မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

မဿဲ ၆:၃၃—‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဦးစားထားကြပါ’

မဿဲ ၆:၃၃—‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ဦးစားထားကြပါ’

 “ဒါကြောင့် ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲ ဦးစားထားကြပါ။ နောက်မှ အဲဒါတွေကို ဖြည့်ဆည်းပေးလိမ့်မယ်။”—မဿဲ ၆:၃၃ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။”—မဿဲ ၆:၃၃၊ ယုဒသန်ကျမ်း။

မဿဲ ၆:၃၃ အဓိပ္ပာယ်

 ဘုရားသခင်ရဲ့ နိုင်ငံတော်ဆိုတာ ကောင်းကင်အစိုးရ ဖြစ်ပြီး ကမ္ဘာမြေပေါ်မှာ ဘုရားသခင့် အလိုတော် ပြည့်စုံအောင် ဆောင်ရွက်ပေးမယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့် နိုင်ငံတော်ကို ဦးစားထားသူက ကိုယ့်ဘဝမှာ နိုင်ငံတော်ကို အရေးကြီးဆုံးအရာအဖြစ် သတ်မှတ်ထားတယ်။ a ဘုရားသခင့် နိုင်ငံတော်အကြောင်းကို ကိုယ်တိုင် သိရှိအောင် ကြိုးစားတဲ့အပြင် တခြားသူတွေကိုလည်း အားရပါးရ ပြောပြတယ်။ (မဿဲ ၂၄:၁၄) ဘုရားသခင့် နိုင်ငံတော် လာပါစေလို့လည်း ဆုတောင်းတယ်။—လုကာ ၁၁:၂

 ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဆိုတာ အမှားအမှန်နဲ့ပတ်သက်တဲ့ ဘုရားသခင့်စံနှုန်းကို ဆိုလိုတယ်။ (ဆာလံ ၁၁၉:၁၇၂) ဒါကြောင့် ဘုရားသခင့် ဖြောင့်မတ်ခြင်းကို ဦးစားထားသူက ဘုရားသခင် သတ်မှတ်ထားတဲ့၊ ကိုယ့်အတွက်လည်း အမြဲ အကျိုးရှိစေတဲ့ ကိုယ်ကျင့်တရားစံနှုန်းအတိုင်း အသက်ရှင်နေထိုင်တယ်။—ဟေရှာယ ၄၈:၁၇

 အဲဒါတွေကို ဖြည့်ဆည်းပေးလိမ့်မယ်ဆိုတာ ဘုရားသခင့် နိုင်ငံတော်နဲ့ စံနှုန်းတွေကို ဦးစားထားသူတွေရဲ့ လိုအပ်ရာတွေကို ဘုရားသခင် ထောက်ပံ့ပေးမယ်ဆိုတဲ့ ကတိ ဖြစ်တယ်။—မဿဲ ၆:၃၁၊ ၃၂

မဿဲ ၆:၃၃ အထက်အောက်စကား

 အဲဒီကျမ်းစကားတွေကို မဿဲ အခန်းကြီး ၅ ကနေ ၇ မှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့ တောင်ပေါ်တရားတော်မှာ တွေ့ရတယ်။ ယေရှုရဲ့ တရားစကားကို နားထောင်နေသူ အတော်များများဟာ ဆင်းရဲကြတယ်။ သူတို့က စားဝတ်နေရေးအတွက် လုံးပန်းနေရတာကြောင့် ဘုရားသခင့် နိုင်ငံတော်ကို ဦးစားထားဖို့ အချိန်မရှိဘူးလို့ ယူမှတ်ကောင်း ယူမှတ်ကြလိမ့်မယ်။ ဖန်ဆင်းထားတဲ့ အပင်တွေနဲ့ တိရစ္ဆာန်တွေကို ဘုရားသခင် ဘယ်လောက် ဂရုစိုက်စောင့်ရှောက်သလဲဆိုတာ သူတို့ သိမြင်နိုင်ဖို့ ယေရှု ကူညီပေးခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က နိုင်ငံတော် ဦးစားထားသူတွေကို အဲဒီအတိုင်း ဂရုစိုက်စောင့်ရှောက်မယ်လို့ ကတိပေးခဲ့တယ်။—မဿဲ ၆:၂၅-၃၀

မဿဲ ၆:၃၃ နဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

 ယူဆချက်အမှား။ ဘုရားသခင့် နိုင်ငံတော် ဦးစားထားသူက ချမ်းသာကြွယ်ဝမယ်။

 အမှန်။ ဘုရားသခင့် နိုင်ငံတော် ဦးစားထားသူတွေက စားဝတ်နေရေးအတွက် အခြေခံ လိုအပ်ရာတွေ ရရှိမယ်လို့ပဲ ယေရှု ပြောခဲ့တယ်။ (မဿဲ ၆:၂၅၊ ၃၁၊ ၃၂) ဇိမ်ရှိရှိ နေထိုင်စားသောက်ရမယ်လို့တော့ ကတိမပေးခဲ့ဘူး။ ဘုရားသခင့် ကောင်းချီးကြောင့် ချမ်းသာကြွယ်ဝမယ်လို့ မပြောဘဲ ဥစ္စာပစ္စည်းတွေကို သဲကြီးမဲကြီး မရှာဖွေဖို့တောင် ယေရှု သတိပေးခဲ့တယ်။ အဲဒီလိုရှာဖွေမယ်ဆိုရင် ဘုရားသခင့် နိုင်ငံတော်ကို ဦးစားထားနိုင်မှာ မဟုတ်တော့ဘူး။ (မဿဲ ၆:၁၉၊ ၂၀၊ ၂၄) တမန်တော် ပေါလုက တစ်ခါတလေ ထောက်ပံ့မှု နည်းနည်းပဲ ရှိရင်တောင် ဘုရားသခင့် နိုင်ငံတော်အတွက် မညည်းမညူ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့တယ်။ ချမ်းသာကြွယ်ဝဖို့ ကြိုးစားအားထုတ်ရင် အန္တရာယ် ကြုံတွေ့နိုင်တယ်လို့ ပေါလုလည်း ယေရှုလိုမျိုး သတိပေးခဲ့တယ်။—ဖိလိပ္ပိ ၄:၁၁၊ ၁၂။ ၁ တိမောသေ ၆:၆-၁၀

 ယူဆချက်အမှား။ ခရစ်ယာန်တွေဟာ စားဝတ်နေရေးအတွက် အလုပ်လုပ်စရာ မလိုဘူး။

 အမှန်။ ခရစ်ယာန်တွေဟာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ အလုပ်လုပ်ပြီး ထောက်ပံ့ပေးရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ သက်သာလောနိတ် ၄:၁၁၊ ၁၂။ ၂ သက်သာလောနိတ် ၃:၁၀။ ၁ တိမောသေ ၅:၈) ဘုရားသခင့် နိုင်ငံတော်အတွက်ပဲ လုပ်ဆောင်ပါလို့ တပည့်တွေကို ယေရှု ပြောခဲ့တာ မဟုတ်ဘူး။ နိုင်ငံတော်အတွက် ဦးစားပေး လုပ်ဆောင်ပါလို့ ပြောခဲ့တာ။

 ဘုရားသခင့် နိုင်ငံတော်ကို ဦးစားထားပြီး စားဝတ်နေရေးအတွက် ကြိုးစားလုပ်ဆောင်သူတွေကို အခြေခံ လိုအပ်ရာတွေ ဘုရားသခင် ထောက်မပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—၁ တိမောသေ ၆:၁၇-၁၉

a “အမြဲ ဦးစားထားကြပါ” လို့ ဘာသာပြန်ထားတဲ့ ဂရိကြိယာက အမြဲမပြတ် လုပ်ဆောင်နေပါလို့ အဓိပ္ပာယ်ရှိတယ်။