မာတိကာဆီ ကျော်သွား

ဒါချောင်အကျဉ်းစခန်း အောက်မေ့ဖွယ်နေရာရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ဂါဘရီလေ ဟယ်မာမန်က ညီအစ်ကို မက်စ်အက္ကတ်အတွက် အမှတ်တရ ကမ္ဗည်းစာပုံကို ပြ။

ဇူလိုင် ၉၊ ၂၀၁၈
ဂျာမနီ

အမည်မသိ မဟုတ်တော့- မက်စ်အက္ကတ်အတွက် အမှတ်တရ အခမ်းအနားကို ဒါချောင်အကျဉ်းစခန်း အောက်မေ့ဖွယ်နေရာမှာ ကျင်းပ

အမည်မသိ မဟုတ်တော့- မက်စ်အက္ကတ်အတွက် အမှတ်တရ အခမ်းအနားကို ဒါချောင်အကျဉ်းစခန်း အောက်မေ့ဖွယ်နေရာမှာ ကျင်းပ

၂၀၁၈၊ မေ ၇ ရက်နေ့မှာ ဒါချောင်အကျဉ်းစခန်း အောက်မေ့ဖွယ်နေရာရှိ ပရိသတ် ၂၀၀ နီးပါးကို ညီအစ်ကို မက်စ်အက္ကတ်အတွက် အမှတ်တရ ကမ္ဗည်းစာ ပြသခဲ့တယ်။ ညီအစ်ကို မက်စ်အက္ကတ်ဟာ ဒါချောင်အကျဉ်းစခန်းမှာ ထောင်နှစ်နှစ် ကျတယ်။ အဲဒီနောက် သြစတြီးယားက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မောက်ဟောက်စင် ချွေးတပ်စခန်းဆီ အပို့ခံရပြီး အိမ်ပြန် ရောက်မလာတော့ပါဘူး။ လူမသိသူမသိ သေဆုံးခဲ့ရပေမဲ့ ညီအစ်ကို အက္ကတ်ဟာ ယုံကြည်ခြင်းခိုင်မာသူ ဖြစ်ကြောင်း အခု သိသွားကြပြီ။

မောက်ဟောက်စင် ချွေးတပ်စခန်းဆီ အပို့မခံရခင် မက်စ်အက္ကတ် နေခဲ့တဲ့ ဒါချောင်အကျဉ်းစခန်း မကြာသေးခင်ကပုံ။

မက်စ်အက္ကတ် သေဆုံးခဲ့တဲ့ မောက်ဟောက်စင် ချွေးတပ်စခန်း။

ညီအစ်ကို အက္ကတ်နဲ့ပတ်သက်ပြီး သိရသလောက်တော့ သူဟာ ဘုရားသခင်အပေါ် သမာဓိစောင့်သိသူ ဖြစ်တယ်။ ညီအစ်ကို အက္ကတ်တို့ ဇနီးမောင်နှံဟာ ၁၉၃၅ ခုနှစ်လောက်မှာ မိမိတို့ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြတဲ့အတွက် ဒဏ်ရိုက်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ စကြာတံဆိပ်ပါတဲ့ အလံကို ကိုင်ဆောင်ဖို့ ငြင်းဆန်တဲ့အတွက် အလုပ်ပြုတ်သွားတယ်။ ၁၉၃၇ ခုနှစ်မှာ ယေဟောဝါသက်သေ ၆၀၀ နီးပါးနဲ့အတူ ဒါချောင်အကျဉ်းစခန်းမှာ ထိန်းသိမ်းခံခဲ့ရတယ်။ နှစ်နှစ်ကြာပြီးနောက် လူမဆန်တဲ့နှိပ်စက်မှုတွေကြောင့် အကျဉ်းသား ၉၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ မောက်ဟောက်စင် ချွေးတပ်စခန်းဆီ အပို့ခံရတယ်။ ၁၉၄၀၊ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှာ ညီအစ်ကို အက္ကတ်ရဲ့ ဇနီးဟာ “အကျဉ်းစခန်းရှိ ခင်ပွန်း ဒီနေ့ သေဆုံး။ အသေးစိတ် သိလိုပါက ရဲနဲ့ ဆက်သွယ်ပါ” ဆိုတဲ့ တုံးတိတိ ရေးထားတဲ့ ကြေးနန်းစာကို ရရှိခဲ့တယ်။ အသက်က ၄၃ နှစ်ပါ။

အခမ်းအနား ကျင်းပနေချိန်မှာ ဒါချောင်အကျဉ်းစခန်း အောက်မေ့ဖွယ်နေရာရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ဂါဘရီလေ ဟယ်မာမန်က ဒီလိုပြောပြတယ်- “ကျမ်းစာကျောင်းသားတွေ (ယေဟောဝါသက်သေတွေ) ဟာ မိမိတို့ယုံကြည်ချက်ကြောင့် နာဇီအဖွဲ့ထဲ မဝင်ကြဘူး။ ဟစ်တလာကို အလေးမပြုကြဘူး၊ စစ်နဲ့ဆက်နွှယ်တဲ့အလုပ်တွေ မလုပ်ခဲ့ကြဘူး။ ဒါကြောင့် နှိပ်စက်ညှဉ်းပန်း ခံရကြတယ်။ ... တခြားအကျဉ်းသားတွေကတော့ ကျမ်းစာကျောင်းသားတွေရဲ့ စိတ်ထားကြောင့်၊ အထူးသဖြင့် သစ္စာတည်ကြည်ခြင်း၊ ကူညီဖို့အသင့်ရှိခြင်းဆိုတဲ့ စိတ်ထားကြောင့် သူတို့ကို သိပ်လေးစားခဲ့ကြတယ်။”

ဂျာမနီနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ညီအစ်ကို ဝေါဖရမ် ဆလူပီနာက “မက်စ်အက္ကတ်ရဲ့ ဓာတ်ပုံတစ်ပုံတောင် ကျွန်တော်တို့မှာ မရှိဘူး” လို့ပြောတဲ့အတွက် ညီအစ်ကို အက္ကတ်ကို ဒီအခမ်းအနား တက်ရောက်သူအများစု မသိကြောင်း ဝန်ခံခဲ့တယ်။ ဒါပေမဲ့ “ညီအစ်ကို အက္ကတ်ဟာ သစ္စာတည်ကြည်သူ ဖြစ်ကြောင်း၊ သေတဲ့အထိ ယုံကြည်ချက်ကို အလျှော့မပေးခဲ့ကြောင်း” ဒီကမ္ဗည်းစာက သက်သေထူတယ်လို့ ပြောတယ်။

မက်စ်အက္ကတ်ရဲ့ ယုံကြည်ခြင်း၊ သမာဓိစောင့်သိခြင်းကိုသာမက ယုံကြည်ခြင်းကြောင့် အသက်ပေးခဲ့ကြတဲ့ ယေဟောဝါသက်သေအားလုံးကိုပါ ယေဟောဝါ မမေ့ဘူးဆိုတာ သေချာတယ်။—ဟီဘရူး ၆:၁၀