မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုခြင်းကို ဘာကြောင့် ငြင်းပယ်သင့်သလဲ

ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုခြင်းကို ဘာကြောင့် ငြင်းပယ်သင့်သလဲ

 ညစ်ညမ်းရုပ်ပုံစာပေကြည့်ရှုတဲ့ အကျင့်ကို ဖြတ်နိုင်မလား

 တကယ်လို့ သင်က အင်တာနက်သုံးတယ်ဆိုရင် တစ်ချိန်မဟုတ်တစ်ချိန်မှာ ညစ်ညမ်းရုပ်ပုံစာပေတွေနဲ့ ပက်ပင်းတိုးပြီး ကြည့်မိသွားနိုင်တယ်။ “ကိုယ်က ညစ်ညမ်းရုပ်ပုံစာပေတွေကို တကူးတက ရှာတာမဟုတ်ဘူးဆိုရင်တောင် တွေ့မိသွားနိုင်တယ်” လို့ ၁၇ နှစ်အရွယ်မိန်းကလေး ဟေလီက ပြောတယ်။

 ညစ်ညမ်းရုပ်ပုံစာပေတွေကို မကြည့်ဘူးလို့ ဆုံးဖြတ်ထားသူတွေတောင် ကြည့်မိသွားနိုင်တဲ့အထိ ဆွဲဆောင်နိုင်စွမ်းရှိတယ်။ “မကြည့်မိအောင် သတိထားနေတဲ့ ကြားထဲကနေ ကြည့်မိသွားတယ်။ ဒီလိုအဖြစ်မျိုး ငါတော့ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးလို့ မထင်ပါနဲ့” ဆိုပြီး ၁၈ နှစ်အရွယ် လူငယ်လေး ဂရေးက ပြောပြတယ်။

 ဒီနေ့ခေတ်က အရင်ကထက် ညစ်ညမ်းရုပ်ပုံစာပေတွေကို အလွယ်တကူကြည့်လို့ရနေတယ်။ မဖွယ်မရာပုံတွေနဲ့စာတွေကို ဖုန်းနဲ့ အလွယ်တကူ ပေးပို့နိုင်ခြင်းကြောင့် လူငယ်များစွာဟာ အဲဒါတွေကို ကိုယ်တိုင် ဖန်တီးပြီး ဖြန့်ဝေပေးနေတယ်။

 အဓိကသိထားသင့်တဲ့အချက်– အခုခေတ်လူငယ်တွေက သူတို့ရဲ့အဖေအမေ၊ ဘိုးဘွားတွေ ခေတ်တုန်းကထက် တွန်းလှန်ဖို့ပိုခက်တဲ့ အခက်အခဲတွေ ကြုံနေရတယ်။ မေးစရာက ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်တဲ့အကျင့်ကို ဖြတ်နိုင်သလားဆိုတဲ့ အချက်ပါပဲ။—ဆာလံ ၉၇:၁၀

 အဖြေကတော့ ဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ ဦးဆုံးသိထားသင့်တာက ညစ်ညမ်းရုပ်ပုံစာပေတွေက ကောင်းကျိုးမပေးဘူးဆိုတဲ့ အချက်ပါပဲ။ ဒါနဲ့ပတ်သက်ပြီး လူအများလက်ခံထားရာနဲ့ အဖြစ်မှန်တချို့ကို သုံးသပ်ကြည့်ရအောင်။

 လူအများလက်ခံထားရာနဲ့ အဖြစ်မှန်

 လူအများလက်ခံထားရာ– ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်တာ ဘာမှ မဖြစ်ပါဘူး။

 အဖြစ်မှန်– ဆေးလိပ်သောက်ရင် အဆုတ်ကို ထိခိုက်စေနိုင်သလို ညစ်ညမ်းရုပ်ပုံစာပေက သင့်ရဲ့စိတ်ကို ထိခိုက်စေနိုင်စွမ်းရှိတယ်၊ သင့်ရဲ့စိတ်ဓာတ်ကို ပျက်စီးသွားစေတယ်။ ညစ်ညမ်းရုပ်ပုံစာပေတွေက အိမ်ထောင်သည်တွေကြား အချင်းချင်းအပြန်အလှန် တာရှည်မြဲမြံနိုင်တဲ့ ဘုရားပေးမေတ္တာနှောင်ကြိုးကိုလည်း ပေါ့ပေါ့တန်တန် သဘောထားစေတယ်။ (ကမ္ဘာဦး ၂:၂၄) ကြာလာရင် ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဝေခွဲမရဖြစ်လာစေတယ်။ ဥပမာ၊ ညစ်ညမ်းရုပ်ပုံစာပေတွေကို မှန်မှန်ကြည့်ရှုနေတဲ့အမျိုးသားတွေက အမျိုးသမီးတွေကို အကြမ်းဖက်လိုစိတ်ပိုများနိုင်ချေရှိတယ်ဆိုပြီး ပညာရှင်တွေက သုံးသပ်တင်ပြထားတယ်။

“အရှက်အကြောက်မရှိ” တဲ့ လူတချို့အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဧဖက် ၄:၁၉) ဒီလူတွေရဲ့ ကောင်းမကောင်းပိုင်းခြားသိမြင်နိုင်စွမ်းက လုံးဝအလုပ်မလုပ်တော့တဲ့အပြင် ကြီးကြီးမားမားအမှားတွေလုပ်တဲ့အခါမှာလည်း ဒီအမှားကြောင့် ဝမ်းနည်းကြေကွဲတဲ့ခံစားချက်မျိုး မရှိကြတော့ဘူး။

 လူအများလက်ခံထားရာ– ညစ်ညမ်းရုပ်ပုံစာပေက သင့်ကို လိင်အကြောင်း သင်ပေးနိုင်တယ်။

 အဖြစ်မှန်– ညစ်ညမ်းရုပ်ပုံစာပေတွေက သင့်ကို တဏှာရမ္မက် ကြီးလာစေတယ်။ ဒီပုံတွေကိုကြည့်တဲ့သူတွေက ကိုယ့်ရဲ့လိုအင်ဆန္ဒပြည့်ဝဖို့အတွက် လူတွေကို အဖြည့်ဆည်းခံအရာအဖြစ် ရှုမြင်သွားတယ်။ ဒါကြောင့် ညစ်ညမ်းရုပ်ပုံစာပေတွေကို စွဲစွဲမြဲမြဲကြည့်တဲ့သူဟာ အိမ်ထောင်ကျပြီးရင်တောင် လိင်ပိုင်းဆိုင်ရာဆန္ဒတွေပြည့်ဝနိုင်ချေ နည်းတယ်လို့ လေ့လာမှုတစ်ခုမှာ ကောက်ချက်ချထားတာက အံ့ဩစရာကောင်းတဲ့ အချက်မဟုတ်ပါဘူး။

“ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာကျင့်ခြင်း၊ ပြင်းပြသောတဏှာရမ္မက်၊ မကောင်းမှုပြုလုပ်လိုသောစိတ်ရှိခြင်း၊ လောဘလွန်ကျူးခြင်း” တွေကို ခရစ်ယာန်တွေ ရှောင်ကြဉ်ရမယ်ဆိုပြီး သမ္မာကျမ်းစာက ပြောဆိုထားပါတယ်။ ညစ်ညမ်းရုပ်ပုံစာပေကြည့်တဲ့သူဟာ အဲဒါတွေကို ရှောင်နိုင်မှာမဟုတ်ဘူး။—ကောလောသဲ ၃:၅ခမ။

 လူအများလက်ခံထားရာ– ညစ်ညမ်းရုပ်ပုံစာပေတွေကို မကြည့်တဲ့သူက ဂန်ဒူးပဲ။

 အဖြစ်မှန်– ညစ်ညမ်းရုပ်ပုံစာပေတွေကို မကြည့်တဲ့သူက လိင်ကိစ္စနဲ့ပတ်သက်ပြီး မြင့်မားတဲ့စံနှုန်း ရှိသူဖြစ်ပါတယ်။ သူတို့က လိင်ကိစ္စဆိုတာ တရားဝင်လက်ထပ်ထားတဲ့ အိမ်ထောင်သည်တွေကို နှောင်ကြိုးခိုင်မြဲစေတဲ့ ဘုရားပေးဆုအဖြစ် ရှုမြင်ထားကြတယ်။ ဒီလိုမျိုးအမြင်ရှိတဲ့သူတွေဟာ အိမ်ထောင်ပြုတဲ့အခါ လုံခြုံစိတ်ချရတဲ့ လိင်ပိုင်းဆိုင်ရာလိုအင်ဆန္ဒပြည့်ဝမှုကို ခံစားရနိုင်ချေ ပိုများပါတယ်။

လိင်ကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ပွင့်ပွင့်လင်းလင်းဖော်ပြထားတယ်။ ဥပမာကြည့်မယ်ဆိုရင် လင်ယောက်ျားတွေကို အခုလို ပြောထားတယ်- “သင့်ငယ်ပေါင်းဇနီးနဲ့အတူ ပျော်မွေ့ပါ။ ... သူ့ကိုချစ်တဲ့စိတ်က သင့်ကို အမြဲညှို့ယူဖမ်းစားနေပါစေ။”—သုတ္တံ ၅:၁၈၊ ၁၉ကဘ။

 ညစ်ညမ်းရုပ်ပုံစာပေကို ရှောင်နိုင်ပုံ

 ညစ်ညမ်းရုပ်ပုံစာပေက သင့်အတွက် ရှောင်ဖို့ခက်တဲ့ကိစ္စတစ်ခုအဖြစ် ခံစားနေရတယ်ဆိုရင်ကော။ “ညစ်ညမ်းရုပ်ပုံစာပေကို ရှောင်နိုင်ပုံ” အစီအစဉ်ဇယားက သင့်ကို ထောက်ကူပေးပါလိမ့်မယ်။

 ညစ်ညမ်းရုပ်ပုံစာပေကို သင် ရှောင်နိုင်တယ်ဆိုတာကို ယုံကြည်စိတ်ချပါ။ တကယ်လို့ ကိုယ်က မဖွယ်မရာပုံတွေကို ကြည့်ဖူးသူဖြစ်တယ်ဆိုရင်လည်း နောက်တစ်ခါ ထပ်မကြည့်မိအောင် သင်ယူနိုင်ပါတယ်။ ဒီလိုသင်ယူခြင်းအားဖြင့် ဒီအကျင့်ဆိုးကို အောင်မြင်ကျော်လွှားနိုင်ပါတယ်။

 အသက် ၁၃ နှစ်အရွယ်ကနေစပြီး ညစ်ညမ်းရုပ်ပုံစာပေကြည့်တာကို တစ်စတစ်စ စွဲလာတဲ့ လူငယ် ကယ်လ်ဗင်အကြောင်း သုံးသပ်ကြည့်ပါ။ သူ ဒီလို ပြောပြတယ်– “ဒီပုံတွေကြည့်တာ မကောင်းဘူးဆိုတာသိပေမဲ့ ကြည့်ချင်စိတ်ကို ချိုးနှိမ်လို့မရဘူး။ ကြည့်လည်းပြီးသွားရော ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာတဲ့ခံစားချက်ဝင်လာတယ်။ နောက်ဆုံး ကျွန်တော့်အဖေ သိသွားတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် အဖေသိသွားတော့ ကျွန်တော် တော်တော်လေး စိတ်သက်သာရာ ရသွားတယ်။ ဒါနဲ့ပဲ နောက်ဆုံး ဒီအကျင့်ဆိုးကို ဖြတ်နိုင်ဖို့ လိုအပ်တဲ့အကူအညီတွေ ရခဲ့တယ်။”

 ကယ်လ်ဗင်က ညစ်ညမ်းရုပ်ပုံစာပေကို မကြည့်ဖို့ ကြိုးစားခဲ့တယ်။ “ဒီပုံတွေကိုကြည့်ခဲ့မိတာက အခုထိပေးဆပ်နေရတဲ့ မဟာအမှားကြီးပဲ။ ညစ်ညမ်းရုပ်ပုံစာပေတွေက ကျွန်တော့်ခေါင်းထဲမှာ ဖျောက်လို့မရအောင် တဝဲလည်လည် ကြီးစိုးနေတယ်။ အခုနေများ ကြည့်လိုက်ရင် ဘာတွေများ ရှိနေမလဲဆိုတဲ့ အတွေးတွေ တစ်ခါတစ်ခါ ပေါ်လာတယ်။ ဒါပေမဲ့ အဲဒီအခါ ယေဟောဝါဘုရားနှစ်သက်ရာကို လုပ်မယ်ဆိုရင် ပျော်ရွှင်ပြီး သန့်ရှင်းစင်ကြယ်မှုရှိမယ်ဆိုတာနဲ့ ကျွန်တော့်အနာဂတ်က ဘယ်လောက်တောင် တောက်ပနေမလဲဆိုတာတွေကိုပဲ စဉ်းစားလိုက်တော့တယ်။”