မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းကို ဆက်တင်ပြ” ဖို့ စိတ်ပိုင်းဖြတ်ထားပါ

“သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းကို ဆက်တင်ပြ” ဖို့ စိတ်ပိုင်းဖြတ်ထားပါ

“သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းကို ဆက်တင်ပြကြလော့။”—ဟေဗြဲ ၁၃:၁

သီချင်း– ၇၂၊ ၁၁၉

၁၊ ၂။ ဟေဗြဲခရစ်ယာန်တွေဆီ ပေါလု ဘာကြောင့် စာတစ်စောင် ရေးသားခဲ့သလဲ။

အေဒီ ၆၁ တုန်းက အစ္စရေးမှာ အတော်အတန် ငြိမ်းချမ်းနေတယ်။ တမန်တော်ပေါလုဟာ ရောမမြို့မှာ ထောင်ကျနေပေမဲ့ မကြာခင်ပြန်လွတ်ဖို့ အလားအလာရှိတယ်။ သူ့ရဲ့ခရီးသွားဖော် တိမောသေလည်း မကြာသေးခင်ကပဲ ထောင်ကလွတ်လာတယ်။ ယုဒနယ်မှာရှိတဲ့ ညီအစ်ကိုတွေဆီ လည်ပတ်ဖို့ သူတို့စီစဥ်ထားတယ်။ (ဟေဗြဲ ၁၃:၂၃) ဒါပေမဲ့ နောက်ငါးနှစ်ရောက်တဲ့အခါ ယုဒနယ်ကခရစ်ယာန်တွေ၊ အထူးသဖြင့် ဂျေရုဆလင်မှာနေထိုင်သူတွေ အလျင်အမြန် ထွက်ပြေးဖို့ လိုအပ်လာတယ်။ ဘာကြောင့်လဲဆိုတော့ ဂျေရုဆလင်မြို့ကို စစ်တပ်ဝိုင်းရံတာမြင်ရင် ချက်ချင်း ထွက်ပြေးဖို့ နောက်လိုက်တွေကို ယေရှု သတိပေးထားလို့ပဲ။—လု. ၂၁:၂၀-၂၄

ယေရှု အဲဒီလိုသတိပေးခဲ့ချိန်ကနေ ရေတွက်ရင် ၂၈ နှစ် ရှိပြီ။ အဲဒီအတောအတွင်း အစ္စရေးမှာရှိတဲ့ သစ္စာရှိခရစ်ယာန်တွေဟာ နှိပ်စက်ညှဥ်းပန်းမှုနဲ့ စမ်းသပ်မှုများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တယ်။ (ဟေဗြဲ ၁၀:၃၂-၃၄) ဒါပေမဲ့ အနာဂတ်မှာ ကြုံရမယ့်အရာတွေအတွက် သူတို့ကို ပေါလု အသင့်ရှိစေချင်တယ်။ အကြီးမားဆုံး ယုံကြည်ခြင်းစမ်းသပ်မှုတစ်ခုကို သူတို့ ကြုံရတော့မယ်။ (မ. ၂၄:၂၀၊ ၂၁; ဟေဗြဲ ၁၂:၄) ထွက်ပြေးပါဆိုတဲ့ ယေရှုရဲ့စကားကို နာခံနိုင်ဖို့ဆိုရင် တစ်ခါနဲ့မှမတူတဲ့ ခံနိုင်ရည်နဲ့ ယုံကြည်ခြင်း လိုအပ်တယ်။ သူတို့ရဲ့အသက်ရှင်ရေးဟာ အဲဒီအပေါ် မူတည်နေတယ်။ (ဟေဗြဲ ၁၀:၃၆–၃၉ ကိုဖတ်ပါ။) ဒါကြောင့် ချစ်ရတဲ့ညီအစ်ကိုညီအစ်မတွေဆီ အားပေးစာတစ်စောင်ရေးဖို့ ပေါလုကို ယေဟောဝါ လှုံ့ဆော်ခဲ့တယ်။ အဲဒီစာကို အခုအချိန်မှာ ဟေဗြဲကျမ်းလို့ ခေါ်တယ်။

၃။ ဟေဗြဲကျမ်းကို ကျွန်တော်တို့ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

ပေါလုရေးခဲ့တဲ့ ဟေဗြဲကျမ်းကို ဒီနေ့ခေတ် ဘုရားသခင့်ကျေးကျွန်တွေ စိတ်ဝင်စားသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ယုဒနယ်က ခရစ်ယာန်တွေနဲ့ ကျွန်တော်တို့ အခြေအနေချင်း ဆင်တူနေလို့ပဲ။ “ခက်ခဲကျပ်တည်းသောကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေရပြီး ဆန့်ကျင်မှုနဲ့ နှိပ်စက်ညှဥ်းပန်းမှုတွေကို ရင်ဆိုင်နေရတယ်။ (၂ တိ. ၃:၁၊ ၁၂) ဒါပေမဲ့ အများစုကတော့ ကိုယ်ထိလက်ရောက် နှိပ်စက်မခံရဘဲ အတော်အသင့် ငြိမ်သက်အေးချမ်းတဲ့ အခြေအနေမှာ ရှိနေကြတယ်။ ပေါလုခေတ်က ခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း သတိရှိနေဖို့ လိုအပ်တယ်။ အကြောင်းကတော့ အကြီးမားဆုံး ယုံကြည်ခြင်းစမ်းသပ်မှုကို သိပ်မကြာခင် ကြုံရတော့မှာမို့လို့ပဲ။လုကာ ၂၁:၃၄–၃၆ ကိုဖတ်ပါ။

၄။ ၂၀၁၆ ရဲ့ နှစ်ချုပ်ကျမ်းချက်က ဘာလဲ။ အဲဒီကျမ်းချက်ကို ရွေးချယ်ထားတာ ဘာကြောင့် သင့်လျော်သလဲ။

ရှေ့မှာကြုံရမယ့်အရာတွေအတွက် အသင့်ဖြစ်နေအောင် ဘာက ကူညီပေးမလဲ။ ယုံကြည်ခြင်းခိုင်ခံ့အောင် ကူညီပေးမယ့် အရာများစွာအကြောင်း ဟေဗြဲကျမ်းမှာ ပေါလု ဖော်ပြခဲ့တယ်။ အရေးကြီးသတိပေးချက်တစ်ခုကို ဟေဗြဲ ၁၃:၁ မှာ တွေ့ရတယ်။ “သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းကို ဆက်တင်ပြကြလော့” လို့ အဲဒီမှာအားပေးထားတယ်။ အဲဒီကျမ်းချက်ကို ၂၀၁၆ ရဲ့ နှစ်ချုပ်ကျမ်းချက်အဖြစ် ရွေးချယ်ထားတယ်။

၂၀၁၆ အတွက် နှစ်ချုပ်ကျမ်းချက်– “သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းကို ဆက်တင်ပြကြလော့။” —ဟေဗြဲ ၁၃:၁

ညီရင်းအစ်ကိုမေတ္တာဆိုတာ ဘာလဲ

၅။ ညီရင်းအစ်ကိုမေတ္တာဆိုတာ ဘာလဲ။

ညီရင်းအစ်ကိုမေတ္တာဆိုတာ ဘာလဲ။ ညီရင်းအစ်ကိုမေတ္တာဆိုတာ မိသားစုဝင်တွေ ဒါမှမဟုတ် အရင်းနှီးဆုံးမိတ်ဆွေတွေကြားမှာရှိတဲ့ သံယောဇဥ်နှောင်ကြိုးကို ဆိုလိုတယ်။ (ယော. ၁၁:၃၆) ကျွန်တော်တို့ဟာ ညီအစ်ကိုညီအစ်မဖြစ်ယောင်ဆောင်သူတွေ မဟုတ်ဘူး။ ညီအစ်ကိုညီအစ်မ အစစ်အမှန်တွေ ဖြစ်တယ်။ (မ. ၂၃:၈) “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်း ချစ်ခင်စုံမက်ကြလော့။ အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့” လို့ ပေါလု ပြောတယ်။ (ရော. ၁၂:၁၀) ညီအစ်ကိုညီအစ်မတွေအပေါ်ထားတဲ့မေတ္တာ ဘယ်လောက်ခိုင်မာသင့်မှန်း အဲဒီစကားတွေက ဖော်ပြတယ်။ အဲဒီမေတ္တာမျိုးက ဘုရားသခင့်ကျေးကျွန်တွေကို ချစ်ခင်စည်းလုံးနေအောင် ကူညီပေးတယ်။

၆။ ညီရင်းအစ်ကိုမေတ္တာရဲ့ အဓိပ္ပာယ်ကို ခရစ်ယာန်စစ်တွေ ဘယ်လို နားလည်ထားသလဲ။

‘ညီရင်းအစ်ကိုမေတ္တာ’ ဆိုတဲ့ အသုံးအနှုန်းကို ခရစ်ယာန်စာပေတွေမှာ အများဆုံးတွေ့ရတယ်။ ဂျူးလူမျိုးတွေအတွက် “ညီအစ်ကို” ဆိုတဲ့ စကားလုံးဟာ အများအားဖြင့် ဆွေမျိုးတော်စပ်သူတွေ၊ တစ်ခါတလေမှာတော့ ဆွေမျိုးမတော်စပ်သူတွေကိုလည်း ဆိုလိုတယ်။ ဒါပေမဲ့ ဂျူးလူမျိုးမဟုတ်တဲ့ လူမျိုးခြားတွေကိုတော့ ဘယ်တော့မှ မဆိုလိုဘူး။ စစ်မှန်တဲ့ခရစ်ယာန်တွေအတွက်တော့ ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားဖြစ်ပါစေ ခရစ်ယာန်စစ်အားလုံးဟာ ကျွန်တော်တို့ရဲ့ “ညီအစ်ကို” ဖြစ်တယ်။ (ရော. ၁၀:၁၂) အချင်းချင်းကို ညီအစ်ကိုလိုချစ်ဖို့ ယေဟောဝါ သင်ပေးထားတယ်။ (၁ သက်. ၄:၉) ဒါပေမဲ့ ညီရင်းအစ်ကိုမေတ္တာ ဆက်တင်ပြဖို့ ဘာကြောင့် အရေးကြီးသလဲ။

ညီရင်းအစ်ကိုမေတ္တာ ဆက်တင်ပြဖို့ ဘာကြောင့် အရေးကြီးသလဲ

၇။ ညီရင်းအစ်ကိုမေတ္တာ တင်ပြဖို့ လိုအပ်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပါ။

ညီရင်းအစ်ကိုမေတ္တာ တင်ပြရတဲ့ အရေးကြီးဆုံး အကြောင်းရင်းကတော့ ယေဟောဝါ တောင်းဆိုထားလို့ပဲ။ ညီအစ်ကိုညီအစ်မတွေကို မချစ်ရင် ယေဟောဝါကိုလည်း ချစ်ရာမရောက်ဘူး။ (၁ ယော. ၄:၇၊ ၂၀၊ ၂၁) နောက်အကြောင်းရင်းတစ်ခုကတော့ သူတို့ကို ကျွန်တော်တို့ လိုအပ်လို့ပဲ။ အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ ဖြစ်တယ်။ ဟေဗြဲခရစ်ယာန်တချို့ဟာ မကြာခင် အိမ်တွေ၊ ပစ္စည်းတွေကို စွန့်ပြီး ထွက်ပြေးရတော့မယ်ဆိုတာ ပေါလု သိတယ်။ သိပ်ခက်ခဲတဲ့အချိန်ဖြစ်မယ်လို့ ယေရှု သတိပေးခဲ့တယ်။ (မာ. ၁၃:၁၄-၁၈; လု. ၂၁:၂၁-၂၃) ဒါကြောင့် အဲဒီအချိန်မရောက်ခင်ကတည်းက အချင်းချင်းအပေါ်ထားတဲ့မေတ္တာ ခိုင်ခံ့အောင် လုပ်ဆောင်ထားဖို့ လိုတယ်။—ရော. ၁၂:၉

အခုကတည်းက ညီရင်းအစ်ကိုမေတ္တာ ခိုင်ခံ့အောင် လုပ်ဆောင်ထားဖို့ လိုတယ်။ အကြောင်းကတော့ ရှေ့မှာကြုံရမယ့် ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်အောင် အဲဒီမေတ္တာက ကူညီပေးမှာဖြစ်လို့ပဲ

၈။ ကြီးစွာသောဒုက္ခမစခင် အခုကတည်းက ဘာလုပ်ဆောင်ထားဖို့ လိုအပ်သလဲ။

မကြာခင်၊ လူ့သမိုင်းမှာ အကြီးမားဆုံးဘေးဒုက္ခ ရောက်လာတော့မယ်။ (မာ. ၁၃:၁၉; ဗျာ. ၇:၁-၃) ‘ငါ့လူတို့၊ အတွင်းခန်းတွေထဲ ဝင်သွားပြီး တံခါးပိတ်ထားကြပါ။ ငါ့အမျက်ပြေသွားချိန်အထိ ခဏလေး ပုန်းရှောင်နေကြပါ’ ဆိုတဲ့ အကြံပေးချက်ကို ကျွန်တော်တို့လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ (ဟေရှာ. ၂၆:၂၀ကဘ) ‘အတွင်းခန်းတွေ’ ဟာ အသင်းတော်တွေကို ဆိုလိုတာဖြစ်နိုင်တယ်။ အဲဒီမှာ ယေဟောဝါကို ညီအစ်ကိုညီအစ်မတွေနဲ့အတူ ကျွန်တော်တို့ ဝတ်ပြုကြတယ်။ ဒါပေမဲ့ အစည်းအဝေး ပုံမှန်တက်ရုံနဲ့ မလုံလောက်ဘူး။ “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန်” အချင်းချင်းကို တိုက်တွန်းနှိုးဆော်ဖို့ ဟေဗြဲခရစ်ယာန်တွေကို ပေါလု တိုက်တွန်းတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အခုကတည်းက ညီရင်းအစ်ကိုမေတ္တာ ခိုင်ခံ့အောင် လုပ်ဆောင်ထားဖို့ လိုတယ်။ အကြောင်းကတော့ ရှေ့မှာကြုံရမယ့် ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်အောင် အဲဒီမေတ္တာက ကူညီပေးမှာဖြစ်လို့ပဲ။

၉။ (က) ညီရင်းအစ်ကိုမေတ္တာ တင်ပြဖို့ ဘယ်အခွင့်အရေးတွေရှိသလဲ။ (ခ) ယေဟောဝါရဲ့လူမျိုး ညီရင်းအစ်ကိုမေတ္တာ တင်ပြခဲ့တဲ့ နမူနာတွေကို ဖော်ပြပါ။

ကြီးစွာသောဒုက္ခမစခင် အခုကတည်းက ညီရင်းအစ်ကိုမေတ္တာ တင်ပြဖို့ အခွင့်အရေးအများကြီးရှိတယ်။ ညီအစ်ကိုညီအစ်မများစွာဟာ မြေငလျင်၊ ရေဘေး၊ မုန်တိုင်း၊ ဆူနာမီနဲ့ တခြားသဘာဝဘေးတွေ ကြုံနေရတယ်။ တချို့ကျတော့ နှိပ်စက်ညှဥ်းပန်းမှုတွေ ကြုံနေရတယ်။ (မ. ၂၄:၆-၉) အကျင့်ပျက်လောကကြောင့် စီးပွားရေးပြဿနာတွေ နေ့စဥ်ကြုံနေရတယ်။ (ဗျာ. ၆:၅၊ ၆) သူတို့ အခက်အခဲ ပိုကြုံရလေ သူတို့ကိုမေတ္တာပြဖို့ အခွင့်အရေး ပိုရလေပဲ။ ဒီလောကမှာ မေတ္တာခေါင်းပါးနေပေမဲ့ ကျွန်တော်တို့ကတော့ ညီရင်းအစ်ကိုမေတ္တာ ဆက်တင်ပြဖို့ လိုတယ်။—မ. ၂၄:၁၂ [၁]

ညီရင်းအစ်ကိုမေတ္တာ ဘယ်လို ဆက်တင်ပြနိုင်သလဲ

၁၀။ အခု ဘယ်အကြောင်း ဆွေးနွေးကြမလဲ။

၁၀ အခက်အခဲတွေ ကိုယ်တိုင်ကြုံနေရတဲ့ကြား ညီရင်းအစ်ကိုမေတ္တာ ဘယ်လို ဆက်တင်ပြနိုင်သလဲ။ ညီရင်းအစ်ကိုမေတ္တာရှိကြောင်း ဘယ်လိုနည်းတွေနဲ့ သက်သေထူနိုင်သလဲ။ “သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းကို ဆက်တင်ပြကြလော့” လို့ တမန်တော်ပေါလု ပြောပြီးနောက် အဲဒီလိုတင်ပြနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြခဲ့တယ်။ အဲဒီထဲက ခြောက်ခုကို ဆွေးနွေးကြစို့။

၁၁၊ ၁၂။ ဧည့်ဝတ်ပြုခြင်းဆိုတာ ဘယ်လိုအဓိပ္ပာယ်ရှိသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၁ “ဧည့်ဝတ်ပြုခြင်းအမှုကို မမေ့လျော့ကြနှင့်။” (ဟေဗြဲ ၁၃:၂ ကိုဖတ်ပါ။) “ဧည့်ဝတ်ပြုခြင်းအမှု” လို့ ပြန်ဆိုထားတဲ့ မူရင်းအသုံးအနှုန်းဟာ “သူစိမ်းတွေကို ကြင်နာမှုပြခြင်း” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီအသုံးအနှုန်းက အာဗြဟံနဲ့ လောတအကြောင်း အမှတ်ရစေတယ်။ သူတို့နှစ်ယောက်ဟာ မသိကျွမ်းတဲ့ ဧည့်သည်တွေကို ကြင်နာမှုပြခဲ့တယ်။ တကယ်တော့ အဲဒီဧည့်သည်တွေဟာ ကောင်းကင်တမန်တွေ ဖြစ်နေတယ်။ (က. ၁၈:၂-၅; ၁၉:၁-၃) ဧည့်ဝတ်ကျေပွန်ခြင်းအားဖြင့် ညီရင်းအစ်ကိုမေတ္တာ တင်ပြဖို့ အဲဒီပုံနမူနာက ဟေဗြဲခရစ်ယာန်တွေကို အားပေးတယ်။

၁၂ တခြားသူတွေကို ဘယ်လိုဧည့်ဝတ်ပြုနိုင်သလဲ။ ကိုယ့်အိမ်မှာ ထမင်းစားဖိတ်နိုင်တယ်။ ပေါင်းသင်းဖို့၊ အားပေးဖို့ အိမ်ကိုဖိတ်ခေါ်နိုင်တယ်။ အသင်းတော်ကို လာလည်ပတ်တဲ့ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးကို ကောင်းကောင်းမသိရင်တောင် ဧည့်ဝတ်ပြုနိုင်တယ်။ (၃ ယော. ၅-၈) အကြီးအကျယ် ငွေကုန်ခံ ချက်ပြုတ်ပြင်ဆင်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကြွားဝါဖို့ မဟုတ်ဘူး။ ညီအစ်ကိုညီအစ်မတွေကို အားပေးဖို့ ဖြစ်တယ်။ ကိုယ့်ကို တစ်နည်းနည်းနဲ့ ပြန်ကျေးဇူးဆပ်နိုင်မယ့်သူတွေကိုပဲ မဖိတ်ခေါ်သင့်ဘူး။ (လု. ၁၀:၄၂; ၁၄:၁၂-၁၄) အရေးကြီးဆုံးကတော့ ဧည့်ဝတ်မပြုနိုင်လောက်အောင် အလုပ်မများသင့်ဘူး။

၁၃၊ ၁၄။ အကျဥ်းကျနေသူတွေကို ဘယ်လိုနည်းနဲ့ “သတိရ” နိုင်သလဲ။

၁၃ ‘အကျဥ်းခံနေရသူတို့ကို သတိရကြလော့။’ (ဟေဗြဲ ၁၃:၃ ကိုဖတ်ပါ။) အကျဥ်းသားတိုင်းကို သတိရဖို့ ပေါလု ပြောနေတာမဟုတ်ဘူး။ ယုံကြည်ချက်ကြောင့် အကျဥ်းကျနေတဲ့ ညီအစ်ကိုတွေကို သတိရဖို့ ပြောနေတာဖြစ်တယ်။ “အကျဥ်းကျသူများကို စာနာစိတ်ရှိ” တဲ့အတွက် အသင်းတော်ကို ပေါလု ချီးမွမ်းခဲ့တယ်။ (ဟေဗြဲ ၁၀:၃၄) ပေါလု ထောင်ကျနေတဲ့ လေးနှစ်အတွင်း ညီအစ်ကိုတချို့ သူ့ကို ကူညီပေးခဲ့တယ်။ ဟေဗြဲခရစ်ယာန်တွေကတော့ အဝေးမှာနေထိုင်တဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ မကူညီနိုင်ကြဘူး။ ဒါဆို ပေါလုကို သူတို့ ဘယ်လိုနည်းနဲ့ ကူညီပေးနိုင်မလဲ။ သူ့အတွက် စိတ်ထက်သန်စွာ ဆုတောင်းပေးနိုင်တယ်။—ဖိ. ၁:၁၂-၁၄; ဟေဗြဲ ၁၃:၁၈၊ ၁၉

အဲရိထရီအာနိုင်ငံမှာ ထောင်ကျနေတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ ကလေးတွေအတွက် ဆုတောင်းပေးနိုင်တယ်

၁၄ ဒီနေ့လည်း သက်သေခံများစွာဟာ ယုံကြည်ချက်ကြောင့် အကျဥ်းကျနေတယ်။ အနီးအနားမှာနေထိုင်တဲ့ ညီအစ်ကိုညီအစ်မတွေက သူတို့ကို လက်တွေ့ကျကျ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ အဝေးမှာနေထိုင်တဲ့ ညီအစ်ကိုညီအစ်မတွေကော ဘယ်လိုကူညီပေးနိုင်သလဲ။ သူတို့အတွက် စိတ်ထက်သန်စွာ ဆုတောင်းပေးခြင်းအားဖြင့် ညီရင်းအစ်ကိုမေတ္တာ တင်ပြနိုင်တယ်။ ဥပမာ၊ အဲရိထရီအာနိုင်ငံမှာ ထောင်ကျနေတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ ကလေးတွေအပြင် ထောင်ကျနေတာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်တဲ့ ညီအစ်ကို ပေါ်လိုစ် အီယာဆူ၊ အိဇက် မိုဂိုစ်နဲ့ နယ်ဂဲဒဲ တက်ကလီမာရီယမ်တို့အတွက်လည်း ဆုတောင်းပေးနိုင်တယ်။

၁၅။ အိမ်ထောင်ကို ဘယ်လို ဂုဏ်အသရေရှိစေနိုင်သလဲ။

၁၅ “လူအပေါင်းတို့ရှေ့တွင် မင်္ဂလာဆောင်ခြင်းအမှုကို ဂုဏ်အသရေရှိစေလော့။” (ဟေဗြဲ ၁၃:၄ ကိုဖတ်ပါ။) ကိုယ်ကျင့်တရား သန့်ရှင်းနေခြင်းအားဖြင့်လည်း ညီရင်းအစ်ကိုမေတ္တာ တင်ပြနိုင်တယ်။ (၁ တိ. ၅:၁၊ ၂) ဥပမာ၊ ကျွန်တော်တို့က ညီအစ်ကိုညီအစ်မတစ်ယောက်ယောက်နဲ့ လိင်မှုဖောက်ပြန်မိရင် သူ့ကိုရော သူ့မိသားစုကိုပါ ထိခိုက်စေပါလိမ့်မယ်။ အချင်းချင်းကြားမှာရှိတဲ့ ယုံကြည်စိတ်ချမှုလည်း ပျက်စီးသွားပါလိမ့်မယ်။ (၁ သက်. ၄:၃-၈) ကိုယ့်ခင်ပွန်း ညစ်ညမ်းရုပ်ပုံတွေ ကြည့်နေတာကို ဇနီးဖြစ်သူသိသွားတဲ့အခါ ဘယ်လို ခံစားရမယ်ဆိုတာကိုလည်း စဥ်းစားကြည့်ပါ။ သူ့ခင်ပွန်းက သူ့ကို ချစ်တယ်၊ အိမ်ထောင်ရေးကို လေးမြတ်တယ်လို့ ဇနီးဖြစ်သူ ခံစားရမလား။—မ. ၅:၂၈

၁၆။ ရောင့်ရဲခြင်းက ညီရင်းအစ်ကိုမေတ္တာ တင်ပြဖို့ ဘယ်လို ကူညီပေးသလဲ။

၁၆ “ရှိသမျှနှင့် ရောင့်ရဲလော့။” (ဟေဗြဲ ၁၃:၅ ကိုဖတ်ပါ။) ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက ရှိတာလေးနဲ့ ရောင့်ရဲနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါက ညီရင်းအစ်ကိုမေတ္တာ တင်ပြဖို့ ဘယ်လို ကူညီပေးသလဲ။ ရောင့်ရဲနေမယ်ဆိုရင် ငွေထက်၊ ပစ္စည်းဥစ္စာတွေထက် ညီအစ်ကိုညီအစ်မတွေက များစွာပိုအရေးကြီးမှန်း ကျွန်တော်တို့ သတိရပါလိမ့်မယ်။ (၁ တိ. ၆:၆-၈) ရောင့်ရဲသူဟာ ညီအစ်ကိုညီအစ်မတွေကိုဖြစ်စေ၊ ကိုယ့်ဘဝအခြေအနေကိုဖြစ်စေ မညည်းညူဘူး။ မနာလိုစိတ်၊ လောဘစိတ်မရှိဘူး။ အဲဒီအစား ရက်ရောတယ်။—၁ တိ. ၆:၁၇-၁၉

၁၇။ ရဲစွမ်းသတ္တိရှိခြင်းက ညီရင်းအစ်ကိုမေတ္တာ တင်ပြဖို့ ဘယ်လို ကူညီပေးသလဲ။

၁၇ ‘ရဲစွမ်းသတ္တိရှိပါ။’ (ဟေဗြဲ ၁၃:၆ ကိုဖတ်ပါ။) ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက ဘယ်အခက်အခဲကိုမဆို သတ္တိရှိရှိ ခံရပ်စေနိုင်တယ်။ ရဲစွမ်းသတ္တိရှိခြင်းက အပြုသဘောထားရှိစေနိုင်တယ်။ အပြုသဘောထားရှိမယ်ဆိုရင် ညီအစ်ကိုညီအစ်မတွေကို အားပေးနှစ်သိမ့်ခြင်းအားဖြင့် ညီရင်းအစ်ကိုမေတ္တာ တင်ပြနိုင်ပါလိမ့်မယ်။ (၁ သက်. ၅:၁၄၊ ၁၅) ကယ်တင်ခံရမယ့်အချိန် နီးပြီဆိုတာ သိထားလို့ ကြီးစွာသောဒုက္ခအတွင်းမှာတောင် ရဲစွမ်းသတ္တိရှိနိုင်ပါတယ်။—လု. ၂၁:၂၅-၂၈

ကယ်တင်ခံရမယ့်အချိန် နီးပြီဆိုတာ သိထားလို့ ရဲစွမ်းသတ္တိရှိနိုင်ပါတယ်

၁၈။ အကြီးအကဲတွေအပေါ်ထားတဲ့ ညီရင်းအစ်ကိုမေတ္တာ တိုးများလာအောင် ဘယ်လို လုပ်ဆောင်နိုင်သလဲ။

၁၈ ‘ဦးဆောင်နေသူတို့ကို သတိရကြလော့။’ (ဟေဗြဲ ၁၃:၇၊ ၁၇ ကိုဖတ်ပါ။) အသင်းတော်အကြီးအကဲတွေဟာ အခကြေးငွေမယူဘဲ ကျွန်တော်တို့အကျိုးအတွက် ကြိုးစားလုပ်ဆောင်နေကြတယ်။ သူတို့ရဲ့လုပ်ဆောင်မှုတွေအကြောင်း စဥ်းစားကြည့်တဲ့အခါ သူတို့အပေါ်ထားတဲ့ ညီရင်းအစ်ကိုမေတ္တာနဲ့ ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာတယ်။ ကိုယ့်လုပ်ရပ်တစ်ခုခုကြောင့် သူတို့ စိတ်ညစ်အောင်၊ သက်ပြင်းချရအောင် ကျွန်တော်တို့ မလုပ်ချင်ဘူး။ အဲဒီအစား လိုလိုလားလား နာခံ၊ လက်အောက်ခံခြင်းအားဖြင့် “သူတို့၏အလုပ်ကို ထောက်ရှု၍ သူတို့ကို ချစ်ခြင်းမေတ္တာဖြင့် သာ၍ရိုသေလေးစား” မှု တင်ပြကြတယ်။—၁ သက်. ၅:၁၃

သင်တို့အတွက် အကြီးအကဲတွေရဲ့ ကြိုးစားလုပ်ဆောင်မှုကို ကျေးဇူးတင်လေးမြတ်သလား (အပိုဒ် ၁၈ ကိုကြည့်ပါ)

အခုထက် ပိုအပြည့်အဝ လုပ်ဆောင်နေပါ

၁၉၊ ၂၀။ ညီရင်းအစ်ကိုမေတ္တာကို ဘယ်လို အပြည့်အဝ ဆက်တင်ပြနိုင်သလဲ။

၁၉ ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့ ညီရင်းအစ်ကိုမေတ္တာကြောင့် လူသိများတယ်။ ပေါလုခေတ်တုန်းကလည်း အဲဒီလိုပဲ။ ဒါပေမဲ့ “ထို့ထက်ပို၍ပြုကြ” ပါလို့ သူတို့ကို ပေါလု အားပေးခဲ့တယ်။ (၁ သက်. ၄:၉၊ ၁၀) အခုထက် ပိုအပြည့်အဝလုပ်ဆောင်နိုင်တဲ့ ကဏ္ဍတွေ အမြဲရှိတယ်ဆိုတာ ထင်ရှားတယ်။

၂၀ ဒါကြောင့် ဒီတစ်နှစ်လုံး နိုင်ငံတော်ခန်းမမှာ နှစ်ချုပ်ကျမ်းချက်ကို တွေ့တဲ့အခါ အောက်ပါမေးခွန်းတွေကို တွေးတောဆင်ခြင်ကြပါစို့– ‘ငါ အခုထက်ပိုပြီး ဧည့်ဝတ်ပြုနိုင်မလား။ ထောင်ကျနေတဲ့ ညီအစ်ကိုညီအစ်မတွေကို ကူညီနိုင်မလား။ ဘုရားသခင့်အိမ်ထောင်ရေးအစီအစဥ်ကို ဂုဏ်အသရေရှိစေနိုင်မလား။ စစ်မှန်တဲ့ရောင့်ရဲမှုရှိအောင် ဘာက ကူညီပေးမလဲ။ ယေဟောဝါကို အခုထက်ပိုပြီး ဘယ်လို ကိုးစားနိုင်မလဲ။ ဦးဆောင်နေသူတွေကို ဘယ်လို ပိုနာခံမှုပြနိုင်မလဲ။’ အဲဒီကဏ္ဍခြောက်ခုမှာ တိုးတက်လာအောင် ကြိုးစားမယ်ဆိုရင် နှစ်ချုပ်ကျမ်းချက်ဟာ နံရံပေါ်က ဆိုင်းဘုတ်လောက်သာ ဖြစ်တော့မှာမဟုတ်ဘူး။ အဲဒီအစား “သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းကို ဆက်တင်ပြကြလော့” ဆိုတဲ့ တိုက်တွန်းချက်ကို လိုက်နာဖို့ အမှတ်ရစေပါလိမ့်မယ်။—ဟေဗြဲ ၁၃:၁

^ [၁] (အပိုဒ် ၉) သဘာဝဘေးတွေ ကြုံရချိန်မှာ ယေဟောဝါသက်သေတွေ ညီရင်းအစ်ကိုမေတ္တာ ဘယ်လို တင်ပြခဲ့တယ်ဆိုတဲ့ နမူနာတွေကို ၂၀၀၂၊ ဇူလိုင် ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၈-၉ နဲ့ ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ စာအုပ်၊ အခန်း ၂၀ မှာ ကြည့်ပါ။