ်းပေးလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလို ဖက်လေ့၊ နမ်းလေ့မရှိတဲ့ မိသားစုမှာ အဖေ ကြီးပြင်းလာမှန်း နောက်ပိုင်း ကျွန်တော်သိလိုက်ရတော့ တော်တော်အံ့သြသွားတယ်။ ကျွန်တော့်ကို မေတ္တာပြဖို့ အဖေ တော်တော်ကြိုးစားခဲ့တာပဲ။ ဒါကြောင့် အဖေနဲ့ ပိုရင်းနှီးပြီး ကျေနပ်မှု၊ လုံခြုံမှု ခံစားခဲ့ရတယ်။” သင်လည်း “သားကို/သမီးကို ချစ်တယ်” လို့ မကြာခဏ ဖွင့်ပြောခြင်းအားဖြင့် မေတ္တာခံစားရအောင် ကူညီပေးပါ။ သူတို့ကိုဖက်ပါ။ နမ်းပါ။ သူတို့နဲ့ အချိန်ပေးပေါင်းသင်းပါ။ စကားပြောပါ။ အတူစားပါ။ အတူဆော့ကစားပါ။

၅၊ ၆။ (က) တပည့်တွေကို ချစ်တဲ့အတွက် ယေရှု ဘာလုပ်ခဲ့သလဲ။ (ခ) သင့်သားသမီးတွေကို ဘယ်လို ဆုံးမသင့်သလဲ။

“ငါသည် ချစ်ခင်သောသူအပေါင်းကို ပြစ်တင်ဆုံးမ၍ ပဲ့ပြင်ပေးတတ်၏” လို့ ယေရှုပြောတယ်။ * (ဗျာ. ၃:၁၉) ဥပမာ၊ ဘယ်သူအကြီးမြတ်ဆုံးလဲဆိုတာကို တပည့်တွေ အကြိမ်ကြိမ် ငြင်းခုံတဲ့အခါ ပြဿနာကို ယေရှု လျစ်လျူမရှုခဲ့ဘူး။ စိတ်ရှည်ရှည်နဲ့ ထပ်ခါထပ်ခါ ဆုံးမခဲ့တယ်။ ဒါပေမဲ့ အမြဲကြင်နာမှုရှိပြီး အသင့်တော်ဆုံး အချိန်နဲ့နေရာမှာ ဆုံးမခဲ့တယ်။—မာ. ၉:၃၃-၃၇

အသင့်တော်ဆုံး အချိန်နဲ့နေရာကို ရွေးပြီး သင့်ကလေးကို ကြင်နာမှုရှိရှိ ဆုံးမပါ

သင်လည်း သားသမီးတွေကို ဆုံးမခြင်းအားဖြင့် ချစ်ကြောင်း ဖော်ပြပါ။ တစ်ခါတလေ ကိစ္စရပ်တစ်ခု ဘာကြောင့်မှားတယ်၊ မှန်တယ်ဆိုတဲ့ အကြောင်းရင်း ရှင်းပြရုံနဲ့ လုံလောက်လေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလိုရှင်းပြရုံနဲ့ နားမထောင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ (သု. ၂၂:၁၅) ယေရှုကို တုပပြီး သားသမီးတွေကို စိတ်ရှည်ရှည် လမ်းညွှန်၊ လေ့ကျင့်၊ ပဲ့ပြင်ခြင်းအားဖြင့် ဆက်ဆုံးမပါ။ အသင့်တော်ဆုံး အချိန်နဲ့နေရာကို ရွေးပြီး ကြင်နာမှုရှိရှိ ဆုံးမပါ။ တောင်အာဖရိကမှာ နေထိုင်တဲ့ ညီအစ်မ အယ်လန် အခုလိုပြောတယ်– “မိဘတွေက သူတို့ရဲ့ တောင်းဆိုချက်ကို အမြဲရှင်းပြတယ်။ အဲဒီအတိုင်းမလုပ်ရင် ဘယ်လိုဒဏ်ပေးခံရမယ်ဆိုတာ အသိပေးပြီး ပြောတဲ့အတိုင်းလည်း လုပ်တယ်။ ဒါပေမဲ့ ဘယ်တော့မှ ဒေါသနဲ့ မဆုံးမဘူး။ ဆုံးမရတဲ့အကြောင်းရင်းကိုလည်း အမြဲရှင်းပြတယ်။” ဒါကြောင့် မိဘမေတ္တာကို သူ အမြဲသိရှိခံစားခဲ့ရတယ်။

နှိမ့်ချမှုရှိပါ

၇၊ ၈။ (က) ယေရှုရဲ့ ဆုတောင်းချက်တွေကနေ တပည့်တွေ ဘာတတ်သိလာသလဲ။ (ခ) သင့်ဆုတောင်းချက်တွေအားဖြင့် သားသမီးတွေကို ဘာသင်ပေးနိုင်သလဲ။

ယေရှုဟာ အဖမ်းခံရပြီး အသတ်ခံရတော့မယ့်အချိန်မှာ “အဗ္ဗ၊ အဖ၊ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူ၏။ ဤခွက်ကို ကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ သို့သော် ကျွန်ုပ်အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေ” လို့ ဖခင်ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ * (မာ. ၁၄:၃၆) အဲဒီဆုတောင်းချက်ကို တပည့်တွေကြားတဲ့အခါ ဒါမှမဟုတ် နောက်ပိုင်းပြန်ကြားတဲ့အခါ ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ယေရှုဟာ စုံလင်သူဖြစ်တာတောင် ဖခင်ဆီ အကူအညီတောင်းနေတယ်။ ဒါကြောင့် သူတို့လည်း နှိမ့်ချမှုရှိပြီး ယေဟောဝါကို အားကိုးသင့်မှန်း တတ်သိလာတယ်။

ယေဟောဝါဆီ သင်ဆုတောင်းပြီး အကူအညီတောင်းတာကို သားသမီးတွေ ကြားတဲ့အခါ သူတို့လည်း ယေဟောဝါကို အားကိုးတတ်လာပါလိမ့်မယ်

သင့်ဆုတောင်းချက်ကနေ သားသမီးတွေ အများကြီးသင်ယူနိုင်တယ်။ ယေဟောဝါဆီ ဆုတောင်းတဲ့ အဓိကရည်ရွယ်ချက်က သားသမီးတွေကို သွန်သင်ပေးဖို့လောက်ပဲ မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သင့်ဆုတောင်းချက်ကို သူတို့ ကြားတဲ့အခါ ယေဟောဝါကို အားကိုးဖို့ တတ်သိလာနိုင်တယ်။ သင့်ဆုတောင်းချက်တွေထဲမှာ သားသမီးတွေကို ကူညီပေးပါလို့ပဲ ဆုမတောင်းပါနဲ့။ သင့်ကို ကူညီပေးဖို့လည်း ဆုတောင်းပါ။ ဘရာဇီးနိုင်ငံမှာနေတဲ့ ညီအစ်မအန်းနာ အခုလိုပြောတယ်– “အဖိုးအဖွားတွေ နေမကောင်းဖြစ်တာလိုမျိုး ပြဿနာတွေ ကြုံရတဲ့အခါ ရင်ဆိုင်ဖြေရှင်းနိုင်အောင် ခွန်အားပေးဖို့၊ ဆုံးဖြတ်ချက်ကောင်းချနိုင်အောင် ဉာဏ်ပညာပေးဖို့ မိဘတွေ ဆုတောင်းလေ့ရှိတယ်။ အဆိုးဝါးဆုံးပြဿနာ ကြုံရချိန်မှာတောင် ပြဿနာကို ယေဟောဝါလက်ထဲ အပ်လိုက်ကြတယ်။ ဒီလိုနဲ့ ကျွန်မလည်း ယေဟောဝါကို အားကိုးတတ်လာတယ်။” အိမ်နီးချင်းတွေကို သက်သေခံရဲအောင် ဒါမှမဟုတ် အလုပ်ရှင်ဆီမှာ ခရိုင်စည်းဝေးအတွက် ခွင့်တောင်းရဲအောင် ခွန်အားပေးဖို့ သင်ဆုတောင်းတာကို သားသမီးတွေ ကြားတဲ့အခါ သူတို့လည်း ယေဟောဝါကို အားကိုးတတ်လာပါလိမ့်မယ်။

၉။ (က) နှိမ့်ချမှုရှိဖို့၊ ကိုယ်ကျိုးစွန့်ဖို့ တပည့်တွေကို ယေရှု ဘယ်လိုသင်ပေးခဲ့သလဲ။ (ခ) သင်ဟာ နှိမ့်ချမှုရှိပြီး ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြမယ်ဆိုရင် သားသမီးတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။

နှိမ့်ချမှုရှိဖို့၊ ကိုယ်ကျိုးစွန့်ဖို့ တပည့်တွေကို ယေရှု သင်ပေးခဲ့ပြီး ကိုယ်တိုင်လည်း ပုံသက်သေပြခဲ့တယ်။ (လုကာ ၂၂:၂၇ ကိုဖတ်ပါ။) ယေဟောဝါရဲ့လုပ်ငန်းမှာ၊ တခြားသူတွေနဲ့ဆက်ဆံရာမှာ ယေရှုရဲ့ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တမန်တော်တွေ မြင်တဲ့အခါ အဲဒီအတိုင်းလုပ်ဆောင်တတ်လာတယ်။ သင်လည်း ပုံသက်သေအားဖြင့် သားသမီးတွေကို သွန်သင်နိုင်တယ်။ သားသမီးနှစ်ယောက်ရှိတဲ့ ဒယ်ဘီ အခုလိုပြောတယ်– “အကြီးအကဲဖြစ်တဲ့ ကျွန်မခင်ပွန်း တခြားသူတွေကို အချိန်ပေးတဲ့အခါ ကျွန်မ ဘယ်တော့မှ မနာလိုမဖြစ်ဘူး။ ကျွန်မတို့မိသားစုကိုလည်း လိုအပ်ချိန်တိုင်းမှာ သူ ဂရုစိုက်မယ်ဆိုတာ ကျွန်မယုံတယ်။” (၁ တိ. ၃:၄၊ ၅) ဒယ်ဘီနဲ့ ခင်ပွန်းဖြစ်သူ ပရေနာ့စ်ရဲ့ ပုံသက်သေက သားသမီးတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။ ပရေနာ့စ် အခုလိုပြောတယ်– “ကလေးတွေက စည်းဝေးပွဲတွေမှာ အမြဲတက်တက်ကြွကြွ ပါဝင်ချင်လာတယ်။ ညီအစ်ကိုညီအစ်မတွေနဲ့ ပေါင်းသင်းရတာ ပျော်ရွှင်ပြီး မိတ်ဆွေတိုးလာတယ်။” အခု၊ သူတို့မိသားစုတစ်ခုလုံး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေကြတယ်။ သင်ဟာ နှိမ့်ချမှုရှိပြီး ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြမယ်ဆိုရင် သားသမီးတွေလည်း အဲဒီအတိုင်း လုပ်ဆောင်တတ်လာပါလိမ့်မယ်။

ထိုးထွင်းသိမြင်မှုရှိပါ

၁၀။ ဂါလိလဲနယ်ကလူတချို့ လာရှာတဲ့အခါ ထိုးထွင်းသိမြင်မှုရှိကြောင်း ယေရှု ဘယ်လိုဖော်ပြခဲ့သလဲ။

၁၀ ယေရှုဟာ ထိုးထွင်းသိမြင်မှုရှိကြောင်း ဖော်ပြခဲ့တယ်။ လူတွေ တစ်ခုခုလုပ်တဲ့အခါ ဘာလုပ်တယ်ဆိုတာလောက်ပဲ မကြည့်ဘူး။ ဘာကြောင့်လုပ်တယ်ဆိုတာကို အာရုံစိုက်တယ်။ လူတွေရဲ့ စိတ်နှလုံးကို သိမြင်နိုင်တယ်။ တစ်ကြိမ်မှာ၊ ဂါလိလဲနယ်က လူတချို့ ယေရှုကို လိုက်ရှာကြတယ်။ (ယော. ၆:၂၂-၂၄) လိုက်ရှာရတဲ့ အဓိကအကြောင်းရင်းဟာ ယေရှုရဲ့ သွန်သင်ချက်တွေကို နားထောင်ချင်လို့မဟုတ်ဘဲ အစာစားချင်လို့ဖြစ်တယ်ဆိုတာ ယေရှုသိတယ်။ (ယော. ၂:၂၅) ဒါနဲ့ သူတို့ကို စိတ်ရှည်ရှည် တည့်မတ်ပေးပြီး ဘာတွေပြုပြင်ပြောင်းလဲရမယ်ဆိုတာ ရှင်းပြတယ်။ယောဟန် ၆:၂၅–၂၇ ကိုဖတ်ပါ။

အမှုဆောင်လုပ်ငန်းမှာ ပျော်ရွှင်လာအောင် သားသမီးတွေကို ကူညီပေးပါ (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ (က) အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ကလေးတွေရဲ့ ခံစားချက်ကို သိလာအောင် ဘယ်လိုကြိုးစားနိုင်သလဲ။ (ခ) အမှုဆောင်လုပ်ငန်းမှာ ကလေးတွေ ပျော်ရွှင်ဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၁ သင်ဟာ တခြားသူတွေရဲ့ စိတ်နှလုံးကို မသိမြင်နိုင်ပေမဲ့ ထိုးထွင်းသိမြင်မှုရှိကြောင်း ဖော်ပြနိုင်ပါတယ်။ ဥပမာ၊ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ကလေးတွေရဲ့ ခံစားချက်ကို သိလာအောင် ကြိုးစားနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် အခုလိုမေးပါ– ‘ငါ့သားသမီးက အမှုဆောင်လုပ်ငန်းကို တကယ်နှစ်သက်တာလား။ ဒါမှမဟုတ် အမှုဆောင်ပြီးနောက် တစ်ခုခုစားသောက်ချင်လို့သာ လိုက်ချင်တာလား။’ အမှုဆောင်လုပ်ငန်းမှာ ကလေးတွေ သိပ်မပျော်မှန်း သတိထားမိရင် သူတို့ပိုပျော်ရွှင်လာအောင် လုပ်ဆောင်ပေးပါ။ အမှုဆောင်လုပ်ငန်းမှာ သူတို့လည်း ပါဝင်နေတယ်လို့ ခံစားရအောင် သူတို့လုပ်ဆောင်နိုင်တဲ့ တာဝန်သေးသေးလေးတွေပေးပါ။

၁၂။ (က) တပည့်တွေကို ယေရှု ဘယ်လိုသတိပေးခဲ့သလဲ။ (ခ) ယေရှုရဲ့ သတိပေးချက်ဟာ တပည့်တွေအတွက် ဘာကြောင့် အချိန်ကိုက်ဖြစ်သလဲ။

၁၂ ထိုးထွင်းသိမြင်မှုရှိကြောင်း ယေရှု ဘယ်လိုဖော်ပြသေးသလဲ။ အပြစ်လုပ်မိအောင် တွန်းပို့နိုင်တဲ့ အမှားတွေကို ယေရှုသိပြီး တပည့်တွေကို သတိပေးခဲ့တယ်။ ဥပမာ၊ လိင်အကျင့်ယိုယွင်းခြင်းက မှားတယ်ဆိုတာ တပည့်တွေသိတယ်။ ဒါပေမဲ့ အဲဒီအပြစ်ကျူးလွန်မိအောင် တွန်းပို့နိုင်တဲ့အရာနဲ့ပတ်သက်ပြီး ယေရှုအခုလို သတိပေးတယ်– “မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။ ညာဘက်မျက်စိသည် သင့်ကို တိုက်မိ၍လဲစေလျှင် ထုတ်ပစ်လိုက်လော့။” (မ. ၅:၂၇-၂၉) အဲဒီသတိပေးချက်ဟာ ရောမအုပ်ချုပ်မှုအောက်မှာ နေထိုင်ရတဲ့ တပည့်တွေအတွက် အချိန်ကိုက်ပဲ။ ရောမတွေဟာ လိင်အကျင့်ယိုယွင်းတဲ့ ပြကွက်တွေ၊ ညစ်ညမ်းတဲ့ပြက်လုံးတွေအပြည့်ပါတဲ့ ပြဇာတ်တွေကို နှစ်သက်ကြတယ်။ ဒါကြောင့် ကိုယ်ကျင့်တရားသန့်ရှင်းနေဖို့ အခက်တွေ့စေနိုင်တဲ့ အရာမှန်သမျှကို ရှောင်ပါဆိုတဲ့ ယေရှုရဲ့သတိပေးချက်ဟာ ထိုးထွင်းသိမြင်မှုရှိပြီး သိပ်မေတ္တာပါတယ်။

၁၃၊ ၁၄။ အကျင့်ပျက်ဖျော်ဖြေမှုတွေကို ရှောင်ဖို့ သင့်ကလေးကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၃ ထိုးထွင်းသိမြင်မှုရှိခြင်းက ယေဟောဝါမကြိုက်တာကို သင့်ကလေး မလုပ်မိအောင် ကာကွယ်ပေးဖို့ ကူညီပေးနိုင်တယ်။ ဒီနေ့ခေတ်မှာ သိပ်ငယ်ရွယ်တဲ့ကလေးတွေတောင် ညစ်ညမ်းရုပ်ပုံစာပေတွေနဲ့ တခြားအကျင့်ပျက်အရာတွေကို ကြည့်မိနိုင်တဲ့အန္တရာယ် ရှိနေတယ်။ ဒါကြောင့် အကျင့်ပျက်တာတွေကို ကြည့်ခြင်းက မှားတယ်ဆိုတာ ကလေးကို ပြောပြထားသင့်တယ်။ ဒါပေမဲ့ ထိုးထွင်းသိမြင်မှုရှိမယ်ဆိုရင် အဲဒီထက်မက လုပ်ဆောင်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အခုလိုမေးပါ– ‘ညစ်ညမ်းရုပ်ပုံစာပေဟာ ဘာကြောင့် သိပ်အန္တရာယ်ရှိတယ်ဆိုတာ ငါ့ကလေး သိသလား။ အဲဒါတွေကို ကြည့်မိအောင် ဘယ်အရာတွေက သူ့ကို သွေးဆောင်နိုင်သလဲ။ အဲဒါတွေကိုကြည့်ဖို့ သွေးဆောင်ခံရတဲ့အခါ ငါ့ဆီ အကူအညီတောင်းရဲလောက်အောင် ငါက ချဉ်းကပ်ရလွယ်သူလား။’ သင့်ကလေး သိပ်ငယ်နေရင်တောင် အခုလိုပြောနိုင်တယ်– “အင်တာနက်မှာ လိင်နဲ့ပတ်သက်တာတစ်ခုခု တွေ့တဲ့အခါ၊ အဲဒါတွေကို ကြည့်ချင်တဲ့အခါ အချိန်မရွေး မေမေ့ကို/ဖေဖေ့ကို လာပြောနော်။ လာပြောဖို့ မကြောက်နဲ့။ ရှက်လည်းမရှက်နဲ့။ သားကို/သမီးကို ကူညီပေးချင်လို့ပါ။”

၁၄ ဖျော်ဖြေမှုရွေးချယ်ရာမှာ ကိုယ်တိုင်ပုံသက်သေကောင်း ပြခြင်းအားဖြင့်လည်း ထိုးထွင်းသိမြင်မှုရှိကြောင်း တင်ပြပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ပရေနာ့စ်က “သင် ဘာပြောပြော ကလေးတွေကတော့ သင့်လုပ်ရပ်ကိုပဲကြည့်နေပြီး အတုခိုးကြတယ်” လို့ပြောတယ်။ သင်ဟာ သန့်ရှင်းတဲ့တေးဂီတ၊ စာပေ၊ ရုပ်ရှင်တွေကို ရွေးချယ်မယ်ဆိုရင် သင့်ကလေးလည်း အဲဒီအတိုင်း ရွေးချယ်ဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။—ရော. ၂:၂၁-၂၄

သင့်ကို ယေဟောဝါ ကူညီမယ်

၁၅၊ ၁၆။ (က) သားသမီးတွေကို လေ့ကျင့်ပေးရာမှာ သင့်ကို ယေဟောဝါ ကူညီပေးမယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးမလဲ။

၁၅ မိဘကောင်းဖြစ်အောင် ကူညီပေးပါလို့ ယေဟောဝါဆီ မာနော် အကူအညီတောင်းတဲ့အခါ ဘာဖြစ်ခဲ့သလဲ။ ‘မာနော်စကားကို ဘုရားသခင် နားထောင်’ ခဲ့တယ်။ (သူကြီး. ၁၃:၉) မိဘတို့၊ သင်တို့ရဲ့ ဆုတောင်းချက်ကိုလည်း ယေဟောဝါ နားထောင်ပေးပါလိမ့်မယ်။ သားသမီးတွေကို လေ့ကျင့်ပေးနိုင်ဖို့ ကိုယ်တော် ကူညီပါလိမ့်မယ်။ အဲဒီအပြင် မေတ္တာပြနိုင်အောင်၊ နှိမ့်ချမှုနဲ့ ထိုးထွင်းသိမြင်မှုရှိနိုင်အောင်လည်း သင်တို့ကို ကိုယ်တော် ကူညီပေးပါလိမ့်မယ်။

၁၆ ကလေးတွေ ငယ်ရွယ်ချိန်မှာသာမက ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာလည်း သူတို့ကို ဆက်လေ့ကျင့်ပေးနိုင်အောင် သင်တို့ကို ယေဟောဝါ ကူညီပေးပါလိမ့်မယ်။ ယေဟောဝါကို ဝတ်ပြုနိုင်ဖို့ ဆယ်ကျော်သက်သားသမီးတွေကို လေ့ကျင့်ပေးရာမှာ ယေရှုရဲ့ မေတ္တာ၊ နှိမ့်ချမှုနဲ့ ထိုးထွင်းသိမြင်မှုက ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ စာပိုဒ်၊ 5 ဆုံးမမှုဆိုတာ လမ်းညွှန်၊ လေ့ကျင့်၊ ပဲ့ပြင်ခြင်း၊ တစ်ခါတရံ အပြစ်ပေးခြင်းကိုတောင် ဆိုလိုတယ်လို့ ကျမ်းစာပြောတယ်။ မိဘတွေဟာ ဒေါသနဲ့မဟုတ်ဘဲ အမြဲကြင်ကြင်နာနာ ဆုံးမသင့်တယ်။

^ စာပိုဒ်၊ 7 ယေရှုခေတ်တုန်းက ကလေးတွေဟာ အဖေကို အဗ္ဗလို့ခေါ်ကြတယ်။ အဲဒီအသုံးအနှုန်းက ချစ်စနိုးအဓိပ္ပာယ်ရှိသလို လေးစားတဲ့အဓိပ္ပာယ်လည်း ရှိတယ်။—အပြည်ပြည်ဆိုင်ရာ ကျမ်းစာစွယ်စုံကျမ်း။