မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’

‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’

‘သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက် နှစ်ခြင်းပေးကြလော့။ သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။’—မ. ၂၈:၁၉၊ ၂၀

သီချင်း– ၁၄၁၊ ၉၇

၁၊ ၂။ မဿဲ ၂၄:၁၄ မှာပါတဲ့ ယေရှုရဲ့စကားကြောင့် ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

နောက်ဆုံးကာလမှာ လူအားလုံးကို နိုင်ငံတော် သတင်းကောင်း ဟောပြောလိမ့်မယ်လို့ ယေရှု ကြိုဟောခဲ့တယ်။ (မ. ၂၄:၁၄) ဟောပြောခြင်းလုပ်ငန်းကြောင့် ယေဟောဝါသက်သေတွေကို တစ်ကမ္ဘာလုံးမှာ လူသိများတယ်။ ကျွန်တော်တို့ ဟောတဲ့သတင်းကို လူတချို့ ကြိုက်ပေမဲ့ တချို့ကတော့ မကြိုက်ဘူး။ ဒါပေမဲ့ မကြိုက်တဲ့သူတွေတောင် ကျွန်တော်တို့ရဲ့ လုပ်ငန်းကို လေးစားကြတယ်။ ယေရှုကြိုဟောခဲ့တဲ့လုပ်ငန်းကို လုပ်ဆောင်နေတာပါလို့ ကျွန်တော်တို့ အခိုင်အမာ ပြောကြတယ်။ အဲဒီလိုပြောပိုင်ခွင့်ရှိသလား။ ဟောပြောခြင်းလုပ်ငန်းဟာ ယေရှုကြိုဟောခဲ့တဲ့လုပ်ငန်း ဖြစ်တယ်လို့ ဘာကြောင့် အသေအချာ ပြောနိုင်သလဲ။

ဘာသာရေးအုပ်စုများစွာက သူတို့လည်း သတင်းကောင်း ဟောနေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဟောပြောခြင်းက ချာ့ချ်မှာ၊ တီဗွီမှာ၊ အင်တာနက်မှာ တရားဟောရုံလောက်ပဲ။ ယေရှုအကြောင်း ဘယ်လိုသိလာတယ်ဆိုတာ ပြောပြရုံလောက်ပဲ။ တချို့ကလည်း လိုအပ်နေသူတွေကို ကူညီပေးတာ၊ ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာတွေအဖြစ် လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်တာဟာ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်နေတာပဲလို့ ခံယူကြတယ်။ ဒါပေမဲ့ အဲဒါတွေဟာ ယေရှုကြိုဟောခဲ့တဲ့ ဟောပြောခြင်းလုပ်ငန်းလား။

၃။ မဿဲ ၂၈:၁၉၊ ၂၀ အရ ဘယ်အချက်လေးချက်ကို ယေရှုရဲ့ နောက်လိုက်တွေ လုပ်ဆောင်ရမလဲ။

ယေရှုက ကိုယ့်ဆီ လူတွေလာတဲ့အထိ တပည့်တွေကို စောင့်စေချင်သလား။ မစောင့်စေချင်ဘူး။ ရှင်ပြန်ထမြောက်ပြီးနောက် ရာနဲ့ချီတဲ့နောက်လိုက်တွေကို အခုလို ပြောတယ်– ‘ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက် နှစ်ခြင်းပေးကြလော့။ သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။’ (မ. ၂၈:၁၉၊ ၂၀) ဒါကြောင့် ယေရှုရဲ့ နောက်လိုက်တွေအနေနဲ့ အချက်လေးချက်ကို ကျွန်တော်တို့ လုပ်ဆောင်ရမယ်။ တပည့်ဖြစ်စေရမယ်။ နှစ်ခြင်းပေးရမယ်။ သွန်သင်ပေးရမယ်။ ဒါပေမဲ့ အဲဒါတွေ မလုပ်ခင် အရင်ဆုံး လူတွေဆီ သွားရမယ်။ “လမ်းခြားတာပဲဖြစ်ဖြစ်၊ ပင်လယ်ခြားတာပဲဖြစ်ဖြစ် လူတွေဆီ ‘သွား’ ရမယ်ဆိုတာ ယုံကြည်သူတိုင်းရဲ့ တာဝန် ဖြစ်တယ်” လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။—မ. ၁၀:၇; လု. ၁၀:၃

၄။ “လူဖမ်းသောတံငါသည်” တွေ ဖြစ်ခြင်းမှာ ဘာပါဝင်သလဲ။

တပည့်တွေဆီကနေ ယေရှု ဘာမျှော်လင့်သလဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်ယောက်ချင်း ဟောစေချင်သလား ဒါမှမဟုတ် စနစ်တကျ ဖွဲ့စည်းထားတဲ့ အုပ်စုလိုက်အနေနဲ့ ဟောစေချင်သလား။ တစ်ယောက်အားနဲ့ “လူမျိုးတကာ” ကို ဟောပြောဖို့ မဖြစ်နိုင်တဲ့အတွက် စနစ်တကျ ဖွဲ့စည်းထားတဲ့အုပ်စု လိုအပ်တယ်။ “လူဖမ်းသောတံငါသည်” တွေ ဖြစ်ဖို့ တပည့်တွေကို ယေရှု ဖိတ်ခေါ်ချိန်မှာ အဲဒီအချက် ပေါ်လွင်တယ်။ (မဿဲ ၄:၁၈-၂၂ ကိုဖတ်ပါ။) ယေရှုက တံငါသည်တစ်ယောက်ချင်း ငါးမျှားတံနဲ့ ငါးမျှားတာကို မဆိုလိုဘူး။ အဲဒီနည်းက ငါးစာကို ငါးလာဟပ်ဖို့ ထိုင်စောင့်နေရုံဖြစ်တယ်။ အဲဒီအစား ပိုက်ကွန်ချပြီးဖမ်းတဲ့ ငါးဖမ်းနည်းကို ဆိုလိုနေတာ ဖြစ်တယ်။ အဲဒီနည်းဟာ အုပ်စုလိုက် ပူးပေါင်းပြီး စနစ်တကျ အားစိုက်လုပ်ဆောင်ဖို့ လိုအပ်တယ်။—လု. ၅:၁-၁၁

၅။ ဘယ်မေးခွန်းလေးခုကို သုံးသပ်ဖို့ လိုသလဲ။ ဘာကြောင့်လဲ။

ဒီနေ့ခေတ်မှာ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို ဘယ်သူတွေ လုပ်ဆောင်နေတယ်ဆိုတာသိဖို့ ဒီမေးခွန်းလေးခုကို သုံးသပ်ဖို့ လိုတယ်–

  • ယေရှုရဲ့ နောက်လိုက်တွေ ဘယ်သတင်းကို ဟောသင့်သလဲ။

  • ဘာအကြောင်းရင်းကြောင့် ဟောသင့်သလဲ။

  • ဘယ်နည်းလမ်းတွေ သုံးသင့်သလဲ။

  • လုပ်ငန်း ဘယ်လောက် ကျယ်ပြန့်သင့်သလဲ။ ဘယ်လောက်ကြာကြာ ဆက်ဟောသင့်သလဲ။

အဲဒီမေးခွန်းတွေက အသက်ကယ်လုပ်ငန်းကို ဘယ်သူတွေ လုပ်ဆောင်နေမှန်း ခွဲခြားသိရှိနိုင်အောင်၊ ဆက်ဟောပြောချင်စိတ် တိုးများလာအောင် ကူညီပေးပါလိမ့်မယ်။—၁ တိ. ၄:၁၆

သတင်း

၆။ ယေရှုဟောခိုင်းတဲ့သတင်းကို ယေဟောဝါသက်သေတွေ ဟောနေမှန်း သင် ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

လုကာ ၄:၄၃ ကိုဖတ်ပါ။ ယေရှုက “နိုင်ငံတော်သတင်းကောင်း” ဟောပြောခဲ့တယ်။ တပည့်တွေကိုလည်း အဲဒီအတိုင်း လုပ်စေချင်တယ်။ လူတိုင်းကို အဲဒီသတင်းကောင်း ဟောပြောနေတာ ဘယ်အုပ်စုလဲ။ ယေဟောဝါသက်သေတွေပဲ။ ကျွန်တော်တို့ကို မကြိုက်တဲ့သူတွေတောင် အဲဒီအချက်ကို ဝန်ခံကြတယ်။ ဥပမာ၊ နိုင်ငံအတော်များများမှာ သာသနာပြုခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးက သူရောက်ခဲ့တဲ့နိုင်ငံတိုင်းမှာ ယေဟောဝါသက်သေတွေကို ဘာသတင်းဟောသလဲလို့ မေးကြည့်တယ်။ ဘာအဖြေရသလဲ။ “သူတို့အားလုံး တော်တော် တုံးတာပဲ။ ‘နိုင်ငံတော် သတင်းကောင်း’ လို့ တစ်ပုံစံတည်း ဖြေကြတယ်” လို့ သူ ပြောတယ်။ တကယ်တော့ ကျွန်တော်တို့ တုံးတာမဟုတ်ဘဲ ခရစ်ယာန်စစ်တွေအဖြစ် စည်းလုံးနေတာကို ဘုန်းကြီးရဲ့ မှတ်ချက်က ဖော်ပြတယ်။ (၁ ကော. ၁:၁၀) ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း ဆိုတဲ့မဂ္ဂဇင်းမှာပါတဲ့ အဓိကသတင်းကလည်း ဘုရားသခင့်နိုင်ငံတော်သတင်း ဖြစ်တယ်။ အဲဒီမဂ္ဂဇင်းကို ဘာသာစကား ၂၅၄ မျိုးနဲ့ ပျမ်းမျှစောင်ရေ ၅၉,၀၀၀,၀၀၀ နီးပါး ထုတ်ဝေနေတယ်။ ကမ္ဘာမှာ အဖြန့်ဝေရဆုံး စာစောင် ဖြစ်တယ်။

ယေဟောဝါသက်သေတွေပဲ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း ဟောပြောနေတယ်

၇။ ယေရှုဟောခိုင်းတဲ့သတင်းကို ခရစ်ယာန်ဘောင် ဓမ္မဆရာတွေ မဟောဘူးဆိုတာ ဘယ်လို သိရသလဲ။

ခရစ်ယာန်ဘောင် ဓမ္မဆရာတွေက ဘုရားသခင့်နိုင်ငံတော်အကြောင်း မဟောကြဘူး။ ဟောပြန်ရင်လည်း နိုင်ငံတော်ဟာ လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာရှိတဲ့ ခံစားချက် ဖြစ်တယ်လို့ ပြောကြတယ်။ (လု. ၁၇:၂၁) နိုင်ငံတော်ဟာ ယေရှု အုပ်ချုပ်နေတဲ့ ကောင်းကင်အစိုးရဖြစ်ပြီး လူ့ပြဿနာအားလုံးကို ဖြေရှင်းပေးမယ်၊ မြေကြီးပေါ်က ဆိုးသွမ်းမှုအားလုံးကို မကြာခင် ဖယ်ရှားပေးတော့မယ်ဆိုပြီး လူတွေကို သူတို့ မသင်ပေးဘူး။ (ဗျာ. ၁၉:၁၁-၂၁) အဲဒီအစား ခရစ္စမတ်ပွဲ ဒါမှမဟုတ် အီစတာပွဲမှာပဲ ယေရှုအကြောင်း ပြောလေ့ရှိတယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ယေရှုလုပ်ဆောင်မယ့်အရာတွေကို ခရစ်ယာန်ဘောင် ဓမ္မဆရာတွေ မသိတာ ထင်ရှားတယ်။ ဘာသတင်းဟောရမယ်ဆိုတာ မသိတဲ့အတွက် ဘာအကြောင်းရင်းကြောင့် ဟောရမယ်ဆိုတာကိုလည်း မသိတာ မဆန်းပါဘူး။

အကြောင်းရင်း

၈။ ဘာအကြောင်းရင်းကြောင့် ဟောပြောတာ မှားသလဲ။

ဘာအကြောင်းရင်းကြောင့် ဟောပြောသင့်သလဲ။ ငွေရဖို့ ဒါမှမဟုတ် ခမ်းနားထည်ဝါတဲ့ အဆောက်အအုံကြီးတွေ ဆောက်နိုင်ဖို့အတွက် မဖြစ်သင့်ဘူး။ “သင်တို့သည် အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ပေးကမ်းကြလော့” လို့ ယေရှု ပြောတယ်။ (မ. ၁၀:၈) ဟောပြောခြင်းလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် မလုပ်ကိုင်သင့်ဘူး။ (၂ ကော. ၂:၁၇) ဟောပြောခြင်းလုပ်ငန်းအတွက် အခကြေးငွေ မတောင်းသင့်ဘူး။ (တမန်တော် ၂၀:၃၃-၃၅ ကိုဖတ်ပါ။) ယေရှု ဒီလောက် ရှင်းရှင်းလင်းလင်း ညွှန်ကြားထားတာတောင် ချာ့ချ်အများစုဟာ ဓမ္မဆရာတွေနဲ့ အလုပ်သမားတွေကို လစာပေးနိုင်အောင်၊ အထွေထွေ အသုံးစရိတ်ရရှိအောင် အလှူငွေရဖို့ပဲ ဗျာများနေကြတယ်။ ရလဒ်အနေနဲ့ ခရစ်ယာန်ဘောင် ဓမ္မဆရာတွေ ကျိကျိတက် ချမ်းသာလာတယ်။—ဗျာ. ၁၇:၄၊ ၅

ဟောပြောခြင်းလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် မလုပ်ကိုင်သင့်ဘူး

၉။ ယေဟောဝါသက်သေတွေ ဟောပြောရတဲ့ အကြောင်းရင်း မှန်ကန်မှန်း ဘယ်လို ဖော်ပြနေသလဲ။

ယေဟောဝါသက်သေတွေဟာ အသင်းတော်အစည်းအဝေးတွေ၊ စည်းဝေးကြီးတွေမှာ အလှူငွေကောက်သလား။ မကောက်ပါဘူး။ သူတို့ရဲ့ လုပ်ငန်းကို စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ ထောက်မတယ်။ (၂ ကော. ၉:၇) ဒါတောင် လွန်ခဲ့တဲ့နှစ်မှာ ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ နာရီပေါင်း သန်းနှစ်ထောင်နီးပါး အသုံးပြုခဲ့ပြီး လတိုင်း ကျမ်းစာသင်အံမှု ကိုးသန်းကျော် ကျင်းပခဲ့တယ်။ အဲဒီလုပ်ဆောင်မှုတွေအတွက် သူတို့ လုပ်ခမရတဲ့အပြင် ကိုယ်တိုင် ငွေကုန်ကြေးကျခံကြတယ်။ “သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဟောပြောသွန်သင်ပေးဖို့ပဲ။ . . . သူတို့မှာ လခစားဓမ္မဆရာမရှိတဲ့အတွက် တော်တော် အကုန်အကျသက်သာတယ်” ဆိုပြီး ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို လေ့လာသူတစ်ယောက် ပြောတယ်။ ငွေရဖို့ ဟောပြောတာ မဟုတ်ရင် ဘာကြောင့် ဟောပြောတာလဲ။ ယေဟောဝါကိုချစ်လို့၊ လူတွေကိုချစ်လို့ ဒီလုပ်ငန်းမှာ ကျွန်တော်တို့ လိုလိုလားလား ပါဝင်နေကြတယ်။ အဲဒီသဘောထားဟာ ဆာလံ ၁၁၀:၃ (ဖတ်ပါ။) မှာပါတဲ့ ပရောဖက်ပြုချက် ပြည့်စုံတာ ဖြစ်တယ်။

နည်းလမ်းတွေ

လူတွေကို တွေ့နိုင်တဲ့နေရာတိုင်းမှာ ကျွန်တော်တို့ ဟောပြောတယ် (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်နည်းလမ်းတွေကို ယေရှုနဲ့ တပည့်တွေ အသုံးပြုခဲ့သလဲ။

၁၀ ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်နည်းလမ်းတွေကို ယေရှုနဲ့ တပည့်တွေ အသုံးပြုခဲ့သလဲ။ လူရှိတဲ့နေရာတိုင်းကို သူတို့ သွားကြတယ်။ ဥပမာ၊ လမ်းတွေ၊ ဈေးတွေ၊ အိမ်တွေမှာ ဟောကြတယ်။ (မ. ၁၀:၁၁; လု. ၈:၁; တ. ၅:၄၂; ၂၀:၂၀) တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းဟာ လူအမျိုးမျိုးဆီ ရောက်ရှိနိုင်ဖို့ စနစ်ကျတဲ့နည်းလမ်း ဖြစ်တယ်။

၁၁၊ ၁၂။ သတင်းကောင်း ဟောပြောခြင်းနဲ့ပတ်သက်ပြီး ခရစ်ယာန်ဘောင်နဲ့ ယေဟောဝါသက်သေတွေရဲ့ ကြိုးစားအားထုတ်မှုကို နှုိင်းယှဥ်ပြပါ။

၁၁ ခရစ်ယာန်ဘောင်ချာ့ချ်တွေဟာ သတင်းကောင်းကို ယေရှု ဟောခဲ့တဲ့နည်းအတိုင်း ဟောနေကြသလား။ အများအားဖြင့် လခစား ဓမ္မဆရာတွေက အသင်းသားတွေကို ဟောပြောတယ်။ တပည့်သစ်တွေ ရှာမယ့်အစား ချာ့ချ်မှာ ရှိပြီးသား အသင်းသားတွေ မလွတ်သွားအောင်ပဲ ထိန်းထားကြတယ်။ ဟောပြောဖို့ အသင်းသားတွေကို အားပေးတဲ့အခါတွေတော့ ရှိပါတယ်။ ဥပမာ၊ ၂၀၀၁ တုန်းက ပုပ်ရဟန်းမင်း ဒုတိယမြောက် ဂျွန်ပေါလ်က “နှစ်တွေတစ်လျှောက် ဧဝံဂေလိဟောဖို့ အသင်းသားတွေကို ကျွန်တော် အကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်။ အခုလည်း တိုက်တွန်းပါတယ်။ ‘သတင်းကောင်းကို မဟောဘဲနေလျှင် ငါ၌ အမင်္ဂလာရှိ၏’ လို့ ပြောခဲ့တဲ့ တမန်တော်ပေါလုရဲ့ ဇွဲထက်သန်မှုမျိုး ရှိရမယ်” လို့ စာတစ်စောင်မှာ ပြောခဲ့တယ်။ ပြီးနောက် ဒီတာဝန်ကို “‘အထူး လေ့ကျင့်ထားတဲ့’ အုပ်စုလောက်သာမဟုတ်ဘဲ ဘုရားသခင့် လူမျိုးအားလုံး ထမ်းဆောင်ရမယ်” လို့ ဆက်ပြောတယ်။ ဒါပေမဲ့ သူအားပေးတဲ့အတိုင်း လုပ်ဆောင်သူ အနည်းငယ်ပဲ ရှိတယ်။

၁၂ ယေဟောဝါသက်သေတွေကော ဘယ်လိုလဲ။ ယေရှုဟာ ၁၉၁၄ ကစပြီး ဘုရင်အဖြစ် အုပ်ချုပ်နေပြီလို့ ဟောပြောတာ သူတို့ပဲ ရှိတယ်။ ယေရှုရဲ့စကားကို သူတို့နာခံပြီး ဘဝမှာ ဟောပြောခြင်းလုပ်ငန်းကို အဓိကထားကြတယ်။ (မာ. ၁၃:၁၀) ဟောပြောခြင်းလုပ်ငန်းဟာ ယေဟောဝါသက်သေတွေအတွက် အရေးကြီးဆုံးပဲလို့ စာအုပ်တစ်အုပ်မှာ (Pillars of Faith—American Congregations and Their Partners) ပြောတယ်။ သက်သေခံတစ်ယောက်ရဲ့ စကားကို ကိုးကားပြီး စာရေးသူ အခုလို ဆက်ပြောတယ်– “ငတ်မွတ်သူ၊ အထီးကျန်သူ၊ ဖျားနာသူတွေကို သူတို့ ကူညီပေးပေမဲ့ ဒီလောက အဆုံးတိုင်တော့မယ့်အကြောင်း၊ ကယ်တင်ခြင်းအကြောင်း ဟောပြောဖို့က အဓိကတာဝန်ပဲဆိုတာ မမေ့ကြဘူး။” ယေဟောဝါသက်သေတွေဟာ ယေရှုနဲ့ တပည့်တွေသုံးခဲ့တဲ့ နည်းလမ်းတွေကို သုံးပြီး သတင်းကောင်း ဆက်ဟောပြောနေကြတယ်။

ကျယ်ပြန့်မှုနဲ့ ကြာရှည်ချိန်

၁၃။ ဟောပြောခြင်းလုပ်ငန်းဟာ ဘယ်လောက် အတိုင်းအတာအထိ ကျယ်ပြန့်သင့်သလဲ။

၁၃ သတင်းကောင်းကို “လူနေရာ မြေတစ်ပြင်လုံး” မှာ ဟောပြောရမယ်ဆိုတဲ့ ယေရှုရဲ့စကားက ဟောပြောခြင်းလုပ်ငန်းရဲ့ ကျယ်ပြန့်မှုကို ဖော်ပြတယ်။ နောက်လိုက်တွေဟာ “လူမျိုးတကာမှ လူတို့ကို” တပည့်ဖြစ်စေရမယ်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) တစ်ကမ္ဘာလုံးမှာ သတင်းကောင်း ဟောရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

၁၄၊ ၁၅။ လုပ်ငန်းကျယ်ပြန့်မှုနဲ့ပတ်သက်ပြီး ယေရှုရဲ့ ကြိုဟောချက်အတိုင်း ယေဟောဝါသက်သေတွေ လုပ်ဆောင်နေတယ်ဆိုတာ ဘာက သက်သေထူသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၄ တစ်ကမ္ဘာလုံးမှာ သတင်းကောင်း ဟောရမယ်ဆိုတဲ့ ယေရှုရဲ့ ကြိုဟောချက်အတိုင်း ယေဟောဝါသက်သေတွေပဲ လုပ်ဆောင်နေတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ အမေရိကန်ပြည်ထောင်စုမှာ ခရစ်ယာန်ဘောင် ဓမ္မဆရာအဖွဲ့ဝင် ၆၀၀,၀၀၀ လောက် ရှိပြီး ယေဟောဝါသက်သေ ၁,၂၀၀,၀၀၀ လောက် ရှိတယ်။ တစ်ကမ္ဘာလုံးမှာ ကက်သလစ်ဘုန်းကြီး ၄၀၀,၀၀၀ လောက် ရှိတယ်။ ယေဟောဝါသက်သေတွေကတော့ နိုင်ငံပေါင်း ၂၄၀ မှာ ၈ သန်းကျော် ရှိနေတယ်။ ယေဟောဝါသက်သေတွေဟာ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းဖို့ တစ်ကမ္ဘာလုံးမှာ သတင်းကောင်း ဟောနေတာ ထင်ရှားတယ်။—ဆာ. ၃၄:၁; ၅၁:၁၅

၁၅ ယေဟောဝါသက်သေတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က အဆုံးမရောက်ခင် လူများနိုင်သလောက် များများကို သတင်းကောင်း ဟောပြောဖို့ ဖြစ်တယ်။ အဲဒီလို ဟောပြောနိုင်ဖို့ စာအုပ်၊ မဂ္ဂဇင်း၊ ဝေစာ၊ ခရိုင်စည်းဝေးနဲ့ အောက်မေ့ရာပွဲ ဖိတ်စာ သန်းပေါင်းများစွာကို ဘာသာစကား ၇၀၀ ကျော်နဲ့ ဘာသာပြန်ပြီး ထုတ်ဝေနေတယ်။ အဲဒါတွေကို အခမဲ့ ဖြန့်ဝေတယ်။ လွန်ခဲ့တဲ့နှစ်မှာ ကျမ်းစာစာပေ သန်းပေါင်း ၄,၅၀၀ လောက် ထုတ်ဝေခဲ့တယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကိုလည်း ဘာသာစကား ၁၃၀ ကျော်နဲ့ အုပ်ရေ သန်း ၂၀၀ ကျော် ထုတ်ဝေခဲ့တယ်။ ကျွန်တော်တို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာလည်း အချက်အလက်တွေကို ဘာသာစကား ၇၅၀ ကျော်နဲ့ ရရှိနိုင်ပြီ။ ဒီလောက်အံ့သြစရာကောင်းတဲ့ လုပ်ငန်းကို ယေဟောဝါသက်သေတွေပဲ လုပ်ဆောင်နေတယ်။

၁၆။ ယေဟောဝါသက်သေတွေမှာ ဘုရားသခင့် စွမ်းအားတော်ရှိမှန်း ဘယ်လို သိရသလဲ။

၁၆ ဟောပြောခြင်းလုပ်ငန်းကို ဘယ်လောက်ကြာကြာ ဆက်လုပ်ရမလဲ။ အဆုံးမရောက်မချင်း ဟောရမယ်လို့ ယေရှု ပြောတယ်။ နောက်ဆုံးကာလတစ်လျှောက် ဟောပြောခြင်းလုပ်ငန်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်တာဟာ ကျွန်တော်တို့မှာ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော် ရှိနေလို့ပဲ။ (တ. ၁:၈; ၁ ပေ. ၄:၁၄) “ငါတို့မှာလည်း သန့်ရှင်းသောဝိညာဥ်တော် ရှိတာပဲ” လို့ ဘာသာရေးအုပ်စုတချို့ ပြောကောင်းပြောမယ်။ ဒါပေမဲ့ ဒီနောက်ဆုံးကာလအတွင်း ယေဟောဝါသက်သေတွေလုပ်ဆောင်နေတဲ့ လုပ်ငန်းကို သူတို့ လုပ်ဆောင်နိုင်သလား။ ကျွန်တော်တို့လို ဟောပြောဖို့ ဘာသာရေးအုပ်စုတချို့ ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ တချို့ကလည်း ခဏလောက်ပဲ ဟောပြောချင်ကြတယ်။ တချို့ကျတော့ တစ်အိမ်တက်ဆင်းသွားပေမဲ့ နိုင်ငံတော် သတင်းကောင်း မဟောကြဘူး။ ဒါကြောင့် ယေရှုအစပြုခဲ့တဲ့လုပ်ငန်းကို သူတို့ မလုပ်ဆောင်နေတာ ထင်ရှားတယ်။

ဒီနေ့ခေတ်မှာ သတင်းကောင်းကို ဘယ်သူတွေ ဟောနေသလဲ

၁၇၊ ၁၈။ (က) ဒီနေ့ခေတ်မှာ နိုင်ငံတော် သတင်းကောင်းကို ယေဟောဝါသက်သေတွေ ဟောနေတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ခ) ဒီလုပ်ငန်းကို ဆက်လုပ်ဆောင်နိုင်တာ ဘာကြောင့်လဲ။

၁၇ ဒီနေ့ခေတ်မှာ နိုင်ငံတော် သတင်းကောင်းကို ဘယ်သူတွေ ဟောနေသလဲ။ “ယေဟောဝါသက်သေတွေပဲ” လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယေရှုဟောခိုင်းတဲ့ နိုင်ငံတော် သတင်းကောင်းကို ကျွန်တော်တို့ ဟောနေလို့ပဲ။ ကျွန်တော်တို့ဟာ လူတွေဆီ သွားဟောခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းမှာ မှန်ကန်တဲ့ နည်းလမ်းတွေကို သုံးနေတယ်။ ငွေရဖို့မဟုတ်ဘဲ ယေဟောဝါနဲ့ လူတွေကို ချစ်လို့ ဟောနေတယ်။ ဒါဟာ မှန်ကန်တဲ့အကြောင်းရင်းပဲ။ လူမျိုးအားလုံးနဲ့ ဘာသာစကားအားလုံးထဲက လူတွေကို ဟောနေတဲ့အတွက် ဒီလုပ်ငန်းကို အကျယ်ပြန့်ဆုံး အတိုင်းအတာနဲ့ လုပ်ဆောင်နေတယ်။ အဆုံးမရောက်မချင်း နိုင်ငံတော်သတင်းကောင်းကို ကျွန်တော်တို့ ဆက်ဟောပြောသွားမှာဖြစ်တယ်။

၁၈ ဒီနောက်ဆုံးကာလအတွင်း ယေဟောဝါရဲ့လူမျိုး လုပ်ဆောင်နေတဲ့ အံ့ဖွယ်လုပ်ငန်းကို မြင်ရတာ စိတ်လှုပ်ရှားစရာပဲ။ ဒီလုပ်ငန်းကို လုပ်ဆောင်နိုင်တာ ဘာကြောင့်လဲ။ “သင်တို့အလိုဆန္ဒရှိစေရန်လည်းကောင်း၊ ပြုမူလုပ်ဆောင်စေရန်လည်းကောင်း မိမိနှစ်သက်တော်မူရာအတွက် သင်တို့အထဲတွင် လုပ်ဆောင်နေတော်မူသောအရှင်ကား ဘုရားသခင်ဖြစ်၏” လို့ တမန်တော်ပေါလု ပြောတယ်။ (ဖိ. ၂:၁၃) အမှုဆောင်လုပ်ငန်းမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်တဲ့အခါ ကျွန်တော်တို့အားလုံးကို ယေဟောဝါ ဆက်ခွန်အားပေးပါစေ။—၂ တိ. ၄:၅