မာတိကာဆီ ကျော်သွား

ဘယ်– သြစတြေးလျ လက်သင်္ကေတပြစကားနဲ့ မဿဲကျမ်း ထုတ်ဝေတဲ့အခါ ညီအစ်ကို/မတွေ လက်သင်္ကေတပြစကားနဲ့ ဝမ်းသာအားရ လက်ခုပ်တီးနေ။ ညာ– ညီအစ်ကို ဟီဒယ်ယူကီ မိုတိုအီက ကျမ်းစောင် ထုတ်ဝေကြောင်း ကြေညာတဲ့အခါ ဘေးကညီအစ်ကိုက လက်သင်္ကေတပြစကားနဲ့ ဘာသာပြန်ပေးနေ

၂၀၂၄ ခုနှစ်၊ မတ် ၁၃ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

သြစတြေးလျ လက်သင်္ကေတပြစကားနဲ့ မဿဲကျမ်း ထုတ်ဝေ

သြစတြေးလျ လက်သင်္ကေတပြစကားနဲ့ မဿဲကျမ်း ထုတ်ဝေ

၂၀၂၄ ခုနှစ်၊ မတ် ၂ ရက်နေ့မှာ သြစတြေးလျ ဌာနခွဲကော်မတီဝင် ညီအစ်ကို ဟီဒယ်ယူကီ မိုတိုအီက သြစလန်လို့ခေါ်တဲ့ သြစတြေးလျ လက်သင်္ကေတပြစကားနဲ့ မဿဲကျမ်းကို ထုတ်ဝေခဲ့တယ်။ သြစတြေးလျနိုင်ငံ၊ ဘရစ်စဘိန်းမြို့က နိုင်ငံတော်ခန်းမတစ်ခုမှာ ကျင်းပတဲ့ အထူးအစီအစဉ်အတွင်း ထုတ်ဝေခဲ့တာပါ။ အစီအစဉ်ကို လူကိုယ်တိုင်တက်ရောက်သူ ၁၅၉ ယောက် ရှိပြီး သြစတြေးလျ၊ နယူးဇီလန်နဲ့ ဆာမိုအာကနေ ဗီဒီယိုနဲ့ ချိတ်ဆက်တက်ရောက်သူ ၃၇၇ ယောက် ရှိတယ်။ ဒီကျမ်းစောင်ကို jw.org နဲ့ JW Library Sign Language app ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။

သြစတြေးလျ၊ နယူးဇီလန်၊ ဆာမိုအာနဲ့ တွန်ဂါမှာ သြစတြေးလျ လက်သင်္ကေတပြစကား ဒါမှမဟုတ် အဲဒါနဲ့ နီးစပ်တဲ့ လက်ဟန်ပြဘာသာစကား အသုံးပြုသူ ၂၀,၀၀၀ လောက် ရှိတယ်။ ၂၀၀၁ ခုနှစ်ကစပြီး ယေဟောဝါသက်သေတွေက ကျမ်းစာအခြေပြုစာစောင်တွေကို သြစတြေးလျ လက်သင်္ကေတပြစကားနဲ့ ဘာသာပြန်ဆိုခဲ့တယ်။ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဆိုတဲ့စာစောင်ကို ဦးဆုံးပြန်ဆိုခဲ့တာပါ။ ၂၀၂၃ ခုနှစ်၊ ဧပြီလကစပြီး ဘရစ်စဘိန်းမြို့မှာ ဘာသာပြန်ရုံးခွဲတစ်ခု ဖွင့်လှစ်ခဲ့တယ်။ ဌာနခွဲလက်အောက်က လက်သင်္ကေတပြစကား အသင်းတော်တစ်ခုနဲ့ အုပ်စု ၁၈ ခုမှာ လက်ရှိ ညီအစ်ကို၊ ညီအစ်မ ၃၅၀ နီးပါး အမှုဆောင်နေတယ်။

ဒီမဿဲကျမ်းဟာ သြစတြေးလျ လက်သင်္ကေတပြစကားနဲ့ ပြန်ဆိုတဲ့ ဦးဆုံး ကျမ်းစောင်ပါ။ ကျမ်းစောင်ရပြီးတဲ့နောက် ညီအစ်မတစ်ယောက် အခုလို ပြောတယ်– “ယေရှုရဲ့တောင်ပေါ်တရားတော်ကို သြစတြေးလျ လက်သင်္ကေတပြစကားနဲ့ ကြည့်နေရင်း ကျွန်မကို ယေရှုကိုယ်တိုင် လာပြောနေသလားလို့တောင် အောက်မေ့ရတယ်။ ယေရှုရဲ့ နွေးထွေးကြင်နာတဲ့စကားတွေကြောင့် ရင်ထဲ ထိမိသွားတာပဲ။”

ဘရစ်စဘိန်းမြို့က လက်သင်္ကေတပြစကား အသင်းတော်တစ်ခုမှာ အမှုဆောင်နေတဲ့ နားမကြား ညီအစ်မတစ်ယောက် ဒီလို ပြောတယ်– “သြစတြေးလျ လက်သင်္ကေတပြစကားနဲ့ မဿဲကျမ်း ရပြီဆိုတော့ ယေရှုရဲ့ အရည်အသွေးတွေကို အရင်ကထက် တုပနိုင်ပြီ။ အမှုဆောင်မှာလည်း လူတွေကို ပိုထိထိရောက်ရောက် ကူညီနိုင်ပြီ။ ယေဟောဝါဘုရားကို ကျေးဇူးတင်လိုက်တာ။”

သြစတြေးလျ လက်သင်္ကေတပြစကားနဲ့ မဿဲကျမ်း ရရှိနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ကျဉ်းတဲ့တံခါးကို လူများစွာ ရှာတွေ့ပြီး အသက်ရအောင် ဒီကျမ်းစောင်က ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—မဿဲ ၇:၁၃၊ ၁၄