မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၂၉၊ ၂၀၁၉
အဇာဘိုင်ဂျန်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ အဇာဘိုင်ဂျန်က ယေဟောဝါသက်သေ ငါးဦးကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက အနိုင်ပေးဆုံးဖြတ်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ အဇာဘိုင်ဂျန်က ယေဟောဝါသက်သေ ငါးဦးကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက အနိုင်ပေးဆုံးဖြတ်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ အဇာဘိုင်ဂျန်က ညီအစ်ကို ငါးယောက်ကို ပြစ်မှုကျူးလွန်သူတွေအဖြစ် ပြစ်ဒဏ်မပေးသင့်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက ၂၀၁၉၊ အောက်တိုဘာ ၁၇ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို ပြစ်ဒဏ်ပေးတာဟာ လွတ်လပ်စွာ တွေးတောခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတဲ့ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ဒီဆုံးဖြတ်ချက်နဲ့ ထပ်မံအတည်ပြုပေးလိုက်တယ်။ ဒါကတော့ အဇာဘိုင်ဂျန်က ယေဟောဝါသက်သေတွေကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက ပထမဆုံးအကြိမ်အဖြစ် အနိုင်ပေး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။

ဆုံးဖြတ်ချက်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ သီးခြားအမှု ၄ ခုနဲ့ သက်ဆိုင်တယ်။ ညီအစ်ကို ငါးယောက်ဖြစ်တဲ့ မူရှဖစ် မန်မာဒို့၊ ဆာမီ ဟူဆေနို့၊ ဖာရစ် မန်မာဒို့၊ ဖာခရက်ဒင် မီဇာယေ့၊ ကမ်ရန် မီဇာယေ့တို့နဲ့ သက်ဆိုင်တယ်။ သူတို့ဟာ အဇာဘိုင်ဂျန်မှာ စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ပြစ်ဒဏ်စီရင်ခံရပြီး ထောင်ကျနေသူတွေ ဖြစ်တယ်။ ညီအစ်ကိုတွေ စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းဟာ “ဘာသာရေး ယုံကြည်ချက်” ကြောင့် ဖြစ်တဲ့အတွက် သူတို့ကို အဇာဘိုင်ဂျန် ပြစ်ဒဏ်စီရင်ခြင်းဟာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်းကို ချိုးဖောက်ရာရောက်တယ်လို့ တရားရုံးက ပြောတယ်။ အစားထိုး အရပ်ဘက်လုပ်ငန်းကို ဘုန်းကြီးတွေ၊ ကျမ်းစာကျောင်းသားတွေအတွက်ပဲ ကန့်သတ်မထားသင့်ဘူးလို့လည်း ပြောတယ်။ ညီအစ်ကိုတွေကို နစ်နာကြေး ပေးဖို့ အဇာဘိုင်ဂျန် အစိုးရမှာ တာဝန်ရှိတယ်လို့လည်း တရားရုံးက ပြောတယ်။

အဇာဘိုင်ဂျန်ဟာ ဥရောပ ကောင်စီအဖွဲ့ဝင် ဖြစ်လာတဲ့ ၂၀၀၁ ခုနှစ်တုန်းက စစ်ဘက်နဲ့ မဆိုင်တဲ့ အစားထိုး အရပ်ဘက်လုပ်ငန်း လုပ်ခွင့်ပြုမယ့် ဥပဒေတစ်ခု ရေးဆွဲမယ်လို့ ကတိပြုခဲ့တဲ့အကြောင်းလည်း တရားရုံးက ထပ်ပြောခဲ့တယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေဟာ အရပ်ဘက်လုပ်ငန်း လုပ်ခွင့်ရှိတယ်လို့ အဇာဘိုင်ဂျန်ရဲ့ အခြေခံ ဥပဒေမှာလည်း ဖော်ပြထားတယ်။ ဒါပေမဲ့ အစိုးရက ဥပဒေကို အတည်မပြုပေးဘဲ စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ ညီအစ်ကိုတွေကို ပြစ်ဒဏ်ချမှတ်နေဆဲ ဖြစ်တယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အဇာဘိုင်ဂျန် အစိုးရက အစားထိုး အရပ်ဘက်လုပ်ငန်းကို အတည်ပြုပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ လက်ရှိအချိန်မှာတော့ အဇာဘိုင်ဂျန်က ညီအစ်ကိုတွေ ရဲစွမ်းသတ္တိရှိရှိ ယေဟောဝါဘုရားကို ဆက်အမှုဆောင်သွားဖို့ ဆုတောင်းပေးပါတယ်။—ဆာလံ ၂၇:၁၄