မာတိကာဆီ ကျော်သွား

ဝဲမှယာ- ညီရင်းအစ်ကိုတွေ ဖြစ်ကြတဲ့ အဲလ်ဒေါနဲ့ စန်ဂျာဘခ် ဆဘူရော့ဖ်

သြဂုတ် ၇၊ ၂၀၂၀
တာ့ခ်မင်နစ္စတန်

တာ့ခ်မင်တရားရုံးက ညီအစ်ကို အဲလ်ဒေါနဲ့ စန်ဂျာဘခ် ဆဘူရော့ဖ်တို့ကို ထောင်ဒဏ် ၂ နှစ် ချမှတ်

တာ့ခ်မင်တရားရုံးက ညီအစ်ကို အဲလ်ဒေါနဲ့ စန်ဂျာဘခ် ဆဘူရော့ဖ်တို့ကို ထောင်ဒဏ် ၂ နှစ် ချမှတ်

၂၀၂၀၊ ဩဂုတ် ၆ ရက်မှာ တာ့ခ်မင်တရားရုံးက ညီအစ်ကို အဲလ်ဒေါနဲ့ စန်ဂျာဘခ် ဆဘူရော့ဖ်တို့ကို ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းတဲ့အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ ညီအစ်ကိုရင်းချာတွေ ဖြစ်တဲ့ သူတို့ဟာ အသက် ၂၁ နှစ်နဲ့ ၂၅ နှစ်စီ အသီးသီးရှိကြတယ်။ သူတို့ရဲ့ အယူခံတင်သွင်းမှုကို တရားရုံးက ပယ်ချလိုက်တယ်။ စစ်မှုမထမ်းလို့ အပြစ်ရှိတယ်လို့ စီရင်ခံရတာ နှစ်ယောက်စလုံးအတွက် ဒုတိယအကြိမ်ပါ။

၂၀၁၆ မှာ ညီအစ်ကို စန်ဂျာဘခ် ဆဘူရော့ဖ်က ဥပဒေအရ စစ်မှုထမ်းဖို့ ဖိတ်ခေါ်တာကို လေးစားစွာ ငြင်းဆိုခဲ့တယ်။ ဒီအတွက် အပြစ်ရှိတယ်လို့ စီရင်ခံရပြီး ခံဝန်ချက်နဲ့ ၂ နှစ် နေခဲ့ရတယ်။

နောက်တစ်နှစ်မှာ ညီဖြစ်သူ အဲလ်ဒေါက စစ်မှုထမ်းဖို့ ငြင်းဆိုတယ်။ အဲဒီအတွက် စာရိတ္တပြုပြင်ရေး စခန်းဆီ ၂ နှစ် အပို့ခံရပြီး သူ့လစာထဲက ၂၀ ရာခိုင်နှုန်းကို နိုင်ငံတော်က သိမ်းယူခဲ့တယ်။

တာ့ခ်မင်ဥပဒေအရ စစ်မှုထမ်းဖို့ ဆက်ငြင်းဆိုသူကို ဒုတိယအကြိမ်မှာ ရာဇဝတ်မှုနဲ့ တရားစွဲလို့ရတယ်။ ၂၀၂၀၊ ဧပြီမှာ ဒီညီအစ်ကိုတွေဟာ စစ်ထဲဝင်ဖို့ ဆင့်ခေါ်စာ ရရှိတယ်။ ညီအစ်ကို နှစ်ဦးစလုံး ငြင်းတဲ့အတွက် တရားစွဲခံရပြီး အခုလို ထောင်ချခံခဲ့ရတာ။

ဒီအတွက် သူတို့ရဲ့မိဘ စိတ်ဆင်းရဲရတဲ့အပြင် စီးပွားရေးအကျပ်အတည်းလည်း ကြုံတွေ့ကြရတယ်။ ဖခင်က နာတာရှည် ခါးနာရောဂါကြောင့် အလုပ်မလုပ်နိုင်ဘူး။ သားတွေက ဝါစိုက်ပျိုးရေးအလုပ်နဲ့ မိသားစုကို ထောက်ပံ့နေတာ။ အခုလို ထောင်ကျသွားတော့ မိဘတွေကို ထောက်ပံ့မယ့်သူ မရှိတော့ဘူး။ မိဘတွေခမျာ ထောင်ကျနေတဲ့ သားတွေရဲ့ လိုအပ်တာကို ပြန်ထောက်ပံ့ရတော့မယ်။

တာ့ခ်မင်နစ္စတန်နိုင်ငံမှာ အစားထိုး အရပ်ဘက်လုပ်ငန်း မရှိဘူး။ ဒီ့အတွက် ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းတဲ့ လူငယ်ညီအစ်ကိုတွေကို ထောင်ဒဏ် တစ်နှစ်ကနေ လေးနှစ်အထိ အပြစ်ပေးလို့ ရတယ်။ တာ့ခ်မင်နစ္စတန်နိုင်ငံမှာ ဆဘူရော့ဖ်တို့ ညီအစ်ကို နှစ်ယောက်အပါအဝင် ကြားနေရပ်တည်မှုကြောင့် ထောင်ကျနေတဲ့ သက်သေခံ ၁၀ ယောက် ရှိတယ်။

တာ့ခ်မင်နစ္စတန်နိုင်ငံက လူငယ်ညီအစ်ကိုတွေရဲ့ သစ္စာရှိရှိ ရပ်တည်မှုကို ယေဟောဝါ ကောင်းချီးပေးမှာ သေချာတယ်။ “သတ္တိရှိကြပါ။ စိတ်မပျက်ပါနဲ့။ ခင်ဗျားတို့ရဲ့ လုပ်ရပ်အတွက် အကျိုးခံစားရမှာပါ” ဆိုပြီး ဘုရင် အာသကို ယေဟောဝါပြောတဲ့စကားတွေကို သူတို့ယောက်တိုင်း အမှတ်ရနိုင်ကြပါစေ။—၂ ရာဇဝင်ချုပ် ၁၅:၇