သိပ္ပံပညာက ကျမ်းစာနဲ့ ကိုက်ညီသလား

သိပ္ပံပညာက ကျမ်းစာနဲ့ ကိုက်ညီသလား

သမ္မာကျမ်းစာ ဖြေဆိုရာ

 ကိုက်ညီပါတယ်။ ကျမ်းစာက သိပ္ပံပညာရပ်ဆိုင်ရာစာအုပ် မဟုတ်ပေမဲ့ သိပ္ပံဆိုင်ရာအကြောင်းတွေ ဖော်ပြတဲ့အခါ တိကျမှန်ကန်မှု ရှိပါတယ်။ သိပ္ပံပညာနဲ့ ကျမ်းစာကိုက်ညီကြောင်း၊ ကျမ်းစာရေးသားချိန်က လူတွေရဲ့ ယုံကြည်ချက်တွေဟာ ကျမ်းစာမှာပါတဲ့ သိပ္ပံဆိုင်ရာအချက်အလက်တွေနဲ့ လုံးဝကွာခြားကြောင်း ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

  •   စကြဝဠာမှာ အစရှိပါတယ်။ (ကမ္ဘာဦး ၁:၁) ရှေးဒဏ္ဍာရီတွေမှာတော့ စကြဝဠာကြီးက ဖန်ဆင်းခံရတာမဟုတ်ဘဲ ရှုပ်ထွေးနေတဲ့ အခြေအနေကနေ ဖြစ်ပေါ်လာတာလို့ ပြောကြတယ်။ ဗာဗုလုန်လူမျိုးက သမုဒ္ဒရာနှစ်ခုကနေ ထွက်ပေါ်လာတဲ့ နတ်ဘုရားတွေဟာ စကြဝဠာကြီးကို ဖန်ဆင်းလိုက်တာလို့ ယုံကြည်ခဲ့ကြတယ်။ တခြားဒဏ္ဍာရီတွေမှာတော့ ဧရာမဥကြီးကနေ စကြဝဠာကြီး ပေါက်ဖွားလာတာလို့ ဆိုပြန်တယ်။

  •   စကြဝဠာကြီးဟာ နတ်ဘုရားတွေရဲ့ စိတ်တိုင်းကျထိန်းချုပ်မှုအောက် လည်ပတ်နေတာမဟုတ်ဘဲ သဘာဝနိယာမတရားတွေနဲ့ လည်ပတ်နေတာဖြစ်တယ်။ (ယောဘ ၃၈:၃၃; ယေရမိ ၃၃:၂၅) လူတွေဟာ နတ်ဘုရားတွေရဲ့ ပြုသမျှနုနေရပြီး တစ်ခါတလေ သူတို့ရဲ့ ရက်စက်တာကိုတောင် ခံနေရတယ်လို့ ကမ္ဘာတစ်ဝန်းက ယုံတမ်းစကားတွေမှာ ပြောကြတယ်။

  •   ကမ္ဘာကြီးဟာ အခုအခံမရှိဘဲ လွတ်လပ်လဟာပြင်မှာ တည်ရှိနေတယ်။ (ယောဘ ၂၆:၇) ကမ္ဘာကြီးက ချပ်ပြားဝိုင်းဖြစ်ပြီး ဘီလူးကြီးတစ်ကောင် ဒါမှမဟုတ် ကျွဲကြီး၊ လိပ်ကြီးတွေလို တိရစ္ဆာန်တစ်ကောင်ကောင်က ထမ်းပေးထားတာလို့ ရှေးခေတ်ကလူတွေ ယုံကြည်ကြတယ်။

  •   ပင်လယ်သမုဒ္ဒရာနဲ့ တခြားနေရာတွေက ရေတွေဟာ အငွေ့ပြန်ပြီး မိုး၊ ဆီးနှင်း၊ မိုးသီးတွေအဖြစ် ကမ္ဘာပေါ်ကို ပြန်ကျလာတယ်။ အဲဒီရေတွေက တစ်ခါပြန်ပြီး မြစ်ချောင်းနဲ့ အင်းအိုင်တွေဆီ စီးဝင်သွားတယ်။ (ယောဘ ၃၆:၂၇၊ ၂၈; ဒေသနာ ၁:၇; ဟေရှာယ ၅၅:၁၀; အာမုတ် ၉:၆) မြေအောက်ထဲက သမုဒ္ဒရာရေတွေဟာ မြစ်တွေကို ရေဖြည့်ပေးကြတာလို့ ရှေးဂရိလူတွေ ယုံကြည်ခဲ့ကြတယ်။ အဲဒီအယူအဆကို ၁၈ ရာစုအချိန်အထိ လက်ခံခဲ့ကြတယ်။

  •   တောင်တန်းတွေဟာ တစ်ချိန်က မြင့်တက်လာတာ၊ နိမ့်ဆင်းသွားတာတွေ ရှိခဲ့တယ်။ ဒီနေ့ခေတ်မှာရှိတဲ့ တောင်တန်းတွေဟာ တစ်ချိန်တစ်ခါတုန်းက ပင်လယ်အောက်မှာ ရှိခဲ့ကြတယ်။ (ဆာလံ ၁၀၄:၆၊ ၈) နတ်ဘုရားတွေက တောင်တန်းတွေကို လက်ရှိပုံစံအတိုင်း ဖန်ဆင်းထားတာဆိုတဲ့ ဒဏ္ဍာရီစကားတွေရှိတယ်။

  •   သန့်ရှင်းမှုက ကျန်းမာရေးကို ကာကွယ်ပေးတယ်။ ရှေးအစ္စရေးလူမျိုးကိုပေးတဲ့ ပညတ်မှာ လူသေကောင်တွေကို ကိုင်ပြီးတဲ့နောက် ဆေးကြောသန့်စင်ဖို့၊ ကူးစက်ရောဂါရှိတဲ့သူတွေကို သီးသန့်ထားဖို့၊ လူ့မစင်ကို စနစ်တကျစွန့်ပစ်ဖို့ စတဲ့ စည်းမျဉ်းတွေ ပါဝင်တယ်။ (ဝတ်ပြုရာ ၁၁:၂၈; ၁၃:၁–၅; တရားဟောရာ ၂၃:၁၃) အဲဒီပညတ်ကို ပေးတဲ့အချိန်မှာ အီဂျစ်လူတွေသုံးတဲ့ အနာလိမ်းဆေးတစ်မျိုးမှာတော့ လူ့မစင်ကို ထည့်ဖော်စပ်ထားတယ်။

ကျမ်းစာထဲမှာ သိပ္ပံပညာနဲ့ မကိုက်ညီတဲ့အချက်တွေ ပါသလား

 ကျမ်းစာကို သေသေချာချာ ဆန်းစစ်လေ့လာတဲ့အခါ မပါဘူးဆိုတာ တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူအများ အထင်မှားနေတဲ့ အချက်တချို့ကို သုံးသပ်ကြည့်ပါ။

 အမှား- စကြဝဠာကြီးကို ၂၄ နာရီရှိတဲ့ ၆ ရက်အတွင်း ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာကဆိုတယ်။

 အမှန်- စကြဝဠာကြီးကို ဘုရား ဘယ်အချိန်က စဖန်ဆင်းခဲ့တယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြထားပါဘူး။ (ကမ္ဘာဦး ၁:၁) ကမ္ဘာဦးအခန်းကြီး ၁ မှာပါတဲ့ ဖန်ဆင်းခြင်းနေ့ရက်တွေဟာ ဘယ်လောက်ကြာသလဲဆိုတာ အတိအကျမဖော်ပြထားတဲ့ အချိန်ကာလတစ်ခုဖြစ်တယ်။ ကောင်းကင်နဲ့ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တဲ့ အချိန်ကာလကိုလည်း “နေ့” လို့ ခေါ်ထားပါတယ်။—ကမ္ဘာဦး ၂:၄

 အမှား- အလင်းမှီသုံး အစာချက်ခြင်း ဖြစ်စဉ်ဖြစ်ပေါ်စေတဲ့ နေကိုမဖန်ဆင်းခင် သစ်ပင်တွေကို အရင်ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။—ကမ္ဘာဦး ၁:၁၁၊ ၁၆

 အမှန်- သစ်ပင်တွေကို မဖန်ဆင်းခင် “ကောင်းကင်” ကို ဖန်ဆင်းတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ကောင်းကင်ထဲမှာရှိတဲ့ ကြယ်တွေထဲကတစ်လုံးဟာ နေဖြစ်ပါတယ်။ (ကမ္ဘာဦး ၁:၁) ဖန်ဆင်းရာ ပထမနေ့ ဒါမှမဟုတ် ကာလအတွင်းမှာ နေရောင်ခြည်က ကမ္ဘာ့မျက်နှာပြင်ပေါ် ကျရောက်လာတယ်။ ဖန်ဆင်းခြင်း သုံးရက်မြောက်နေ့မှာ လေထုသန့်စင်သွားတဲ့အခါ အလင်းမှီသုံး အစာချက်ခြင်းဖြစ်စဉ်အတွက် လုံလောက်တဲ့ နေရောင်ခြည် ရရှိလာတယ်။ (ကမ္ဘာဦး ၁:၃–၅၊ ၁၂၊ ၁၃) အဲဒီနောက်ပိုင်းမှပဲ ကမ္ဘာကနေ နေကို ရှင်းရှင်းလင်းလင်း မြင်လာရတယ်။—ကမ္ဘာဦး ၁:၁၆

 အမှား- နေက ကမ္ဘာကိုပတ်နေတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။

 အမှန်- “နေလည်း ထွက်လျက်၊ ဝင်လျက်၊ ထွက်ရာအရပ်သို့တစ်ဖန်ပြေးလျက် တောင်လမ်းသို့လိုက်၍ တစ်ဖန် မြောက်လမ်းသို့ပြန်လည်တတ်၏” လို့ ဒေသနာ ၁:၅ မှာ ပြောထားပါတယ်။ ဒီဖော်ပြချက်က ကမ္ဘာကနေ မြင်ရတဲ့ နေရဲ့လှုပ်ရှားမှုကို ဖော်ပြနေခြင်းသာ ဖြစ်တယ်။ ဒီနေ့အချိန်မှာတောင် ကမ္ဘာကြီးက နေကို ပတ်နေတယ်ဆိုတာ လူတွေ သိရဲ့သားနဲ့ နေဝင်တယ်၊ နေထွက်တယ်ဆိုတဲ့ စကားလုံးတွေကို သုံးကြတယ်။

 အမှား- ကမ္ဘာကြီးက ပြားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

 အမှန်- ကျမ်းစာမှာ “မြေကြီးစွန်း” ဆိုတဲ့ အသုံးအနှုန်းပါရှိတယ်။ ဒါက ကမ္ဘာကြီးဟာ ပြားတယ် ဒါမှမဟုတ် အစွန်းရှိတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘဲ ကမ္ဘာ့နေရာအနှံ့ကို ဆိုလိုနေတာဖြစ်တယ်။ (တမန်တော် ၁:၈) အလားတူ “မြေကြီးလေးမျက်နှာ” လို့ပြောတဲ့အခါ ကမ္ဘာကြီးမှာ ထောင့်လေးထောင့်ရှိတယ်လို့ မဆိုလိုပါဘူး။ ကမ္ဘာတစ်ခုလုံးကို ရည်ညွှန်းနေတာ ဖြစ်တယ်။—ဟေရှာယ ၄၀:၂၂; လုကာ ၁၃:၂၉