မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၅၊ ၂၀၁၉
အမေရိကန်

သမိုင်းတွင်မယ့် ဒိုရီယန်မုန်တိုင်းကြောင့် ဗဟားမားမှာ ထိခိုက်ပျက်စီးမှုများ

သမိုင်းတွင်မယ့် ဒိုရီယန်မုန်တိုင်းကြောင့် ဗဟားမားမှာ ထိခိုက်ပျက်စီးမှုများ

အတ္တလန္တိတ်သမုဒ္ဒရာမှာ အင်အားအပြင်းဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဒိုရီယန် မုန်တိုင်းဟာ ၂၀၁၉၊ စက်တင်ဘာ ၁ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဗဟားမားကျွန်းမြောက်ပိုင်းက ဂရိတ်အဘာကိုကျွန်းကို ပြင်းအားအဆင့် အမြင့်ဆုံး အဆင့် ၅ နဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ ဒိုရီယန်မုန်တိုင်းဟာ ရွေ့လျားနှုန်း နှေးကွေး၊ လေတိုက်နှုန်း ပြင်းထန်ပြီး မိုးသည်းထန်လို့ အလွန်အန္တရာယ်များတယ်။ မုန်တိုင်းဟာ လီဝပ်ကျွန်း၊ ပွာတိုရီကို၊ ဗာဂျင်ကျွန်းစုတွေကို အပူပိုင်းမုန်တိုင်းအဖြစ် အပျက်အစီးမရှိဘဲ ဖြတ်ကျော်ခဲ့တယ်။

အမေရိကန်ဌာနခွဲဟာ မုန်တိုင်းကြောင့် ညီအစ်ကို၊ ညီအစ်မတွေနဲ့ ဌာနခွဲပိုင် အဆောက်အဦတွေ ဘယ်လောက် ထိခိုက်ပျက်စီးသွားသလဲဆိုတာ မှတ်တမ်း ကောက်နေပါတယ်။ အခုချိန်ထိတော့ ဂရိတ်အဘာကိုကျွန်းမှာရှိတဲ့ အသင်းတော် ၂ ခုက ကြေညာသူ ၄၆ ယောက်မှာ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သတင်းရပါတယ်။ ဒါပေမဲ့ ကျွန်းပေါ်က တစ်ခုတည်းသော ဝတ်ပြုရာခန်းမကတော့ ပျက်စီးသွားတယ်။

ဂရန်း ဗဟားမားကျွန်းမှာ အသင်းတော် ၄ ခုရှိပြီး ကြေညာသူ ၃၆၄ ယောက်ရှိတယ်။ ညီအစ်ကို၊ ညီအစ်မ ၁၉၆ ယောက် နေအိမ်ပြောင်းရွှေ့ခဲ့ရပြီး အိမ် ၂၂ လုံး ထိခိုက်ပျက်စီးမှုရှိတယ်လို့ ကနဦးသတင်းတွေအရ သိရတယ်။ အိမ် ၃ လုံးကတော့ လုံးလုံးပျက်စီးသွားတယ်။

မုန်တိုင်းဘေးသင့်ဒေသတွေက တိုက်နယ်ကြီးကြပ်မှူးနဲ့ အကြီးအကဲတွေကို ဌာနခွဲရုံးက မုန်တိုင်းမတိုက်ခင်ကတည်းက ကြိုတင်လမ်းညွှန်ချက်တွေ ပေးပါတယ်။ ညီအစ်ကို၊ ညီအစ်မအားလုံးကို နာဆောမြို့ ဒါမှမဟုတ် လုံခြုံတဲ့ဒေသတွေကို ပြောင်းရွှေ့ဖို့ ဌာနခွဲက အကြံပေးထားတယ်။

မုန်တိုင်းဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ သူတို့ရဲ့ အခက်အခဲတွေကို ယေဟောဝါ မြင်တယ်၊ ဒုက္ခရောက်ချိန်မှာ အခက်အခဲကို ကျော်ဖြတ်နိုင်အောင် သူတို့ကို ယေဟောဝါ ခွန်အား ဆက်ပေးမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။—ဆာလံ ၄၆:၁၊ ၂