မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာဇာတ်လမ်းအတွက် သဲ ၂၇,၅၀၀ ကီလိုဂရမ် (ပေါင် ၆၀,၀၀၀) ကို မောင့်အီဘို စတူဒီယိုကို သယ်လာကြ

အလှူငွေတွေကို အသုံးပြုပုံ

“အမြဲဝမ်းမြောက်ကြပါ” ၂၀၂၀ ခရိုင်အစည်းအဝေး အစီအစဉ်အတွက် ဗီဒီယို ထုတ်လုပ်ခြင်း

“အမြဲဝမ်းမြောက်ကြပါ” ၂၀၂၀ ခရိုင်အစည်းအဝေး အစီအစဉ်အတွက် ဗီဒီယို ထုတ်လုပ်ခြင်း

သြဂုတ် ၁၀၊ ၂၀၂၀

 ခရိုင်အစည်းအဝေး ဗီဒီယိုတွေက ရင်ထဲ စွဲငြိပြီး ကျမ်းစာသွန်သင်ချက်တွေကို ပိုနားလည်စေတယ်။ “အမြဲဝမ်းမြောက်ကြပါ” ၂၀၂၀ ခရိုင်အစည်းအဝေးမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ အကူတွေ ဟောတဲ့ ဟောပြောချက် ၄၃ ခု အပါအဝင် ဗီဒီယို ၁၁၄ ခု ပါဝင်တယ်။ ဒီဗီဒီယိုတွေ ထုတ်နိုင်ဖို့ ငွေကြေး၊ ခွန်အား ဘယ်လောက် စိုက်ထုတ်ခဲ့ရသလဲဆိုတာ တွေးကြည့်ဖူးသလား။

 ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မ ၉၀၀ နီးပါးဟာ ဒီအစီအစဉ် ဖြစ်မြောက်ရေးအတွက် မိမိတို့ရဲ့ အချိန်နဲ့ ကျွမ်းကျင်မှုတွေကို ပေးဆက်ခဲ့ကြတယ်။ ဒီပရောဂျက်အတွက် နှစ်နှစ်ကျော်အတွင်း နာရီပေါင်း ၁၀၀,၀၀၀ နီးပါး အကုန်ခံခဲ့ကြတယ်။ နေဟမိ– “ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်းဟာ ခင်ဗျားတို့အတွက် ရဲတိုက်ပဲ” ဆိုတဲ့ ၇၆ မိနစ်စာ ကျမ်းစာဇာတ်လမ်း ပြီးစီးဖို့ နာရီပေါင်း ၇၀,၀၀၀ အကုန်ခံခဲ့ကြတယ်။

 ကိုယ်ကျိုးစွန့် လုပ်ဆောင်ကြသူတွေရဲ့ လိုအပ်ရာတွေအပြင် လုပ်ငန်းပြီးစီးနိုင်အောင် နည်းပညာ၊ ပစ္စည်းကိရိယာ၊ နေထိုင်စရာစသဖြင့် ထောက်ပံ့နိုင်ဖို့ အကုန်အကျ ပမာဏ ဘယ်လောက် ကြီးမားမယ်ဆိုတာ တွေးကြည့်နိုင်တယ်။

 ရုပ်သံဌာနမှာ အမှုဆောင်နေတဲ့ ဂျဲရတ်စ် ဂေါစ်မန် အခုလိုပြောတယ်– “အုပ်ချုပ်ရေးအဖွဲ့ရဲ့ သွန်သင်ခြင်းကော်မတီက ဒီဗီဒီယိုတွေအတွက် ယဉ်ကျေးမှု၊ နေရာဒေသ အခင်းအကျင်းအမျိုးမျိုး ဖန်တီးစေချင်တယ်။ ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝန်း ညီအစ်ကိုအသင်းအပင်း ဖြစ်မှန်း ပြနိုင်ဖို့ပါ။ ဒီပရောဂျက် ဖြစ်မြောက်ရေးအတွက် နိုင်ငံပေါင်း ၁၁ နိုင်ငံက အဖွဲ့ ၂၄ ဖွဲ့ ပူးပေါင်းလုပ်ဆောင်ကြတယ်။ ငွေကြေးအကုန်အကျ၊ ကြိုတင်စီစဉ်မှု၊ ကမ္ဘာတစ်ဝန်းက လူတွေ ပူးပေါင်းလုပ်ဆောင်နိုင်အောင် စီစဉ်ညှိနှိုင်းမှု အကြီးအကျယ် လိုအပ်တယ်။”

 ဗီဒီယိုအများစုအတွက် အထူးပစ္စည်းကိရိယာ၊ ရိုက်ကွင်း အပြင်အဆင်တွေ လိုအပ်တယ်။ ဥပမာ၊ နေဟမိ– “ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်းဟာ ခင်ဗျားတို့အတွက် ရဲတိုက်ပဲ” ဆိုတဲ့ ကျမ်းစာဇာတ်လမ်းကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ပက်တာစင်အနီး မောင့်အီဘို စတူဒီယိုထဲမှာ ရိုက်ကူးတယ်။ ဇာတ်လမ်းကို သမိုင်းအရ တိကျမှန်ကန်မှု ရှိစေဖို့ ကြိုးစားရင်း အလှူငွေတွေကို အကျိုးရှိရှိ သုံးနိုင်ဖို့ ညီအစ်ကိုတွေဟာ ရှေးခေတ် ဂျေရုဆလင်မြို့ရိုး ပုံစံငယ်အဖြစ် ဒီဇိုင်းထုတ်ထားတဲ့ နံရံအတုတွေ တည်ဆောက်ကြတယ်။ နံရံတစ်ပိုင်းစီဟာ အမြင့် ခြောက်မီတာ (ပေ ၂၀) ရှိတဲ့ ဖော့ချပ်ကို သစ်သားဘောင်ကွပ်ပြီး ကျောက်တုံးနဲ့ တူအောင် ဖန်တီးကြတယ်။ ဒီ ”နံရံ” တွေကို လိုချင်တဲ့ပုံစံ ရွှေ့ပြီး ဇာတ်ကွက်အမျိုးမျိုးမှာ သုံးနိုင်လို့ လိုအပ်တဲ့ အရေအတွက်ကို လျှော့ချနိုင်တယ်။ ဒါတောင် ဒီဇာတ်လမ်းတစ်ခုတည်းအတွက် ရိုက်ကွင်း တည်ဆောက်ရာမှာ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နီးပါး လိုအပ်တယ်။ a

 ဒီအသေးစိတ်အချက်တွေကို သိထားတာက ဒီနှစ် ခရိုင်အစည်းအဝေး အစီအစဉ်အတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးပွားစေတယ်။ ဒီအစီအစဉ် ထုတ်လုပ်ရာမှာ ကြိုးစားအားထုတ်မှုတွေက ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ donate.pr418.com နဲ့ တခြားနည်းတွေကတစ်ဆင့် ကမ္ဘာချီလုပ်ငန်းအတွက် ညီအစ်ကို/မတို့ရဲ့ ရက်ရက်ရောရော ထည့်ဝင်လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။

a “နေဟမိ– ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်းဟာ ခင်ဗျားတို့အတွက် ရဲတိုက်ပဲ” ဇာတ်ကွက်တွေကို COVID-19 ကပ်ရောဂါ မတိုင်မီ ရိုက်ကူးခဲ့ခြင်း ဖြစ်တယ်။ လူချင်း ခပ်ခွာခွာနေပါဆိုတဲ့ တားမြစ်ချက်တွေ မရှိသေးဘူး။