မာတိကာဆီ ကျော်သွား

နေရပ်စွန့်ခွာထွက်ပြေးကြတဲ့ ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ အားပေး

၂၀၂၂ ခုနှစ်၊ မေ ၂၃ ရက်
ယူကရိန်း

နောက်ဆုံးအချက်အလက် #၈ | ယူကရိန်းနိုင်ငံ အရေးအခင်းကာလမှာ ညီအစ်ကို၊ ညီအစ်မတွေ မေတ္တာဆက်ပြနေကြ

စစ်အတွင်း သိုးထိန်းလည်ပတ်မှု အရှိန်မြှင့်

နောက်ဆုံးအချက်အလက် #၈ | ယူကရိန်းနိုင်ငံ အရေးအခင်းကာလမှာ ညီအစ်ကို၊ ညီအစ်မတွေ မေတ္တာဆက်ပြနေကြ

ယူကရိန်းမှာ အခြေအနေတွေ ပိုခက်လာတာနဲ့အမျှ ယူကရိန်းဌာနခွဲက နိုင်ငံအတွင်း သိုးထိန်းလည်ပတ်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ နိုင်ငံတစ်ဝန်းက တာဝန်ရှိညီအစ်ကိုတွေဟာ နေရပ်ကိုစွန့်ခွာထွက်ပြေးလာကြတဲ့ ညီအစ်ကို/မ ထောင်နဲ့ချီကို သိုးထိန်းလည်ပတ်မှုတွေ မနားမနေ လုပ်ပေးနေကြတယ်။ ရလဒ်အနေနဲ့ ညီအစ်ကို/မတွေ အားရှိလာကြတယ်။ ယူကရိန်းနိုင်ငံအနောက်ပိုင်းကို ထွက်ပြေးလာကြတဲ့ ညီအစ်ကို/မတွေကို ဌာနခွဲကော်မတီဝင်တစ်ဦး လည်ပတ်ပြီးတဲ့နောက် ဥဇဂရာ့မြို့က နိုင်ငံတော်ခန်းမတစ်ခုမှာ အယောက် ၃၀ နီးပါးနဲ့အတူ ခေတ္တခိုလှုံနေတဲ့ ညီအစ်မတစ်ယောက်က “ယေဟောဝါဘုရားက ကျွန်မကို သူ့ရင်ခွင်ထဲမှာ ဖက်ထားသလို ခံစားခဲ့ရတယ်” လို့ ပြောပြတယ်။

ညီအစ်ကိုတွေဟာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) ၂၇ ခုမှာ စွမ်းစွမ်းတမံ လုပ်အားပေးနေကြတဲ့ အဖွဲ့ဝင် ၁၀၀ နီးပါးကိုလည်း သိုးထိန်းလည်ပတ်မှု လုပ်ပေးနေကြတယ်။ ကယ်ဆယ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အီဟို အခုလိုပြောပြတယ်– “ ကယ်ဆယ်ရေးကော်မတီမှာ လုပ်ဖို့ တာဝန်ပေးခံရချိန်မှာ ကျွန်တော်နဲ့ဇနီးသည်ဟာ အိုးပစ်အိမ်ပစ်ပြီး တခြားတစ်အိမ်မှာ နေနေရတဲ့အချိန်ဖြစ်တယ်။ ကျွန်တော်တို့ စိတ်ပန်းလူပန်းဖြစ်နေကြပြီ။ အဲဒီအချိန်မှာ ဌာနခွဲကော်မတီဝင်တစ်ယောက်က သူကိုယ်တိုင် သိပ်အလုပ်များနေတာတောင် အချိန်ယူပြီး ကျွန်တော်တို့ဆီ လာလည်တယ်။ ကျွန်တော်တို့ပြောသမျှ ကောင်းကောင်းနားထောင်ပေးတယ်။ ကျွန်တော်တို့ကို စိတ်ရင်းမှန်နဲ့ ဂရုစိုက်ပေးတယ်လို့ ခံစားခဲ့ရတယ်။ နို့စို့ကလေးတွေလို ဘာဆိုဘာမှ မလုပ်နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ လွတ်လမ်းကို မမြင်နိုင်တော့လို့ လမ်းညွှန်ပေးဖို့ ယေဟောဝါဘုရားကို ဆုတောင်းနိုင်ရုံပဲ ရှိတဲ့အခါ ဘုရားသခင် ကြားဝင်လုပ်ဆောင်ပေးခဲ့တာကို မကြာခဏ မြင်တွေ့ခဲ့ရတယ်။”

စစ်ဖြစ်နေတဲ့ ဒေသအတွင်း နိုင်ငံတော်ခန်းမ ၄ လုံး လုံးဝပျက်စီးသွားတယ်၊ ၈ လုံးက အကြီးအကျယ် ပျက်စီးပြီး ၃၃ လုံးက အနည်းငယ်ပျက်စီးသွားတယ်။

ကိဗ်မြို့ပြင်က နိုင်ငံတော်ခန်းမ (ဝဲ) ၂၀၁၉ ခုနှစ်တုန်းက နဲ့ (ယာ) အခု

၂၀၂၂ ခုနှစ်၊ မေ ၁၇ ရက်အထိ အောက်ပါအရေအတွက်တွေကို ယူကရိန်းကနေ ရရှိထားပါတယ်။ ဒေသခံညီအစ်ကိုတွေ ပေးပို့ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့ဒေသအားလုံးနဲ့ အဆက်အသွယ် မရနိုင်တဲ့အတွက် မြေပြင်မှာဖြစ်နေတဲ့ တကယ့်အရေအတွက်တွေက ဒီထက်မက ပိုများနိုင်ပါတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၃၇ ဦး သေဆုံး

  • ကြေညာသူ ၇၄ ဦး ထိခိုက်ဒဏ်ရာရ

  • နိုင်ငံအတွင်း ဘေးလွတ်ရာဆီ ကြေညာသူ ၄၅,၂၅၃ ဦး ရွှေ့ပြောင်း

  • အိမ် ၄၁၈ လုံး လုံးဝ ပျက်စီးသွား

  • အိမ် ၄၆၆ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁,၂၁၃ လုံး အနည်းငယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၄ လုံး လုံးဝ ပျက်စီး

  • ဝတ်ပြုရာခန်းမ ၈ လုံး အကြီးအကျယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၃၃ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ယူကရိန်းမှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၂၇ ခု က ကူညီပေးနေ

  • ကြေညာသူ ၄၈,၈၀၆ ဦးအတွက် ကယ်ဆယ်ရေးကော်မတီက လုံခြုံတဲ့နေရာထိုင်ခင်းစီစဉ်ပေး

  • ကြေညာသူ ၂၁,၇၈၆ ဦး တခြားနိုင်ငံတွေဆီ ထွက်ပြေး။ သူတို့ကို ညီအစ်ကို/မတွေ ကူညီပေး