မာတိကာဆီ ကျော်သွား

ဇွန် ၆၊ ၂၀၁၉
ဗင်နီဇွဲလား

ဗင်နီဇွဲလားနိုင်ငံ နောက်ဆုံးရသတင်း– အခက်အခဲတွေရှိနေပေမဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်း ဆက်တိုးတက်နေ

ဗင်နီဇွဲလားနိုင်ငံ နောက်ဆုံးရသတင်း– အခက်အခဲတွေရှိနေပေမဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်း ဆက်တိုးတက်နေ

ဗင်နီဇွဲလားနိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေး ပြဿနာတွေ ဆက်ဖြစ်ပွားနေတယ်။ ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အစားအသောက်၊ ရေ၊ လောင်စာ၊ ဆေးဝါးတွေရဖို့ သိပ်ခက်ခဲလာတယ်။ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်မှုကြောင့် အအေးခန်းမှာ သိုလှောင်ဖို့ ခက်ခဲလို့ အစားအသောက်တွေ ပိုရှားပါးလာတယ်။ ရာဇဝတ်မှုကြောင့်လည်း အမြဲစိုးရိမ်နေရတယ်။

ခက်ခဲတဲ့ ဒီအခြေအနေတွေကြားမှာ ဗင်နီဇွဲလားနိုင်ငံက ကြေညာသူ ၁၃၆,၅၀၀ ကျော်ဟာ အမှုဆောင်လုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်နေကြတယ်။ ဥပမာ၊ ၂၀၁၉၊ ဇန်နဝါရီလမှာ အရင်နှစ်ထက် ကြေညာသူအရေအတွက် ၇,၀၀၀ နည်းသွားပေမဲ့ အမှုဆောင်လုပ်ငန်းမှာ အသုံးပြုတဲ့နာရီ ၉၀,၀၀၀ ပိုများလာတယ်။ ၂၀၁၉၊ ဧပြီလမှာ ကျမ်းစာသင်အံမှု ၁၉၅,၆၀၀ ကျော် ရှိခဲ့တယ်။ မှန်မှန်ရှေ့ဆောင်အရေအတွက် ၃၀,၀၀၀ ကျော်သွားတယ်။ ခရစ်တော်ရဲ့ သေခြင်းအောက်မေ့ရာပွဲ တက်ရောက်ဖို့ ဖိတ်ခေါ်တဲ့ ကင်ပိန်းမှာ အရန်ရှေ့ဆောင် ၂၀,၄၀၀ ပါဝင်ခဲ့ကြတယ်။ ဒါကြောင့် အောက်မေ့ရာပွဲတက်ရောက်သူ ၄၇၁,၀၀၀ ရှိခဲ့တယ်၊ အဲဒါက ကြေညာသူ အရေအတွက်ထက် ၃ ဆ ပိုများတယ်။ အဲဒီအပြင် ညီအစ်ကို၊ ညီအစ်မတွေက ယုံကြည်စိတ်ချရတဲ့ ပြဿနာဖြေရှင်းနည်းတွေကို ရှာတွေ့နိုင်အောင် ကျမ်းစာနဲ့ ဆက်ကူညီပေးကြလို့ လူများစွာဟာ အသင်းတော်အစည်းအဝေးတွေကိုလည်း တက်ကြတယ်။

ညီအစ်ကို၊ ညီအစ်မတွေ လိုအပ်တဲ့ အစားအသောက်တွေ ရရှိဖို့ ဗင်နီဇွဲလားဌာနခွဲက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ဆောင်နေတယ်။ အနီးအနားက ဌာနခွဲတွေ၊ ကမ္ဘာချီလုပ်ငန်းအတွက် ရက်ရက်ရောရော ထည့်ဝင်တဲ့ အလှူငွေတွေရဲ့ အကူအညီနဲ့ ဗင်နီဇွဲလားဌာနခွဲဟာ အသင်းတော် ၁,၅၉၅ ခုမှာရှိတဲ့ ကြေညာသူ ၇၅,၀၀၀ ကို လစဉ် အစားအသောက် တန် ရာနဲ့ချီ ဝေပေးနေတယ်။

ဗင်နီဇွဲလားနိုင်ငံက ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေဟာ အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရတယ်။ ဒါပေမဲ့ “ယေဟောဝါကြောင့် အားရရွှင်လန်း” ပြီး “ကယ်တင်ရှင် ဘုရားသခင်ကြောင့် ရွှင်လန်း” နေကြလို့ ကျွန်တော်တို့ အားရှိကြပါတယ်။—ဟဗက္ကုတ် ၃:၁၇၊ ၁၈