မာတိကာဆီ ကျော်သွား

၁၉၉၄၊ စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက ထောင်ချခံနေရတဲ့ ညီအစ်ကို ပေါ်လို အီယာဆူ၊ အိဇက် မိုဂိုစ်၊ နေဂဲဒဲ တက်ကလီမာရီယမ်တို့ကို တွေ့ရစဉ်

စက်တင်ဘာ ၁၇၊ ၂၀၁၉
အီရီထရီးယား

အီရီထရီးယားမှာ ၂၅ နှစ်ကြာ ထောင်ချခံနေရ

အီရီထရီးယားမှာ ၂၅ နှစ်ကြာ ထောင်ချခံနေရ

မျက်မှောက်ခေတ်မှာ ယေဟောဝါသက်သေတွေကို ဆိုးဆိုးရွားရွား ညှဉ်းပန်းနှိပ်စက်နေနဲ့နိုင်ငံကတော့ အီရီထရီးယားဖြစ်ပါတယ်။ ၂၀၁၉၊ စက်တင်ဘာ ၁၇ နေ့မှာဆိုရင် ပေါ်လို အီယာဆူ၊ အိဇက် မိုဂိုစ်၊ နေဂဲဒဲ တက်ကလီမာရီယမ်တို့ ထောင်ချခံနေရတာ ၂၅ နှစ်ရှိပြီ။ အဲဒီအပြင် ညီအစ်ကို ၃၉ ယောက်နဲ့ ညီအစ်မ ၁၀ ယောက်တို့လည်း ထောင်ချခံနေကြရတယ်။

ဒီညီအစ်ကို၊ ညီအစ်မအားလုံးဟာ တရားဝင် စွဲချက်တင်ခံရတာမျိုး၊ တရားရုံးမှာ စစ်ဆေးခံရတာမျိုး မရှိဘူး။ လွတ်မြောက်မယ့်အချိန်ကို သူတို့ မသိဘူး။ ညီအစ်ကို လေးယောက်ကတော့ ထောင်ထဲမှာပဲ သေဆုံးသွားတယ်။ သုံးယောက်ကတော့ ဆိုးဝါးလှတဲ့ ထောင်တွင်းအခြေအနေကြောင့် ထောင်ကလွတ်လာပြီးနောက်မှာ သေဆုံးသွားကြတယ်။

အီသီယိုးပီးယားလက်အောက်ကနေ အီရီထရီးယား လွတ်လပ်ရေးရပြီးနောက် တစ်နှစ်ခွဲအကြာ ၁၉၉၄၊ အောက်တိုဘာ ၂၅ ရက်နေ့မှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ပိုပြင်းထန်လာတယ်။ ယေဟောဝါသက်သေတွေရဲ့ ကြားနေမှုကြောင့် အီရီထရီးယားမှာ မွေးတဲ့ ယေဟောဝါသက်သေတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုတော့ဘူးလို့ သမ္မတအသစ်က ကြေညာခဲ့တယ်။ နိုင်ငံသားတိုင်းလိုလို ရရှိတဲ့ အခွင့်အရေးတွေကိုလည်း ရုပ်သိမ်းလိုက်တယ်။ ယေဟောဝါသက်သေတွေဟာ အပြည့်အဝ ပညာသင်ကြားခွင့်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ခွင့်၊ နိုင်ငံရပ်ခြား ခရီးသွားခွင့် မရကြဘူး။

နိုင်ငံအများစု သဘောတူထားတဲ့ လွတ်လပ်မှု စံနှုန်းတွေကို အီရီထရီးယားက လစ်လျူရှုနေတယ်လို့ ထင်ရှားတဲ့ လူ့အခွင့်အရေး လုပ်ရှားသူတွေက ဖော်ပြခဲ့ကြတယ်။ အဲဒီအထဲမှာ ယေဟောဝါသက်သေတွေရဲ့ အမှုကိစ္စလည်း ပါတယ်။ အဲဒီလို အဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်တွေကို အီရီထရီးယား မလိုက်နာဘူး။

ကြည့်ပါ– အထူးသတင်း– အီရီထရီးယားမှာ ယေဟောဝါသက်သေတွေကို ညှဉ်းပန်းနှိပ်စက်

အီရီထရီးယားရဲ့ အခြေအနေကို အစိုးရအရာရှိတွေနဲ့ တခြား အာဏာပိုင်တွေဆီ ကျွန်တော်တို့ မပြတ် သတင်းပေးပို့သွားမှာ ဖြစ်တယ်။ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေ သစ္စာရှိရှိ၊ ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်နေစဉ်မှာ သူတို့ရဲ့ ကူညီမစရှင်ဖြစ်တဲ့ “ခိုလှုံရာကျောက်ဆောင်” ယေဟောဝါကို ကျွန်တော်တို့ ယုံကြည်စိတ်ချစွာ မျှော်ကိုးနေကြပါတယ်။—ဆ ၉၄:၂၂