မာတိကာဆီ ကျော်သွား

လူငယ်များအမေး

မီဒီယာမှာ တွေ့တဲ့အတိုင်း ဘာကြောင့် လိုက်မလုပ်သင့်သလဲ—အပိုင်း ၁– မိန်းကလေးတွေအတွက်

မီဒီယာမှာ တွေ့တဲ့အတိုင်း ဘာကြောင့် လိုက်မလုပ်သင့်သလဲ—အပိုင်း ၁– မိန်းကလေးတွေအတွက်

 မီဒီယာမှာ တွေ့တဲ့အတိုင်း လိုက်လုပ်တယ်ဆိုတာ ဘာလဲ

 အောက်ဖော်ပြပါ စကားလုံးတွေကို ကြည့်ပါ၊ ပြီးတဲ့နောက် မေးထားတဲ့မေးခွန်းတွေကို ဖြေကြည့်ပါ။

ကော်လံ ၁

ကော်လံ ၂

မသိတတ်

တာဝန်သိတတ်

ဂျစ်ကန်ကန်သဘောထားရှိ

စည်းကမ်းသေဝပ်မှုရှိ

ကိုယ်ကျင့်တရားလျော့ရဲ

ကိုယ်ကျင့်တရားစင်ကြယ်

ပေါ့ပျက်ပျက်သဘောထားရှိ

ထက်ထက်မြက်မြက်ရှိ

စကားဖျင်းတွေအပြောများ

အပြောအဆိုဆင်ခြင်

ဉာဏ်နီဉာဏ်နက်များ

ရိုးသားဖြူစင်

  1.  ၁။ ရုပ်ရှင်၊ တီဗွီနဲ့ မဂ္ဂဇင်းတွေမှာ ပုံဖော်ထားတဲ့ သင်ကြည့်ရှုနေကျ ဆယ်ကျော်သက် မိန်းကလေးတွေဟာ ဘယ်စကားလုံးတွေနဲ့ ကိုက်ညီသလဲ။

  2.  ၂။ သင့်ကိုကော ဘယ်စကားလုံးတွေနဲ့ ဖော်ပြစေချင်သလဲ။

 ပထမမေးခွန်းအတွက် ကော်လံ ၁ ကနေ အဖြေထွက်နိုင်ပြီး ဒုတိယမေးခွန်းအတွက် ကော်လံ ၂ ကနေ အဖြေထွက်တာ ဖြစ်နိုင်ပါတယ်။ အဲဒီလိုသာဖြစ်နေမယ်ဆိုရင် သင်ဟာ မီဒီယာမှာ ပုံဖော်တင်ဆက်ထားတဲ့ ဆယ်ကျော်သက် “ဇာတ်လိုက်” မင်းသမီးလေးထက် ပိုသာတဲ့သူဖြစ်ချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီလိုဖြစ်တာလည်း သင်တစ်ယောက်တည်းပဲ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတာ သုံးသပ်ကြည့်ပါ။

 “ရုပ်ရှင်တွေမှာ ဆယ်ကျော်သက် ဇာတ်လိုက်မင်းသမီးလေးကို စိတ်ထားမကောင်းတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်အဖြစ် ပုံဖော်ထားတယ်။ အဲဒီလို ပုံဖော်လိုက်တဲ့အတွက်ကြောင့် ကျွန်မတို့ ဆယ်ကျော်သက်တွေကို အားကိုးလို့မရတဲ့မိန်းကလေးတွေ၊ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကို ပုံကြီးချဲ့တတ်တဲ့ မိန်းကလေးတွေလို့ မြင်သွားစေတယ်။”—အီရင်။

 “ရုပ်ရှင်တွေ၊ တီဗွီတွေမှာ ဆယ်ကျော်သက်မိန်းကလေးတွေကို လူတွေရဲ့ အာရုံစိုက်တာပဲခံချင်တဲ့သူ၊ သူတို့ရဲ့ ပုံပန်းသဏ္ဌာန်၊ အဝတ်အစား၊ နာမည်ကြီးမှုနဲ့ ယောက်ျားလေးကိစ္စလောက်ကိုပဲ စိတ်ဝင်စားတတ်တဲ့ မိန်းကလေးတွေအဖြစ် ဖော်ပြကြတယ်။”—နက်တလီ။

 “သောက်စားတာမျိုးမရှိ၊ ယောက်ျားလေးတွေနဲ့ မအိပ်၊ မိဘတွေကို ဂျစ်ကန်ကန်မလုပ်တဲ့ မိန်းမကောင်းလေးတွေကို မြင်ရတာရှားတယ်။ အဲဒီပုံစံမျိုး ပုံမဖော်ထားဘူးဆိုရင် ဘာသာရေးမှာ တစ်ယူသန်သူ၊ တစ်ခုခုကြောင့် လိင်ကိစ္စမှာ ရှက်ရွံ့နေသူအနေနဲ့ ပုံဖော်ကြတယ်။”—မာရီယာ။

 ကိုယ့်ကိုယ်ကိုယ်ဒီလိုမေးပါ– ‘ငါ့ရဲ့ ဝတ်ပုံစားပုံ၊ ပြုမူပုံနဲ့ ပြောပုံဆိုပုံတွေက တကယ်တမ်း ငါ့ရဲ့ကိုယ်ပိုင်ဟန်အစစ်လား ဒါမှမဟုတ် မီဒီယာမှာတွေ့တဲ့အတိုင်း အတုခိုး လိုက်လုပ်နေတာလား။

 သိထားသင့်တဲ့အချက်

  •   လူအတော်များများက ကိုယ့်စတိုင်နဲ့ကိုယ် နေတယ်လို့ ထင်ကြပေမဲ့ တကယ်တမ်းတော့ မီဒီယာမှာတွေ့တဲ့အတိုင်း လိုက်လုပ်နေကြတာဖြစ်တယ်။ “ကျွန်မ ညီမလေးလည်း အဲဒီလိုလိုက်အတုခိုးတာ တွေ့ရတယ်” လို့ ကယ်ရန်လို့ခေါ်တဲ့ ၂၃ နှစ်အရွယ် မိန်းမငယ်လေးတစ်ယောက်က ပြောပြတယ်။ “သူဟာ အင်္ကျီအဝတ်အစားနဲ့ ယောက်ျားလေးကိစ္စကလွဲရင် တခြားဘာကိစ္စကိုမှ အလေးမထားတဲ့ပုံ ဖမ်းထားတယ်။ သူက လိမ္မာပါးနပ်ပြီး သူ့မှာ သူနှစ်သက်ရာ၊ ဝါသနာပါရာတွေရှိတယ်ဆိုတာ ကျွန်မသိထားတယ်။ ဒါပေမဲ့ ‘တခြားမိန်းကလေးတွေ’ ရဲ့လက်ခံမှုရချင်လို့ သူတို့လိုပဲ ပေါ့ပျက်ပျက်ပုံဖမ်းတယ်။ ဒါတောင် သူက ၁၂ နှစ်အရွယ်လေးပဲရှိသေးတယ်။”

     ကျမ်းစာမှာ ပြောတယ်– “သင်တို့သည် လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့။”​—ရောမ ၁၂:၂

  •   မီဒီယာမှာတင်ဆက်တဲ့ပုံစံတိုင်းက ဆယ်ကျော်သက်မိန်းကလေးအားလုံးဖြစ်ချင်တဲ့ ပုံစံမျိုးတော့မဟုတ်ပါ။ “မီဒီယာထဲမှာ မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ်အလွန်အမင်းအာရုံစိုက်သူ၊ နုံအပြီး လုပ်ချင်တာလုပ်တတ်တဲ့ မိန်းကလေးတွေအဖြစ်ဖော်ပြပေမဲ့ တကယ်တမ်းကျရင်တော့ ကျွန်မတို့က ဆင်ခြင်တုံတရားအတော်အတန်ရှိကြတဲ့ မိန်းကလေးတွေဖြစ်တယ်လို့ထင်တယ်။ ကောင်လေးချောချောလေးတွေအကြောင်းပဲ စိတ်ကူးယဉ်နေတာမျိုးမဟုတ်ဘဲ ကျွန်မတို့မှာ တခြားဝါသနာပါရာတွေ အများကြီးရှိပါတယ်” ဆိုပြီး ၁၅ နှစ်အရွယ် အဲလက်ခ်စစ်က ပြောတယ်။

     ကျမ်းစာမှာ ပြောတယ်– “မိမိတို့၏သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်ထားသော ရင့်ကျက်သူများ . . . ဖြစ်၏။”​—ဟေဗြဲ ၅:၁၄

  •   မီဒီယာမှာ တင်ဆက်တဲ့အရာတွေက ဆယ်ကျော်သက်မိန်းကလေးတွေရဲ့အကျိုးထက် စီးပွားရေးအကျိုးအမြတ်ကိုပဲ ကြည့်တယ်။ ဖျော်ဖြေရေး၊ နည်းပညာ၊ ဖက်ရှင်နဲ့ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွေလို နာမည်ကြီးစီးပွားရေးလုပ်ငန်းတွေက ဆယ်ကျော်သက်အရွယ်တောင်မရောက်သေးတဲ့ လူငယ်လေးတွေကြောင့် အမြတ်အစွန်းများများ ရနိုင်မယ့် အလားအလာရှိတယ်ဆိုတာကိုသိမြင်ပြီး သူတို့ကိုပစ်မှတ်ထားတယ်။ နောက်ဆုံးပေါ် အဝတ်အစား၊ လက်ဝတ်ရတနာ၊ မိတ်ကပ်အသုံးအဆောင်နဲ့ အီလက်ထရောနစ် ပစ္စည်းတွေမရှိတဲ့ လူငယ်လေးတွေဟာ ခေတ်မမီတဲ့သူတွေလို့ ကြော်ငြာရှင်တွေက ထင်မြင်စေတယ်။ ဆယ်ကျော်သက်အရွယ်တောင်မရောက်သေးတဲ့ လူငယ်တွေဟာ သွေးဆောင်ဖြားယောင်းတာက ဘာလဲဆိုတာမသိသေးခင်မှာ သွေးဆောင်ဖြားယောင်းတဲ့ ပုံမျိုးနဲ့ ကြော်ငြာတွေကို အမြဲမြင်တွေ့နေရတယ်” ဆိုပြီး စာအုပ်တစ်အုပ် (the book 12 Going on 29) မှာ ဖော်ပြထားတယ်။

     ကျမ်းစာမှာ ပြောတယ်– “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ ဝါကြွားခြင်းတည်းဟူသော လောက၌ရှိသမျှသောအရာတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာ စပ်ဆိုင်၏။”​—၁ ယောဟန် ၂:၁၆

 စဉ်းစားစရာ– ဖက်ရှင်လောကရဲ့ နာမည်အကြီးဆုံး ဒီဇိုင်နာရဲ့ ထုတ်ကုန်ကနေ ဘယ်သူအကျိုးအများဆုံးရမယ်လို့ ထင်သလဲ။ သင့်ရဲ့ ရွယ်တူချင်းတွေကြားမှာ ခေတ်မီချင်တာနဲ့ပဲ နောက်ဆုံးပေါ်ဖုန်းဝယ်သုံးမယ်ဆိုရင် ဘယ်သူအမြတ်ရမလဲ။ ဈေးကွက်စီးပွားရေးသမားတွေက သင်တို့ရဲ့ကောင်းကျိုးကို လိုလားသလား ဒါမှမဟုတ် သူတို့အတွက် အကျိုးအမြတ်ကိုလား။

 သင်လုပ်ဆောင်နိုင်ရာ

  •   မီဒီယာမှာ တင်ဆက်နေတဲ့ သင်မြင်တွေ့ရတဲ့အရာတွေကို ပိုင်းခြားသိမြင်တတ်အောင် သင်ယူပါ။ သင်အရွယ်ရောက်လာတာနဲ့အမျှ တွေ့တာကိုအမှန်လို့ ယုံလိုက်တာထက် ပိုပြီး ပိုင်းခြားသိမြင်တတ်တဲ့ အရည်အသွေးတွေရှိလာတယ်။ သင့်ရဲ့ ပိုင်းခြားသိမြင်မှုကို သုံးပြီး မီဒီယာတွေမှာ တင်ဆက်တာတွေက သင့်အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိနေသလဲဆိုတာကို စဉ်းစားသုံးသပ်ပါ။ “မီဒီယာတွေက ဆယ်ကျော်သက်အရွယ် ဇာတ်လိုက်မိန်းကလေးတွေကို အဝတ်အစားနည်းနည်း၊ မိတ်ကပ်များများလိမ်းထားသူတွေအနေနဲ့ ပုံဖော်လေ့ရှိတယ်။ အဲဒါက ပိုကြည့်လို့ကောင်းသွားမယ့်အစား ဣန္ဒြေမဲ့သူတွေဖြစ်သွားစေတယ်ဆိုတာ ဆယ်ကျော်သက်တွေတော်တော်များများက သတိမပြုမိကြဘူး” ဆိုပြီး အယ်လန်းနာလို့ခေါ်တဲ့ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်က ပြောတယ်။

  •  သင် ဖြစ်ချင်တဲ့ လူစားမျိုးဖြစ်လာအောင် လုပ်ဆောင်ပါ။ ဥပမာ၊ သင့်ကို လူတွေသိမြင်စေချင်တဲ့ အရည်အသွေးတွေ၊ ဒီဆောင်းပါးရဲ့အစပိုင်းမှာ ဖော်ပြထားတဲ့ အရည်အသွေးကောင်းတွေကို ပြန်တွေးကြည့်ပါ။ အဲဒီလိုအရည်အသွေးတွေရှိလာအောင် ဒါမှမဟုတ် တိုးတက်လာအောင် အခုကတည်းက စလုပ်ဆောင်နိုင်မလား။ “ဖန်ဆင်းတော်မူသောအရှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ တိကျမှန်ကန်သော အသိပညာဖြင့် အသစ်ပြုပြင်သော စရိုက်သစ်ကို ဝတ်ဆင်ကြလော့” ဆိုပြီး ကျမ်းစာမှာ အားပေးထားတယ်။​—ကောလောသဲ ၃:၁၀

  •   အပြုသဘောသြဇာလွှမ်းမိုးစေမယ့် စံနမူနာရှင်မျိုး ရှာပါ။ သင့်ရဲ့အမေ၊ အဒေါ် စတဲ့ မိသားစုဝင်ထဲကသူတချို့ ဖြစ်နိုင်တယ်။ ရင့်ကျက်တဲ့ သူငယ်ချင်းတစ်ယောက်၊ ရင်းနှီးတဲ့မိတ်ဆွေထဲကလည်း ဖြစ်နိုင်ပါတယ်။ ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်အသင်းတော်မှာရှိတဲ့ ပုံသက်သေကောင်းတဲ့ ခရစ်ယာန်အမျိုးသမီးတွေကို အတုယူနိုင်ပါတယ်။​—တိတု ၂:​၃-၅

 အကြံပြုချက်– သူတို့ရဲ့ ယုံကြည်ခြင်းကိုတုပပါ ဆိုတဲ့ စာအုပ်ထဲက ရုသ၊ ဟန္န၊ အဘိဂဲလ၊ ဧသတာ၊ မာရိ၊ မာသ စတဲ့ အလွန်ကောင်းမွန်လှတဲ့ ကျမ်းစာထဲက စံနမူနာရှင်အမျိုးသမီးတွေအကြောင်း ဖတ်ရှုလေ့လာပါ။ သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ ဆိုတဲ့စာအုပ်ကို ယေဟောဝါသက်သေတွေပုံနှိပ်ထုတ်ဝေပြီး www.pr418.com/mya မှာ ဖတ်ရှုနိုင်ပါတယ်။